အခန်း (၆၃၁-၆၃၂)
Vol. 64 Ch. 631-632
အခန်း ၆၃၁ - ရန်စစိန်ခေါ်ခြင်း
လန်ယာဝင်ချိုးသည် ဇက်ကြိုးပြုတ်သွားသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ သူမ၏ မိဘများထံသို့ ပြေးသွားကာ
"အဖေ၊ အမေ သမီး သူတို့ကို အရမ်းလွမ်းနေတာ"
ဟု အော်ဟစ်နှုတ်ဆက်လိုက်သည်။
သို့သော်လည်း သူမ၏ မိဘနှစ်ပါးမှာ သမီးဖြစ်သူကို ကျော်ဖြတ်သွားပြီး ဖန့်ချန်ထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားကြသည်။ သူတို့က အလွန်တက်ကြွနွေးထွေးသော လေသံဖြင့်
"သခင်လေးဖန့် ခရီးပန်းလာပြီ ထင်တယ်၊ သခင်လေးရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်"
ဟု နှုတ်ဆက်ကြသည်။
"ကျွန်တော်ကတော့ လန်ယာဝင်ရှ ပါ သမီးငယ်လေးဆီကနေ သခင်လေးက သူမကို အစစအရာရာ စောင့်ရှောက်ပေးခဲ့တယ်လို့ ကြားသိရပါတယ် ဒါကြောင့် ကျွန်တော် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ဟု လူငယ်လေးကလည်း ဖန့်ချန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။
လန်ယာဝင်ချိုးမှာ မှင်တက်သွားပြီး
"အဖေ... အမေ... ဒုတိယအစ်ကို"
အဖွားလီက ထိုမြင်ကွင်းကို ပြုံးပြုံးလေး ကြည့်နေရင်း လန်ယာဝင်ချိုးကို တိုးတိုးလေး ပြောလိုက်သည်
"မိသားစုခေါင်းဆောင်နဲ့ သူ့ဇနီးက သခင်လေးဖန့်ကို တော်တော်လေး သဘောကျနေပုံရတယ်"
လန်ယာဝင်ချိုးမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်
"သဘောကျတာ ဘာကို ဆိုလိုတာလဲ အဖွား"
အဖွားလီက ပြုံးရုံသာ ပြုံးနေပြီး ထပ်မံ ရှင်းမပြတော့ပေ။
ဖန့်ချန်ကလည်း ရိုသေစွာ ပြန်လည် ဦးညွှတ်လိုက်သည်
"ဦးလေးနဲ့ အန်တီ အားနာစရာကြီးဗျာ အရမ်းကြီးလည်း ယဉ်ကျေးမနေကြပါနဲ့"
"ဘိုးဘေးကြီးကလည်း ဝင်ချိုးမှာ သူမကို စောင့်ရှောက်ပေးမယ့် စီနီယာတစ်ယောက် ရှိနေတာကို ကြားတော့ အရမ်းဝမ်းသာနေတာ ကျွန်တော်တို့လည်း သခင်လေးနဲ့ ဝင်ချိုးကို တွေ့ဖို့ စောင့်နေကြတာပါ"
လန်ယာမျိုးနွယ်စု ခေါင်းဆောင်က ပျော်ရွှင်စွာ ပြောလိုက်သည်
"အချိန်မဖြုန်းဘဲ ဘိုးဘေးကြီးဆီကို အမြန်သွားကြစို့"
လန်ယာဝင်ချိုးမှာ ဘိုးဘေးကြီးပါ ရောက်နှင့်နေပြီကို သိလိုက်ရသဖြင့် အံ့ဩသွားသည်
"အဖေ ဘိုးဘေးကြီးက ဒီကို ရောက်နေပြီလား"
လန်ယာတာကျောက် က ခေါင်းညိတ်ပြသည်
"ဟုတ်တယ်၊ ဒီကိစ္စက အရမ်းအရေးကြီးတာမို့ ဘိုးဘေးကြီးက တိမ်တိုက်စင်မြင့်ကို အစောဆုံး ရောက်လာခဲ့တာ"
ထိုအချိန်တွင် မလှမ်းမကမ်းမှ လူတစ်စု လျှောက်လာကြသည်။
