အခန်း (၆၅၁-၆၅၂)
Vol. 66 Ch. 651-652
အခန်း ၆၅၁ - နဂါးနက်ငါး
မဆုံးနိုင်အောင် ရှည်လျားလှသော တောင်တန်းကြီးများ၏ အလယ်တွင် အလွန်နက်မှောင်သော ကန်ကြီးတစ်ကန် ရှိနေသည်။
ထိုကန်ရေပြင်သည် အလင်းရောင်အားလုံးကို ဝါးမြိုပစ်နိုင်လောက်အောင် နက်မှောင်နေပြီး စိုက်ကြည့်နေပါက စိတ်ထဲတွင် ကြောက်ရွံ့မှုများပင် ဖြစ်ပေါ်လာစေနိုင်သည်။
ထိုနေရာသည် သာမန်လူများနှင့် ကျင့်စဉ်အဆင့်နိမ့်သူများ လုံးဝမလာရဲသော နယ်မြေတစ်ခုလည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နဂါးနက်ကန် အတွင်း၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူတိုင်း နှစ်သက်ကြသည့် နဂါးနက်ငါး များ ရှိနေသော်လည်း များစွာသော ဘေးအန္တရာယ်များလည်း ပုန်းအောင်းနေသောကြောင့်ပင်။
ဖန့်ချန်တို့အဖွဲ့ ရောက်ရှိသွားချိန်တွင် နဂါးနက်ကန်၏ ကန်ဘေးတစ်လျှောက်၌ အရပ်ရပ်မှ ရောက်လာကြသော ရွှေအမြုတေအဆင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာ ငါးမျှားနေကြသည်ကို တွေ့လိုက်ရသည်။
လူဦးရေ များပြားသော်လည်း ကန်ကြီးက အဆုံးအစမရှိ ကျယ်ပြန့်လှသဖြင့် ကြပ်ညပ်နေခြင်းမျိုး မရှိဘဲ ကျယ်ကျယ်ဝန်းဝန်း ရှိလှသည်။
"ဟော... စီနီယာအစ်ကိုကြီး ချန် ပြန်လာပြန်ပြီပဲ ဒီတစ်ခေါက်တော့ ဂိုဏ်းတူညီအစ်ကိုတွေ အများကြီး ပါလာတာဆိုတော့ အကြီးအကျယ် ဖမ်းတော့မယ့်ပုံပဲ"
အမျိုးသားတစ်ဦးသည် လေဟာနယ်ကို ဖြတ်သန်း၍ သူတို့အဖွဲ့ဆီသို့ ရောက်လာသည်။
သူ၏ ဝတ်စုံမှာ အနည်းငယ် ထူးခြားပြီး အပြာရောင် ဝတ်ရုံပေါ်တွင် နဂါးခေါင်း၊ ငါးကိုယ်ထည်နှင့် ဝမ်းဗိုက်အောက်တွင် ခြေသည်းများပါရှိသော ထူးဆန်းသည့် ငါးပုံစံကို အနက်ရောင်ချည်သားဖြင့် ထိုးထားသည်။
"နန်ကုန်း ငါ မင်းကို မိတ်ဆက်ပေးရဦးမယ် ဒီလူတွေက ငါ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေပဲ ဒီတစ်ခေါက် ငါလာတာကတော့ ဆုံးဖြတ်ချက်ချပြီးသားပဲ အများကြီးလည်း မမျှော်လင့်ပါဘူး နဂါးနက်ငါး ၁၀ ကောင်လောက် ရရင် တော်ပြီ"
ချန်ဟော့ဟန်က ရယ်မောရင်း ပြောလိုက်ပြီး ဖန့်ချန်ဘက် လှည့်ကာ မိတ်ဆက်ပေးသည်။
