မဟာသခင်ပိုင်
Vol. 8 Ch. 744
စောင့်ကြည့်နေကြသူများ အလွန်တရာ စိတ်နှလုံးတုန်လှုပ်သွားကြလေသည်။ သူတို့က ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ခဏလေးသာ ဖျတ်ခနဲမြင်လိုက်သည် ဖြစ်ပါသော်လည်း ၄င်းသည်ကား.......
ဆယ့်ရောင်ခြယ်မီးတောက် ဖြစ်နေသေးသည်။
မြေရိုင်းဒေသတွင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို မြင်ဖူးသူ မရှိသလောက်ရှားသည်။ ဝိညာဥ်ကျင့်ကြံသူအများစုအတွက် ယင်းသည် စကားဖြင့်သာ ပြောနိုင်သည့် ကြီးကျယ်မြင့်မြတ်သော ဒဏ္ဍာရီလာ ရတနာတမျိုးဖြစ်သည်။
သို့သော် ယခုတွင်.....သူတို့ အမှန်တကယ် မြင်နေရလေပြီ။
ပြင်းပြသောစိတ်ဆန္ဒတစ်ခု ဖြည့်ဆည်းခံလိုက်ရသည်ဖြစ်၍ ရှိသမျှလူတိုင်းကား ယခုအခိုက်အတန့်ကို သူတို့ အသက်ရှင်နေသမျှကာလပတ်လုံး သတိရနေမည်သာ ဖြစ်သည်။
ဘေးနားတွင် ပိုင်ဟောက်က အလွန်စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူက နယ်ပယ်အသစ်ကို ဖောက်ထွက်ခဲ့သူတစ်ယောက် ဖြစ်ခဲ့ပြီး မီးတောက်ဖန်တီးခြင်းအတတ်တွင် သူမတူသော ပါရမီများရှိသည့်တိုင် သူ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံနှင့် ဘယ်တော့မှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းလည်း သိလေသည်။ သူ၏ ဆရာသည်သာ သဘောတရားကို လက်တွေ့အကောင် အထည်ဖော်နိုင်အောင် စွမ်းဆောင်နိုင်သူဖြစ်သည်။ လုပ်ဆောင်ရန်နည်းလမ်းကား အလွန်ခက်ခဲလှသည် မဟုတ်ပါလော။
ထိုမျှသာမက ပိုင်ဟောက်သည် အခြားသူများတွင်ရှိသော်လည်း မတူညီသော အရာတစ်ခုကို သူ့ဆရာဆီ၌ မြင်လိုက်ရသည်။ ယင်းကား...... အာရုံစူးစိုက်ခြင်းပင်။
ပိုင်ဟောက်သည် သူ့ဆရာကြောင့် သူ၏ ကိုယ်ပိုင်နာမည်ဂုဏ်သိက္ခါများ နည်းမျိုးစုံဖြင့် ကျဆင်းလာခဲ့သည့်တိုင် ခံစားမနေပေ။ သူ၏ ဆရာကို တောက်ပအောင် သူကူညီနိုင်သရွေ့ သူလုံးဝပျော်သည်။
သူက ရည်မှန်းချက်ပြင်းထန်သော လူတစ်ယောက်မဟုတ်ပေ။ သူ့ဘဝတွင် မိသားစုချစ်ခြင်းမေတ္တာကိုသာ အများအားဖြင့် ဂရုစိုက်ခဲ့သည်။ ဝိညာဥ်တစ်ကောင် အနေဖြင့် အသက်ပြန်ရှင်လာပြီးနောက်မှာပင် ထိုပင်ကိုယ်စရိုက် ရှိနေသေးသည်။ ပိုင်ရှောင်ချန်းက သူ့ဆရာ၊ သူ့မိသားစု ဖြစ်သည်။
လူအုပ်ထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ကြည့်နေသည့် အခြားတစ်ယောက်ရှိပြီး ထိုလူကား ချင်းမေ့ယွမ်ပင်။ ထိုမတိုင်ခင်က ဤလူက အမှန်စင်စစ် ပိုင်ရှောင်ချန်းဖြစ်မည်ဟု ရှစ်ဆယ်ရာခိုင်နှုန်းသေချာနေခဲ့သော်လည်း ယခုတွင် သူမ တွေဝေလာသည်။
