အခန်း (၃၃၀)
Vol. 30 Ch. 330
ထိုအချိန်တွင် နောက်ထပ် သတင်းကောင်းတစ်ခုမှာ လင်းပိုင်ဖန်၏ နားထဲသို့ ရောက်ရှိလာတော့သည်။
"အရှင်မင်းကြီးကို လျှောက်တင်စရာရှိပါတယ်... ဒီနှစ် နွေဦးအစကတည်းက ကျွန်တော်မျိုးတို့ နိုင်ငံမှာ ရာသီဥတု သာယာဝပြောပြီး အေးချမ်းသာယာခဲ့တာကြောင့် ကောက်ပဲသီးနှံတွေ နောက်တစ်ကြိမ် ထပ်မံ ဖြစ်ထွန်းခဲ့ပါတယ်။ ဆန်စပါးထွက်နှုန်းဟာ xx တန်အထိ ရှိခဲ့ပြီး လူဦးရေ သန်း ၈၀ ကို တစ်နှစ်ပတ်လုံး ကျွေးမွေးဖို့ လုံလောက်ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးက ပြည်သူတွေကို ကျွေးနိုင်ရုံတင်မကဘဲ ပိုလျှံတဲ့ ရိက္ခာတွေလည်း အမြောက်အမြား ကျန်ရှိနေဦးမှာပါ" ဟု အခွန်ဝန်ကြီး ဟီရှန်းက စိတ်လှုပ်ရှားစွာဖြင့် အစီရင်ခံလေသည်။
လင်းပိုင်ဖန်က ဒါကို ကြိုတင်သိရှိထားပြီးဖြစ်သော်လည်း ဟီရှန်း၏ အစီရင်ခံစာကို ကြားရသောအခါ အလွန်ပင် ဝမ်းမြောက်သွားမိသည်။
"ဒါက တကယ့်ကို သတင်းကောင်းပဲ။ နိုင်ငံတော်အတွက်တော့ စားနပ်ရိက္ခာဟာ အခြေခံအုတ်မြစ်ပဲ။ တိုင်းပြည်ချမ်းသာဖို့နဲ့ ငြိမ်းချမ်းဖို့အတွက် ဒါက အဓိကလက်နက်ပဲ၊ အခုလို ရိက္ခာတွေ အထွက်တိုးတော့ ရှေ့နှစ်အတွက် ငါတို့ စိုးရိမ်စရာမလိုတော့ဘူး။ ဝန်ကြီး... မောင်မင်း တကယ်ကို ပင်ပန်းသွားပြီ"
ဟီရှန်းက ရိုသေစွာဖြင့် "အရှင်မင်းကြီး... ကျွန်တော်မျိုး မပင်ပန်းပါဘူး။ အရှင်မင်းကြီးကသာ နေ့စဉ်နဲ့အမျှ နန်းတွင်းရေးရာတွေကို မနားမနေ စီမံခန့်ခွဲနေရလို့ ပိုပြီးပင်ပန်းရတာပါ။ အရှင်မင်းကြီးရဲ့ ကြိုးပမ်းမှုကို နတ်ကောင်းနတ်မြတ်တွေကတောင် သိမြင်လို့ အခုလို ဆုလာဘ်အနေနဲ့ ကောက်ပဲသီးနှံတွေ အထွက်တိုးအောင် မစပေးခဲ့တာပါ" ဟု ပြန်လည်လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် နေ့စဉ် တိုင်းရေးပြည်ရာများကို စီမံနေရသဖြင့် ကျောရိုးပင် ကျိုးမတတ် ပင်ပန်းနေသည်မှာ အမှန်ပင်။
"ဘာပဲဖြစ်ဖြစ်... ဒီလို ရိက္ခာအထွက်တိုးအောင် ဆောင်ရွက်တဲ့နေရာမှာ ဝန်ကြီးရဲ့ ကဏ္ဍကလည်း အရေးပါတယ်။ ဒါကြောင့် မောင်မင်းကို ဆုလာဘ်အဖြစ် ငွေတေး တစ်သောင်း ချီးမြှင့်မယ်။ ဒါတင်မကသေးဘူး... သိုင်းကျမ်းတိုက်ကိုသွားပြီး မောင်မင်းနှစ်သက်ရာ သိုင်းပညာရပ်တစ်ခုရဲ့ ပထမအဆင့် သုံးဆင့်ကို လေ့လာခွင့်ပေးမယ်"