"ဖန့်ညီလေး သူ့ကို နန်ကုန်းလို့ပဲ ခေါ်လိုက်ပါ ဒီနေရာကို နဂါးနက်ဒေသရဲ့ အုပ်ချုပ်ရေးမှူးက တာဝန်ယူ စောင့်ရှောက်တာ နန်ကုန်းက အဲ့ဒီအရာရှိရဲ့ လူပဲ သူက ဒီမှာ အဝင်ကြေး ကောက်တာနဲ့ ငါးမျှားတံ ငှားတဲ့အလုပ်ကို လုပ်တာ"
"ဖန့်ညီလေးက မျက်နှာစိမ်းပဲ ပထမဆုံးအကြိမ် လာတာလား နောက်ပိုင်းလည်း ငါတို့ဆီ ခဏခဏ လာအားပေးပါဦး စီနီယာအစ်ကိုကြီး ချန်ဆိုရင် ဒီမှာ အလတ်လတ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး လှူခဲ့ပြီးပြီလေ"
ဟု နန်ကုန်းက ရယ်မောရင်း ပြောလိုက်ပြီး ချန်ဟော့ဟန်ကို မေးလိုက်သည်။
"ဒီနေ့ ဘယ်နှစ်ယောက် ဝင်မှာလဲ"
"ငါရယ် ဖန့်ညီလေးရယ်... နှစ်ယောက်ပဲ ဝမ်... ဝမ်ဟူကိုတော့ ထည့်မတွက်နဲ့ သူက ဘာမှအသုံးမကျတဲ့ အကောင်ပဲ"
ချန်ဟော့ဟန်က ဝမ်ဟူကို တစ်ချက်ကြည့်ကာ ဖယ်ထုတ်လိုက်ပြီး အလတ်လတ် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ထုတ်ပေးလိုက်သည်။
ထို့နောက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ထပ်ထုတ်ပေးလိုက်ကာ
"အရင်အတိုင်းပဲ မင်းတို့ဆီမှာ အကောင်းဆုံးဆိုတဲ့ ငါးမျှားတံပဲ ပေး ငါ့ကို လာမလိမ်နဲ့ဦး ငါးမျှားနေတုန်း ပျက်သွားရင်တော့ ပိုက်ဆံ ပြန်အမ်းရမယ်နော်"
"စိတ်ချပါဗျာ"
နန်ကုန်းက ရယ်မောလျက် ကျောက်တုံးများကို သိမ်းလိုက်ပြီး ဖန့်ချန်နှင့် ချန်ဟော့ဟန်ကို စိမ်းနုရောင် ကျောက်ပြားလေး တစ်ခုစီနှင့် ငါးမျှားတံ တစ်စုံစီ ပေးလိုက်သည်။
"စည်းကမ်းကို တစ်ခါလောက် ထပ်ပြောမယ်နော်မင်းတို့မှာ အချိန် ၃ ရက် ရှိတယ် အဲ့ဒီအတွင်းမှာ မိသမျှ ငါးတွေက မင်းတို့ အပိုင်ပဲ အချိန်ပြည့်သွားရင်တော့ ချက်ချင်း ထွက်ပေးရမယ် အချိန်ထပ်တိုးလို့ မရဘူး"
" ဒါက အရာရှိကြီးက မင်းတို့တွေ ငါးမျှားတာကို စွဲလမ်းပြီး ကျင့်ကြံခြင်းအလုပ် ပျက်ကွက်မှာ စိုးလို့ သတ်မှတ်ထားတဲ့ စည်းကမ်းပဲ နောက်တစ်ခါ လာချင်ရင် ၃ လ စောင့်ရမယ် ပြန်ရင် ကျောက်ပြားလေးတွေကို ငါ့ဆီ ပြန်အပ်ခဲ့ပါ"
"သိပါတယ်ကွာ၊ ဒီလောက် စည်းကမ်းလေးကို ငါက မသိဘဲ နေမလား"
ချန်ဟော့ဟန်က အနည်းငယ် စိတ်မရှည်သလို ပြောလိုက်သည်။
ဖန့်ချန်ကမူ အခြေအနေကို ကြည့်ပြီး သဘောပေါက်သွားသည်။
နဂါးနက်ငါးသည် အမှန်တကယ်ပင် တန်ဖိုးကြီးလှပေလိမ့်မည်။ မဟုတ်ပါက အဝင်ကြေးကို အလတ်လတ် ဝိညာဉ်ကျောက်တုံး ၅ တုံးအထိ တောင်းမည်မဟုတ်ပေ။
