← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃) - ကျန်းဖုန်းတာအိုဆရာ

ယခုအချိန်တွင် အခြေအနေမှာ ပိုမိုဘေးနားနီးလာပြီး၊ မျောက်အိုကြီးကို လူအနည်းငယ်က စုပေါင်းကာ အတင်းအကျပ် တားဆီးထားနိုင်၍သာ လှေကားထစ်အောက်ရှိ လူများမှာ အမောဖြေခွင့် ရနေခြင်း ဖြစ်သည်။

သို့မဟုတ်ပါက ဤမာန်ဟုန်ပြင်းလှသော မိစ္ဆာမျောက်ကြီးသာ အောက်သို့ ခုန်ဆင်းလာပါက မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

ဖောက်

စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

စောစောက မိစ္ဆာချည်နှောင်ကြိုး ကို အသုံးပြုခဲ့သော ဆရာတပည့်နှစ်ဦးအနက်၊ ထိုတပည့်ဖြစ်သူက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ကြေးညိုရောင် ဓားမြှောင်တစ်စင်းကို သူ၏ ဆရာဖြစ်သူ၏ နှလုံးသားထဲသို့ ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။

"ကျန်းဖုန်း... မင်း "

သူ၏ ဆရာဖြစ်သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာပြီး မျက်နှာမှာ ဖြူလျော်သွားသည်။

ရှုူး

အသက် ၄၀ ကျော်အရွယ်ရှိ ထိုတာအိုဆရာသည် သူ၏ ဆရာဖြစ်သူ၏ နှလုံးသား အချက်အချာကို တိုက်ရိုက်ပင် မွှေနှောက် ဖျက်ဆီးလိုက်သည်။

သူသည် လက်ကို ဆန့်ထုတ်ကာ ထိုတာအိုအိုကြီး၏ ခါးတွင် ချိတ်ထားသော မိစ္ဆာချည်နှောင်ကြိုးကို ယူလိုက်သည်။

သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။

ဤအပြောင်းအလဲမှာ အလွန်ပင် မြန်ဆန်လွန်းလှသလို ထိတ်လန့်စရာလည်း ကောင်းလှသည်

ရှေ့တန်းတွင် မျောက်အိုကြီးက အရူးအမူး သောင်းကျန်းနေပြီး ကျွမ်းကျင်သူ အနည်းငယ်က အသက်နှင့်လဲကာ တားဆီးပေးထား၍သာ ကျန်ရှိသူများမှာ ဒဏ်ရာ ကုသခွင့် ရနေခြင်း ဖြစ်သည်။

အခြေအနေမှာ အလွန်ပင် စိုးရိမ်ရလှသည်။

ဤသို့သော အချိန်တွင် တာအိုဆရာတစ်ဦးက မိမိ၏ ဆရာကို နောက်ကျောမှ ပြန်လည် လုပ်ကြံလိမ့်မည်ဟု မည်သူက ထင်ထားပါ့မည်နည်း။

ကျန်းဖုန်းတာအိုဆရာသည် မိစ္ဆာချည်နှောင်ကြိုး နှစ်ချောင်းကို အမြန်ပင် တစ်ခုတည်းဖြစ်အောင် ရစ်ပတ်လိုက်သည်၊ ၎င်းမှာ အလွန်ပင် အစွမ်းထက်သော မှော်ပညာ ဖြစ်သလို မှော်လက်နက် တစ်ခုလည်း ဖြစ်သည်။

ထိုထူးခြားသော အဝါရောင် ကြိုးများကို အသုံးပြု၍ အစွမ်းပြပါက အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှသည်။

မိစ္ဆာချောင်နှောင်ကြိုး နှစ်ချောင်း ပေါင်းစည်းသွားသောအခါ ၎င်းပေါ်ရှိ နတ်ဘုရား စွမ်းအားများမှာ ပိုမို ပြည့်စုံလာပြီး ဝိညာဉ်အလင်းတန်းများ ဖျာထွက်လာသည်။

အမှန်စင်စစ် ထိုအဝါရောင်ကြိုးမှာ အဆောင်စက္ကူများဖြင့် ကျစ်ထားခြင်း ဖြစ်ကာ မိစ္ဆာနှိမ်နင်းရန်နှင့် ဝိညာဉ်များကိုပင် ချည်နှောင်ထားနိုင်သည့် အလွန် ထူးခြားသော မှော်လက်နက် ဖြစ်သည်။

၎င်းကို အသုံးပြုရန်အတွက် အထူးပြုလုပ်ထားသော မန္တန်များကို တွဲဖက် အသုံးပြုရခြင်း ဖြစ်သည်။

အပြောင်းအလဲများ ဖြစ်ပေါ်လာသည်နှင့်အမျှ လူတိုင်းမှာ ရှေ့သို့ တိုးလာပြီး မိမိဆရာကို လုပ်ကြံသော ထိုတာအိုဆရာကို ဝိုင်းရံလိုက်ကြသည်။

လူတိုင်းမှာ ပြင်းထန်စွာ ဒဏ်ရာရထားကြသော်လည်း ယခုကဲ့သို့ လူအများက လူနည်းစုကို ဝိုင်းရံထားခြင်းဖြစ်ရာ အောင်ပွဲမှာ လက်တစ်ကမ်းတွင် ရှိနေသည်။

"ကျန်းဖုန်း... မင်း ဘာလို့ မင်းရဲ့ ဆရာကို သတ်ရတာလဲ "

ရဟန်းအိုတစ်ပါးက လေးနက်သော အသံဖြင့် မေးလိုက်သည်။

ကျန်းဖုန်း မှာ ထိုတာအိုဆရာ၏ ဘွဲ့အမည် ဖြစ်ပြီး၊ မေးမြန်းလိုက်သော ရဟန်းအိုမှာ ဟွေ့ချင်း ဖြစ်ကာ ချင်းလုံကျောင်းမှ ဟွေ့ကျိန်းရဟန်း၏ စီနီယာနောင်တော် ဖြစ်သည်။