ပိုင်ရှောင်ချန်းသည် ဆေးဖော်စပ်ခြင်းတွင် ကျွမ်းကျင်ကြောင်း သူမ သိသော်လည်း မီးတောက်ဖန်တီးခြင်းနှင့်ပတ်သက်၍ လုံးဝကွဲပြားသည်။ ဤပိုင်ဟောက်သည် မီးတောက်ဖန်တီးရာတွင် သိသာထင်ရှားစွာ ထူးချွန်ပြောင်မြောက်၍ သူနှင့် ပိုင်ရှောင်ချန်းက တစ်ယောက်တည်းဖြစ်ကြောင်း သူမ ပေါ့ပေါ့တန်တန် ကောက်ချက်မချရဲပေ။
" သူက တကယ်ပဲ ပိုင်ရှောင်ချန်းလား “
သူမက တွေးလိုက်သည်။
ခေါင်းထဲတွင် အတွေးများ ယောက်ယက်ခတ်လျက် လူအများ သူ့ကို ကြည့်နေကြစဥ် ပိုင်ရှောင်ချန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်အောင်လုပ်လိုက်သည်။ သူ့အတွက် ဆယ့်ငါးရောင်ခြယ်မီးတောက် ဖန်တီးရန် အလွန်တရာ အားကုန်ခဲ့ရပြီး ယခုတွင် ပင်ပန်းနွမ်းနယ်ခြင်းလှိုင်းများက သူ့ကို ဝင်ဆောင့်နေတော့သည်။ သူ၏ အပြင်အားကိုယ်သည်လည်း တဆစ်ဆစ်နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
သူက သဟဇာတမီးေတာက်အဆင့်မှ ဖြေးညင်းစွာ ထွက်လိုက်ပြီး သူ၏စိတ်က မီးတောက်ဖန်တီးနေစဥ် ဝင်ရောက်သွားခဲ့သည့် မိန်းမောတွေဝေနေခြင်းမှ ပြန်လည် သတိဝင်လာတော့သည်။ ရုတ်တရက် သူက ယှဥ်ပြိုင်နေခြင်းဖြစ်ကြောင်း သတိရလိုက်သည်။ ထို့နောက် သူ စောစောက လုပ်ခဲ့သမျှအရာအားလုံးကို ပြန်စဥ်းစားလိုက်ပြီး သူ၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားလေပြီ။
" အာ...အမ်....ငါ ဘာလုပ်ခဲ့တာလဲ "
သူက တွေးလိုက်သည်။ စိတ်လှုပ်ရှားစွာ ဘေးဘီဝဲယာကို ကြည့်လိုက်သည်တွင် လူတိုင်းက သူ့ကို ရိုသေလေးစားခြင်းမျက်ဝန်းများဖြင့် စိုက်ကြည့်နေကြကြောင်း မြင်လိုက်ရသည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။
" ငါ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးခဲ့တာပဲ။ ဘုရား ဘုရား "
စိတ်လှုပ်ရှားလျက် သူက လက်နှစ်ဖက်ကို နောက်တွင် ယှက်၍ အသက်ပြင်းပြင်း ရှူလိုက်ပြီး မေးကို မော့ထားလိုက်သည်။ သူသည် လူအများအာရုံစိုက်ရာဖြစ်နေကြောင်း သိလိုက်သဖြင့် လေးနက်သောအရာတစ်ခုကို ပြောရန် ဆုံးဖြတ်လိုက်သည်။ သူက အမှားမခံသောစကားလုံးများကို ဖြစ်ညှစ်စဥ်းစားနေစဥ် အထက်တန်းလွှာလက်ရွေးစင်များထဲမှ တစ်ယောက်က ရုတ်တရက် ရှေ့တက်လာသည်။ ယင်းကား ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေကာ ဒေါသထွက်နေဟန်တူသည့် ကျိုးဟုန်ပင် ဖြစ်သည်။
