အခန်း (၆၄၁-၆၄၂)
Vol. 65 Ch. 641-642
အခန်း ၆၄၁ - ဘယ်သူကများ တာအိုမိတ်ဆွေဖန့်ရဲ့ အရိုက်မခံဖူးလို့လဲ
ချင်မိသားစု ဘိုးဘေးကြီး နှုတ်ဆိတ်သွားတာကို မြင်လိုက်ရတဲ့အခါမှာတော့ အခြေအနေက အပြီးသတ်သွားပြီဆိုတာ အားလုံး သဘောပေါက်လိုက်ကြပါတယ်။
လန်ယာမျိုးနွယ်စုကို အရင်က ပြစ်မှားမိထားတဲ့ ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ မိတ်ဆွေဖြစ်မှုကို ဘယ်လို ပြန်လည် တည်ဆောက်ရမလဲဆိုတာကို ကိုယ်စီ စဉ်းစားနေကြတော့တာပေါ့။
အဲ့ဒီအချိန်မှာပဲ ကျန်းထျန်းအိုက်ရဲ့ နောက်မှာရှိတဲ့ နတ်ဘီလူးဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဖန့်ချန်ကို လေးနက်တဲ့ မျက်နှာထားနဲ့ စိုက်ကြည့်ပြီး မေးလိုက်ပါတယ်
"ငါတို့ နတ်ဘီလူးဂိုဏ်းက နတ်မျိုးစေ့ ကျိယွမ်က အဲ့ဒီတုန်းက နင့်လက်ချက်နဲ့ သေသွားတာလား"
ဒီစကားထွက်လာတာနဲ့ လူတိုင်းရဲ့ အာရုံက ဖန့်ချန်ဆီ ချက်ချင်း ပြန်ရောက်သွားပြီး မျက်နှာတွေမှာ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်သွားပါတယ်။
အဲ့ဒီတုန်းက နတ်မျိုးစေ့တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာကို သူတို့ ဝေဝေဝါးဝါး မှတ်မိနေကြတာကိုး။
"ဟုတ်တယ်"
ဖန့်ချန်က တည်ငြိမ်စွာပဲ ခေါင်းညိတ်ပြလိုက်ပါတယ်။
ဒါကို လူအတော်များများက သိနေကြပြီးသားမို့ ဖုံးကွယ်ထားလည်း အဓိပ္ပာယ်မရှိသလို သူကိုယ်တိုင်လည်း ဖုံးကွယ်ဖို့ စိတ်မဝင်စားပါဘူး။
"ထျန်းအိုက် နင် သူ့အနားကို သိပ်မကပ်တာ အကောင်းဆုံးပဲ သူက ငါတို့ နတ်ဘီလူးဂိုဏ်းနဲ့ ရန်သူတွေ ဖြစ်ထားတာ"
အဲ့ဒီ အမျိုးသမီးကျင့်ကြံသူရဲ့ မျက်နှာထားက ချက်ချင်းဆိုသလို ခက်ထန်သွားပါတယ်။
"အစ်ကိုကြီးဖန့် လုပ်တဲ့ကိစ္စတိုင်းမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါ သူက အကြောင်းမဲ့သက်သက် စီနီယာ ကျိယွမ်ကို သတ်မှာ မဟုတ်ဘူး နောက်ပြီးတော့ စီနီယာ ကျိယွမ်ကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ ကျမ ထင်တယ်"
ကျန်းထျန်းအိုက်က ပြတ်ပြတ်သားသားပဲ ပြန်ပြောလိုက်ပါတယ်။
လူအုပ်ကြီးမှာ ဒီစကားကို ကြားတော့ အတော်လေး အံ့ဩသွားကြပြန်တယ်။
နတ်ဘီလူးဂိုဏ်းက ဒီပါရမီရှင်မလေးနဲ့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက ဖန့်ချန်တို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုး ရှိနေလို့လဲ။
မိမိဂိုဏ်းသားတစ်ယောက်က သူ့လက်ထဲမှာ သေသွားတာတောင် သူမက ဂရုမစိုက်တဲ့အပြင် ဘက်လိုက်ပြီး ပြောနေတာကိုး။
ကိုင်ဟုန်က အခြေအနေ တစ်ခုခု ရိပ်မိလိုက်လို့ ချက်ချင်းပဲ ကြားဝင် ဖျန်ဖြေပေးလိုက်တယ်
"ခင်ဗျားတို့ အကုန်လုံး မသိကြသေးလို့ပါ အဲ့ဒီတုန်းက တာအိုမိတ်ဆွေဖန့် လက်ထဲမှာ သေသွားတဲ့ နတ်မျိုးစေ့တွေက နတ်ဘီလူးဂိုဏ်း တစ်ခုတည်းက မဟုတ်ဘူး"
"မွေးရပါတာအိုဂိုဏ်းနဲ့ မဟာချဲ့ထွင်တာအိုဂိုဏ်းက နတ်မျိုးစေ့တွေလည်း အဲ့ဒီလို ကံကြမ္မာမျိုးနဲ့ ကြုံခဲ့ရတာပဲ"
(အရင်အပိုင်းတွေမှာ မွေးရပါဒေါသဂိုဏ်း နောက်ပိုင်း မွေးရာပါ တာအိုဂိုဏ်းလို့ ပြောင်းလည်းပါမယ် ဗျ)
"တာအိုမိတ်ဆွေဖန့်က လက်ပါတာကလည်း သင့်တော်ပြီးသားပါ သူက သူ့ရဲ့ ဂျူနီယာညီမလေးကို ကာကွယ်ပေးခဲ့ရုံပဲလေ ရွှေအမြုတေအဆင့် နတ်မျိုးစေ့တွေကို ထားလိုက်ပါဦး"