(အရင်ပိုင်းတွေမှာ ချင်းယီကျောင်း ဒီအပိုင်းမှာကျ ချင်းလုံကြောင်း ကျနော် မူရင်း အတိုင်းပဲ ရေးလိုက်ပါမယ်နော် )

သူ၏ ကျင့်စဉ်မှာ ဟွေ့ကျိန်းရဟန်းကဲ့သို့ နက်ရှိုင်းခြင်း မရှိသော်လည်း၊ ရဟန်းအို၏ အကြည့်မှာ စူးရှထက်မြက်လှသဖြင့် လူကို ဖိအားပေးနေသည်။

ယခုအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာရနေသော်လည်း လူကို ထိတ်လန့်သွားစေနိုင်ဆဲ ဖြစ်သည်။

ကျန်းဖုန်းတာအိုဆရာက အေးစက်စွာ ရယ်မောရင်း

"ဒီအသေကောင်ကြီးက အစွမ်းတွေကို ဝှက်ထားတာ၊ ဒီမိစ္ဆာချည်နှောင်ကြိုးကို ငါ့ကို အကုန်လုံး သင်မပေးချင်ဘူး၊ သူ့ကို အသက်ရှင်ထားပြီး ဘာလုပ်မှာလဲ"

"အောက်တန်းကျလိုက်တဲ့ ကောင်... မင်းက တကယ့်ကို တိရစ္ဆာန်ပဲ၊ ဒီလောက်လေးအတွက်နဲ့ ကိုယ့်ဆရာကို သတ်ရက်တယ်ပေါ့ "

ဟွေ့ချင်းရဟန်းက အော်ဟစ်လိုက်သည်။

သူသည် အသတ်ခံလိုက်ရသော တာအိုအိုကြီးနှင့် ရင်းနှီးသော သံယောဇဉ် ရှိသူဖြစ်ပြီး၊ နှစ်ဦးသား အကြိမ်များစွာ စုပေါင်းကာ မိစ္ဆာများကို နှိမ်နင်းခဲ့ဖူးသည်။

ယနေ့တွင် မိမိတပည့်၏ နောက်ကျောမှ လုပ်ကြံခြင်းကို ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ကောင်းကင်နဲ့ မြေကြီးမှာ သံယောဇဉ်မရှိ၊ နတ်ဘုရားတွေမှာ မျက်လုံးမရှိ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ အမှောင်ထုထဲမှာ ငါသာလျှင် အမြတ်ဆုံး "

ကျန်းဖုန်းတာအိုဆရာက အနှေးအကပ် ပြောလိုက်သည်။

လူတိုင်းမှာ မျက်နှာပျက်သွားကြသည်။

ဟွေ့ချင်းရဟန်းက အံ့ဩတကြီးဖြင့်

"ချိကဲဘက်ဘာသာ "

"မင်းက ချိကဲဘက်ဂိုဏ်းထဲကို ဝင်သွားတာလား "

ကျန်းဖုန်းတာအိုဆရာက လှောင်ပြုံးပြုံးကာ

"မှန်တယ်၊ ဒီကျန့်နန်နယ်စားကြီးရဲ့ ဂူသင်္ချိုင်းဟာ မင်းတို့အားလုံး မြှုပ်နှံမယ့် နေရာပဲ"

ဟွေ့ချင်းရဟန်းက

"မင်း စကားက တော်တော်ကြီးတာပဲ"

ကျန်းဖုန်းတာအိုဆရာသည် လူအများ၏ ဝိုင်းရံခြင်းကို ခံထားရသော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။

သူ၏ မျက်ဝန်းထဲတွင် ရက်စက်မှုများ ပြည့်နှက်နေသည်။

ယန်ချီရှောင်းမှာ သတ်ဖြတ်လိုသော အရှိန်အဝါ အရှိဆုံးသူ ဖြစ်ရာ၊ ကျန်းဖုန်းတာအိုဆရာ၏ ဂါထာစကားကို ကြားလိုက်ရချိန်တွင် မအောင့်နိုင်တော့ပေ။

သူသည် ဓားကို တိုက်ရိုက် ဝေ့ယမ်းလိုက်ရာ၊ ဓားသွားမှာ ကျန်းဖုန်းတာအိုဆရာ၏ လည်ပင်းဆီသို့ ဦးတည်သွားသည်။

ဤဓားချက်သာ ထိမှန်သွားပါက သာမန်လူသား ခန္ဓာကိုယ်သည် မဆိုထားနှင့်၊ ကြေးနီရုပ်ထုပင် ဖြစ်ပါစေ တစ်စစီ ပြတ်တောက်သွားပေလိမ့်မည်။

ကျန်းဖုန်းတာအိုဆရာ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သော အရိပ်အယောင်များ ပေါ်လာပြီး၊ သူသည် ရင်ဘတ်ထဲမှ အရာတစ်ခုကို ချက်ချင်း ထုတ်လိုက်ရာ၊ ၎င်းမှာ ရှစ်ကွက်မှန် တစ်ချပ် ဖြစ်နေသည်။

ရှစ်ကွက်မှန်ဆီမှ တောက်ပသော အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် ယန်ချီရှောင်း၏ ဝိညာဉ်ပြတ်ဓားကို တားဆီးလိုက်ရုံတင်မကဘဲ၊ အဖြူရောင် အလင်းတန်းများမှာ ယန်ချီရှောင်း၏ တစ်ကိုယ်လုံးကို ထိမှန်သွားတော့သည်။