" ပိုင်ဟောက် "
သူက မျက်လုံးများ လင်းလက်နေလျက် ပြောသည်။
" မင်းက စွန်းရီဖန်နဲ့ စီမာတာအိုတို့ ဖန်တီးနေတာကို ကြားဝင် နှောင့်ယှက်ပြီး နိုင်ဖို့ ကြိုးစားတယ်။ မင်း စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့်.... မင်းရှုံးတယ်"
လူအများ ထိုသည်ကို ကြားလိုက်သောအခါ ရုတ်တရက် သတိပြန်ဝင်လာကြပြီး ပိုင်ရှောင်ချန်းသည် စောစောက စီမာတာအို၊ စွန်းရီဖန်နှင့် ယှဥ်ပြိုင်နေဆဲဖြစ်ကြောင်း သတိရလိုက်ကြသည်။ ကျိုးဟုန် ယခုလေးတင် ပြောသွားခဲ့သော စကားသည် ကျိုးကြောင်းဆီလျော်သည် ဖြစ်ပြီး ရုတ်တရက်..... လူတိုင်းမှာ တုံ့ဆိုင်းလာကြတော့သည်။
အမှန်မှာ ကျိုးဟုန်က အလွန်စိုးရိမ်နေသည်။ ပိုင်ရှောင်ချန်းသည် မိရိုးဖလာအစဥ်အလာကို ဖောက်ထွက်ပြီး ခပ်မှိန်မှိန် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးကာ ဤကဲ့သို့ အံသြမှင်သက်ဖွယ် ပြကွက်တစ်ကွက်ကို ပြသလိမ့်မည်ဟု သူဘယ်တုန်းကမှ တွေးပင် မတွေးခဲ့ဖူးပေ။
နောက်တစ်ချိန်ကျလျှင် ပိုင်ရှောင်ချန်းက မည်သို့ ရင်ဆိုင်ရခက်လာမည်ဆိုသည်ကို သူ တွေးထားပြီး ဖြစ်သည်။ မင်းမျိုးမင်းနွယ်များနှင့် အထက်တန်းလွှာများ၏ ထိပ်တန်းအဖွဲ့ဝင်များက သူ့ကို တိုက်ရိုက် မဆန့်ကျင်လျှင် သူ့ကို ထိ၍မရသလောက် ဖြစ်လာလိမ့်မည်။
သို့သော် ဝိညာဥ်ရေနွေးအိုးထဲတွင် ဖြစ်ပွားခဲ့သည်များကြောင့် ကျိုးဟုန်သည် မသင့်လျော်သည့်တိုင် ယခုအခိုက်အတန့်ကို အခွင့်ကောင်းယူရမည်ဟု ဆုံးဖြတ်လိုက်သည်။
ပိုင်ရှောင်ချန်း လုပ်ဆောင်ခဲ့သည့်အရာသည် ပြိုင်ပွဲ၏ စည်းကမ်းကို အမှန်တကယ် ဆန့်ကျင်သည် မဟုတ်ပါလော။
ကျိုးဟုန် ပြောလိုက်သည်နှင့် တချိန်တည်းမှာပင် နတ်ဝံပုလွေလေးနှင့် လီထျန်ရှန်တို့ကလည်း ဝင်ရောက်သဘောတူလိုက်သည်။
" ဟုတ်တယ်။ ပိုင်ဟောက်က သေချာပေါက် အရှုံးသမားပဲ"
" သူက မဟာအကြီးအကဲစွန်းနဲ့ မဟာအကြီးအကဲစီမာတို့ မီးတောက်ဖန်တီးနေတာကို နှောင့်ယှက်တယ်။ သူက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ခဏလေး ဖန်တီးနိုင်ခဲ့ရင်တောင်မှ သူ သေချာပေါက် ပြိုင်ပွဲကို ရှုံးတယ်"
ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။ လက်ရှိအချိန်တွင် သူက ကြီးကျယ်ခမ်းနားသော အခိုက်အတန့်ကို ရောက်ရှိနေကြောင်း ကောင်းကောင်းသိသဖြင့် ကျိုးဟုန်ကို ပြန်လည်ချေပရန် ပြင်လိုက်သည်။ သို့သော် သူ ပါးစပ်ဟရန် ပြင်လိုက်သည့် အချိန်မှာပင် စွန်းရီဖန်က လူအုပ်ထဲမှ အပြေးအလွှားထွက်လာပြီး သူ့ရှေ့တွင်ရပ်ကာ အရိုအသေပေးလိုက်သည်။
သူ၏ အမူအရာ၊ သူ၏ ဟန်ပန်နှစ်မျိုးလုံးသည် ဟန်ဆောင်မှုအနည်းငယ်ပင်မပါပဲ လုံးဝရိုးသားပုံပေါက်နေသည်။ သူက လေးစားကြည့်ညိုစိတ်အပြည့်ဖြင့် ပြူမူနေခြင်းဖြစ်သည်။
" မဟာအကြီးအကဲပိုင်၊ ကျုပ်လုံးဝ ယုံကြည်တယ်။ ကျုပ် ရှုံးပါတယ်ဗျာ "
လူအုပ်ထဲမှ တီးတိုးရေရွတ်သံများ ပွက်ပွက်ညံသွား၏။ တချိန်တည်းမှာပင် အပေါ်ထက်ရှိ လက်ရွေးစင်များ စိုးရိမ်သောကရောက်လာတော့သည်။
" မဟာအကြီးအကဲ" ကျိုးဟုန်က ပြောသည်။
" ခင်ဗျား.."
"အရှင့်သား ကျေးဇူးပြုပြီး၊ ရပါတယ်။ ကျုပ် စွန်းရီဖန်က ကိုယ့်နေရာ ကိုယ်သိတဲ့ လူတစ်ယောက်ပါ။ မီးတောက်ဖန်တီးခြင်းအတတ်မှာ ကျုပ်က မဟာအကြီးအကဲ ပိုင်နဲ့ ပြိုင်ဘက်မဟုတ်ပါဘူးဗျာ "
စွန်းရီဖန်က အံအားသင့်ဖွယ်ကောင်းစွာ တည်ကြည်ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။ သူ ပိုင်ရှောင်ချန်းကို အတိုက်အခံမလုပ်ချင်ပေ။ ပိုင်ရှောင်ချန်းသည် နောက်ဆုံးတွင်..... သူနှင့် လူအားလုံးနီးပါးထက် များစွာသာလွန်သော.... လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူသိနေသည်။
ယခုတွင် ပိုင်ရှောင်ချန်းက သူဝင်ရောက်မဟန့်တားနိုင်သော လမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်ရာ အကောင်းဆုံးမှာ ရှံုးနိမ့်ကြောင်း ဝန်ခံရန်သာ ဖြစ်သည်။
စွန်းရီဖန် တစ်ယောက်သာလျှင် ထိုသို့ တွေးမိခြင်းမဟုတ်။ တခဏကြာ တိတ်ဆိတ်နေပြီးနောက် စီမာတာအိုသည် သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်ပြီး ရှေ့တက်ကာ ပိုင်ရှောင်ချန်းကို အလေးအနက် အရိုအသေပေးလိုက်သည်။
"မဟာအကြီးအကဲပိုင် ၊ ကျုပ် စီမာတာအိုလဲ ရှုံးပါတယ်။ ကျုပ် အရင်က အပြောအဆို အနေအထိုင်မတတ်တာကို ဗွေမယူဖို့ တကယ် မျှော်လင့်ပါတယ်"
ဤရုတ်တရက်ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် ပရိသတ်များ၏ စကားပြောသံများ ပို၍ ဖောင်းပွလာတော့သည်။ လေထဲတွင် ကျိုးဟုန်နှင့် အခြားလက်ရွေးစင်များသည် ဖြူဖပ်နေသော မျက်နှာများနှင့် အောင့်သက်သက်ဖြစ်လျက် ကြည့်နေကြသည်။