"ဟိုတုန်းက နတ်ဘုရားမင်းဆက် နန်းတော် မှာတုန်းက ကျုပ်တို့ အုပ်စုတင်မကဘူး ခင်ဗျားတို့ နတ်ဘီလူးဂိုဏ်းက လူကန်း တောင် ဘယ်သူကများ တာအိုမိတ်ဆွေဖန့်ရဲ့ အရိုက်ကို မခံခဲ့ရလို့လဲ ကျုပ် မှတ်မိသလောက်ဆိုရင် လူကန်းက ပါးရိုက်နှစ်ချက်တောင် ခံလိုက်ရတာနော်"
ကိုင်ဟုန်က ပြောရင်းနဲ့ မျက်စိတစ်ချက် ပစ်ပြလိုက်ပါတယ်။
နတ်ဘီလူးဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေက သူ ဘာကို ဆိုလိုတာလဲဆိုတာ ချက်ချင်းပဲ သဘောပေါက်သွားကြတယ်။
အဲ့ဒီတုန်းက ဖြစ်ရပ်ကို သူတို့ လူကိုယ်တိုင် မမြင်ခဲ့ရပေမဲ့ သတင်းတော့ ကြားခဲ့ဖူးတာကိုး။
တာအိုပေါင်းစပ်ခြင်းအဆင့်မှာ ရှိတဲ့သူတွေတောင် အရိုက်ခံခဲ့ရတယ်ဆိုပဲ...။
ဒီဖြစ်ရပ်ပြီးပြီးချင်းမှာပဲ နတ်ဘီလူးဂိုဏ်းဆီကို သတင်းရောက်သွားပြီး ကျိယွမ်ကိစ္စအတွက် ဖန့်ချန်ကို ပြဿနာမရှာဖို့ အထက်က အမိန့်ကျလာခဲ့ပါတယ်။
ဒီနောက်ကွယ်မှာတော့ အဲ့ဒီတုန်းက ရုတ်တရက် ပေါ်လာတဲ့ အဘိုးအိုတစ်ယောက်နဲ့ ပတ်သက်နေတယ်၊ ဒါပေမဲ့ အဲ့ဒီအဘိုးအိုက ဘယ်သူမှန်းတော့ သူတို့ မသိကြဘူး။
"တကယ်တော့ ဒါတွေအားလုံးက ကျုပ်ရဲ့ အသုံးမကျတဲ့ ညီလေးကြောင့် စတာပါ သူက ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတွေရဲ့ လှည့်ဖြားမှုကို ခံလိုက်ရပြီး အမှားကြီး မှားခဲ့တာ အဲ့ဒါကြောင့်လည်း ကောင်းကင်ဘုရင်ကျန့် ရဲ့ နန်းတော်နဲ့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကြားမှာ နားလည်မှုတွေ လွဲခဲ့ရတာ"
ကိုင်ဟုန်က သက်ပြင်းချရင်း ဆက်ပြောတယ်
"ဒါတွေအားလုံးက အဲ့ဒီကောင်တွေရဲ့ သွေးထိုးပေးမှုကြောင့် ဖြစ်ရတဲ့ ပရမ်းပတာတွေပဲ သေသွားတဲ့ နတ်မျိုးစေ့တွေကလည်း အဲ့ဒီကောင်တွေကြောင့် သေရတာ"
စကားအနည်းငယ်နဲ့တင် ကိုင်ဟုန်က အပြစ်အားလုံးကို ဝိညာဉ်သွေးဂိုဏ်းဆီ လွှဲချလိုက်ပါတယ်။
နတ်ဘီလူးဂိုဏ်းက အမျိုးသမီးတွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျန်းထျန်းအိုက်ကလည်း ဖန့်ချန်နဲ့ ရင်းနှီးနေတာကြောင့် သူတို့ စိတ်ကို လျှော့လိုက်ကြတော့တယ်။
"သခင်လေးကိုင် ပြောတာ အဓိပ္ပာယ် ရှိပါတယ်အချို့ကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေက ကျွန်မတို့ ချက်ချင်း ခွဲခြားနိုင်ဖို့ ခက်ခဲလွန်းတာကိုး"
နတ်ဘီလူးဂိုဏ်းက တပည့်မလေးတစ်ယောက်က ခေါင်းညိတ်ပြီး ထောက်ခံလိုက်ပါတယ်။
နားလည်မှုတွေ ပြေလည်သွားသလို ရှိပေမဲ့ ဘေးက နားထောင်နေတဲ့သူတွေကတော့ လုံးဝကို ကြောင်အမ်းသွားကြပြီလေ။
နေဦး... ကိုင်ဟုန် အခုလေးတင် ဘာပြောလိုက်တာလဲ။
သူတို့ အကုန်လုံးက... ဖန့်ချန်ရဲ့ အရိုက်ကို ခံခဲ့ရတယ် ဟုတ်လား
ကိုင်ဟုန်က ပေါင်းစပ်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ သူက ဒီမှာ ချီကျန့်တို့၊ လန်ယာရှင်းကျိုးတို့ပြီးရင် အမြင့်ဆုံးပဲ။
ဘယ်သာမန် တာအိုပေါင်းစပ်ခြင်းအဆင့် ခေါင်းဆောင်မှ ကိုင်ဟုန်ထက် အစွမ်းထက်တယ်လို့ မယူဆရဲကြဘူး...။
အဲ့ဒီလို လူမျိုးက ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက တပည့်တစ်ယောက်ရဲ့ အရိုက်ကို ခံခဲ့ရတယ်ဆိုတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
"တစ်ခုခုတော့ မှားနေပြီ... သူ့ရဲ့ အရှိန်အဝါက ရွှေအမြုတေအဆင့်ပဲ ရှိတာကို..."