ဘုန်း

သံမဏိမျှော်စင်ကဲ့သို့ ထွားကျိုင်းလှသော ယန်ချီရှောင်းပင်လျှင် အနောက်သို့ တိုက်ရိုက် လွင့်ထွက်သွားတော့သည်၊ သူသည် မူလကပင် ဒဏ်ရာရထားသဖြင့် ပုံမှန်စွမ်းအား မရှိသော်လည်း၊ တစ်ချက်တည်းနှင့် လွင့်ထွက်သွားရခြင်းမှာ ၎င်းမှန်၏ ထူးဆန်းမှုကြောင့်ပင် ဖြစ်သည်။

ကျန်းဖုန်းတာအိုဆရာသည် တစ်ချက်တည်းနှင့် ယန်ချီရှောင်းကို နှိမ်နင်းလိုက်နိုင်သဖြင့် အလွန်ပင် စိတ်အားတက်ကြွသွားသည်။

မည်သည့်အချိန်တွင်မဆို ယန်မျိုးနွယ် မိစ္ဆာနှိမ်နင်းသူကို အနိုင်ရခြင်းမှာ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်သည်။

လီယန်ချူ၏ အကြည့်မှာ လေးနက်သွားပြီး၊ ထိုမှန်မှာ မြင်ဖူးသလိုလို ရှိနေသည်ဟု ခံစားလိုက်ရသည်။

ကျန်းဖုန်းတာအိုဆရာက လက်ကို ဝေ့ယမ်းလိုက်ရာ တစ်စုံတစ်ခုမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ လူတိုင်းမှာ အဖြူရောင် မြူများကြားတွင် ဘာမျှ မမြင်ရတော့ပေ။

မျောက်အိုကြီးနှင့် တိုက်ခိုက်နေသော ကျွမ်းကျင်သူများပင် သက်ရောက်မှု ခံလိုက်ရသည်။

လူတိုင်း အမြင်အာရုံ ပြန်လည်ကြည်လင်လာချိန်တွင် ကျန်းဖုန်းတာအိုဆရာမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည် သူသည် ဝိုင်းရံထားသည့် ကြားမှ ဖောက်ထွက်သွားနိုင်ခဲ့သည်။

သူသည် ကြေးနီဂူတံခါး၏ အပြင်ဘက်တွင် ပေါ်လာသည်။

"လူကြီးမင်းတို့... နောက်နှစ် ဒီနေ့ဟာ မင်းတို့ရဲ့ သေနေ့ပဲ"

ကျန်းဖုန်းတာအိုဆရာ၏ လက်ထဲတွင် မီးလျှံမိုးကြိုး တစ်လုံး ရှိနေသည်၊ ၎င်းမှာ သာမန်လောကတွင် အလွန်ပင် ပြင်းထန်လှသော လက်နက်တစ်ခု ဖြစ်သည်။

ယမ်းမှာ အစိုးရက တင်းကြပ်စွာ တားမြစ်ထားသော အရာဖြစ်သဖြင့် ယမ်းကို လက်ဝယ်ထားရှိခြင်းမှာ အသက်သေစေနိုင်သော ပြစ်မှုကြီး ဖြစ်သည်။

ထိုကဲ့သို့သော လက်နက်မျိုးမှာ ပျောက်ကွယ်သွားပြီဟု ယူဆရသလို၊ မည်သူမျှလည်း မသုံးရဲကြပေ။

ကျန်းဖုန်းတာအိုဆရာနှင့် သူ၏ အပေါင်းအဖော်များမှာ ကြေးနီဂူတံခါး ပတ်ဝန်းကျင်တွင် ထောင်ချောက်များ ဆင်ထားပြီး ယမ်းများ မြှုပ်နှံထားကြသည်၊ ရည်ရွယ်ချက်မှာ ထိုနေရာကို ဖောက်ခွဲဖျက်ဆီးကာ ဂူတံခါးကို အပြီးအပိုင် ပိတ်ပစ်ရန် ဖြစ်သည်။

ထိုမီးလျှံမိုးကြိုးမှာ ယမ်းများကို စနက်တံပေးမည့် အရာပင် ဖြစ်သည်။

သူသည် မီးလျှံမိုးကြိုးကို တိုက်ရိုက် ပစ်ထုတ်လိုက်ရာ၊ သူ၏ မျက်ဝန်းထဲတွင် ရူးသွပ်သော အရိပ်အယောင်များ ပေါ်လာသည်။

ဗုဒ္ဓနှင့် တာအို နှစ်ဖက်လုံးမှ ကျွမ်းကျင်သူများစွာအပြင် လောကီမှ အစွမ်းထက်သူများကို ဤဂူသင်္ချိုင်းကြီးအတွင်း အပြီးအပိုင် ပိတ်လှောင်လိုက်နိုင်ခြင်းမှာ အလွန်ပင် ကောင်းမွန်လှသော အစီအစဉ်တစ်ခု ဖြစ်သည်။

ထို့အပြင် ချိကဲဘက်ဂိုဏ်းမှ ဖုန်းရွှေပညာရှင်တစ်ဦး၏ ခန့်မှန်းချက်အရ၊ ထိုပေါက်ကွဲမှုသည် ဂူသင်္ချိုင်းအတွင်းရှိ မိစ္ဆာစွမ်းအား အမျိုးမျိုးကို နိုးထလာစေလိမ့်မည်။

ထိုနေရာ၏ ဖုန်းရွှေတည်ဆောက်ပုံကို လုံးဝ ပျက်စီးသွားစေကာ မိစ္ဆာအငွေ့အသက်များနှင့် အလောင်းပုပ်အငွေ့အသက်များ အပြင်သို့ စိမ့်ထွက်လာပြီး၊ ပတ်ဝန်းကျင်ရှိ မြို့နယ်များနှင့် ရွာများအားလုံးမှာ တဖြည်းဖြည်းနှင့် သရဲမြို့များ ဖြစ်သွားပေလိမ့်မည်။

