← Chapters

အခန်း (၃၃၁)

Vol. 30 Ch. 331

အခန်း (၃၃၁)

Vol. 30 Ch. 331

မဟာလော့ ဧကရာဇ်က လက်ကာပြလိုက်ရင်း - "ကောင်းပြီ... ဒါတွေက သဘာဝဘေးနဲ့ လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေပဲ၊ ငါကိုယ်တော် မောင်မင်းကို အပြစ်မယူတော့ဘူး။ ထတော့"

"ကျေးဇူးတော် အနန္တပါ အရှင်မင်းကြီး" အခွန်ဝန်ကြီးမှာ သက်ပြင်းအသာချရင်း ထရပ်လိုက်သော်လည်း ရိုသေစွာဖြင့် ဆက်လက် ဦးညွှတ်ထားလေသည်။

"ငါတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာကော ရိက္ခာအထွက်နှုန်း ဘယ်လိုရှိသလဲ" ဟု မဟာလော့ ဧကရာဇ်က မေးမြန်းလိုက်သည်။

အိမ်နီးချင်းနိုင်ငံများသည် မဟာလော့နိုင်ငံနှင့် တိုက်ရိုက် ပြိုင်ဘက်များဖြစ်ကြသဖြင့် ‘ရန်သူကိုသိ၊ မိမိကိုပါ သိလျှင် ရာနှုန်းပြည့် အောင်နိုင်သည်’ ဟူသော စကားအတိုင်း သူတို့၏ အခြေအနေကို စုံစမ်းသိရှိထားရန်မှာ အလွန်ပင် အရေးကြီးလှသည်။

"အရှင်မင်းကြီးကို လျှောက်တင်စရာ ရှိပါတယ်... အိမ်နီးချင်းနိုင်ငံတွေရဲ့ ရိက္ခာထွက်နှုန်းတွေကတော့..." အခွန်ဝန်ကြီးက တစ်နိုင်ငံချင်းစီ၏ အခြေအနေကို အသေးစိတ် အစီရင်ခံလေသည်။

မဟာလော့ ဧကရာဇ်က နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ ယခင်နှစ်များကထက်စာလျှင် သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲမှုမရှိသည်ကို သတိပြုမိလိုက်သည်။ သို့သော် အစီရင်ခံစာကို နားထောင်ရင်း နိုင်ငံတစ်ခု ကျန်နေသည်ကို သူ သတိထားမိသွားသည်။

"မဟာရှနိုင်ငံကော၊ မဟာရှနိုင်ငံရဲ့ အခြေအနေက ဘယ်လိုရှိလဲ" ဟု မဟာလော့ ဧကရာဇ်က မေးလိုက်သည်။

အိမ်နီးချင်းနိုင်ငံများထဲတွင် မဟာရှနိုင်ငံသည် သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည်။ နိုင်ငံတော်အင်အားက တနေ့တခြား ပိုမို ခိုင်မာလာရုံတင်မကဘဲ သူတို့၌ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးလည်း ရှိနေသဖြင့် မင်းဆက်နိုင်ငံတွေ အထဲတွင် အင်အားအကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်နေတော့သည်။

"ဒါက..." ဝန်ကြီးက တွန့်ဆုတ်နေမိသည်။

တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိလိုက်သော မဟာလော့ ဧကရာဇ်က "အမှန်အတိုင်း လျှောက်တင်စမ်း၊ ဘာမှ ဖုံးကွယ်မထားနဲ့" ဟု အမိန့်ပေးလိုက်သည်။

"မှန်လှပါ အရှင်မင်းကြီး... ဒီနှစ်မှာ မဟာရှနိုင်ငံဟာ ကောက်ပဲသီးနှံတွေ အဆမတန် ထွက်ရှိခဲ့ပြီး စုစုပေါင်း ထွက်နှုန်းက xx တန်အထိ ရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေကို ကျွေးမွေးဖို့ ဘာပြဿနာမှ မရှိတဲ့အပြင် ပိုလျှံတဲ့ ရိက္ခာတွေလည်း အမြောက်အမြား ရှိနေပါတယ်"

