အခန်း (၆၅၉-၆၆၀)
Vol. 66 Ch. 659-660
အခန်း ၆၅၉ - သိမြင်နားလည်သွားခြင်း
ဝမ်ကျိလုံက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်သည်။
"ဆရာတင်လိုက်တာ အမှန်ပဲ ဒါမှ မင်းဆီမှာရှိတဲ့ ဓားသန္ဓေသားကလည်း အမည်နာမနဲ့အညီ တရားဝင် ပိုင်ဆိုင်ခွင့်ရမှာ"
ဆရာမတင်ရင် ဓားသန္ဓေသားကို ပြန်သိမ်းမလို့လား ဖန့်ချန် စိတ်ထဲတွင် ထူးဆန်းသွားသည်။
ဒီလူစုက တကယ်ပဲ အဲ့လိုလုပ်မယ့်ပုံစံမျိုး ရှိနေသည် မဟုတ်ပါလား။
"ဒါက ဆရာက မင်းကိုပေးတဲ့ လက်ဆောင်ပဲ မင်းက အခု ရွှေအမြုတေ အဆင့်ဆိုတော့ သိပ်ပြီး အဖိုးတန်လွန်းတာတွေ ပေးရင်လည်း မင်း သုံးနိုင်မှာမဟုတ်ဘူး ဒါကြောင့် အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၅၀၀ ပဲ ယူထားလိုက်တော့"
ဝမ်ကျိလုံက လက်ကို ဝှေ့ယမ်းလိုက်ရာ ဖန့်ချန်၏ ရှေ့တွင် ဝိညာဉ်ကျောက်တုံး ၅၀၀ ပေါ်လာတော့သည်။
တံခါးအပြင်ဘက်ရှိ ချင်ဟော့ချန်တို့မှာ ဝိညာဉ်ကျောက်တုံး ၅၀၀ ကို မြင်သောအခါ အသက်ရှူမှားမတတ် အံ့သြသွားကြပြီး အားကျသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
ချင်ဟော့ချန်ကဲ့သို့ ပေါင်းစပ်ခြင်းအဆင့် ရှိပြီး ဂိုဏ်းအတွင်း ထိပ်သီး ပါရမီရှင်တစ်ဦးပင်လျှင် တစ်လမှ အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၁၀ တုံးသာ ရရှိခြင်းဖြစ်သည်။
ကျောက်တုံး ၅၀၀ ဆိုသည်မှာ နှစ်ပေါင်းများစွာ စုဆောင်းရမည့် ပမာဏပင်။
"ဝမ်အထက်လူကြီးက တကယ့်ကို ရက်ရောတာပဲ"
"ထားလိုက်ပါတော့... ထားလိုက်ပါတော့..."
တောင်ထွတ်သခင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါလျက် ထွက်ခွာသွားကြတော့သည်။
ကျစ်ဓားတောင်ထွတ်၏ တောင်ထွတ်သခင် အမျိုးသမီးကြီးသာ ကျန်ရစ်ခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ဖန့်ချန်က ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး ဂါဝရပြုလိုက်သည်။
သူ့တွင် အရင်က ၆၀၀ ရှိပြီး၊ ငါးရောင်းလျှင် နောက်ထပ် ၁၀၀၀ ခန့် ရနိုင်သည်။
ယခု ၅၀၀ နှင့်ဆိုလျှင် စုစုပေါင်း ၂၁၀၀ ကျော်ရှိပြီဖြစ်ရာ တာအိုသံညးထောင်နယ်မြေ သို့ သုံးကြိမ်ခန့် ဝင်ရောက်နိုင်ပြီဖြစ်သည်။
ထိုသို့ဆိုလျှင် ရွှေအမြုတေ အဆင့်အထွတ်ထိပ်သို့ ရောက်ရန် သိပ်မဝေးတော့ပေ။