ထိုအုပ်စုကို ဦးဆောင်လာသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လန်ယာတာကျောက်ကို မြင်သောအခါ လှောင်ပြုံးပြုံးလျက် အနားသို့ လျှောက်လာသည်။
"ညီအစ်ကို တာကျောက် မင်းရဲ့ တတိယသမီးလေး ရောက်လာပြီလား သူမက ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်လို့ ကြားတယ် ငါ့ကိုလည်း ပေးကြည့်ပါဦး"
ထိုသူက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
လန်ယာတာကျောက်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး
"ညီအစ်ကို ဝေယွမ် ငါတို့က အဲ့လောက်အထိ ရင်းနှီးတဲ့သူတွေ မဟုတ်ဘူး ချင်မိသားစုက ငါနဲ့စကားပြောနေတာကို မြင်ရင် သူတို့က မင်းကို ငါတို့နဲ့ ပူးပေါင်းနေတယ်လို့ ထင်သွားမှာ မစိုးရိမ်ဘူးလား"
လန်ယာဝင်ချိုးသည် ထိုသူများကို မြင်လျှင်ပင် မည်သူမှန်း သိလိုက်သည်။ သူမက ဖန့်ချန်ထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်
"စီနီယာအစ်ကိုကြီးဖန့် ဝေယွမ်ဆိုတာ လုံဝေမျိုးနွယ် ရဲ့ ခေါင်းဆောင်ပဲ သူတို့က ချင်မိသားစုနဲ့ အရမ်းနီးစပ်တယ် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ သူက ကျွန်မတို့ မျိုးနွယ်စုဝင် အများကြီးကို သတ်ခဲ့တာ"
ဝေယွမ်က အားရပါးရ ရယ်မောလိုက်သည်
"ချင်မိသားစုက အဲ့လောက်အထိ စိတ်သဘောထား မသေးပါဘူးကွာ ငါတို့နှစ်ယောက် စကားအနည်းငယ် ပြောတာက ဘာကို ကိုယ်စားပြုမှာလဲ"
ထို့နောက် သူက လန်ယာဝင်ချိုးကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်
"မိန်းကလေး မင်းက လန်ယာဝင်ချိုးလား ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းရဲ့ တပည့်ဖြစ်နေတာ တော်တော်လေး အထင်ကြီးစရာပဲ ငါ့သား ဝေဟိုင်ရှန်း ကလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်နေပြီ မင်းသာ ငါ့သားရဲ့ ကြင်ယာတော် ဖြစ်လာမယ်ဆိုရင် ဘယ်လိုနေမလဲ"
သူ၏ဘေးတွင်ရှိသော ဖြူဖျော့ဖျော့နှင့် နှုတ်ခမ်းနီရဲရဲ လူငယ်တစ်ဦးက လန်ယာဝင်ချိုးကို ရမ္မက်မျက်လုံးများဖြင့် စိုက်ကြည့်ကာ ခနဲ့လိုက်သည်။
လန်ယာဝင်ချိုး ဒေါသကြောင့် မျက်နှာ နီမြန်းလာသည်
"ရှင် ဘာပြောလိုက်တာလဲ"
သိမြင်ခြင်းအဆင့် ရှိသူတစ်ယောက်က သူမကဲ့သို့သော ဓားဂိုဏ်းတပည့်ကို ထိုမျှအထိ စော်ကားရဲသည်လား
"ဝေယွမ် ဝင်ချိုးက ငါ့ရဲ့ အဖိုးတန်သမီးလေးပဲ သူမရဲ့ ဆံပင်တစ်ပင်ကတောင် မင်းသားထက် ပိုတန်ဖိုးရှိတယ် မင်းက ဘယ်လိုမျက်နှာနဲ့ ဒီကိစ္စကို ပြောရဲတာလဲ"