လူတိုင်းက သူတို့ရဲ့ ကျင့်စဉ်အဆင့်ကို လုံးဝ ဖုံးကွယ်မထားတဲ့ ဖန့်ချန်ကို အထူးအဆန်းလို ကြည့်နေမိကြတယ်။
တကယ်လို့ သူ့ရဲ့ ခွန်အားကြောင့် မဟုတ်ဘူးဆိုရင်၊ သူ့ရဲ့ အဆင့်အတန်းနဲ့ နောက်ခံကြောင့်များလား
ချင်မိသားစု ဘိုးဘေးကြီးနဲ့ တခြားသူတွေက ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေက ပိုပြီးတော့ကို ထူးဆန်းလာတော့တာပေါ့။
အခြေအနေကို ထိန်းသိမ်းပြီးတဲ့နောက်မှာ ကိုင်ဟုန်က ဖန့်ချန်နဲ့ ကျန်းထျန်းအိုက်တို့ကို သူ့ရဲ့ မသေမျိုးသင်္ဘောပေါ် တက်ဖို့ ထပ်ဖိတ်ပြန်တယ် သူတို့လည်း ဝမ်းသာအားရ လက်ခံလိုက်ကြတာပေါ့။
ဖန့်ချန်က လန်ယာဝင်ချိုးကိုပါ တစ်ခါတည်း ခေါ်သွားပါတယ်။
မသေမျိုးသင်္ဘောကြီးက ထွက်မသွားဘဲ ကောင်းကင်ယံမှာပဲ ဝဲပျံနေဆဲပါ။
အောက်က အင်အားစုအသီးသီးက ခေါင်းဆောင်တွေလည်း လန်ယာရှင်းကျိုးဆီကို ချဉ်းကပ်ပြီး မျက်နှာချိုသွေးဖို့ ကြိုးစားနေကြပြီလေ။
ချင်မိသားစု ဘိုးဘေးကြီးကတော့ အကြာကြီး တိတ်ဆိတ်နေပြီးမှ သူတို့လူတွေကို ခေါ်ပြီး ထွက်သွားဖို့ ပြင်ပါတယ်။
အရင်က ရှန်ကျိ က သူ့ကို ပေးခဲ့တဲ့ အကြံပေးချက်တွေကို ပြန်တွေးမိတဲ့အခါ နောင်တတွေက တလှိုင်းပြီးတလှိုင်း တက်လာတော့တာပဲ။
အကယ်လို့သာ သူ အဲ့ဒီတုန်းက နားထောင်ပြီး စစ်ပွဲကို မစခဲ့ရင်၊ ချင်မိသားစုဟာ ဒီလောက်အထိ အထိနာမှာ မဟုတ်ဘူးလေ။
အခုတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးလိုက်ရပြီဆိုတော့ ချင်မိသားစုဟာ အချိန်အကြာကြီးအထိ အကြပ်အတည်း ဖြစ်နေတော့မှာပဲ၊ မျိုးနွယ်ဝင်တွေ ကျင့်စဉ်တက်ဖို့အတွက်တောင် အဟန့်အတား ဖြစ်စေလိမ့်မယ်။
သူတို့ ခါးပတ်ကို တင်းတင်းစည်းထားကြရတော့မယ်။
စစ်ပွဲစတဲ့ နေ့ကတည်းက အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်နေသလိုပဲ နောက်ကွယ်ကနေ တစ်ယောက်ယောက်က ကြိုးကိုင်နေသလို ခံစားနေရတာ။
မျှော်လင့်ထားသလိုပါပဲ၊ ရှန်ကျီ ရဲ့ စကားတွေက တကယ် မှန်နေတာပဲ။ ဒါဟာ ဝိညာဉ်သွေးဂိုဏ်းက နောက်ကွယ်ကနေ ကြံစည်နေခဲ့တာ။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နဝမမင်းသားရဲ့ အရိပ်အယောင်တွေလည်း ပါနေတယ်။ ဒီအင်အားစုနှစ်ခုကြားက ပဋိပက္ခမှာ ချင်မိသားစုကတော့ ယဇ်ကောင် ဖြစ်သွားရရှာပြီ။
သူ့ရဲ့ သံသယကို အတည်ပြုဖို့အတွက် ချင်ဘိုးဘေးကြီးက ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုတစ်ယောက်ကို လှမ်းကြည့်လိုက်ပါတယ်။
ဒီလူက တစ်လျှောက်လုံးမှာ ကြားနေနေခဲ့သူဖြစ်ပြီး ပိုင်ချွမ်း မျိုးနွယ်စုရဲ့ ဘိုးဘေးကြီးပဲ ဖြစ်ပါတယ်။
"မိတ်ဆွေပိုင်ချွမ်း ခင်ဗျားများ နေမင်းအသီး တစ်လုံး ရထားတာ ရှိလား"
ချင်ဘိုးဘေးကြီးက သူ့အနားကို လျှောက်သွားပြီး တည်ငြိမ်တဲ့ လေသံနဲ့ မေးလိုက်ပါတယ်။
ပိုင်ချွမ်းဘိုးဘေးက သူ့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ပြီး ခေါင်းခါပြတယ်
"ငါ့မှာသာ နေမင်းအသီး ရှိရင် ငါ့လူတွေကို အနှံ့အပြားမှာ လိုက်ရှာခိုင်းနေပါ့မလား"
ဒါကို ပြောပြီးတဲ့နောက်မှာ သူက ရှုပ်ထွေးတဲ့ မျက်နှာထားနဲ့ ဆက်ပြောတယ်
"မင်းက ငါလည်း ဒီကိစ္စမှာ ပါဝင်နေတယ်လို့ ထင်နေတာလား"
"မဟုတ်ပါဘူး ကျုပ် ဒီအတိုင်း မေးကြည့်ရုံပါ"