ထို ချိကဲဘက်ဘာသာ အဖွဲ့သည် ဂူသင်္ချိုင်းအတွင်းရှိ ဝိညာဉ်ဆိုးများနှင့် မိစ္ဆာများကို အပြင်သို့ အကုန် လွှတ်ထုတ်ရန် ကြံစည်နေခြင်း ဖြစ်သည် မြင့်မားသော ကျင့်စဉ်များရှိသည့် ထိုမိစ္ဆာနှိမ်နင်းသူများမှာ သူတို့အတွက် ယဇ်ကောင်များသာ ဖြစ်သည်။

သို့သော်လည်း။

နောက်တစ်ခဏတွင် ကျန်းဖုန်းတာအိုဆရာမှာ မျက်လုံးပြူးသွားတော့သည်၊ အဘယ်ကြောင့်ဆိုသော် မီးလျှံမိုးကြိုးမှာ မြေပြင်ပေါ်သို့ ကျမလာသောကြောင့် ဖြစ်သည်။

၎င်းမှာ ရုတ်တရက် ပျောက်ကွယ်သွားသည် ကျန်းဖုန်းတာအိုဆရာ၏ မျက်စိရှေ့မှာတင် လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ဝှူး

ပင်လယ်လှိုင်းလုံးကြီးများအလား ပြင်းထန်လှသော လက်ဝါးစွမ်းအားတစ်ခုမှာ အပူရှိန်ပြင်းလှသော သွေးစွမ်းအင်များနှင့်အတူ ရောက်ရှိလာသည်။

ကျန်းဖုန်းတာအိုဆရာမှာ အသက်ရှူရပ်မတတ် ခံစားလိုက်ရပြီး၊ နှာခေါင်းနှင့် ပါးစပ်တို့မှာ မီးလောင်နေသကဲ့သို့ ပူလောင်သွားသည်။

သူသည် ရှစ်ကွက်မှန်ကို လက်ဖဝါးပေါ်တွင် တင်လိုက်ရာ၊ တောက်ပသော အဖြူရောင် အလင်းတန်းများ ပေါ်ထွက်လာသည်။

ရှစ်ကွက်မှန်၏ နတ်ဘုရားအလင်းက ထိုပြင်းထန်လှသော လက်ဝါးစွမ်းအားကို တားဆီးလိုက်သည်။

သို့သော်လည်း နောက်တွင် အရိပ်တစ်ခု ပေါ်လာပြီး ဓားအလင်းတစ်ချက် လင်းလက်သွားကာ ကျန်းဖုန်းတာအိုဆရာ၏ လက်မောင်းဆီသို့ ခုတ်ချလိုက်သည်။

"အားးး"

ကျန်းဖုန်းတာအိုဆရာမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်၊ ပါကွားမှန်ကို ကိုင်ထားသော သူ၏ လက်မောင်းမှာ ပုခုံးရင်းမှ ပြတ်တောက်သွားတော့သည်။

သွေးများမှာ တစ်ဟုန်ထိုး ပန်းထွက်လာသည်။

သူသည် ပုခုံးမှ ပြတ်တောက်သွားသော နေရာကို ဖိထားပြီး အနောက်သို့ ဆုတ်ခွာသွားသည်။

ထိုအခါ လူငယ်တာအိုဆရာတစ်ဦးက ခါးကို ကိုင်းကာ သူ၏ ပြတ်ကျသွားသော လက်ထဲမှ ရှစ်ကွက်မှန်ကို ကောက်ယူလိုက်သည်ကို မြင်လိုက်ရသည်။

ထို့နောက် တဆတ်ဆတ် တုန်နေသေးသော ထိုပြတ်ကျနေသည့် လက်မောင်းကို ခြေထောက်ဖြင့် နင်းခြေလိုက်သည်။

သူ့ကို လှောင်ပြုံးပြုံးကာ ကြည့်နေသည်။

ကျန်းဖုန်းတာအိုဆရာ၏ မျက်နှာမှာ ဖြူလျော်နေပြီး၊ တစ်ကိုယ်လုံးမှ ချွေးများ စီးကျနေသည်၊ ပုခုံးမှ သွေးများမှာ စမ်းရေတွင်းကဲ့သို့ ထွက်နေသဖြင့် လက်ဖြင့် ဖိထားသော်လည်း မရပေ။

"မင်းပဲ "

သူ၏ အသံမှာ အလွန်ပင် စူးရှလှသည်။

လက်ထဲတွင် ရှစ်ကွက်မှန်ကို ကိုင်ကာ၊ ရှေးဟောင်းဓားရှည်တစ်စင်းကို မြေတွင် ထောက်ထားသော ထိုလူငယ်တာအိုဆရာမှာ လီယန်ချူ ပင် ဖြစ်သည်။

လီယန်ချူသည် စောစောက လှုပ်ရှားလိုက်ချိန်တွင် အဝေးမှ ပစ္စည်းကို ယူခြင်း ဟူသော တာအိုမှော်ပညာကို အသုံးပြုကာ အလွန် အရေးကြီးသော အချိန်တွင် မီးလျှံမိုးကြိုးကို ယူလိုက်ခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် သူကိုယ်တိုင်ပင် မိမိကိုယ်မိမိ ပြန်လည် သတိပြုမိသည်၊ သူ၏ အဓိက အလုပ်မှာ တာအိုဆရာ မဟုတ်ပါလား ထို့အပြင် ဟွမ်ထင်တာအိုကျမ်း ထဲတွင် မှတ်တမ်းတင်ထားသော ပညာရပ်များမှာ အလွန်ပင် ဆန်းကြယ်လှသော တာအိုမှော်ပညာများ ဖြစ်သည်။