လန်ယာတာကျောက်က အထင်အမြင်သေးသော မျက်လုံးများဖြင့် ထိုလူငယ်ကို ကြည့်ကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။
ဝေယွမ်နှင့် သူ၏သားမှာ မျက်နှာပျက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တင်းမာမှုများ ဖုံးလွှမ်းသွားတော့သည်။
ဖန့်ချန်မှာမူ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
ပုံမှန်အားဖြင့် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ ဂုဏ်သတင်းသည် ဝေယွမ်ကဲ့သို့သောသူကို ခြောက်လှန့်ရန် လုံလောက်သင့်သည်။
သူတို့၏ နောက်ခံမှာ တာအိုပေါင်းစပ်ခြင်းအဆင့် ပညာရှင်တစ်ဦးသာ ရှိသည်ဖြစ်ရာ ဓားဂိုဏ်းဝင်တစ်ဦးကို ထိုမျှအထိ မခန့်မလေး လုပ်ရဲရန် မဖြစ်နိုင်ပေ။
'ဒါဆိုရင် သူက ဒီကိစ္စနောက်ကွယ်မှာ ကိုးဆက်မြောက်ဘုရင်ရဲ့ နန်းတော် ရှိနေတာကို သိနေလို့လား'
ဖန့်ချန် ထိုသို့တွေးနေစဉ်မှာပင် ဝေယွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
"မှန်တယ် ငါ့သားက မင်းသမီးနဲ့ မယှဉ်နိုင်သလို ဓားဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့လည်း အရည်အချင်းမမီပါဘူး ဒါပေမဲ့ သူက မကြာခင်မှာ ကိုးဆက်မောက်ဘုရင်ရဲ့ နန်းတော်မှာ ရာထူးတစ်ခု ရတော့မယ် နဝမမင်းသားရဲ့ ကိုယ်ရံတော်အဖြစ် အမှုထမ်းရမယ်လို့ ကြားတယ်"
လူတိုင်းမှာ မှင်တက်သွားကြသည်။
လန်ယာတာကျောက်ပင်လျှင် အံ့ဩသွားသော မျက်နှာထား ဖြစ်သွားသည်။ ဝေမျိုးနွယ်စုက ဘယ်တုန်းက မင်းသားနန်းတော်နဲ့ အချိတ်အဆက် ရသွားတာလဲ
"ဒါကြောင့် ငါ အကြံပေးချင်တာကတော့ ဆွေးနွေးပွဲမှာ ငြိမ်ငြိမ်လေးနေကြဖို့ပဲ ချင်မိသားစုကို လုံလောက်တဲ့ လျော်ကြေးပေးရင် လန်ယာမျိုးနွယ်က ကြီးကြီးမားမား ပြဿနာကနေ လွတ်ကောင်းလွတ်နိုင်တယ်"
" မဟုတ်ရင်တော့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက ဝင်ပါရင်တောင် မင်းတို့အတွက် ဘာမှ ထူးလာမှာ မဟုတ်ဘူး"
ဝေယွမ်က လှောင်ပြောင်ပြောဆိုပြီးနောက် သူ၏အဖွဲ့နှင့်အတူ ထွက်ခွာသွားတော့သည်။
လန်ယာတာကျောက်၏ မျက်နှာမှာ အလွန်လေးနက်သွားသည်
"ကိုးဆက်မြောက်ဘုရင်ရဲ့ နန်းတော်"
"ရှင်... သူပြောတာတွေက လိမ်နေတာလည်း ဖြစ်နိုင်တာပဲ"
လန်ယာတာကျောက်၏ ဇနီးက စိုးရိမ်တကြီး ပြောလိုက်သည်။
"မဟုတ်ဘူး သူ ဒီလိုကိစ္စမျိုးကို အလကား လိမ်ပြောရဲမှာ မဟုတ်ဘူး သူတို့ဆီမှာ ခိုင်မာတဲ့ အထောက်အထား မရှိရင် ဒီလောက်အထိ ရဲတင်းမှာ မဟုတ်ဘူး"
လန်ယာတာကျောက်က သက်ပြင်းချကာ ဆက်ပြောသည်