ငါးမျှားတံ ငှားခကမူ သိပ်မများလှဘဲ ကျောက်တုံး ၁၀၀ ဆိုသည်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက် အသေးအဖွဲပင်။ အဓိကမှာ အဝင်ကြေးပင် ဖြစ်သည်။
အဝင်ကြေး အလတ်လတ် ဝိညာဉ်ကျောက်တုံး ၅ တုံးဆိုသည်မှာ သာမန်ရွှေအမြုတေ ကျင့်ကြံသူများအတွက် မတတ်နိုင်သော ပမာဏ ဖြစ်သည်။
ထို့ကြောင့် ဤနေရာသို့ လာနိုင်သူများသည် လန်ယာမျိုးနွယ်စုကဲ့သို့သော နောက်ခံ အင်အားကြီးသူများ သို့မဟုတ် ဂိုဏ်းကြီးများမှ တပည့်များသာ ဖြစ်ကြသည်။
ထို့ကြောင့် ဤနဂါးနက်ငါးမှာ သာမန်ကျင့်ကြံသူများနှင့် မပတ်သက်ဘဲ အထူးအခွင့်အရေး ရသူများအတွက်သာ ဖြစ်နေသည်။
လုပ်ထုံးလုပ်နည်းများ ပြီးသွားသောအခါ ချန်ဟော့ဟန်သည် စိတ်လှုပ်ရှားစွာဖြင့် နေရာကောင်း တစ်ခုကို ရှာလေတော့သည်။
ထိုစဉ် မလှမ်းမကမ်းမှ လူတစ်စုက လှမ်းကြည့်ကာ အံ့သြတကြီး အော်လိုက်သည်။
"ဟော... ဒါ စီနီယာအစ်ကိုကြီး ချန် မဟုတ်လား အားလုံးပဲ ကြည့်ကြပါဦး... ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ့ကို အလတ်လတ် ဝိညာဉ်ကျောက်တုံး ၂၀ တောင် ရှုံးပေးသွားတဲ့ စေတနာရှင်ကြီး ပြန်လာပြီဟေ့"
ထိုသူ၏ သူငယ်ချင်းများကလည်း တဝါးဝါး ရယ်မောကြပြီး ချန်ဟော့ဟန်ကို လူအ တစ်ယောက်လို ကြည့်လိုက်ကြသည်။ ချန်ဟော့ဟန်ကမူ ရှက်ရမ်းရမ်းကာ
"မင်း လျှောက်မပြောနဲ့ ငါ မင်းကို မသိဘူး"
ဟု ဒေါသတကြီး ပြန်အော်လိုက်သည်။
"စီနီယာအစ်ကိုကြီး... တကယ်ကြီး ၂၀ တောင် ရှုံးခဲ့တာလား ကျွန်မ မှတ်မိသလောက်ဆို စီနီယာ့ဆီမှာ ဝိညာဉ်ကျောက်တုံး သိပ်မကျန်တော့ဘူး မဟုတ်လား"
ချန်ရွှမ်းက ချန်ဟော့ဟန်ကို သံသယဖြင့် ကြည့်ကာ
"ဒါကိုသာ ဘိုးဘေးကြီး သိသွားရင်တော့"
"မလုပ်နဲ့လေ သူ လျှောက်ပြောနေတာပါ ညီမလေးရဲ့ မယုံပါနဲ့"
ချန်ဟော့ဟန်က ချက်ချင်းပင် တောင်းပန်တိုးလျှိုးသော မျက်နှာပေး ဖြစ်သွားသည်။
"ဝမ်ဟူ ငါ့အစ်ကို တကယ်ကြီး ၂၀ ရှုံးခဲ့တာလား ပြီးခဲ့တဲ့တစ်ခေါက်က ရှင်နဲ့အတူ သွားတာ မဟုတ်လား၊ ဘာလို့ ငါ့ကို မပြောတာလဲ"
ချန်ချင်းကလည်း ဒေါသထွက်လာသည်။
ဝမ်ဟူကမူ သူ၏ ချောမောသော မျက်နှာထက်တွင် နေရခက်သော အမူအရာဖြင့်
"ငါလည်း အဲ့ဒီကောင့်ကို ဒီမှာ ပြန်တွေ့မယ်လို့ မထင်ထားဘူးလေ"