"မင်းက အဲ့ဒီနေ့က ထွက်ပြေးသွားတဲ့ တာအိုအိုကြီးပဲ မဟုတ်လား "

လီယန်ချူ၏ အကြည့်မှာ ကျန်းဖုန်းတာအိုဆရာ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

အခန်း (၁၂၄) - အကျပ်ကိုင်စစ်ဆေးခြင်း

ထိုညက ကွမ်းရှင်းရဟန်းသည် တာအိုအိုကြီးတစ်ဦး၊ လောကီဓားသမားတစ်ဦးတို့နှင့် ပူးပေါင်းကာ ဟွေ့ကျိန်းရဟန်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။

နောက်ပိုင်းတွင် လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ ရောက်ရှိလာပြီး လောကီဓားသမားကို သုတ်သင်နိုင်ခဲ့သော်လည်း ကွမ်းရှင်းရဟန်းနှင့် တာအိုအိုကြီးမှာမူ မည်သည့်နေရာသို့ ရောက်သွားမှန်းမသိ ပျောက်ကွယ်သွားခဲ့သည်။

ထိုတာအိုအိုကြီးသည်လည်း ရှစ်ကွက်မှန် မှော်လက်နက်ကို အသုံးပြုခဲ့သူဖြစ်သည်။

စောစောက ကျန်းဖုန်းတာအိုဆရာ လှုပ်ရှားလိုက်ချိန်တွင် မူလက ဖြောင့်မတ်တည်ကြည်သော မျက်နှာနှင့် အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သည့် ပုံစံမျိုးဖြစ်သည်။

ထိုထူးခြားသော အငွေ့အသက်က လီယန်ချူကို ထိုနေ့က ထွက်ပြေးသွားသော တာအိုအိုကြီးကို ချက်ချင်း သတိရသွားစေသည်။

ကျန်းဖုန်းတာအိုဆရာက နာကျည်းစွာဖြင့်

"မင်းက ငါတို့ရဲ့ အရေးကြီးတဲ့ကိစ္စကို နောက်တစ်ကြိမ် ဖျက်ဆီးပြန်ပြီ ချိကဲဘက်ဂိုဏ်း က မင်းကို လွှတ်ထားမှာ မဟုတ်ဘူး "

ဟု ပြောလိုက်သည်။

သူသည် လီယန်ချူ၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပုခုံးမှ ဒဏ်ရာကြောင့် အလွန်အမင်း နာကျင်နေရသည်။

"ချိကဲဘက် ဂိုဏ်း "

"မြောင်းထဲမှာ ပုန်းနေတဲ့ ကြွက်အုပ်စုက ကိုယ့်မျက်နှာကိုယ် ရွှေချဖို့ တော်တော်တတ်နိုင်တာပဲ "

လီယန်ချူက အေးစက်စွာ ရယ်မောလိုက်သည်။

သူသည် ကျန်းဖုန်းတာအိုဆရာ၏ တဆတ်ဆတ် တုန်ခါနေဆဲဖြစ်သော ပြတ်ကျနေသည့် လက်မောင်းကို ခြေထောက်ဖြင့် နင်းခြေဖျက်ဆီးပစ်လိုက်ရာ သွေးပုံသားပုံဘဝသို့ ရောက်သွားတော့သည်။

ကျန်းဖုန်းတာအိုဆရာမှာ မျက်လုံးများ ပြူးထွက်မတတ် နာကျင်ခံစားရပြီး ခါးကြားသို့ လက်လှမ်းကာ မိစ္ဆာချည်နှောင်ကြိုးကို ထုတ်လိုက်သည်။

အဝါရောင်ကြိုးတစ်ချောင်းမှာ မြှားတစ်စင်းကဲ့သို့ လီယန်ချူဆီသို့ တိုက်ရိုက် ပစ်ဝင်သွားသည်။

လီယန်ချူသည် ကိုယ်ကို လှုပ်ရှားလိုက်ပြီး အလွန်နီးကပ်သော အချိန်အတွင်းမှာပင် မိစ္ဆာချည်နှောင်ကြိုးကို ရှောင်တိမ်းလိုက်ကာ ကျန်းဖုန်းတာအိုဆရာ၏ ခြေသလုံးကို ဓားဖြင့် ခုတ်ချလိုက်သည်။

ထက်မြက်လှသော ကျန်ကျောင်းဓားမှာ ချက်ချင်းပင် နီရဲသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အပေါ်သို့ ပင့်ခုတ်လိုက်ခြင်း ဖြစ်သည်။

ကျန်းဖုန်းတာအိုဆရာ၏ အကြည့်မှာ တောင့်တင်းသွားသည်။

လီယန်ချူသည် မိစ္ဆာချည်နှောင်ကြိုးကို ရှောင်တိမ်းနိုင်ရုံတင်မကဘဲ ပြင်းထန်စွာ ဒဏ်ရာရထားသည့် ပုံစံမျိုးလည်း လုံးဝ မပေါ်ပေါက်ပေ။

သူသည် မိမိဆရာ၏ နှလုံးသားကို ဖောက်ခွဲခဲ့သော ကြေးညိုရောင် ဓားမြှောင်ကို ထုတ်ယူကာ လီယန်ချူ၏ ဓားသွားကို တားဆီးလိုက်သည်။

ဒေါင်

လီယန်ချူ၏ ဓားချက်မှာ အားအင် ပေါင်တစ်ထောင်မက ပါဝင်နေပြီး လျိုယန်စွမ်းအင် ကို ထည့်သွင်းထားသဖြင့် အလွန်ပင် ထက်မြက်ပြီး အရှိန်အဝါ ပြင်းလှသည်။