ချင်ဘိုးဘေးကြီးက ခပ်မှိန်မှိန် ပြုံးရင်း ပြန်ဖြေလိုက်တယ်။
သူ့ရဲ့ ပုံစံက အတော်လေးကို စိတ်ပျက်အားလျော့နေပုံရပြီး ချင်မိသားစုဝင်တွေနဲ့အတူ မသေမျိုးသင်္ဘောပေါ်တက်ပြီး ထွက်သွားဖို့ ပြင်ပါတယ်။
အဲ့ဒီအချိန်မှာပဲ လန်ယာရှင်းကျိုးရဲ့ အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာတယ်
"အစ်ကိုကြီးချင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကိုတော့ သုံးရက်အတွင်း ပို့ပေးရမယ်နော်"
"စိတ်မပူပါနဲ့ ချီ က ကျုပ်ကိုယ်စား အရင်ပေးပါလိမ့်မယ်၊ အဲ့ဒါကိုမှ ကျုပ်က သူနဲ့ ပြန်ရှင်းလိုက်မယ်"
ချင်ဘိုးဘေးကြီးက သင်္ဘောပေါ်ကနေ လှမ်းပြောပါတယ်။
သူ့ရဲ့ မတ်တတ်ရပ်နေတဲ့ ပုံစံက တောင်တစ်လုံးလိုပါပဲ၊ သူ ရှုံးနိမ့်သွားခဲ့ပေမဲ့ တာအိုပေါင်းစပ်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတော့ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဘယ်တော့မှ ခေါင်းငုံ့မခံပါဘူး။
သူက ပြောရင်းနဲ့ ချီကျန့်ကို တစ်ချက် လှည့်ကြည့်လိုက်တယ်။
ချီကျန့် ဘယ်လောက်အထိ မျက်နှာပျက်နေလဲဆိုတာ သူ မြင်ရပေမဲ့ သူ ဂရုမစိုက်တော့ပါဘူး။
သူက လက်ကို ဝေ့ယမ်းလိုက်တဲ့အခါ မသေမျိုးသင်္ဘောကြီးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ခွာသွားပါတော့တယ်။
"ဟားဟားဟား အစ်ကိုကြီးရှင်းကျိုး ဒီတစ်ခါတော့ တကယ်ပဲ နားလည်မှုတွေ ပြေလည်သွားပြီ ထင်တယ် ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ ကျုပ်မှာ လက်ဆောင်လေးတစ်ခု ရှိပါတယ်"
လုံဝေ မျိုးနွယ်စု ဘိုးဘေးကြီးက ချင်ဘိုးဘေး ထွက်သွားတာနဲ့ အားရပါးရ ရယ်ပြီး ပြောလိုက်ပါတယ်။
သူက တစ်ယောက်ယောက်ကို ငွေလင်ဗန်းတစ်ခု ယူလာဖို့ ချက်ချင်း အမိန့်ပေးလိုက်တယ်။
လင်ဗန်းပေါ်မှာတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာ ရှိနေတာပေါ့။
ဒါကို မြင်တဲ့အခါ လန်ယာမျိုးနွယ်စုဝင်တွေက စိတ်ထဲမှာ လှောင်ပြုံး ပြုံးနေကြတယ်။
လုံဝေမျိုးနွယ်စုက လန်ယာမျိုးနွယ်စုနဲ့ ပြန်ပြီး သင့်မြတ်အောင် လုပ်ဖို့ ကြိုးစားနေတာ ရှင်းနေတာပဲလေ။
လန်ယာရှင်းကျိုးက ခပ်ဖွဖွ ပြုံးပြီး သူ့လူတွေကို အဲ့ဒီ ကျောက်တုံးတွေကို လက်ခံခိုင်းလိုက်ပါတယ်။
ပြီးတော့ ဝေဘိုးဘေးနဲ့ ရင်းရင်းနှီးနှီး စကားပြောနေတော့တာပဲ၊ သူတို့ကြားမှာ အငြိုးအတေးတွေ၊ ပဋိပက္ခတွေ တစ်ခါမှ မရှိခဲ့ဖူးသလိုမျိုးပါပဲ။
အဲ့ဒီအချိန်မှာပဲ ချီကျန့်က လန်ယာရှင်းကျိုးဆီကို လျှောက်လာပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကို လွှဲပေးပါတယ်။
သူ သိပ်ကို နှမြောနေပေမဲ့ မျက်နှာကိုတော့ အပြုံးအတုကြီး တပ်ထားပြီး ပြောတယ်
"ဒါက ချင်မိသားစုကိုယ်စား ပေးတဲ့ လျော်ကြေးပါ၊ အရင် လက်ခံထားလိုက်ပါ"
"အုပ်ချုပ်ရေးမှူး က အားနာစရာကြီး ကြည့်ရတာ နဲ့ ချင်မိသားစုကြားက ပတ်သက်မှုက တကယ်ကို ခိုင်မာတာပဲနော်"
လန်ယာရှင်းကျိုးက ခေါင်းညိတ်ပြုံးရင်း မှတ်ချက်ပေးလိုက်တယ်။
"အဲ့ဒီလိုလည်း မဟုတ်ပါဘူး ကျုပ်က အပြာရောင်တာအိုနယ်မြေ က မျိုးနွယ်စုတွေအပေါ် အမြဲတမ်း တန်းတူညီတူ ဆက်ဆံတာပါ"
ချီကျန့်က အပြုံးအတုကြီးကို ဖျောက်ပစ်လိုက်ပြီး ဖြောင့်မတ်တဲ့ မျက်နှာထားနဲ့ ပြန်ပြောလိုက်ပါတယ်။