"သူက ငါတို့ကို ဖိအားပေးနေတာပဲ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကိုလည်း ဒီကိစ္စမှာ ဝင်ပါဖို့ ထိုက်တန်ရဲ့လားဆိုတာ စဉ်းစားခိုင်းနေတာ ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ နန်းတော်ကို ရန်သူဖြစ်ရမှာကို ဘယ်သူမှ မလိုလားဘူးလေ"
"အဲ့ဒါက ဘာလို့လဲဆိုတော့ သူတို့ရဲ့ အချိတ်အဆက်က ချင်မိသားစု ဒါမှမဟုတ် ပိုတိတိကျကျ ပြောရရင် ချီနယ်မြေ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်နေလို့ပဲ"
ဟု ဖန့်ချန်က ဝင်ပြောလိုက်သည်။
ဖန့်ချန်က ဝေယွမ်၏သား နဝမမင်းသားထံတွင် အမှုထမ်းရမည့် အခွင့်အရေးမှာ နယ်မြေအုပ်ချုပ်ရေးမှူး၏ ဩဇာကြောင့် ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
သူသည် သူ၏ ဝိညာဉ်ကို ထုတ်လွှတ်ကာ ဝေယွမ်တို့အဖွဲ့နောက်သို့ တိတ်တဆိတ် လိုက်ပါကြည့်ရှုလိုက်သည်။
"ဘာလို့ လန်ယာတာကျောက်ကို အဲ့ဒီလောက်အထိ တမင်သက်သက် ရန်စတာလဲ အဖေ"
ဟု ဝေဟိုင်ရှန်းက မေးလိုက်သည်။
"သူ့ကို သိစေချင်လို့လေ မင်းက မကြာခင် နန်းတော်မှာ ရာထူးရတော့မယ်ဆိုတာကို"
ဝေယွမ်က အေးအေးဆေးဆေး ပြန်ဖြေသည်
"ဒါက ဓားဂိုဏ်းကလူတွေကို ငါတို့ရဲ့ ရပ်တည်ချက်ကို သိသွားစေမယ် ဆွေးနွေးပွဲက ရက်အနည်းငယ် လိုသေးတာဆိုတော့ အခြေအနေကို စမ်းသပ်ကြည့်တာပဲ"
ဖန့်ချန် ပြုံးလိုက်သည်။ ဒါဟာ တမင်သက်သက် ရန်စတာ မဟုတ်ဘဲ တစ်ဖက်လူရဲ့ တုံ့ပြန်မှုကို ကြည့်ချင်တဲ့ စစ်ဗျူဟာတစ်ခုပဲ။
ဖန့်ချန်၏ ဝိညာဉ် ပြန်ရောက်လာသောအခါ လန်ယာတာကျောက်ကလည်း တွေးတောနေခြင်းကို ရပ်လိုက်ပြီး ဖန့်ချန်နှင့် ဝင်ချိုးတို့ကို လန်ယာမျိုးနွယ်၏ ဘိုးဘေးကြီးနှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားသည်။
"အစ်ကိုကြီးဖန့် စိတ်မပူပါနဲ့ ကျွန်မရဲ့ တခြား စီနီယာတွေလည်း လာနေကြပြီ နန်းတော်ကလည်း ချင်မိသားစုဘက်ကနေ အဲ့ဒီလောက်အထိ အတိအလင်း ပါဝင်မှာ မဟုတ်ပါဘူး"
လန်ယာဝင်ချိုးက ဖန့်ချန်ကို ဒုက္ခပေးမိမှာ စိုးရိမ်သဖြင့် အသံလှိုင်းဖြင့် နှစ်သိမ့်နေသည်။
ဖန့်ချန်က ပြုံးလျက် ခေါင်းခါပြလိုက်သည်
"ဟုတ်တယ် ငါလည်း ဘာမှ မဖြစ်နိုင်ဘူးလို့ ယုံကြည်ပါတယ်"
ဒီကိစ္စမှာ ဝိညာဉ်သုတ်သင်ရေးဌာန က လှုပ်ရှားနေတာကို ဘယ်သူမှ မသိကြပေ။
သူတို့သာ စစ်ပွဲကို ရပ်တန့်နိုင်တယ်လို့ ပြောရင် အနည်းဆုံး ၈၀ ရာခိုင်နှုန်းကတော့ သေချာနေပြီ ဖြစ်သည်။
မကြာမီမှာပင် သူတို့ကို တိမ်တိုက်စင်မြင့်ပေါ်ရှိ ပြာသာဒ်ဆောင်တစ်ခုသို့ ခေါ်ဆောင်သွားကြသည်။