မဟာလော့ ဧကရာဇ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ မိမိနိုင်ငံ၏ ထွက်နှုန်းက ၃၀ ရာခိုင်နှုန်း လျော့ကျသွားချိန်တွင် ပြိုင်ဘက်နိုင်ငံ၏ ထွက်နှုန်းမှာ နှစ်ဆနီးပါး တိုးလာခဲ့သည်။ လူဦးရေ သန်း ၆၀ နီးပါးကို ကျွေးမွေးနိုင်ရုံတင်မကဘဲ ပိုလျှံနေသည်ဆိုပါလား။

လူတို့သည် ဆင်းရဲခြင်းထက် မညီမျှခြင်းကို ပို၍ ကြောက်ကြသည် မဟုတ်ပါလား…

မဟာလော့ ဧကရာဇ်က မနာလိုဝန်တိုစွာဖြင့် - "ဘာလို့ သူတို့ကျမှ အဲဒီလောက် ရိက္ခာတွေ အထွက်တိုးနေရတာလဲ"

"အရှင်မင်းကြီး... အဓိက အကြောင်းရင်း အချို့ရှိပါတယ်"

"ပထမအချက်ကတော့... ဒီနှစ် နွေဦးအစကတည်းက သူတို့ဟာ တခြားနိုင်ငံတွေကို စစ်ချီခဲ့ပြီး အကြိမ်ကြိမ် အောင်ပွဲခံခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စိုက်ပျိုးနိုင်တဲ့ မြေဧရိယာဟာ အရင်ကထက် အဆပေါင်းများစွာ တိုးပွားလာခဲ့ပါတယ်။ စိုက်ပျိုးမြေတွေ များလာတော့ ရိက္ခာလည်း ပိုထွက်လာတာပေါ့။ ဒုတိယအချက်ကတော့... မဟာရှနိုင်ငံဟာ ငွေကုန်ကြေးကျခံပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေကို မြေရိုင်းတွေဖော်ထုတ်ဖို့ စုစည်းပေးခဲ့ပါတယ်။ မြေရိုင်းသစ်တွေ ဖော်ထုတ်နိုင်လေလေ၊ ထွက်နှုန်းက ပိုများလာလေလေပါပဲ"

"ဒါတင်မကသေးဘဲ ဒီနှစ် နွေဦးအစကတည်းက မဟာရှနိုင်ငံမှာ ရာသီဥတုက သာယာပြီး အေးချမ်းနေခဲ့တာကြောင့် ရိက္ခာတွေ အထွက်တိုးဖို့အတွက် ဘာအတားအဆီးမှ မရှိခဲ့ပါဘူး"

မဟာလော့ ဧကရာဇ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ကျိန်ဆဲမိတော့သည်။

‘ဘာလို့ မဟာရှကျတော့ စည်ပင်ဝပြောနေပြီး ငါတို့ကျမှ ဒီလို လေဆင်နှာမောင်းတွေ တိုက်ခိုက်နေရတာလဲ၊ ကောင်းကင်က ဘာလို့ ငါ့ကို ဒီလို ဆက်ဆံနေရတာလဲ၊ ဒါက တကယ်ကို မတရားဘူး’

ထိုအချိန်တွင် စုန့်ယွီဖေးမှာ လှပတင့်တယ်စွာဖြင့် ရောက်ရှိလာသည်။ သူမကို မြင်သောအခါ မဟာလော့ ဧကရာဇ်က အမြန်ပင် ဆီးကြိုနှုတ်ဆက်ရင်း ဝမ်းသာအားရ ပြောလိုက်သည် - "နတ်မိမယ် ယွီဖေး... ပြန်လာပြီပဲ။ ထူးဆန်းတဲ့ လေဆင်နှာမောင်းတွေ ဘယ်ကလာသလဲဆိုတာ သိခဲ့ပြီလား၊ ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကော ရှိပြီလား"