ဘေးက ခေါင်းဆောင်တွေ အားလုံးကလည်း ခေါင်းညိတ်ပြီး ထောက်ခံကြတာပေါ့။
ဒီအချိန်မှာတော့ ချီကျန့်ကို ထပ်ပြီး ရန်မစတာ အကောင်းဆုံးဆိုတာ အားလုံး နားလည်ထားကြပြီလေ။
တခြား ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ စေတနာအလိုက် ဝိညာဉ်ကျောက်တုံး ၃၀၊ ၅၀ ကနေ ၇၀၊ ၈၀ အထိ အသီးသီး လာပေးကြပါတယ်။
ကျောက်တုံးတွေအပြင် ဆေးလုံးတွေ၊ ဝိညာဉ်ရေးရာ ပစ္စည်းတွေနဲ့ ရတနာတွေကိုတောင် လာပေးကြတာပါ။
လန်ယာရှင်းကျိုးက အဲ့ဒီ ပစ္စည်းတွေကို ကြည့်လိုက်ပြီး လန်ယာဒါကျောက် ကို အမိန့်ပေးလိုက်တယ်
"ဒီဖြစ်ရပ်ကြောင့် ဆုံးရှုံးသွားတာတွေကို ကာမိအောင် ၂၀ ရာခိုင်နှုန်းပဲ ချန်ထားခဲ့ ကျန်တာတွေကိုတော့ မိတ်ဆွေ ဖန့် ဆီကို ပို့ပေးလိုက်ပါ"
ခေါင်းဆောင်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံးက သဘောတူတဲ့အကြောင်း ခေါင်းညိတ်ပြလိုက်ကြပါတယ်။
အခန်း ၆၄၂ - အပြန်အလှန်လက်ဆောင်
မသေမျိုးသင်္ဘောပေါ်တွင် ကိုင်ဟုန်က သူတို့သုံးယောက်ကို ရင်းရင်းနှီးနှီး ထိုင်ရန်ဖိတ်ခေါ်ထားသည်။
သင်္ဘောပတ်ပတ်လည်တွင် ခြံရံထားသူများမှာ ကျင့်စဉ်အဆင့် အလယ်သုံးဆင့် ရှိသူများဖြစ်ပြီး အနိမ့်ဆုံးမှာပင် ဝိညာဥ်ခွဲဖြာခြင်းအဆင့် ရှိသူများဖြစ်သည်။
လက်ဖက်ရည် လောင်းပေးနေသည့် အစေခံမလေးများသာ အောက်လေးဆင့် အဆင့်ရှိကြသည်။
ကောင်းကင်ဘုရင်ကျန့် ၏ သားတော်ဖြစ်သလို၊ မိမိကိုယ်တိုင်လည်း ပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိထားသူ၊ ဒုတိယတန်းစား အင်ပါယာဖြစ်သည့် ဧရာမ သမင်အင်ပါယာ၏ ဧကရာဇ်ဖြစ်သူအတွက် ထိုကဲ့သို့ ခမ်းနားသော အခြံအရံများရှိနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
(အရင်ပိုင်းတွေမှာ ကိုင်ဟုန်က အိမ့်ရှေစံတဲ့ ဒီအပိုင်းကျ ဧကရာဇ် တဲ့ 🥹)
ဖန့်ချန်တို့ သုံးယောက်လုံးလည်း ထိုအရာကို အထူးအဆန်း မဖြစ်ကြပေ။
"ဂျူနီယာညီမလေး ကျန်း ငါကြားတာတော့ နင်က အဆင့် ၅ အင်ပါယာဖြစ်တဲ့ မဟာချန်း မှာ ရှန်ကျီ နဲ့ တွေ့ခဲ့လို့ နတ်ဘီလူးဂိုဏ်းကို ရောက်သွားတာဆို"
ကိုင်ဟုန်က ကျန်းထျန်းအိုက်ကို ကြည့်ကာ မေးလိုက်သည်။
"သခင်လေးကိုင်က ဒါကိုလည်း သိနေတာလား ဟုတ်ပါတယ် ကျမ မဟာချန်း ကနေ နတ်ဘီလူးဂိုဏ်းကို သွားခဲ့တာပါ"
ကျန်းထျန်းအိုက်က ခေါင်းညိတ်ပြပြီး
"အဲ့ဒီတုန်းကသာ အစ်ကိုကြီးဖန့် ကူညီပေးခဲ့လို့ မဟုတ်ရင် ကျမနဲ့ ဦးလေးကျုံး တို့ မဟာချန်း ကိုတောင် အသက်ရှင်လျက် ရောက်မှာမဟုတ်ဘူး နတ်ဘီလူးဂိုဏ်းကို ရောက်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ပါဘူး"
လန်ယာဝင်ချိုးမှာ စိတ်ထဲမှ တိတ်တဆိတ် အံ့ဩသွားသည်။
စီနီယာနဲ့ ကျန်းထျန်းအိုက်ကြားမှာ ဒီလို ပတ်သက်မှုမျိုး ရှိနေတာကိုး။
'ဒါကြောင့်လည်း စီနီယာကို မြင်တာနဲ့ သူက ဒီလောက်အထိ စိတ်လှုပ်ရှားနေတာပေါ့ ငါကတော့ သူက စီနီယာ့ကို ကြိုက်နေတာလားလို့တောင် ထင်မိသေးတယ်... ဒါပေမဲ့ နတ်ဘီလူးဂိုဏ်းက မိန်းကလေးတွေရဲ့ ကိုယ်လုံးကိုယ်ပေါက်က သိပ်ကို ကြံ့ခိုင်လွန်းတော့ စီနီယာသာ သူနဲ့တွဲဖြစ်ရင် နေထိုင်ရတာ အဆင်မပြေလောက်ဘူး'
ဟု သူမ စိတ်ကူးထဲတွင် လျှောက်တွေးနေမိသည်။
"တကယ်ပဲ ဖြစ်ရမယ်..."