ထိုနေရာတွင် သိမြင်ခြင်းအဆင့်နှင့် ဝိညာဉ်ခွဲဖြာခြင်းအဆင့် ရှိသော အကြီးအကဲ ဆယ်ဦးကျော် ရပ်နေကြပြီး ပေါင်းစပ်ခြင်းအဆင့် ရှိသူ နှစ်ဦးလည်း ပါဝင်သည်။
ပြာသာဒ်ဆောင်အတွင်း၌ အကြီးအကဲ တစ်ဦးတည်းသာ ထိုင်နေသည်။
ထိုသူမှာ ဖန့်ချန် ယခင်က မှန်ထဲတွင် မြင်ဖူးခဲ့သော လန်ယာမျိုးနွယ်၏ ဘိုးဘေးကြီး ဖြစ်ပြီး ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
လန်ယာဝင်ချိုးက ချက်ချင်းပင် ရှေ့သို့တက်ကာ ဦးညွှတ်လိုက်သည်
"သမီး ဝင်ချိုး... ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"
ဖန့်ချန်ကလည်း လက်အုပ်ချီကာ ဦးညွှတ်လိုက်သည်
"ကျွန်တော် ဖန့်ချန် စီနီယာကြီးကို ဂါရဝပြုပါတယ်"
"အရမ်းကြီး ယဉ်ကျေးမနေကြပါနဲ့ကွယ် အားလုံး ထကြပါ ဒီကိုလာပြီး ငါနဲ့ ခဏလောက် အေးအေးဆေးဆေး ထိုင်ကြရအောင်"
လန်ယာမျိုးနွယ် ဘိုးဘေးကြီးက ပြုံးရွှင်သော မျက်လုံးများဖြင့် ဖော်ဖော်ရွေရွေပင် လက်ကမ်းကြိုဆိုလိုက်တော့သည်။
အခန်း ၆၃၂ - မိတ်ဆွေလာလျှင် ဝိုင်ကောင်းဖြင့် တည်ခင်း၏
လန်ယာမျိုးနွယ်စု၏ ဘိုးဘေးကြီး ရှိနေသော ပြာသာဒ်ဆောင်အတွင်း၌ လေထုမှာ လေးနက်တည်ငြိမ်နေသည်။
ပေါင်းစပ်ခြင်းအဆင့် ရှိသော ဘိုးဘေးကြီး၏ ရှေ့မှောက်တွင် အခြားသော ဝိညာဉ်ခွဲဖြာခြင်းအဆင့်နှင့် သိမြင်ခြင်းအဆင့်ရှိ အကြီးအကဲများမှာပင် ထိုင်ခွင့်မရဘဲ ရိုသေစွာ မတ်တတ်ရပ်နေကြရသည်။
သို့သော်လည်း လန်ယာဝင်ချိုးနှင့် ဖန့်ချန်တို့ကိုမူ ဘိုးဘေးကြီးက သူ၏ ရှေ့တည့်တည့်ရှိ နေရာတွင် တိုက်ရိုက်ထိုင်ရန် ခွင့်ပြုခဲ့သည်။
ဤသည်မှာ ဖန့်ချန်၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း အပေါ် လန်ယာမျိုးနွယ်စုက ထားရှိသော အမြင့်ဆုံးသော လေးစားမှုပင် ဖြစ်သည်။
ဖန့်ချန် နေရာတွင် အခြေကျထိုင်လိုက်သည်နှင့် တပြိုင်နက် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးက ငွေလင်ဗန်းတစ်ခုကို စနစ်တကျ ကိုင်ဆောင်ကာ ချဉ်းကပ်လာသည်။
ထိုလင်ဗန်းပေါ်တွင် အရည်အသွေးမြင့်မားလှသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀ ကို သေသေသပ်သပ် စီတန်းထားသည်ကို တွေ့ရသည်။
ဖန့်ချန်မှာ ထိုအခြင်းအရာကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီး
"ဘိုးဘေးကြီး ဒါက ဘာအတွက်လဲ"
ဟု မေးလိုက်သည်။
လန်ယာဘိုးဘေးကြီးက သူ၏ ဖြူဖွေးသော မုတ်ဆိတ်ရှည်ကို အသာအယာ သပ်ရင်း မျက်လုံးများတွင် နွေးထွေးသော အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်