တစ်ဖက်လူကလည်း ချန်ဟော့ဟန်တို့ဘက်က အခြေအနေ မကောင်းသည်ကို မြင်သောအခါ ပို၍ပင် ရဲတင်းလာပြီး လန်ယာဝင်ချိုး၊ ချန်ချင်းနှင့် ချန်ရွှမ်းတို့ သုံးဦးကို ရိုင်းပျစွာ ကြည့်ကာ
"ညီမလေးတို့ရာ စီနီယာအစ်ကိုကြီး ချန်နောက် လိုက်နေရင်တော့ လေပဲ စားရလိမ့်မယ် ငါ့ဆီကို လာခဲ့ပါလား၊ ငါ နဂါးနက်ငါး တစ်ကောင် မိရင် ညီမလေးတို့ကို လက်ဆောင်ပေးမယ်လေ"
"ရှင် မိအောင် အရင် ဖမ်းနိုင်မှ ပြောပါ"
လန်ယာဝင်ချိုးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ နဂါးနက်ငါး မိဖို့ဆိုတာ ပြောသလောက် မလွယ်ကူမှန်း သူမ ကောင်းကောင်းသိသည်။
"သူ့ကို သွားဂရုမစိုက်နဲ့"
ချန်ဟော့ဟန်က စကားလမ်းကြောင်းလွှဲလိုက်ပြီး ဖန့်ချန်ကို ငါးမျှားနည်းများနှင့် အတွေ့အကြုံများကို စတင် သင်ကြားပေးလေတော့သည်။
အမှန်စင်စစ် ဖန့်ချန်က ငါးမျှားဖူးသော်လည်း နဂါးနက်ငါးက သာမန်မဟုတ်သဖြင့် သေချာ နားထောင်လိုက်သည်။
ငါးမျှားတံ၊ ငါးမျှားကြိုးနှင့် ငါးမျှားချိတ်များအပြင် ငါးစာ ၃ ရက်စာကိုလည်း ပေးထားသည်။
ငါးမျှားတံနှင့် ငါးစာများမှာ ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေပြီး သာမန်ပစ္စည်းများ မဟုတ်ကြပေ။
ချန်ဟော့ဟန် သင်ကြားပေးပြီးနောက် ဖန့်ချန်သည် သူနှင့် မီတာ ၅၀-၆၀ ခန့် ဝေးသော နေရာတစ်ခုသို့ သွားကာ နေရာယူလိုက်သည်။
လန်ယာဝင်ချိုးကလည်း သူ၏ ဘေးနားမှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။
"ဖန့်စီနီယာ အရင်က ငါးမျှားဖူးလား ကျွန်မကတော့ စီနီယာအစ်ကိုကြီး ချန်နဲ့ အခါခါ လာဖူးတော့ နည်းနည်း သိပါတယ် မသိတာရှိရင် မေးနော်၊ ကျွန်မ ဘေးမှာ ထိုင်နေပေးမယ်"
"အင်း... ငါ စမ်းကြည့်လိုက်ဦးမယ်"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ရွှေရောင် အကြောအမျှင်များ ထွက်ပေါ်လာကာ
ရှေးဦးနတ်ဘုရားမျက်လုံး ကို အသုံးပြု၍ နဂါးနက်ကန်ထဲသို့ စိုက်ကြည့်လိုက်သည်။
အခြားသူများ၏ အမြင်တွင် မှောင်မည်းနေသော ကန်ရေပြင်သည် ဖန့်ချန်၏ အမြင်တွင်မူ ရှုပ်ထွေးလှသော မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားသည်။