ကိုင်ဟုန်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
ရှန်ကျီ က ကျန်းထျန်းအိုက်ကို မဟာချန်း မှာ တွေ့ခဲ့တာ မှန်ပေမဲ့ သူမ မဟာချန်းကို သွားရတဲ့ အဓိကအကြောင်းရင်းက ကျန်းထျန်းအိုက်ကြောင့် မဟုတ်လောက်ဘူး။
အဲ့ဒီတုန်းက... ဖန့်ချန်လည်း မဟာချန်းမှာ ရှိနေတာကိုး။
အစအနအချို့ကို ဆက်စပ်ကြည့်လိုက်ရုံနဲ့ ကိုင်ဟုန်ဟာ တစ်ခုခုကို ရိပ်မိသွားသလို၊ ဖန့်ချန်ရဲ့ နောက်ထပ် အထောက်အထားတစ်ခုကိုလည်း ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် သေချာသွားပုံရသည်။
သူတို့ခေတ္တမျှ စကားစမြည် ပြောဆိုနေစဉ်မှာပင် ကျင့်ကြံသူတစ်ဦး လျှောက်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်
"သခင်လေး လန်ယာဒါကျောက် လာရောက်တွေ့ဆုံပါတယ်"
လန်ယာဒါကျောက် ဘယ်သူလဲ
ကိုင်ဟုန်က လန်ယာဝင်ချိုးကို အလိုလို လှည့်ကြည့်လိုက်သည်။
"သခင်လေးကိုင် သူက ကျမအဖေပါ"
ဟု ဝင်ချိုးက ပြောပြလိုက်သည်။
"ဝင်ခွင့်ပြုလိုက်ပါ"
ဟု ကိုင်ဟုန်က ခွင့်ပြုလိုက်သည်။
လန်ယာဝင်ချိုးက ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက တပည့်ဖြစ်သဖြင့် သူမအဖေမှာလည်း သူ၏ သင်္ဘောပေါ်သို့ တက်ရောက်ခွင့် ရှိပေသည်။
မကြာမီမှာပင် လန်ယာဒါကျောက် ရောက်ရှိလာပြီး ကိုင်ဟုန်ကို အရင်ဆုံး အရိုအသေပေးကာ၊ ထို့နောက် ဘာစကားမှ မပြောဘဲ ဖန့်ချန်ထံသို့ သိုလှောင်လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်သည်။
"သခင်လေးဖန့် ဒါက ဘိုးဘေးကြီးရဲ့ ဆန္ဒပါ အထဲမှာတော့ အပြာရောင်တာအိုနယ်မြေ စစ်ပွဲပြီးဆုံးတာကို ဂုဏ်ပြုတဲ့အနေနဲ့ မျိုးနွယ်စုအသီးသီးက ပေးအပ်တဲ့ လက်ဆောင်တွေ ရှိပါတယ်"
ဒါကျောက်က ပြုံးလျက် ပြောလိုက်သော်လည်း မျက်လုံးထောင့်မှ သင်္ဘောပေါ်ရှိ လူများကို အကဲခတ်ကာ ရင်ထဲမှာ အံ့ဩနေမိသည်။
ဤသင်္ဘောပေါ်ရှိ အလယ်သုံးဆင့် ကျင့်ကြံသူများမှာ အနည်းဆုံး ၃၀ ခန့် ရှိနေပြီး ၎င်းမှာ လန်ယာမျိုးနွယ်စု တစ်ခုလုံးထက်ပင် များပြားလှသည်။
ကောင်းကင်ဘုရင်ကျန့် ၏ သားတော်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသာလျှင် ထိုမျှ ကျွမ်းကျင်သူများကို လက်အောက်တွင် ထားရှိနိုင်ပေမည်။
"အဖေ ဘိုးဘေးကြီးက စီနီယာ့ကို သိပ်ရက်ရောတာပဲ ကျမ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကို သွားတုန်းကဆို ကျမကို ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲ ပေးလိုက်တာ"
ဟု လန်ယာဝင်ချိုးက အားကျသံဖြင့် ပြောလိုက်သည်။
ဒါကျောက်က သူမကို မျက်စောင်းထိုးလိုက်ပြီး
"နင် ဂိုဏ်းကို သွားတုန်းက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာဘသခင်လေးဖန့်နဲ့ ဘယ်လိုလုပ် တူမှာလဲ"
"ဟွန့်..."
ဝင်ချိုးက နှာခေါင်းရှုံ့လိုက်ပြီး ဖန့်ချန်ကို ပြုံးကာ ပြောလိုက်သည်
"စီနီယာအစ်ကိုဖန့် အမြန်လက်ခံလိုက်ပါ ဒါက ကျွန်မတို့ မျိုးနွယ်စုရဲ့ စေတနာပါ စီနီယာသာ လက်မခံရင် ကျမအဖေကတော့ ပြန်ရောက်တာနဲ့ ဘိုးဘေးကြီးရဲ့ ဆူတာကို ခံရတော့မှာ"
လန်ယာဒါကျောက် : "..."