စုန့်ယွီဖေးက ခေါင်းညိတ်ပြလိုက်ပြီး - "အရှင်မင်းကြီး... ကျွန်မ အားလုံးကို ရှင်းရှင်းလင်းလင်း စုံစမ်းခဲ့ပြီးပါပြီ။ အဲဒီ လေပြင်းတွေဟာ မဟာရှနိုင်ငံဘက်ကနေ လာတာပါ။ မဟာရှပိုင်နက်ထဲကနေ အရှိန်အဟုန်နဲ့ တိုက်ခတ်လာပြီး မဟာလော့နယ်မြေထဲ ရောက်တဲ့အခါ လေဆင်နှာမောင်းတွေအဖြစ် ပြောင်းလဲသွားတာပါ"

‘လာပြန်ပြီ မဟာရှ၊ အမြဲတမ်း မဟာရှပဲ….’

‘ငါ မင်းတို့ကို ဘာတွေများ လုပ်ထားလို့ ဒီလောက်တောင် နှောင့်ယှက်နေရတာလဲကွာ…’

မဟာလော့ ဧကရာဇ်မှာ ဒေါသတကြီးသာ ဖြစ်နေခဲ့ရတော့သည်။ "နတ်မိမယ်... ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလား"

စုန့်ယွီဖေးက ခေါင်းယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်ကာ - "ဒါက သဘာဝဘေးအန္တရာယ်တစ်ခုပါ၊ လူသားတစ်ယောက်ရဲ့ အင်အားနဲ့ ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ"

"အဲဒီလိုလား... သဘာဝဘေးဆိုရင်တော့ လူက မတတ်နိုင်တော့ဘူးပေါ့..." မဟာလော့ ဧကရာဇ်ကလည်း အားလျော့စွာဖြင့် ပြုံးလိုက်မိသည်။

"အရှင်မင်းကြီး... ဒီနှစ် ရိက္ခာအထွက်နှုန်းကကော ဘယ်လိုရှိလဲ" ဟု စုန့်ယွီဖေးက နိုင်ငံ၏ အရေးပါသော ကိစ္စကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"အခြေအနေ မကောင်းဘူး..." မဟာလော့ ဧကရာဇ်က စိတ်မသက်မသာ ပြုံးရင်း နိုင်ငံ၏ ရိက္ခာအခြေအနေကို ပြောပြလိုက်သည်။

နားထောင်ပြီးနောက် စုန့်ယွီဖေးမှာ မျက်မှောင်ကြုတ်သွားပြီး "ရိက္ခာ ၃၀ ရာခိုင်နှုန်း လျော့သွားတာက တကယ်ကို စိုးရိမ်စရာပဲ" ဟု ပြောလိုက်သည်။

၃၀ ရာခိုင်နှုန်းဆိုသည်မှာ အနည်းငယ်ဟု ထင်ရသော်လည်း လျစ်လျူရှု၍မရသော ပြဿနာကြီး ဖြစ်သည်။ ရှေးခေတ်ကာလတွင် ထုတ်လုပ်မှုစွမ်းအား နည်းပါးသဖြင့် ရိက္ခာထွက်နှုန်းမှာ ရာသီဥတုအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေရသည်။ အကယ်၍ နိုင်ငံတစ်ခုက ပြည်သူတွေကို ကျွေးမွေးနိုင်ရုံတင်မကဘဲ အနည်းငယ် ပိုလျှံနေမည်ဆိုလျှင်ပင် ၎င်းမှာ အလွန်ကောင်းမွန်လှပြီ ဖြစ်သည်။