၎င်းသည် ကျန်းဖုန်းတာအိုဆရာကို တိုက်ရိုက်ပင် ရိုက်လွှင့်သွားစေပြီး နံရံပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားစေသည်။

ရှူး

မိစ္ဆာချည်နှောင်ကြိုးမှာ မျက်လုံးပါသကဲ့သို့ နောက်သို့ လှည့်ပျံလာပြီး လီယန်ချူကို လွှမ်းခြုံရန် ကြိုးစားသည်။

လီယန်ချူသည် ဘေးသို့ လျင်မြန်စွာ ရွေ့လျားလိုက်ပြီး နောက်တစ်ခဏတွင် ကျန်းဖုန်းတာအိုဆရာ၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။

ဤအရှိန်မှာ အရိပ်များ ကျန်ရစ်ရလောက်အောင် မြန်ဆန်လှပြီး သာမန်လောကီ သိုင်းသမားတစ်ဦး၏ အစွမ်းထက်ဆုံး အဆင့်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

ကျန်းဖုန်းတာအိုဆရာသည် လျှာဖျားကို ကိုက်ကာ သွေးထုတ်ပြီး ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားများကို နှိုးဆော်လိုက်သည်။

မိစ္ဆာချည်နှောင်ကြိုးမှာ လီယန်ချူ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေသည်။

သူသည် ထိုပြည့်စုံသော မိစ္ဆာချည်နှောင်ကြိုးကို ကျွမ်းကျင်စွာ မကျင့်ကြံရသေးပေ၊ သို့မဟုတ်ပါက ယခုအချိန်တွင် လီယန်ချူကို ချည်နှောင်နိုင်ပြီး ဖြစ်လိမ့်မည်။

သူသည် ကြေးနီဂူတံခါးကို ဖောက်ခွဲပြီးသည်နှင့် ထွက်ပြေးရန် ကြံစည်ထားသော်လည်း ဒဏ်ရာရထားသော ကျင့်ကြံသူများအုပ်စုထဲတွင် ထိုမျှ ရဲရင့်ပြင်းထန်လှသော ကျွမ်းကျင်သူတစ်ဦး ပုန်းကွယ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါ့မည်နည်း။

လျှာဖျားမှ ထွက်လာသော သွေးများကြောင့် ကျန်းဖုန်းတာအိုဆရာ၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးနွမ်းသွားပြီး ပြန်လည်မကောင်းမွန်နိုင်တော့သည့် ထိခိုက်မှုကို ခံလိုက်ရသည်။

၎င်းမှာ အသက်နှင့်လဲ၍ တိုက်ခိုက်သော နည်းလမ်းပင် ဖြစ်သည်။

လီယန်ချူ၏ အကြည့်မှာ ပြင်းထန်လှပြီး သူ၏ တိုက်ခိုက်လိုစိတ်မှာ တဟုန်းဟုန်း တောက်လောင်နေသော မီးဖိုကြီးတစ်ခုကဲ့သို့ မြင့်တက်လာသည်။

ရှုူး

ကျန်ကျောင်းဓားက အလွန်ပူလောင်သော လေလှိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး အနှိုင်းမဲ့ ထက်မြက်လှသော ဓားစွမ်းအင်တစ်ခု ပေါ်ထွက်လာသည်။

၎င်းသည် ကျန်းဖုန်းတာအိုဆရာ ခက်ခဲစွာ ကျင့်ကြံထားသော မိစ္ဆာချည်နှောင်ကြိုးပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားသည်။

ထိုအဝါရောင်ကြိုးမှာ လီယန်ချူ၏ ဓားချက်အောက်တွင် ချက်ချင်း ပြတ်တောက်သွားတော့သည် ၎င်းပေါ်တွင် စုစည်းထားသော ဝိညာဉ်အလင်းများလည်း ပျက်ပြယ်သွားသည်။

ပွက်

ကျန်းဖုန်းတာအိုဆရာ၏ မျက်နှာမှာ ဖြူလျော်သွားပြီး တစ်ကိုယ်လုံး ချက်ချင်းပင် အိုမင်းသွားကာ မိုးကြိုးပစ်ခံရသကဲ့သို့ တုန်ခါသွားသည်။

သူသည် သွေးများကို အမြောက်အမြား အန်ထုတ်လိုက်ရသည်။

သူသည် လီယန်ချူကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

"မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး "

သူသည် မိမိ၏ ဆရာကိုပင် သစ္စာဖောက်ကာ လုယူခဲ့သော မိစ္ဆာချည်နှောင်ကြိုးမှာ လီယန်ချူ၏ လက်ချက်ဖြင့် ပြတ်တောက်သွားခဲ့ပြီ။

လီယန်ချူက အေးစက်စွာ ရယ်မောရင်း

"မင်းရဲ့ ဒီမှော်ပညာက မိစ္ဆာတွေ၊ သရဲတွေကို နှိမ်နင်းဖို့အတွက်တော့ အသုံးဝင်နိုင်ပေမယ့်၊ ငါ့ကို ဒါနဲ့ တိုက်ခိုက်ဖို့ ကြိုးစားတာကတော့ အိပ်မက်ယောင်နေတာပဲ"

ဟု ပြောလိုက်သည်။

သူသည် ထိုမှော်ပညာ၏ အားနည်းချက်ကို စောစောကတည်းက မြင်ထားပြီးသားဖြစ်သည်။

၎င်းတွင် ပါဝင်သော ဝိညာဉ်စွမ်းအားမှာ မိစ္ဆာများကို နှိမ်နင်းရန် အလွန်ထိရောက်သော်လည်း၊ သူကဲ့သို့ သွေးချီစွမ်းအင် ထူထပ်လှသော သိုင်းသမားအပေါ်တွင်မူ ထိရောက်မှု မရှိပေ။