ရေအောက် နက်ရှိုင်းသော နေရာတွင် နန်ကုန်း၏ ဝတ်ရုံပေါ်မှ ပုံစံနှင့် တူညီသော ထူးဆန်းသည့် ငါးများစွာ ကူးခတ်နေသည်ကို သူ မြင်လိုက်ရသည်။
"ဒါတွေက နဂါးနက်ငါးတွေပဲ"
သူသည် ချက်ချင်း ငါးမမျှားသေးဘဲ ပတ်ဝန်းကျင်မှ လူများကို အကဲခတ်လိုက်သည်။
မီတာ ရာဂဏန်းခန့် အကွာတွင် လူတစ်ယောက်၏ ငါးမျှားချိတ်ဆီသို့ နဂါးနက်ငါး တစ်ကောင် ချဉ်းကပ်လာသည်။
သို့သော် ထိုငါး၏ လှုပ်ရှားမှုမှာ အလွန်ညင်သာလွန်းလှသဖြင့် ရေပြင်ပေါ်တွင် လှိုင်းအနည်းငယ်ပင် မထွက်သလို ငါးမျှားတံကလည်း လုံးဝ မတုန်ခါပေ။
ထိုကျင့်ကြံသူမှာ ငါးစာ အကုန်စားခံလိုက်ရသည်ကိုပင် မသိလိုက်ဘဲ ငါးမျှားတံကို ပြန်ဆွဲတင်လိုက်မှ ငါးစာ မရှိတော့သည်ကို တွေ့ပြီး ကျိန်ဆဲလေတော့သည်။
"ဪ ဒီလိုကိုး ရေအောက်ကို မမြင်ရသလို နဂါးနက်ငါးတွေရဲ့ လှုပ်ရှားမှုကလည်း သိဖို့ ခက်လွန်းလို့ ဖမ်းရခက်နေတာပဲ"
ဖန့်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ဒီနေ့တော့ သူ အလတ်လတ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှာနိုင်တော့မည်။
ကံကောင်းလျှင် တာအိုသုံးထောင်နယ်မြေကို တစ်ခါဖွင့်ဖို့လောက်အထိ ရနိုင်ပေသည်။
သူ ငါးမျှားချိတ်ကို ရေထဲချရန် ပြင်လိုက်စဉ်မှာပင် ချန်ဟော့ဟန်နှင့် အစောက လူငယ်တို့ကြားတွင် ဒုတိယအကြိမ် ရန်ပွဲ ပြင်းထန်လာပြီး ထိုနေရာသို့ အုပ်ချုပ်ရေးဘက်မှ နန်ကုန်း အပါအဝင် ကျင့်ကြံသူများ ရောက်ရှိလာကြပါတော့သည်။
အခန်း ၆၅၂ - ပထမဆုံးအချက်
ဖန့်ချန်သည် သူ၏ ငါးမျှားတံကို ချထားခဲ့ပြီး လန်ယာဝင်ချိုးနှင့်အတူ ချန်ဟော့ဟန်တို့ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။
ထိုနေရာတွင် နှစ်ဖက်စလုံးမှာ ဓားဆွဲရန် အသင့်ဖြစ်နေသည့်အလား အခြေအနေမှာ တင်းမာနေပြီး၊ ဒေသန္တရအုပ်ချုပ်ရေးဘက်မှ ကျင့်ကြံသူများသည် နှစ်ဖက်စလုံး၏ အလယ်တွင် ရပ်ကာ ညှိနှိုင်းပေးနေရသည်။
နန်ကုန်းသည် ချန်ဟော့ဟန်ကို တစ်လှည့်၊ ပြဿနာရှာနေသည့် လူငယ်ကို တစ်လှည့်ကြည့်ကာ စိတ်ရှည်လက်ရှည်ဖြင့် ဖျောင်းဖျနေလေသည်။
"ခင်ဗျားတို့ ဒီကိုလာတာ နဂါးနက်ငါး ဖမ်းဖို့ မဟုတ်လား အဝင်ကြေးတွေလည်း ပေးထားကြတာပဲ ဒီလို စကားများပြီး အချိန်ဖြုန်းနေမယ့်အစား ငါးဖမ်းတာကိုပဲ အာရုံစိုက်ကြစမ်းပါ အနည်းဆုံးတော့ အဝင်ကြေး ပြန်ရအောင် လုပ်ရမှာပေါ့"