ယခုအခါ ၃၀ ရာခိုင်နှုန်း လျော့ကျသွားခြင်းမှာ လူသန်းပေါင်းများစွာ စားစရာ မရှိတော့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စားစရာမရှိသော ပြည်သူများသည် နေရပ်စွန့်ခွာခြင်း သို့မဟုတ် ပုန်ကန်ခြင်းများကို ပြုလုပ်လာကြပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ ထိခိုက်စေမည်မှာ အမှန်ပင်။

"ကျုပ် ဘာလုပ်နိုင်မှာလဲ၊ သဘာဝဘေးနဲ့ လူလုပ်တဲ့ ဘေးဒုက္ခတွေကို ကျုပ်က ဘယ်လို ဖြေရှင်းရမှာလဲ" ဟု မဟာလော့ ဧကရာဇ်က လက်ကို ဖြန့်ပြရင်း အားကိုးရာမဲ့စွာ ပြောလိုက်သည်။

"အရှင်မင်းကြီးမှာ ဒါကို အစားထိုးဖို့ နည်းလမ်းရှိလား" ဟု စုန့်ယွီဖေးက မေးလိုက်သည်။

"ရှိတာပေါ့၊ အခုအချိန်မှာ တစ်ခုတည်းသော နည်းလမ်းကတော့ စစ်တိုက်ပြီး လုယက်ဖို့ပဲ"

မဟာလော့ ဧကရာဇ်က လက်ကို နောက်ပစ်ကာ အရှေ့ဘက်သို့ မျှော်ကြည့်ရင်း ပြောလိုက်သည် - "ကြားရသလောက်တော့ မဟာရှနိုင်ငံဟာ ဒီနှစ်မှာ ရာသီဥတု သာယာပြီး ရိက္ခာတွေ အဆမတန် ထွက်နေတယ်ဆိုပဲ၊ ဒါဟာ တကယ်ကို မနာလိုစရာပဲ၊ ဒါကြောင့် ကျုပ် စစ်တပ်လွှတ်ပြီး သူတို့ဆီက ရိက္ခာတချို့ကို သွားလုဖို့ စဉ်းစားနေတယ်"

"မဟာရှဆီကနေ ရိက္ခာလုမယ် ဟုတ်လား"

စုန့်ယွီဖေး၏ စိတ်ထဲတွင် ငယ်ရွယ်ပြီး ခန့်ညားသော ပုံရိပ်တစ်ခု ချက်ချင်းပေါ်လာကာ "အရှင်မင်းကြီး... အဲဒါတော့ မလုပ်ပါနဲ့" ဟု လွှတ်ခနဲ ပြောလိုက်မိသည်။

"ဘာလို့လဲ"

မဟာလော့ ဧကရာဇ်က လှည့်ကြည့်ကာ - "မဟာရှနိုင်ငံက အင်အားကြီးတယ်ဆိုပေမဲ့ နတ်မိမယ်တို့ တာအိုဂိုဏ်းရဲ့ ထောက်ခံမှုရှိရင် ကျုပ်တို့ ရှုံးမယ်လို့ မထင်ပါဘူး။ တာအိုဂိုဏ်းက မဟာရှရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်နဲ့ နတ်ဘုရားလက်နက်ကို ကြောက်နေလို့လား"

"အဲဒါကလည်း အကြောင်းရင်းတစ်ခုပါပဲ"

စုန့်ယွီဖေးက ခေါင်းညိတ်လိုက်ပြီး - "အဲဒီ ဓားအဖိုးအိုဟာ နတ်ဘုရားလက်နက်ကို ကိုင်ဆောင်ထားပြီး အရမ်းကို စွမ်းအားကြီးတယ်။ သူဟာ ထိပ်သီး ကောင်းကင်အဆင့် သိုင်းပညာရှင် ၁၀ ယောက်ထဲမှာ ပါဝင်နေတယ်။ သူ့ကို ထိန်းချုပ်ဖို့ဆိုရင် ကျွန်မတို့ဘက်က ကောင်းကင်အဆင့် ပညာရှင် ၂ ယောက် လိုအပ်ပါလိမ့်မယ်"