"မင်းရဲ့ ကျင့်ကြံခြင်းက အခုထိ နိမ့်လွန်းသေးတယ်လောလောဆယ် လင် ရဲ့ ကျစ်ဓားတောင်ထွတ်ကို လိုက်သွားပြီး ကျင့်ကြံနေလိုက်ဦး"
"နောက်ပိုင်း ကျင့်ကြံခြင်းမှာ အခက်အခဲရှိလို့ဖြစ်ဖြစ် ဓားလမ်းစဉ်အပေါ် နားမလည်တာရှိလို့ဖြစ်ဖြစ် ငါ့ရဲ့ ဂူကျောင်း ဆီကို လာရှာနိုင်တယ် ငါ မင်းကို ရှင်းပြပေးမယ် သွားတော့"
ဝမ်ကျိလုံက လက်ကာပြလိုက်သည်။
"ဒါဆို တပည့် နှုတ်ဆက်ပါတယ်"
ဖန့်ချန်က ရိုသေစွာ ဂါရဝပြုပြီး နန်းဆောင်ထဲမှ ထွက်လာခဲ့သည်။
"ဖန့်ညီလေး... ဂုဏ်ယူပါတယ်ကွာ"
ချင်ဟော့ချန်နှင့် အဖွဲ့သားများက ဝိုင်းပြီး နှုတ်ဆက်ကြသည်။
"ဝမ်အထက်လူကြီးက တပည့်လက်မခံတာ ကြာလှပြီ မင်းက သူ့ရဲ့ တတိယမြောက် တပည့်ပဲ ဆရာကြီးကို စိတ်မပျက်စေနဲ့လို့ မျှော်လင့်ပါတယ်"
ကျစ်ဓားတောင်ထွတ်သခင် လင် က ဖန့်ချန်ကို အေးစက်စွာ ကြည့်ရင်း ဆိုသည်။
"ကျွန်တော့်မှာ စီနီယာအစ်ကိုကြီး နှစ်ယောက် ရှိသေးတာလား"
ဖန့်ချန်က စူးစမ်းလိုက်သည်။
တောင်ထွတ်သခင် လင် က ဖန့်ချန်၏ အတွေးကို သိသည့်အလား
"ဝမ်အထက်လူကြီးမှာ တပည့်နှစ်ယောက် ရှိခဲ့ဖူးတယ် သူတို့ရဲ့ ပါရမီက မင်းထက် မနိမ့်ပေမဲ့ အားလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ကြတယ် မင်းကတော့ သူတို့ထက် ကံကောင်းဖို့ မျှော်လင့်ရတာပဲ"
"လင်... မင်း ဘာတွေ ပြောနေတာလဲ"
နန်းဆောင်အတွင်းမှ ဝမ်ကျိလုံ၏ အသံ ထွက်ပေါ်လာသည်။
တောင်ထွတ်သခင် လင် က ဘာမှမပြောတော့ဘဲ ဖန့်ချန်နှင့် ချင်ဟော့ချန်ကို ဓားအလင်းဖြင့် ခေါ်ဆောင်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ကျစ်ဓားတောင်ထွတ်သို့ ရောက်သောအခါ တောင်ထွတ်သခင်မှာ စကားတစ်လုံးမှ မပြောဘဲ ထွက်သွားသည်။
ချင်ဟော့ချန်က သက်ပြင်းချကာ
"ဖန့်ညီလေး ငါတို့ တောင်ထွတ်သခင်ရဲ့ စိတ်နေစိတ်ထားက အဲ့လိုပဲ မင်းအပေါ် အငြိုးရှိလို့ မဟုတ်ဘူး စိတ်ထဲ မထားပါနဲ့"
"ရပါတယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
သူသည် ကျစ်ဓားတောင်ထွတ်သခင် အကြောင်း မေးချင်သော်လည်း နောက်မှသာ အခွင့်အရေး ရှာရတော့မည်။
"ဖန့်ညီလေး ငါ မင်းကို နေစရာ ဂူကျောင်း အရင် လိုက်ပြမယ် ငါတို့ အတွင်းစည်းမှာ ကျင့်ကြံရတာက စည်းကမ်း သိပ်မရှိဘူး အေးအေးဆေးဆေးပဲ"
"ဆရာတင်တာ မတင်တာက အဓိက မဟုတ်ဘူး တချို့ စီနီယာတွေဆို အခန်းအောင်း ကျင့်ကြံတာ ၁၀ နှစ်၊ အနှစ် ၂၀ ကြာတာတောင် ပုံမှန်ပဲ"