"မိတ်ဆွေဖန့် မင်းက ကိုယ့်ဘေးကင်းရေးကိုတောင် ထည့်မတွက်ဘဲ ဝင်ချိုးကို ကူညီဖို့ ဒီအထိ လိုက်လာပေးတာပဲ ငါတို့ လန်ယာမျိုးနွယ်စုက ဒီလောက်အထိ အသိတရားမဲ့တဲ့သူတွေ မဟုတ်ပါဘူး ဒါက တွေ့ဆုံခြင်း အမှတ်တရ လက်ဆောင်လေးမို့ လက်ခံပေးပါဦး"
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀ ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာထက်ပင် ပို၍ တန်ဖိုးရှိပြီး ကျင့်ကြံသူများအတွက် ကျင့်စဉ်တိုးတက်စေရန် အလွန်ရှားပါးသော အရင်းအမြစ်များ ဖြစ်သည်။
လန်ယာမျိုးနွယ်စုကဲ့သို့သော အင်အားကြီးမျိုးနွယ်စုတစ်ခုအတွက်ပင် ထိုမျှများပြားသော ကျောက်တုံးများကို စုဆောင်းရန်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်နိုင်ပေသည်။
ဘေးနားတွင် ရှိနေသော လန်ယာဝင်ရှ ၏ မျက်လုံးများတွင် အံ့ဩရိပ်များ ထင်ဟပ်သွားသည်။
ဘိုးဘေးကြီးက ဖန့်ချန်ကို ဒီလောက်တောင် အလေးထားတာလား ဟု သူ တွေးလိုက်မိသည်။
မျိုးနွယ်စု၏ အတွင်းရေးကိစ္စများကို စတင်ကိုင်တွယ်နေပြီဖြစ်သော ဝင်ရှအနေဖြင့် ဤပမာဏမှာ မျိုးနွယ်စု၏ နှစ်ပေါင်းများစွာ စုဆောင်းမှုကို အလွယ်တကူ ထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိနေသည်။
လန်ယာဝင်ချိုး ဓားဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်ကပင် မျိုးနွယ်စုက သူမကို ဝိညာဉ်ကျောက်တုံး ၁၀ တုံးသာ ထောက်ပံ့ပေးနိုင်ခဲ့သည် မဟုတ်လား။
လန်ယာဝင်ချိုး၏ မျက်နှာတွင်လည်း ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
သူမသည် ဖန့်ချန်က နတ်ဘုရားနန်းတော် နှင့် ပတ်သက်နေကြောင်းကို မျိုးနွယ်စုအား လုံးဝ မပြောပြခဲ့ဘဲ ဖုံးကွယ်ထားခဲ့သည်။
သို့သော် ဘိုးဘေးကြီး၏ ဆက်ဆံပုံမှာ ဖန့်ချန်၏ ထူးခြားမှုကို သိမြင်နေသည့်အလား ဖြစ်နေသည်။
ဖန့်ချန်က ဝိညာဉ်ကျောက်တုံးများကို ကြည့်ပြီး ခေတ္တမျှ တွေးတောကာ ခေါင်းခါပြလိုက်သည်
"စီနီယာကြီး အဲ့လောက်အထိ အားနာစရာ မလိုပါဘူး ဝင်ချိုးက ကျွန်တော့်ရဲ့ ညီမလေးဖြစ်နေလို့ ကူညီတာပါ ကျောက်တုံးတွေ၊ စည်းစိမ်တွေအတွက် လာတာ မဟုတ်ပါဘူး"
ထိုပြတ်သားသော စကားကို ကြားသောအခါ လန်ယာတာကျောက်နှင့် အခြားအကြီးအကဲများက ဖန့်ချန်ကို ပို၍ လေးစားသွားကြသည်။
ဓားကျင့်ကြံသူများသည် သူရဲကောင်းဆန်ပြီး သစ္စာရှိကြသည်ဟု လူပြောများသည့်အတိုင်း ဖန့်ချန်က လက်တွေ့ပြလိုက်ခြင်းပင်။