ချန်ဟော့ဟန်က အသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်သည်။
"ငါကတော့ ငါးဖမ်းဖို့ပဲ အာရုံစိုက်နေတာပါ ဒါပေမဲ့ ဒီကောင်က တောက်လျှောက် လာပြီး ရန်စနေတာလေ နန်ကုန်း ငါ့အထင်တော့ ဒီကောင်မျိုးကို ဒီကနေ မောင်းထုတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်"
"မင်းက ဘယ်သူမို့လို့ ငါ့ကို မောင်းထုတ်ရမှာလဲ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း က ဓားသမားတွေတောင် ဒီမှာ မင်းလောက် ရိုင်းပျတာမျိုး မရှိဘူး"
ဟု တစ်ဖက်လူက လှောင်ပြုံးပြုံးကာ ပြန်အော်သည်။
ဖန့်ချန်သည် ထိုစကားကို ကြားသောအခါ အခြေအနေကို သဘောပေါက်သွားသည်။
တစ်ဖက်လူသည် ချန်ဟော့ဟန်တို့၏ တကယ့်နောက်ခံကို မသိဘဲ ရန်စနေခြင်းပင်။
"မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
ဝမ်ဟူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
တစ်ဖက်လူသည် တမင်တကာ ပြဿနာရှာနေခြင်းဖြစ်ပြီး တစ်စုံတစ်ခုသော ရည်ရွယ်ချက် ရှိနေကြောင်း သူ ရိပ်မိလိုက်သည်။
အကြောင်းမဲ့ သက်သက် အချိန်ဖြုန်းနေမည့်သူ မဟုတ်ပေ။
"ဒီလိုလုပ်ရအောင် ခင်ဗျားတို့ဘက်က နှစ်ယောက် အဝင်ကြေးပေးထားတယ် မဟုတ်လား အတော်ပဲ ငါနဲ့ ငါ့သူငယ်ချင်းကလည်း နှစ်ယောက်ပဲ"
"ငါတို့ ဒီနေ့ တစ်ရက်အတွင်းမှာ ဘယ်သူက နဂါးနက်ငါး ပိုမိလဲ၊ ဘယ်သူ့ငါးက အရည်အသွေး ပိုကောင်းလဲဆိုတာ ပြိုင်မလား မင်းတို့ ရဲရဲ့လား"
လူငယ်က အေးစက်စက် လှောင်ပြုံးဖြင့် စိန်ခေါ်လိုက်သည်။
"ဖန့်စီနီယာ သူက စီနီယာအစ်ကိုကြီး ချန်ဆီကနေ အချိုသတ်ပြီး တစ်ခုခု ထပ်နှိုက်ချင်နေတာပဲ"
လန်ယာဝင်ချိုးက ဖန့်ချန်ကို တိုးတိတ်စွာ ပြောလိုက်သည်။ ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်က ရှင်းနေပါပြီ။
"ငါ့ညီလေးက ဒီကို ပထမဆုံးအကြိမ် လာတာ ပြိုင်ချင်ရင် ငါနဲ့ပဲ ပြိုင်၊ သူ့ကို လာမပတ်သက်နဲ့"
ချန်ဟော့ဟန်က မလျှော့သောမာန်ဖြင့် ပြန်ပြောသည်။
ချန်ချင်းနှင့် ချန်ရွှမ်းတို့က မပြိုင်ရန် တားသော်လည်း ချန်ဟော့ဟန်ကမူ ဒေါသထွက်နေပြီဖြစ်ရာ တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ တည့်တည့်တိုးဝင်ရန် ဆုံးဖြတ်လိုက်သည်။