ဖန့်ချန် ခေတ္တစဉ်းစားပြီးနောက် သိုလှောင်လက်စွပ်ကို လက်ခံလိုက်သည်။
စိတ်အာရုံဖြင့် တစ်ချက် စစ်ကြည့်လိုက်ရာ အထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ကျော်ပင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ထို့ပြင် ဝိညာဉ်ဆေးလုံး အချို့နှင့် နက်နဲအဆင့် ရတနာ နှစ်ခုလည်း ပါဝင်နေသည်။
ဓားကလေး မှာ ယခုအခါ အဆင့် ၅ ရောက်ရန် နီးစပ်နေပြီဖြစ်ရာ ထိုရတနာနှစ်ခုကိုသာ ဝါးမြိုလိုက်ပါက အဆင့် ၅ သို့ မရောက်လျှင်ပင် တံခါးဝသို့ ရောက်ရှိသွားမည်မှာ အသေအချာပင်။
ဤလက်စွပ်၏ တန်ဖိုးမှာ ဖန့်ချန် မျှော်လင့်ထားသည်ထက် ပိုနေသဖြင့် သူသည် နေမင်းအသီး ကို ထုတ်ယူကာ ဒါကျောက်ကို ကမ်းပေးလိုက်သည်
"ဦးလေး သိုလှောင်လက်စွပ်ကိုတော့ ကျုပ် လက်ခံလိုက်ပါပြီ ဒါပေမဲ့ ဒီနေမင်းအသီးကိုတော့ ဘိုးဘေးကြီးကို ပြန်ပေးစေချင်ပါတယ်"
"လက်ဆောင်ဆိုတာ အသွားအပြန်ရှိမှ ခင်မင်မှု ခိုင်မြဲမှာပါ ကျုပ်က လက်ဆောင်ပဲ ယူပြီး ပြန်မပေးဘူးဆိုရင် ဒီခင်မင်မှုက တန်ဖိုးရှိမှာ မဟုတ်တော့ဘူး"
"နေ... နေမင်းအသီး"
ဒါကျောက် ကြောင်အမ်းသွားသည်။
သူသာမက အနီးအနားရှိ ကျင့်ကြံသူများအားလုံးပင် မှင်တက်သွားကြပြီး ကိုင်ဟုန်ထံသို့ အကြည့်များ ရောက်သွားကြသည်။
ကိုင်ဟုန်သည်လည်း နောက်နှစ်အနည်းငယ်အတွင်း တာအိုပေါင်းစပ်ခြင်းအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်ရာ နေမင်းအသီးမှာ သူ၏ ဘေးဒုက္ခကို ကျော်ဖြတ်ရန် အကောင်းဆုံး ဆေးစွမ်းကောင်း ဖြစ်ပေသည်။
"တာအိုမိတ်ဆွေဖန့် ခဏလေးပါ ဒီအသီးကို ကျုပ်ကိုပဲ ရောင်းပေးပါလား ကျုပ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁,၅၀၀ နဲ့ ဝယ်ပါ့မယ်"
ဟု ကိုင်ဟုန်က လိုချင်တကြီးဖြင့် ပြောလိုက်သည်။
လန်ယာဒါကျောက်မှာတော့ ခါးသက်သက် ပြုံးနေမိသည်။
ကြည့်ရတာ သူတို့ဘိုးဘေးကြီးမှာတော့ ထိုအသီးကို စားသုံးရမည့် ကံမပါပုံရပေ။
နောက်နှစ်အနည်းငယ်တွင် ဘိုးဘေးကြီးသည် ဘေးဒုက္ခကို ရင်ဆိုင်ရတော့မည် ဖြစ်ရာ ထိုအချိန်တွင် တခြားနည်းလမ်းဖြင့် တောင့်ခံနိုင်ပါစေဟုသာ သူ ဆုတောင်းနေမိသည်။
"သခင်လေးကိုင် ဒီနေမင်းအသီးက ကျုပ်က လန်ယာဘိုးဘေးကြီးကို ပေးတဲ့ လက်ဆောင်ပါ ဒါကြောင့် ခင်ဗျားကို ရောင်းဖို့ အဆင်မပြေပါဘူးနောက်ပြီး ခင်ဗျားက အခုမှ ပေါင်းစပ်ခြင်း အဆင့်ပဲ ရှိသေးတာ တာအိုပေါင်းစပ်ခြင်း အဆင့် မဟုတ်သေးဘူးဆိုတော့ နေမင်းအသီးကို သုံးဖို့ မလိုသေးပါဘူး"
ဖန့်ချန်က ပြုံးလျက် ခေါင်းခါပြပြီး နေမင်းအသီးကို ဒါကျောက်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်
"ဦးလေး... ဒါကို ဘိုးဘေးကြီးဆီ အရင်ယူသွားပေးလိုက်ပါ"
ဒါကျောက်မှာတော့ အံ့ဩလွန်း၍ ဆွံ့အလျက် ရှိနေသည်။
ထိုလူငယ်သည် ကိုင်ဟုန်၏ ဝယ်ယူလိုမှုကို ငြင်းပယ်ပြီး ဤအဖိုးတန်အရာကို သူတို့ဘိုးဘေးဆီကိုသာ အတင်းပေးနေသည်လား
လန်ယာဝင်ချိုးက ဂုဏ်ယူစွာဖြင့်
"အဖေ ကျမပြောသားပဲ ကျမတို့ ဓားဂိုဏ်းက စီနီယာတွေက ကိုယ့်စိတ်တိုင်းကျပဲ နေတတ်ကြတာလို့ အခု ယုံပြီမလား"
"ယုံပြီ ယုံပြီ"
ဒါကျောက်က ခေါင်းကို တရစပ် ညိတ်လိုက်ပြီး ကိုင်ဟုန်ကိုတော့ အားနာသလို ကြည့်လိုက်သည်။
"သွားပါ"
ဟု ကိုင်ဟုန်က ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြုံးကာ လက်ဝေ့ယမ်းလိုက်သည်
"တာအိုမိတ်ဆွေဖန့် ပြောတာ မှန်ပါတယ် ကျုပ်က ဒီအသီးကို သုံးဖို့ မလိုသေးဘူး အခုအချိန်မှာ တာအိုပေါင်းစပ်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေတာက ပိုပြီး တန်ဖိုးရှိပါတယ်"
"ကျေးဇူးတင်ပါတယ် သခင်လေးကိုင်"
ဒါကျောက်လည်း မဆိုင်းမတွဘဲ သင်္ဘောပေါ်မှ ဆင်းသွားတော့သည်။