ဟီရှန်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး "အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ထာဝရ အောက်မေ့နေပါ့မယ်" ဟု လျှောက်တင်လေသည်။ သူ့ကို ပျော်ရွှင်စေသည်မှာ ငွေတေးတစ်သောင်းထက် ထိုသိုင်းပညာရပ်ပင် ဖြစ်သည်။ ၎င်းမှာ ငွေပေးရုံနှင့် ဝယ်၍မရနိုင်ဘဲ သူကိုယ်တိုင်လည်း တောင့်တနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
‘ဟားဟား…၊ အရှင်မင်းကြီး လက်အောက်မှာ အမှုထမ်းရတာ တကယ်ကို ထိုက်တန်တာပဲ။
လင်းပိုင်ဖန်က ဆက်ပြောလိုက်သည် - "ဝန်ကြီး... နန်းတွင်းက ထွက်သွားတာနဲ့ ဒီသတင်းကို တစ်လောကလုံး သိအောင် ကြေညာလိုက်ပါ။ ဒါမှ ပြည်သူတွေ အားလုံး ငါကိုယ်တော်နဲ့အတူ ပျော်ရွှင်နိုင်ကြတာပေါ့"
"မှန်လှပါ အရှင်မင်းကြီး" ဟီရှန်းမှာ စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ထွက်ခွာသွားတော့သည်။
“ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသည့်အတွက် သင်၏ ခွန်အားမှာလည်း လိုက်လျောညီထွေ တိုးတက်လာခဲ့သည်။ ဆုလာဘ်အဖြစ် 'မြစ်မင်းသဏ္ဌာန် ဓားဆန္ဒ' ကို ချီးမြှင့်လိုက်သည်”
'မြစ်မင်းသဏ္ဌာန် ဓားဆန္ဒ' ဆိုသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အထူးသိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ဤပညာကို တတ်မြောက်ပါက မိမိရှေ့ တစ်လံအတွင်းရှိ နယ်ပယ်မှာ လောကတွင် အရှိန်အဝါ အကြီးမားဆုံး ဖြစ်လာမည်ဖြစ်သည်။ ထိုနယ်ပယ်အတွင်း၌ မိမိသည် ပြိုင်ဘက်ကင်း ဖြစ်လာပြီး လောကရှိ မည်သည့်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်သည့် အကောင်းဆုံး ဓားသိုင်းပညာရပ်တစ်ခုပင် ဖြစ်သည်။
လင်းပိုင်ဖန်သည် ထိုဓားသိုင်းပညာကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ အမှန်တကယ်ပင်... ဤပညာရပ်မှာ သူ၏ ရှေ့တစ်လံအတွင်း၌ ဘုရင်တစ်ပါးကဲ့သို့ စိုးမိုးနိုင်စွမ်းရှိသည်။ မည်သူမဆို၊ မဟာကောင်းကင်အဆင့်ပင် ဖြစ်ပါစေဦးတော့၊ သူ၏ တစ်လံအတွင်းသို့ ချဉ်းကပ်လာပါက ဓားအရှိန်အဝါကြောင့် ဒဏ်ရာရရှိသွားမည်မှာ မလွဲဧကန်ပင်။
"ဒီဓားသိုင်းက မဆိုးဘူးပဲ" လင်းပိုင်ဖန်က ကျေနပ်စွာဖြင့် အင်ပါယာ မြေပုံကို ဖွင့်ကြည့်လိုက်သည်။
အင်ပါယာ မြေပုံ (အဆင့်မြင့်)
ပိုင်နက်ဧရိယာ: စတုရန်းမိုင် ၈.၂ သန်း (စိုက်ပျိုးနိုင်သောမြေ ၅ သန်း)
နိုင်ငံတော် အရင်းအမြစ်: ငွေတေး ၁.၄၅ ဘီလီယံ (ရွှေသတ္တုတွင်း ၅ ခု၊ ငွေတွင်း ၈ ခု၊ ကြေးတွင်း ၁၂ ခု၊ သံတွင်း ၁၈ ခု...)