"လင်းညီကို သူ ကြောက်နေပြီထင်တယ် ဒါဆိုလည်း ထားလိုက်ပါတော့ အေးအေးဆေးဆေးပဲ ငါးဖမ်းကြရအောင်"
ဟု တစ်ဖက်လူ၏ အဖွဲ့ထဲမှ တစ်ဦးက လှောင်ပြောင်လိုက်သည်။
လင်းဟိုင် ဟု ခေါ်သော ထိုလူငယ်က ချန်ဟော့ဟန်ကို စူးစိုက်ကြည့်ကာ
"မင်း ကြောက်နေတာလား ငါနဲ့ မင်းပဲ ပြိုင်ပြိုင် ရပါတယ် ဘာပဲဖြစ်ဖြစ် မင်းက တစ်နေ့လုံးနေလို့ တစ်ကောင်မှ မိမှာ မဟုတ်ဘူးလေ"
"ကောင်းပြီ မင်းပြောသလိုပဲ ငါတို့ နှစ်ယောက်ချင်း ပြိုင်မယ် ပြောစမ်း လောင်းကြေး ဘယ်လောက်လဲ"
ချန်ဟော့ဟန်၏ မျက်နှာမှာ မည်းမှောင်နေသည်။
"အရင်တစ်ခေါက်က အလတ်လတ် ဝိညာဉ်ကျောက်တုံး ၂၀ လောင်းခဲ့တာဆိုတော့ ဒီတစ်ခါ ၄၀ လုပ်လိုက်ရအောင်"
လင်းဟိုင်က ခပ်အေးအေးပဲ ပြောလိုက်သည်။
"ရတယ် တစ်ရက်အတွင်း ဘယ်သူ ငါးပိုမိလဲ ကြည့်ကြတာပေါ့ နန်ကုန်း မင်းတို့လည်း ကြားတယ်မဟုတ်လား၊ သက်သေအဖြစ် လုပ်ပေးပါဦး ဒီကောင်တွေ ရှုံးရင် လိမ်မထွက်နိုင်အောင်လို့"
နန်ကုန်းက ပြဿနာ မရှိတော့သဖြင့် ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။ ချန်ဟော့ဟန်က ဖန့်ချန်ကို လှည့်ကြည့်ကာ
"ဖန့်ညီလေး မင်း ဘာမှ စိတ်မပူနဲ့ စိတ်ကြိုက်သာ မျှား ငါတို့ မရှုံးစေရဘူး"
ဟု တမင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
တစ်ဖက်တွင်မူ လင်းဟိုင်၏ သူငယ်ချင်းက တိုးတိတ်စွာ မေးနေသည်။
"လင်းညီကို ယုံကြည်ချက် ရှိရဲ့လား"
"ဘာကြောက်စရာ ရှိလဲ ငါ ကြည့်လိုက်တာနဲ့ သိတယ် အဲ့ဒီအသစ်ကောင်က ဒီကို တစ်ခါမှ မရောက်ဖူးဘူး"
" ငါတို့တောင် ဘယ်လောက်အရှုံးခံခဲ့ရပြီးမှ အတွေ့အကြုံ ရခဲ့တာလဲ အသစ်ကောင်ဆိုတာ ၄-၅ ခါ လာရင်တောင် တစ်ကောင်မိဖို့ မလွယ်ဘူး"
လင်းဟိုင်က ယုံကြည်မှု အပြည့်ရှိနေသည်။
သူသည် မဟာအာရုံခံပညာရပ် ကို ကျင့်ကြံထားသူ ဖြစ်ရာ ထိုနဂါးနက်ငါး ဖမ်းခြင်းတွင် သူ့အတွက် အလွန် အားသာချက်ရှိနေသည်။
အဝေးတစ်နေရာတွင်မူ ခုနစ်ထပ်တံခါးဂိုဏ်း မှ မုန့်ထျန်းရှူး သည် ထိုအဖြစ်အပျက်ကို အံ့အားသင့်စွာ ကြည့်နေသည်။
သူသည် ယခင်က ဖန့်ချန်နှင့် ရင်ဆိုင်ဖူးသူဖြစ်ပြီး ဖန့်ချန်၏ စွမ်းအားကို ကောင်းကောင်းသိသည်။