သူသည် ယခုအခါ ပထမတန်းစား သိုင်းသမားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ သူ၏ ဟွန့်ယွမ်ကျင့်စဉ် ၊ လျိုယန်ဓားသိုင်း နှင့် ထျန်းကန်းလက်ဝါး တို့မှာလည်း ပထမတန်းစား သိုင်းပညာများအဖြစ် သတ်မှတ်ခံထားရပြီဖြစ်သည်။

၎င်းတို့အားလုံးမှာ အလွန်ပင် ပြင်းထန်ပြီး စွမ်းအားကြီးလှသည်။

မိစ္ဆာများကို နှိမ်နင်းသော မှော်ပညာမှာ သူကဲ့သို့ စစ်မှန်သော စွမ်းအားရှင်အပေါ်တွင် မည်သို့ သက်ရောက်မှု ရှိနိုင်ပါ့မည်နည်း။

ထို့အပြင် သူ၏ ကိုယ်ပေါ်တွင် သုံးကြိမ်တိုင်တိုင် အဆင့်မြင့်ထားသော ငါးပါးမိုးကြိုးအဆောင် နှင့် လင်ကွမ်း ဖိတ်ခေါ်အဆောင် များ ပါရှိနေသဖြင့် သူ၏ အရှိန်အဝါမှာ အလွန်ပင် စင်ကြယ်ပြီး မြင့်မြတ်လှသည်။

၎င်းသည် မိစ္ဆာချည်နှောင်ကြိုး၏ စွမ်းအားကို အဆပေါင်းများစွာ လျော့ကျစေခဲ့သည်။

ကျန်းဖုန်းတာအိုဆရာမှာ အရှိန်အဝါများ ကုန်ခမ်းသွားပြီး သူ၏ မျက်ဝန်းထဲမှ နာကျည်းမှုများမှာ ဓားသွားများကဲ့သို့ပင် ဖြစ်နေသည်။

သူ၏ ခက်ခဲစွာ စီစဉ်ထားသော မှော်ပညာမှာ ထိုလူငယ်တာအိုဆရာ၏ ရှေ့တွင် ဤမျှလောက် အားနည်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဓားတစ်ချက်တည်းနှင့်ပင် ပြတ်တောက်သွားခဲ့သည်။

"မင်း... ငါတို့ ချိကဲဘက်ဂိုဏ်းရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့တဲ့ကောင် ငါ သရဲဖြစ်ရင်တောင် မင်းကို လွှတ်ထားမှာ မဟုတ်ဘူး "

ကျန်းဖုန်းတာအိုဆရာက နာကျည်းစွာ ပြောလိုက်သည်။ သူ၏ အကြည့်မှာ အလွန်ပင် ရက်စက်လှသည်။

"သရဲဖြစ်ရင် မင်း ပိုတောင် မြန်မြန် သေဦးမယ် "

လီယန်ချူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး လှောင်ပြောင်သရော်လိုက်သည်။

"..." ကျန်းဖုန်းတာအိုဆရာမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ

"ကွမ်းရှင်းရဟန်း ဘယ်မှာလဲ "

"မင်းတို့ရဲ့ အပေါင်းအဖော်တွေ ဒီဂူထဲကို ဘယ်လောက်တောင် ထပ်ဝင်လာသေးလဲ "

လီယန်ချူက ကျန်ကျောင်းဓားကို ကျန်းဖုန်းတာအိုဆရာ၏ လည်ပင်းတွင် တေ့ထားလိုက်သည်။

ထက်မြက်လှသော ဓားသွားကြောင့် ကျန်းဖုန်းတာအိုဆရာသည် မိမိ၏ ကိုယ်တွင်းသွေးများပင် ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုရှေးဟောင်းဓားရှည်သည် မိစ္ဆာချည်နှောင်ကြိုးကိုပင် ခုတ်ဖြတ်နိုင်သည်မှာ မထူးဆန်းတော့ပေ ဤအရှိန်အဝါမှာ အမှန်တကယ်ပင် မိစ္ဆာနှိမ်နင်းရေး လက်နက် တစ်ခု ဖြစ်နေသည်။

ကျန်းဖုန်းတာအိုဆရာသည် နာကျင်စွာ ရယ်မောလိုက်ပြီး လီယန်ချူကို ရက်စက်စွာ စိုက်ကြည့်နေသည်။

"ငါက မင်းကို ပြောပြလိမ့်မယ်လို့ ထင်နေတာလား"

ဖောက်

လီယန်ချူသည် ကျန်းဖုန်းတာအိုဆရာ၏ ဘယ်ဘက်လက်မောင်းကို ဓားတစ်ချက်တည်းနှင့် ဖြတ်ပစ်လိုက်သည် ပြတ်ကျသွားသော လက်မှာ အမြင့်သို့ လွင့်တက်သွားပြီး မြေပြင်ပေါ်သို့ ကျသွားသည်။

"အားးး"

ကျန်းဖုန်းတာအိုဆရာမှာ မမျှော်လင့်ထားဘဲ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

သူသည် နာကျင်လွန်းသဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်နေတော့သည် လီယန်ချူသည် အလွန် ဂရုစိုက်လှသည်၊ ဤတစ်ကြိမ်တွင် ကျန်းဖုန်းတာအိုဆရာ သွေးလွန်ပြီး ချက်ချင်း သေသွားမည်ကို စိုးရိမ်သဖြင့် ပူလောင်လှသော လျိုယန်စွမ်းအင် ကို သုံးကာ ပုခုံးမှ ဒဏ်ရာကို ပိတ်ပစ်လိုက်သည်။