လူဦးရေ: ၅၈ သန်း (လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၅၁%၊ ဆင်းရဲသား ၄၈%)
စစ်အင်အား: ၃.၅ သန်း (ကောင်းကင်အဆင့် ၂ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၄၃ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၁၂,၀၀၀...)
စုစုပေါင်း နိုင်ငံတော်စွမ်းအား: ၁၀,၁၀၀ (အင်ပါယာအဆင့်နီးပါး)
အသိသာဆုံး ပြောင်းလဲမှုမှာ လူဦးရေ ကဏ္ဍပင် ဖြစ်သည်။ ရိက္ခာအထွက်တိုးမှုကြောင့် သန်းနှင့်ချီသော လူများမှာ ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ကြပြီး သာမန်ပြည်သူဦးရေမှာ သန်း ၃၀ အထိ ရှိလာရာ နိုင်ငံ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီး လူ့အဖွဲ့အစည်း၏ အမာခံ အင်အားစုကြီး ဖြစ်လာသည်။
ရလဒ်အနေဖြင့် တိုင်းပြည်မှာ ပိုမိုတည်ငြိမ်လာပြီး နိုင်ငံတော်စွမ်းအားမှာလည်း ပိုမိုခိုင်မာလာသည်။ ထို့ကြောင့် စုစုပေါင်း နိုင်ငံတော်စွမ်းအားမှာ ၅၀၀ နီးပါး တိုးတက်လာပြီး အမှတ် ၁၀,၀၀၀ အား ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
အင်ပါယာ မြေပုံ၏ အမြင်အရ နိုင်ငံတော်စွမ်းအား ၁၀,၀၀၀ ကျော်ခြင်းမှာ အင်ပါယာတစ်ခု၏ အဆင့်အတန်းနှင့် တူညီနေပြီဖြစ်သည်။ အခြေခံ အချက်အလက်အချို့ မပြည့်စုံသေး၍သာ အင်ပါယာအဖြစ် တရားဝင် မကြေညာနိုင်သေးသော်လည်း 'အင်ပါယာအဆင့်နီးပါး' ဟု သတ်မှတ်၍ ရနေပြီဖြစ်သည်။
လင်းပိုင်ဖန်မှာ ဝမ်းသာသွားရသလို၊ မိမိကိုယ်ကိုလည်း သတိပေးလိုက်မိသည်။
"တော်လှန်ရေးက မအောင်မြင်သေးဘူး၊ ရဲဘော်တို့ ဆက်လက်ကြိုးစားကြရဦးမယ်"
ထိုအချိန်တွင် မဟာရှနိုင်ငံ၏ ရိက္ခာအထွက်တိုးမှု သတင်းမှာ တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ မဟာရှနိုင်ငံသား ပြည်သူများမှာ အလွန်ပင် ပျော်ရွှင်နေကြပြီး ကခုန်သီဆိုနေကြသည်။
"နောက်ထပ် ရိက္ခာအထွက်တိုးတဲ့ နှစ်တစ်နှစ်ပါလား"
"ဒီနှစ် ရိက္ခာတွေ ဒီလောက်ထွက်တော့ နောက်နှစ်အတွက် ငါတို့ ပူစရာမလိုတော့ဘူး"
"မဟာရှနိုင်ငံမှာ နေရတာ တကယ်ကောင်းတာပဲ၊ ဘဝက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတယ်။ ငါ ဒီကိုလာခဲ့တာ တကယ်မှန်သွားပြီ"
"မဟာရှနိုင်ငံတော်ကြီး ထာဝရ စည်ပင်သာယာ ဝပြောပါစေ...၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"