"ဒါဆိုရင် အကူအညီပေးဖို့ သိုင်းပညာရှင် ၂ ယောက် လွှတ်ပေးလို့ ရတယ်မလား" ဟု မဟာလော့ ဧကရာဇ်က ပြောလိုက်သည်။

စုန့်ယွီဖေးက ခေါင်းယမ်းလိုက်ပြီး - "မဟုတ်ဘူး၊ အနည်းဆုံး ၃ ယောက် လွှတ်ရပါလိမ့်မယ်"

မဟာလော့ ဧကရာဇ်က နားမလည်နိုင်ဘဲ "ဘာလို့ ၃ ယောက်လဲ" ဟု မေးလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ မဟာရှ ဧကရာဇ်မှာ လောလောလတ်လတ် တင်မြှောက်ထားတဲ့ ဟန်ချူးချူး ဆိုတဲ့ မိဖုရားတစ်ယောက် ရှိပါတယ်။ သူမရဲ့ နောက်ခံက သာမန်မဟုတ်ဘူး။ သူမရဲ့ ဖခင်ဟာ နှစ်ပေါင်းများစွာ ဖုန်းကွယ်နေတဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အခုတော့ မဟာရှနိုင်ငံဆီမှာ အမှုထမ်းနေပြီ ဖြစ်လို့ပါပဲ"

“ တောက်….!”

‘မဟာရှမှာ တကယ်ပဲ ကောင်းကင်အဆင့် သိုင်းပညာရှင် ၂ ယောက်တောင် ရှိနေတာလား’

မဟာလော့ ဧကရာဇ်မှာ မနာလိုလွန်းသဖြင့် မျက်လုံးများပင် နီရဲလာတော့သည်။ အခုအချိန်ထိ သူ၏ မဟာလော့နိုင်ငံမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်မှ မရှိသေးဘဲ တာအိုဂိုဏ်းကိုသာ လုံးလုံးလျားလျား အားကိုးနေရခြင်း ဖြစ်သည်။

‘အဲဒီ 'မိုက်မဲတဲ့ ဧကရာဇ်' က အရင်ဘဝက ဘာကုသိုလ်တွေ လုပ်ခဲ့လို့များ ဒီလောက် ကောင်းတဲ့ အရာမှန်သမျှ သူ့ဆီပဲ ရောက်နေရတာလဲကွာ’

"ဒါဆို အရှင်မင်းကြီး... မဟာရှကို တိုက်ဖို့ ဆက်ပြီး စီစဉ်နေဦးမှာလား" ဟု စုန့်ယွီဖေးက မေးလိုက်သည်။

"တော်ပါပြီ... ထားလိုက်ပါတော့" မဟာလော့ ဧကရာဇ်က ရှက်ကိုးရှက်ကန်း ပြုံးရင်း ပြောလိုက်သည်။

တာအိုဂိုဏ်းတွင် ကောင်းကင်အဆင့် ပညာရှင် အနည်းငယ်သာ ရှိပြီး တစ်ယောက်ချင်းစီမှာ အလွန်ပင် ရိုသေလေးစားခြင်း ခံရသူများ ဖြစ်သည်။ သူ့အနေနှင့် သူ၏ကိုယ်ပိုင် အကျိုးစီးပွားအတွက် သိုင်းပညာရှင် ၃ ယောက်အထိ ကူညီပေးရန် တောင်းဆိုဖို့ရာ မလုံလောက်မှန်း သူ သိလိုက်သည်။ တစ်ယောက်ဆိုလျှင် ဖြစ်နိုင်သည်၊ နှစ်ယောက်ဆိုလျှင်တောင် ကံတရားအပေါ် မူတည်နေသည်၊ သို့သော် သုံးယောက်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် သူသည် ပစ်မှတ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်တော့သည်။

"နတ်မိမယ်... 'မဟာဖုန်းမင်းဆက်' အပေါ်မှာကော ဘယ်လို မြင်ပါသလဲ"

All Chapters