"မုန့်စီနီယာ ဒီနေ့ ၃ ကောင်တောင် မိထားတာပဲ၊ ဘာလျှို့ဝှက်ချက်ရှိလဲ ပြောပြပါဦး"
ဘေးနားမှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက အားကျစွာ မေးမြန်းနေသည်။
မုန့်ထျန်းရှူးက ခပ်ပြုံးပြုံးပင်။
"လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး စိတ်ကို ငြိမ်အောင်ထားပြီး ဒီနဂါးနက်ကန်ကြီးနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်ရုံပါပဲ"
ဟု ဆိုသော်လည်း သူ၏ မျက်လုံးများကမူ ဖန့်ချန်ရှိရာသို့သာ ရောက်နေသည်။
သူသည် ယခင်က ဖန့်ချန်၏ ဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းကို သင်ခန်းစာယူကာ ပိုမို ကြိုးစားခဲ့သူ ဖြစ်သည်။
အခု ဖန့်ချန်ကို ဒီနေရာမှာ ထပ်တွေ့ရသဖြင့် သူသည် ဖန့်ချန် တစ်ရက်အတွင်း နဂါးနက်ငါး ဘယ်နှစ်ကောင် မိမလဲဆိုသည်ကို အလွန် စိတ်ဝင်စားနေမိသည်။
ဖန့်ချန်ကမူ အေးအေးဆေးဆေးပင် ငါးစာကို တပ်ပြီး ရေထဲ ချလိုက်သည်။
"ဖန့်စီနီယာ... အရင်က ငါးမျှားဖူးလား"
လန်ယာဝင်ချိုးက ဘေးမှနေ၍ မေးလိုက်သည်။
"အရင်က ၄-၅ နှစ်လောက် အားနေတုန်းက ခဏခဏ မျှားဖူးတယ်လေ"
ဖန့်ချန်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ စိတ်ချရပြီ စီနီယာက တခြားသူတွေနဲ့ မတူတော့ မိမှာ သေချာပါတယ် ဒါနဲ့ စီနီယာ ငါးမိရင် ကိုယ်တိုင်စားမှာလား ရောင်းမှာလား"
"နဂါးနက်ငါးက ရွှေအမြုတေကို သန့်စင်ပေးနိုင်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး အချို့က ၁၀ ကောင်လောက် စားရင် ရပြီ အချို့ကတော့ ၂၀-၃၀ လောက်အထိ စားလို့ရတယ်"
"အရင်စားကြည့်မယ်၊ ပိုရင်တော့ သိမ်းထားတာပေါ့"
ဖန့်ချန်က ပြန်ပြောလိုက်သည်။
သူသည် ဆေးဖော်စပ်ရန်အတွက်လည်း ထိုငါးကို အသုံးပြုလိုခြင်း ဖြစ်သည်။
လန်ယာဝင်ချိုးက စကားဆက်ရန် ပြင်လိုက်စဉ်မှာပင် ဖန့်ချန်က လက်ကောက်ဝတ်ကို အသာလေး လှုပ်လိုက်သည်။
"ဖျတ်"
မှင်လို နက်မှောင်နေပြီး ရွှေရောင်မျက်လုံးများရှိသည့် နဂါးနက်ငါး တစ်ကောင်သည် ရေပြင်ပေါ်သို့ ပျံတက်လာပြီး သူတို့ခြေရင်းသို့ ကျလာတော့သည်။
"ဒါ... ဒါက..."
လန်ယာဝင်ချိုး တစ်ယောက် ဆွံ့အသွားလေတော့သည်။
ငါးမိနစ်တောင် မပြည့်သေးဘဲ ဖန့်ချန်က ပထမဆုံးအကောင်ကို မိသွားခဲ့ပြီ မဟုတ်ပါလား။