အခြားနိုင်ငံများမှာမူ မနာလိုဝန်တိုမှုများဖြင့် မျက်နှာပျက်နေကြသည်။ မဟာရှနိုင်ငံက ရိက္ခာတွေ အထွက်နှုန်း ကောင်းမွန်မှုဟာ သုံးနှစ်ဆက်တိုက် ရှိနေပြီ ဖြစ်သည်။ အခြားနိုင်ငံများမှာ ရိက္ခာ ၂၀ ရာခိုင်နှုန်း တိုးထွက်ဖို့ပင် ခက်ခဲနေချိန်တွင် မဟာရှနိုင်ငံကမူ အမြဲတမ်း နှစ်ဆတိုး၍ ထွက်နေခြင်းမှာ သူတို့ကို ရှင်သန်ခွင့် မပေးနေသလိုပင် ဖြစ်နေလေ၏။
ထို ' မိုက်မဲတဲ့ ဧကရာဇ်' က အရင်ဘဝက ဘာကောင်းမှုတွေ လုပ်ခဲ့လို့များ ကံကောင်းနေရတာလဲ၊ နတ်ဘုရားတွေက ဘာလို့ သူ့ကိုပဲ မျက်နှာသာ ပေးနေရတာလဲ?၊ သူတို့မှာ မနာလိုဖြစ်ရုံမှအပ ဘာမှ မတတ်နိုင်ကြချေ။ မဟာရှနိုင်ငံ၏ အင်အားမှာ မသေးလှသလို ကောင်းကင်အဆင့် သိုင်းပညာရှင်နှင့် နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်ထားသဖြင့် မည်သူမျှ အလွယ်တကူ မတိုက်ခိုက်ရဲကြချေ။
သို့သော် အခြားနိုင်ငံများမှ ပြည်သူများအတွက်မူ ထိုသို့မဟုတ်ပေ။ မဟာရှနိုင်ငံ၏ ကောင်းစားမှုကို မြင်ရသောအခါ သူတို့၏ မျှော်လင့်ချက်မဲ့သော ဘဝများကို ပြန်ကြည့်ကာ စိတ်ကူးသစ်တစ်ခု ပေါ်လာကြသည်။
"မဟာရှနိုင်ငံကိုပဲ သွားကြရအောင်လား၊ ဒီမှာတော့ မျှော်လင့်ချက်မရှိတော့ဘူး၊ မဟာရှမှာဆိုရင်တော့ ဘဝကို အသစ်က ပြန်စနိုင်ကောင်းပါရဲ့"
"အနည်းဆုံးတော့ ဝဝလင်လင်စားရပြီး နွေးနွေးထွေးထွေး နေရမှာပဲလေ"
ထို့ကြောင့် ပြည်သူများစွာမှာ သူတို့၏ အိတ်များကို ထုပ်ပိုးကာ မိသားစုလိုက် မဟာရှနိုင်ငံသို့ မျှော်လင့်ချက်အပြည့်ဖြင့် ဦးတည်လာကြတော့သည်။
ထိုအချိန်တွင် မဟာလော့မင်းဆက်တွင်လည်း ရိက္ခာအချို့ ထွက်ရှိခဲ့သည်။
စိုးရိမ်ပူပန်နေသော မဟာလော့ ဧကရာဇ်က "ဒီနှစ် ရိက္ခာအထွက်နှုန်း ဘယ်လိုရှိလဲ" ဟု မေးမြန်းလိုက်သည်။
အခွန်ဝန်ကြီးက ချက်ချင်းပင် "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ မဟာလော့ရဲ့ ဒီနှစ် ရိက္ခာထွက်နှုန်းက xx တန်ပါ" ဟု လျှောက်တင်သည်။
မဟာလော့ ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး "ငါမှတ်မိသလောက်ဆိုရင် မနှစ်ကထက်စာရင် ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာ မဟုတ်လား"
ဝန်ကြီးမှာ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး "မှန်လှပါ အရှင်မင်းကြီး... ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ"