ကျိုးဟုန်၏ မျက်နှာသည် ဒေါသများကြောင့် ခရမ်းရောင် သမ်းနေသော်လည်း ဖြစ်ပျက်နေသော အရာများနှင့်ပတ်သက်၍ သူလုပ်နိုင်သော အရာမရှိပေ။ စွန်းရီဖန်နှင့် စီမာတာအိုက အရှုံးပေးပြီဆိုမှတော့ သူဘာမှ မတတ်နိုင်တော့ချေ။ သူ မျက်နှာပျက်သွားရပြီဖြစ်၍ အင်္ကျီလက်ကို ခါရမ်းကာ အလင်းတန်းအသွင်ပြောင်းပြီး မြို့နယ်အမှတ် ၈၉မှ ထွက်သွားလေသည်။ နတ်ဝံပုလွေလေး၊ လီထျန်ရှန်နှင့် အခြားသူများလည်း ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ ဒုတိယမင်းသားသည် တခဏကြာနောက်တွင် ကျန်ရစ်ခဲ့ပြီး နောက်ဆုံးတွင် သူသည်လည်း ထွက်ခွာသွားလေသည်။
ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည့်ကိစ္စများနှင့်ပတ်သက်၍ အံအားသင့်နေသည်။ အခြေအနေသည်ကား သူဘာမှလုပ်စရာပင်မလိုပဲ ဖြေရှင်းပြီးသွားလေပြီ။ စွန်းရီဖန်နှင့် စီမာတာအိုက လက်ဦးမှူရယူကာ သူနှင့်အဆင်ပြေရန်ကြိုးစားလိုက်သည်။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်းမှာ သူတို့အတွက် စိတ်မကောင်းပင် ဖြစ်သွားသည်။ ဤကိစ္စများအားလုံးသည် သူတို့၏ ဝိညာဥ်ဆေးများကို သူ ပြင်ဆင်ခဲ့ခြင်းကြောင့် ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
" မဟာအကြီးအကဲတို့ ကျေးဇူးပြုပြီး တော်လောက်ပါပြီ "
သူက သူတို့ဆီသို့ အပြေးအလွှားသွားလိုက်ပြီး သူ့ကို အရိုအသေပေးနေရာမှ ထူ၍ ပြောသည်။
“ အောက်လမ်းတာအိုနှင့်ပတ်သက်ရင် ဝါစဥ်က အရေးကြီးဆုံးပါပဲ။ မျိုးရိုးစဥ်ဆက် သူတို့ရဲ့ ဘဝတွေကို မြှုပ်နှံရင်း အပြင်းအထန် ကြိုးစားအားထုတ်ခဲ့တဲ့ မြေရိုင်းဒေသ အောက်လမ်းဆရာ အဖွဲ့အစည်းက ဝါရင့်ဂိုဏ်းဝင်တွေသာ မရှိရင် ကျုပ်တို့ အငယ်တွေ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အရင်ဖန်တီးနည်းရဲ့ အခြေခံကြောင့်မလို့သာ ကျုပ်တို့ အသစ်ဖန်တီးနိုင်တာပါ"
" ကျုပ် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို လုံးဝ မတော်တဆ ဖန်တီးမိတာပါ။ “
" ကျုပ် ပြိုင်ပွဲကို လုံးဝမနိုင်ခဲ့သလို ခင်ဗျားတို့ မဟာအကြီးအကဲနှစ်ယောက်လဲ မရှုံးပါဘူး။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ အကူအညီနဲ့ ကျုပ်တော်တော် တိုးတက်လိုက်တယ်။ ခင်ဗျားတို့ အကူအညီသာမရှိရင် မဟာအကြီးအကဲတို့ ကျုပ် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ကျေးဇူးအများကြီး တင်ပါတယ်"