သူထွက်သွားသည်ကို ကြည့်ကာ ကိုင်ဟုန်က သက်ပြင်းတစ်ချက်ချပြီး ဖန့်ချန်ကို ကြည့်လိုက်သည်
"တာအိုမိတ်ဆွေဖန့် ခင်ဗျား နေမင်းအသီးရဲ့ တကယ့်တန်ဖိုးကို သိရဲ့လား"
"သိတော့ကော ဘာဖြစ်လဲ မသိတော့ကော ဘာဖြစ်လဲ သခင်လေးကိုင်က ဒီအသီးကို ခင်ဗျားကို မရောင်းလို့ စိတ်ဆိုးနေတာလား"
ဖန့်ချန်က လက်ဖက်ရည်ခွက်ကို မကာ ခပ်ဖွဖွ တစ်ငုံသောက်လိုက်သည်။
လက်ဖက်ရည်မှာ ကောင်းလှ၏။ လက်ဖက်ရည်ထဲရှိ ဝိညာဉ်စွမ်းအားများက လည်ချောင်းတစ်လျှောက် စီးဆင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လန်းဆန်းသွားစေသည်။
သင်္ဘောပေါ်ရှိ ကျင့်ကြံသူများမှာတော့ ကိုင်ဟုန်ကို ထိုကဲ့သို့ ရဲရဲတင်းတင်း ပြောရဲသူမျိုး သူတို့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မမြင်ဖူးသဖြင့် ဖန့်ချန်ကို အံ့ဩတကြီး ကြည့်နေကြသည်။
'သခင်လေးကိုင်က အစ်ကိုကြီးဖန့်ကို တကယ်ပဲ စိတ်ဆိုးသွားတာလား'
ဟု ကျန်းထျန်းအိုက်က စိုးရိမ်တကြီး မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။
ကိုင်ဟုန်က သူမကို တစ်ချက်ကြည့်၊ ဖန့်ချန်ကို တစ်ချက်ကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်
"အမှန်အတိုင်း ပြောရရင် စောစောကသာ တာအိုမိတ်ဆွေဖန့်က အဲ့ဒီအသီးကို ကျုပ်ကို ရောင်းလိုက်ရင် ကျုပ်က ခင်ဗျားအပေါ် စိတ်ပျက်မိလိမ့်မယ်အခုတော့ ကျုပ် ပိုပြီးတော့တောင် ပျော်မိပါသေးတယ် ကဲ လက်ဖက်ရည်နဲ့ပဲ ဝိုင်အစား သောက်ကြတာပေါ့"
"ဒါနဲ့ ဝင်ချိုးဂျူနီယာ မင်းတို့ မျိုးနွယ်စုထဲမှာ လန်ယာပတျန်း ဆိုတဲ့သူ ရှိလား"
ဟု ဖန့်ချန်က မေးလိုက်သည်။
ကိုင်ဟုန်၏ မျက်လုံးများ ချက်ချင်း ဝေ့ဝဲသွားသည်။ လန်ယာပတျန်း
"အဲ့ဒါ ကျမရဲ့ ဦးလေးဘိုးဘေးတစ်ယောက်ပဲ သူ အောက်မှာ ရှိတယ် စီနီယာက သူ့ကို သိလို့လား"
လန်ယာဝင်ချိုးက အံ့ဩသွားသည်။
"သူ့ရဲ့ နာမည်ကို ကြားဖူးရုံပါ"
ဟု ဖန့်ချန်က ပြုံးကာ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် လန်ယာဒါကျောက်သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် လန်ယာရှင်းကျိုးထံသို့ ရောက်ရှိလာသည်။
အင်အားစုအသီးသီးမှ ခေါင်းဆောင်များမှာ ကိုင်ဟုန်နှင့် တွေ့ခွင့်မရတော့မှန်း သိသဖြင့် အချိန်မဆွဲဘဲ နှုတ်ဆက်ကာ ပြန်သွားကြပြီ ဖြစ်သည်။
"ဒါကျောက် မင်းက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ မိတ်ဆွေဖန့် ဆီကို လက်ဆောင် ပို့ခဲ့ပြီလား"
ဟု အလယ်သုံးဆင့် ဘိုးဘေးတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဒါကျောက်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြသည်
"ပို့ပေးခဲ့ပါပြီ ဒါတင်မကသေးဘူး သခင်လေးဖန့်က အပြန်အလှန်လက်ဆောင်တောင် ပေးလိုက်သေးတယ်"
"မိုက်မဲလိုက်တာ ချက်ချင်း ပြန်ပေးလိုက်စမ်း"
ဟု အခြားဘိုးဘေးတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်
"ငါတို့ လန်ယာမျိုးနွယ်စု ဒီတစ်ခါ အေးအေးဆေးဆေး ဆုတ်ခွာနိုင်တာ မိတ်ဆွေဖန့်ကြောင့်နော် မင်းက လက်ဆောင်ကို ပြန်ယူလာရဲတယ်လား"
လန်ယာရှင်းကျိုးက လက်ကာပြကာ အားလုံးကို ငြိမ်စေပြီး ဒါကျောက်ကို ပြုံးလျက် မေးလိုက်သည်
"ဘယ်လို လက်ဆောင်မျိုးလဲ"
"နေမင်းအသီးပါ"
ဟု ဒါကျောက်က အသံကို နှိမ့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"နေမင်းအသီး"
အားလုံး မှင်တက်သွားကြပြီး လန်ယာရှင်းကျိုးကို အလိုလို လှည့်ကြည့်လိုက်ကြသည်။
လန်ယာရှင်းကျိုးကတော့ တည်ငြိမ်စွာဖြင့်ပင် ဒါကျောက်ကို နေမင်းအသီး ထုတ်ပြခိုင်းလိုက်သည်။
ဒါကျောက်က နေမင်းအသီးကို ထုတ်ယူကာ လန်ယာရှင်းကျိုး၏ လက်ထဲသို့ ရိုသေစွာ ဆက်သလိုက်သည်။
ထိုအချိန်တွင် ဘိုးဘေးတစ်ဦးကတော့ ထိုနေမင်းအသီးကို ကြည့်ကာ တစ်ခုခုကို စဉ်းစားနေပုံရသည်။