"ပြောစမ်း၊ ဘာလို့ အထွက်နှုန်းက လျော့သွားတာလဲ။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးနိုင်ရင် မောင်မင်းကို အရာရှိအဖြစ်က ထုတ်ပယ်ပြီး ထောင်ထဲထည့် စစ်ဆေးမယ်" ဟု ဧကရာဇ်က ပြင်းထန်စွာ ပြောဆိုလိုက်သည်။
"အရှင်မင်းကြီး... အကြောင်းရင်း ရှိပါတယ်"
ဝန်ကြီးက တုန်လှုပ်စွာဖြင့် - "ဒီနှစ်မှာ အလုပ်သမား သန်းနဲ့ချီပြီး ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့ပါတယ်။ သူတို့က မြို့တွေကို လုယက်ရုံတင်မကဘဲ လယ်ကွင်းတွေကိုပါ နင်းခြေဖျက်ဆီးသွားကြလို့ ရိက္ခာတွေ လျော့နည်းသွားရတာပါ"
မဟာလော့ ဧကရာဇ်က ခေါင်းညိတ်လိုက်သော်လည်း မျက်နှာမှာ ပို၍ မည်းမှောင်သွားသည်။ ဒါဟာ သူကိုယ်တိုင်မှာလည်း တာဝန်ရှိသည့် ကိစ္စဖြစ်သည်။ သူသည် မဟာရှနိုင်ငံ၏ ပုံစံကိုအတုယူကာ စီးပွားရေးမြှင့်တင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အလုပ်သမားများ၏ ဆူပူအုံကြွမှုကိုသာ ရရှိခဲ့သည်။
"လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခအပြင် သဘာဝဘေးလည်း ရှိပါသေးတယ်"
ဝန်ကြီးက ခါးသီးစွာ ပြုံးလိုက်ပြီး - "နွေဦးအစကတည်းက ဘာကြောင့်မှန်းမသိဘဲ လေဆင်နှာမောင်းတွေ ခဏခဏ တိုက်ခိုက်နေပါတယ်။ လေဆင်နှာမောင်းတွေက မြန်မြန်ပျောက်သွားပေမဲ့ လယ်ကွင်းတွေကိုတော့ အကြီးအကျယ် ဖျက်ဆီးသွားပါတယ်။ အထူးသဖြင့် အရှေ့ဘက်ခြမ်းက စပါးခင်းတွေဆိုရင် ၃၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်"
မဟာလော့ ဧကရာဇ်က ဒေါသတကြီး ခေါင်းညိတ်လိုက်သည်။ လေဆင်နှာမောင်းဆိုသည့် စကားကို ကြားရုံနှင့်ပင် သူ ဒေါသထွက်နေရပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နွေဦးအစကတည်းက သူ၏ အရှေ့ဘက် ပိုင်နက်အတွင်း၌ လေဆင်နှာမောင်းများမှာ နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေသောကြောင့် ဖြစ်သည်။
ထိုလေပြင်းများကြောင့် လယ်ကွင်းများသာမက သစ်ပင်များနှင့် အိမ်ခြေများပါ ပျက်စီးကုန်ပြီး ပြည်သူများစွာမှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ မဟာရှနိုင်ငံသို့ ထွက်ပြေးသွားကြရသည်။ အကယ်၍ ၎င်းမှာ လူလုပ်သော ဘေးဒုက္ခဖြစ်လျှင် သူ ဖြေရှင်းနိုင်သော်လည်း ယခုကဲ့သို့ သဘာဝဘေးကိုမူ သူ ဘာမှမတတ်နိုင်ဘဲ ရင်ထဲမှာသာ အောင့်သက်သက် ဖြစ်နေရတော့သည်။ ယခုအခါ သူသည် တာအိုဂိုဏ်းမှ ပညာရှင်များကို ထိုကိစ္စအား စုံစမ်းရန်နှင့် ဖြေရှင်းပေးရန် အကူအညီ တောင်းခံထားရလေသည်။