ပိုင်ရှောင်ချန်းသည် လိုအပ်လာလျှင် အပြောအဆိုကောင်းသူတစ်ဦးဖြစ်ပြီး ဖြစ်ပျက်လာသော ကိစ္စများအတွက်လည်း သူ အတန်ငယ် အပြစ်ရှိသလို ခံစားနေရသည်။ ထိုမျှသာမက သူက စကားပြောနေရင်း နောက်ဆုတ်ပြီး စွန်းရီဖန်နှင့် စီမာတာအိုတို့နှစ်ယောက်အား သူတို့ သူ့ကို အရိုအသေပေးခဲ့သည်ထက် ပို၍ပင် စိတ်ပါလက်ပါ ခါးကိုင်း၍ အလေးအနက် အရိုအသေပေးလိုက်လေသည်။
ထိုသည်က စောင့်ကြည့်သူထောင်ပေါင်းများစွာနှင့် နတ်ဘုရားအာရုံစီးကြောင်း အမြောက်အမြား၏ ရှေ့မှောက်တွင် ဖြစ်ပျက်နေသည့်အချက်ကြောင့် စွန်းရီဖန်နှင့် စီမာတာအိုတို့၏ နှလုံးသားများကို လှုပ်ခတ်သွားစေသည်။ သူတို့၏ စောစောက တောင်းပန်မှုသည် ခိုကိုးရာမဲ့သော ကြံမိကြံရာလုပ်လိုက်သည့် အပြုအမူသာဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ပိုင်ရှောင်ချန်းက ခမ်းနားကြီးကျယ်စွာ အောင်ပွဲခံရမည့် အခိုက်အတန့်တွင် ရိုးသားစွာ သူ့ကိုယ်သူ နှိမ့်ချနေသည်။ ထို့ကြောင့် စွန်းရီဖန်နှင့် စီမာတာအိုက အလွန် စိတ်နှလုံးတုန်လှုပ်သွားသဖြင့် တံတွေးပင်သီးသွားတော့သည်။
မဟာအကြီးအကဲနှစ်ယောက်မှာ ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျိုးဟုန်၏ မျက်ကွယ်တွင် သူတို့သည် အောက်လမ်းပညာရပ်အကြောင်း အကြံဉာဏ်များ ဆွေးနွှေးဖလှယ်ရန် ပိုင်ရှောင်ချန်း၏ ဆိုင်သို့ သွားကြတော့သည်။ သူတို့ နောင်တရသည့် တစ်ခုတည်းသောအရာမှာ ယခုကဲ့သို့ စောစောက မပြုလုပ်ခဲ့မိခြင်းပင်ဖြစ်သည်။
နတ်ဘုရားအာရုံများမှတစ်ဆင့် စောင့်ကြည့်နေကြသော နတ်များအပါအဝင် ရှိသမျှလူတိုင်းမှာ ပိုင်ရှောင်ချန်း၏ အပြူအမူကို မချီးကျုးဘဲ မနေနိုင်ကြေတာ့ပေ။ သူ၏ အခြေအနေကို ဖြေရှင်းပုံနည်းလမ်းသည် အမှန်တကယ် လေးစားဖွယ်ကောင်းလေသည်။
" ဒါက မဟာအကြီးအကဲတွေ ဘယ်လို ပြူမူသင့်တယ်ဆိုတာပဲ။ ` စစ်လက်နက်တွေကို ကျောက်စိမ်းနဲ့ ပိုးထည်လက်ဆောင်တွေအဖြစ်ပြောင်းရမယ် ‘ ဆိုတဲ့ ရှေးစကားလို့ပေါ့ကွာ။ လုပ်ဖို့တော့မလွယ်ပေမယ့် သူက အပြစ်ဆိုစရာမရှိအောင် လုပ်ပြသွားတာပဲ။ တကယ်လက်ဖျားခါလောက်ပါပေတယ်"
"အဲဒါက လူတစ်ယောက်ကို အောင်မြင်အောင် လုပ်ေဆာင်ပေးနိုင်တဲ့နည်းလမ်းပဲ။ သရဲကြီးမြို့တော်မှာ သူအရမ်းနာမည်ကြီးနေတာ အံ့သြစရာမရှိတော့ပါဘူး"
" သူ နာမည်ဆိုးထွက်ရတဲ့ အကြောင်းရင်းက လူတွေ သတင်းမှားတွေ လျှောက်ဖြန့်တာကြောင့်ဆိုတာ ကျုပ်လောင်းရဲတယ်"
" ငါတော့ ပိုင်ဟောက်ကို သဘောကျတယ်ဟေ့"