သူတို့သာ ဖန့်ချန်၏ နေရာတွင် ရှိနေပါက ဤမျှများပြားသော စည်းစိမ်ကို မျက်တောင်မခတ်ဘဲ ငြင်းပယ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
လန်ယာဘိုးဘေးကြီးက ကျေနပ်အားရသော အကြည့်ဖြင့် ကြည့်ကာ
"မိတ်ဆွေဖန့် မင်းက တကယ်ကို စိတ်ထားမြင့်မြတ်တာပဲ အခုခေတ်မှာ ငါတို့ရဲ့ အကျပ်အတည်းကို သိတာနဲ့ တခြားမျိုးနွယ်စုတွေက ငါတို့ကို ဝေးဝေးက ရှောင်နေကြတာ မင်းလိုလူမျိုးက တကယ်ကို ရှားပါးတယ်"
ဟု ပြောလိုက်သည်။
"ဘိုးဘေးကြီး အစ်ကိုကြီးဖန့်က အဲ့ဒီလို လူစားမျိုး မဟုတ်ပါဘူး ပြီးတော့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှာ လောဘကြီးတဲ့ တပည့်ဆိုတာ မရှိပါဘူး စိတ်မပူပါနဲ့"
ဟု လန်ယာဝင်ချိုးက ဂုဏ်ယူဝံ့ကြွားစွာ ဝင်ပြောလိုက်သည်။
ဘိုးဘေးကြီးက သာယာစွာ ရယ်မောလိုက်ပြီး
"မိတ်ဆွေ မင်းက ကျောက်တုံးတွေအတွက် လာတာမဟုတ်မှန်း ငါသိပါတယ် ဒါပေမဲ့ ဒါက ငါတို့မျိုးနွယ်ရဲ့ ဧည့်ဝတ်ကျေပွန်မှုနဲ့ စိတ်ရင်းစေတနာပါ"
"မိတ်ဆွေလာရင် ဝိုင်ကောင်းနဲ့ တည်ခင်းပြီး ဝံပုလွေလာရင်တော့ အမဲလိုက်ဓားကို သွေးထားရမယ် မဟုတ်လား ဒါကြောင့် ငါ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒါကို လက်ခံပေးပါ"
လန်ယာဝင်ချိုးကလည်း ဖန့်ချန်၏ အင်္ကျီလက်ကို အသာအယာ ဆွဲကာ
"အစ်ကိုကြီးဖန့် လက်ခံလိုက်ပါနော် ဒါက ဘိုးဘေးကြီးနဲ့ ကျွန်မတို့ မျိုးနွယ်စုတစ်ခုလုံးရဲ့ စိတ်ရင်းပဲ ငြင်းလိုက်ရင် ဘိုးဘေးကြီး ဝမ်းနည်းသွားလိမ့်မယ်"
ဟု ချော့မော့လိုက်သည်။
ဖန့်ချန်က အခြေအနေကို ကြည့်ပြီး ပြုံးလျက် ဦးညွှတ်လိုက်သည်
"ဒါဆိုရင်တော့ ကျွန်တော် အားနာနာနဲ့ပဲ လက်ခံလိုက်ပါ့မယ်"
ဖန့်ချန် ကျောက်တုံးများကို သိမ်းလိုက်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လန်ယာမျိုးနွယ်ဝင်များမှာ သက်ပြင်းချကာ စိတ်အေးသွားကြသည်ကို ဖန့်ချန် သတိထားမိလိုက်သည်။
ဤသည်မှာ သူတို့၏ အခြေအနေမှာ အလွန်စိုးရိမ်ရနေပြီး ဖန့်ချန်ကဲ့သို့သော နောက်ခံရှိသူတစ်ဦးကို မည်မျှအထိ လိုအပ်နေကြောင်း သက်သေပင် ဖြစ်သည်။
လန်ယာဝင်ချိုးက ရုတ်တရက် လေးနက်သောလေသံဖြင့် မေးလိုက်သည်
"ဘိုးဘေးကြီး တခြားမျိုးနွယ်စုတွေက သမီးတို့ကို ရှောင်နေကြတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ အုပ်ချုပ်ရေးမှူး ဝင်ပါလာတယ်ဆိုပေမဲ့ သမီးတို့က ချင်မိသားစုဆီက နယ်မြေတွေ အများကြီး သိမ်းထားနိုင်တာပဲ စစ်ရေးအရ ကြည့်ရင် သမီးတို့က အသာစီးရနေတာ မဟုတ်ဘူးလား"