ထို့ကြောင့် သွေးထွက်မှာ အလွန်ပင် နည်းပါးသွားသည်။

"ငါနဲ့ စျေးမဆစ်နဲ့ ငါ နောက်တစ်ကြိမ် ထပ်မေးမယ်၊ မင်းတို့ အပေါင်းအဖော်တွေ ဒီဂူထဲကို ဘယ်လောက်တောင် ထပ်ဝင်လာသေးလဲ "

"သူတို့ အခု ဘယ်မှာလဲ "

လီယန်ချူက ဟောက်လိုက်သည်။

သူ၏ နောက်ကွယ်မှ ဒဏ်ရာရထားသော ကျင့်ကြံသူများမှာ လီယန်ချူကို ကြည့်သော အကြည့်များ ပြောင်းလဲသွားကြသည်။

ထိုလူငယ်တာအိုဆရာမှာ သတ်ဖြတ်လိုစိတ် အလွန်ပြင်းထန်လှပါတကား။

ကျန်းဖုန်းတာအိုဆရာသည် သူ၏ ဆရာကိုပင် သစ္စာဖောက်ခဲ့သူ ဖြစ်သော်လည်း လူကတော့ အနည်းငယ် မာကျောပုံရသည်။

ဤမျှ ခံစားနေရသော်လည်း အလျှော့မပေးသေးပေ။

"မင်း ငါ့ကို အပိုင်းပိုင်း ခုတ်ထစ်ရင်တောင် ငါ ချိကဲဘက်ဂိုဏ်းကို သစ္စာဖောက်မှာ မဟုတ်ဘူး "

ဖောက်

လူခေါင်းတစ်ခုမှာ အမြင့်သို့ လွင့်တက်သွားပြီး သွေးများမှာ စမ်းရေတွင်းကဲ့သို့ ပန်းထွက်လာသည်။

လီယန်ချူသည် ကျန်းဖုန်းတာအိုဆရာ၏ ဦးခေါင်းကို ဓားတစ်ချက်တည်းနှင့် ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ကျန်းဖုန်းတာအိုဆရာ၏ မျက်နှာပေါ်တွင် အံ့ဩသော အရိပ်အယောင်များ ကျန်ရစ်နေပြီး သေသည့်တိုင် မျက်စိမမှိတ်နိုင်ဘဲ ရှိနေသည်။

သူသည် လီယန်ချူက မိမိကို အကျပ်ကိုင် စစ်ဆေးလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် ၎င်းမှာ အချိန်ဆွဲခြင်း နည်းလမ်းတစ်ခုဖြစ်ပြီး ချိကဲဘက်ဂိုဏ်း မှ ကျွမ်းကျင်သူများ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။

လီယန်ချူက နှစ်ခွန်းမျှသာ မေးပြီး ချက်ချင်း သတ်ပစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

နောက်ကွယ်မှ ကျင့်ကြံသူများလည်း ထိုနည်းတူပင် ထင်မြင်နေကြသည်

'မင်း နောက်ထပ် နည်းနည်းလောက် ထပ်မေးပါဦးလား '

လီယန်ချူသည် ကိုယ်ကို ကိုင်းလိုက်ပြီး ကျန်းဖုန်းတာအိုဆရာ၏ ကိုယ်ပေါ်မှ ပစ္စည်းများကို ရှာဖွေလိုက်သည်။

ကြေးညိုရောင် ဓားမြှောင်တစ်စင်း၊ ကုသဆေး အချို့နှင့် အဆောင်စက္ကူ ဆယ်ရွက်ကျော်တို့ ဖြစ်သည်။

၎င်းတို့အားလုံးမှာ သာမန် ပြဒါးမှင် ဖြင့် ရေးထားသော အဆောင်များသာ ဖြစ်သည်။

၎င်းတို့အပြင် အခြားသော ပစ္စည်းများ မရှိတော့ပေ။

လီယန်ချူ၏ မျက်ဝန်းထဲတွင် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်လာသော်လည်း မကြာခင်မှာပင် နားလည်သွားသည်။

ထိုကဲ့သို့ မိမိကိုယ်မိမိ ဖုံးကွယ်ထားသော ချိကဲဘက်ဂိုဏ်း မှ ကျွမ်းကျင်သူတစ်ဦးသည် မိမိကိုယ်ကို ဖော်ထုတ်နိုင်မည့် ပစ္စည်းများကို ကိုယ်ပေါ်တွင် မည်သို့ ထားရှိပါ့မည်နည်း။

ထိုညက ကျန်းဖုန်းတာအိုဆရာသည် လူသားအရေပြား မျက်နှာဖုံးကို တပ်ဆင်ထားခြင်း ဖြစ်နိုင်သလို၊ သိုင်းလောကတွင် အသုံးများသော ရုပ်ဖျက်အတတ်ကို အသုံးပြုထားခြင်းလည်း ဖြစ်နိုင်သည်။

ထိုရုပ်ဖျက်အတတ်မှာ ကောလာဟလများလောက် ဆန်းကြယ်ခြင်း မရှိပေ။

တာအိုမှော်ပညာထဲမှ အသွင်ပြောင်းခြင်း အတတ်နှင့် ယှဉ်လျှင်မူ အလွန်ပင် ကွာခြားလှသည်။

ရင်းနှီးသော လူတစ်ဦးအနေနှင့် ဟန်ဆောင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှပြီး၊ မိမိကိုယ်ကို ဖုံးကွယ်ရန်နှင့် ရုပ်ဖျက်ရန်အတွက်သာ အသုံးပြုနိုင်သည်။

"ပိုင်ကြီး "

လီယန်ချူက အော်ခေါ်လိုက်သည်။

All Chapters