လန်ယာဘိုးဘေးကြီးက သက်ပြင်းတစ်ချက်ချကာ မျက်မှောင်ကြုတ်လိုက်သည်
"အစကတော့ ငါက ဒီပြဿနာရဲ့ အစဟာ နေမင်းအသီး ကြောင့်လို့ပဲ ထင်ခဲ့တာ"
"ဒါဆို အဲ့ဒါကြောင့် မဟုတ်ဘူးလား"
ဝင်ချိုးက အံ့ဩတကြီး မေးလိုက်သည်။
ဘိုးဘေးကြီးက ခေါင်းခါပြသည်
"ကိစ္စတွေက အဲ့ဒီလောက် မရိုးရှင်းဘူးကွယ် အုပ်ချုပ်ရေးမှူးက ချင်မိသားစုဆီက လာဘ်စားလို့ ဝင်ပါလာတာဆိုရင် ငါတို့က မကြောက်ပါဘူး အခုက ကိစ္စက ပိုကြီးနေတာ နက်နဲတဲ့ အကြောင်းရင်းတွေ ရှိနေတယ်"
"ဘိုးဘေးကြီး တခြားတစ်ယောက်ယောက် ပါဝင်နေလို့လား"
"ကြားသိရတဲ့ သတင်းတွေအရဆိုရင် ဒါဟာ အနောက်ဘက်တိုက်ကြီးက ကိုးဆက်မြောက်ဘုရင်ရဲ့ နန်းတော် နဲ့ ပတ်သက်နေတယ်"
ဘိုးဘေးကြီး၏ မျက်နှာမှာ အလွန်ပင် တည်ကြည်သွားသည်။
အလယ်ပိုင်းတိုက်ကြီးတွင် တိုက်ကြီးလေးခုရှိရာ တိုက်တစ်ခုစီကို မသေမျိုးဘုရင် တစ်ပါးစီက အုပ်ချုပ်ကြသည်။
အနောက်ဘက်တိုက်ကြီးကို အုပ်ချုပ်သော ကိုးဆက်မြောက်ဘုရင် ဆိုသည်မှာ တက်လှမ်းခြင်းအဆင့် ရှိသော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ဘိုးဘေးကြီးက ဆက်ပြောသည်
"ဒါက သတင်းပဲ ရှိသေးတယ်ဆိုပေမဲ့ ဒီလို အင်အားကြီး နန်းတော်တစ်ခု ပါဝင်နေတယ်ဆိုတဲ့ အရိပ်အယောင်လေးကတင် ငါတို့မျိုးနွယ်စုကို အထီးကျန်ဖြစ်သွားစေဖို့ လုံလောက်နေပြီ"
" ဘယ်သူမှ ငါတို့ကို မကူညီရဲတော့ဘူး ဒါကြောင့် ဒီဆွေးနွေးပွဲမှာ မင်းတို့နှစ်ယောက်ရဲ့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း ဆိုတဲ့ အမည်နာမကိုပဲ အားကိုးရတော့မယ်"
ဖန့်ချန်က ရုတ်တရက် ဝင်မေးလိုက်သည်
"စီနီယာကြီး ကိုးဆက်မြောက်ဘုရင်ရဲ့ နဝမမင်းသား အကြောင်းကိုရော သိလား"
လူတိုင်း မှင်တက်သွားကြသည်။
ဘိုးဘေးကြီးက မင်းသားနန်းတော်အကြောင်း ပြောလိုက်သည်နှင့် ဖန့်ချန်က နဝမမင်းသားအကြောင်းကို တန်းမေးလိုက်သဖြင့် သူတို့အားလုံး ဖန့်ချန်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။
"မင်း တစ်ခုခု သိထားတာ ရှိလို့လား"
ဘိုးဘေးကြီးက အလောတကြီး မေးလိုက်သည်။
"အစ်ကိုကြီးဖန့် ဒီကိစ္စမှာ ဝိညာဉ်သွေးဂိုဏ်း အပြင် မင်းသားနန်းတော်ပါ ပါဝင်နေတာလား"
ဟု လန်ယာဝင်ချိုးက ထိတ်လန့်တကြီး မေးလိုက်သည်။
ဝိညာဉ်သွေးဂိုဏ်း
ထိုအမည်ကို ကြားလိုက်ရသောအခါ အခန်းတွင်းရှိ အကြီးအကဲများအားလုံး မျက်နှာများ ဖြူလျော်သွားပြီး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။