ချင်ဟော့ချန်က ဖန့်ချန်ကို ကျစ်ဓားတောင်ထွတ်တဝိုက် လိုက်ပြရင်း ဂိုဏ်း၏ အခြေအနေအချို့ကို ရှင်းပြသည်။
"စီနီယာအစ်ကိုကြီး ချင် အတွင်းစည်းမှာ တပည့် ဘယ်လောက်ရှိလဲ"
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
ဟင်လင်းပြင်ထာဝရဓားဂိုဏ်းတွင် ဓားကျင့်ကြံသူ တစ်သိန်း ရှိသည်ဟု သူ အမြဲ ကြားဖူးခဲ့သည်။
သို့သော် ဓားလမ်းစဉ်သည် လျှောက်လှမ်းရန် အလွန်ခက်ခဲရာ တစ်သိန်းအထိ ရှိရန်မှာ မလွယ်ကူပေ။
"အတွင်းစည်းမှာ တပည့် ဘယ်လောက်ရှိလဲ ဟုတ်လား"
ချင်ဟော့ချန်က စဉ်းစားဟန်ပြုကာ ခေါင်းခါလိုက်သည်။
"ငါလည်း အတိအကျ မတွက်ဖူးဘူး တချို့က အပြင်မှာ နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေကြပြီး ပြန်မလာကြဘူး"
" တချို့ကလည်း အခန်းအောင်း ကျင့်ကြံနေရင်း သေသွားတာလား ဘာလား မသိဘူး ခန့်မှန်းခြေတော့ ရှစ်ထောင် ကိုးထောင်လောက် ရှိမယ် ထင်တာပဲ"
ထိုသို့ပြောပြီးနောက် ချင်ဟော့ချန်က ဖန့်ချန်ကို အတည်ပေါက် ကြည့်ကာ
"ဒါပေမဲ့ အပြင်လူ မေးရင်တော့ အဲ့လို မပြောနဲ့နော် ဘယ်သူမဆို မေးရင် ငါတို့ ဟင်လင်းပြင်ဓားဂိုဏ်းမှာ ဓားမသေမျိုး တစ်သိန်း ရှိတယ်လို့ပဲ ပြောလိုက်"
"..."
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
သူ နားလည်သွားပြီ။
(ဂိုဏ်းရဲ့ ဂုဏ်သတင်းအတွက် နံပါတ်ကို ချဲ့ပြောထားခြင်း ဖြစ်သည်)
"ကဲ... ရောက်ပြီ၊ ဒီနေရာပဲ"
ချင်ဟော့ချန်က ဖန့်ချန်ကို ဂူကျောင်းတစ်ခုရှေ့ ခေါ်လာသည်။
"ဒီနေရာက အရင်က စီနီယာညီမလေး ယွီ နေခဲ့တဲ့နေရာပဲ မင်းနဲ့ သူမက ရင်းနှီးတယ်ဆိုတော့ ဒီနေရာမှာပဲ နေလိုက်တော့ လယ်ကွက် ၅ ဧက၊ ဝိညာဉ်စမ်းရေတွင်း တစ်ခုနဲ့ အောက်မှာလည်း ဝိညာဉ်ကြော ခွဲတစ်ခု ရှိလို့ ဝိညာဉ်စွမ်းအား အတော်ကောင်းတယ်"
ဂူကျောင်းရှေ့တွင် မက်မွန်ပင်များ စိုက်ထားသည်ကို ဖန့်ချန် မြင်လိုက်ရသည်။
နတ်သမီးယွီသည် မဟာရှ တွင် ရှိစဉ်ကတည်းက မက်မွန်ပန်းကို အလွန် ကြိုက်နှစ်သက်သူ ဖြစ်သည်။
"နောက်ထပ် ၁၀ မိုင်လောက် ဝေးတဲ့နေရာမှာ စီနီယာညီမလေး ကျင် ရဲ့ ဂူကျောင်း ရှိတယ် ဒါပေမဲ့ နှမြောစရာပဲ..."
ချင်ဟော့ချန်က အဝေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"စီနီယာအစ်ကိုကြီး အဲ့ဒီကိစ္စကို ကျွန်တော် မေးချင်နေတာ စီနီယာ ကျင် က ဘယ်လောက်ကြာကြာ အကျဉ်းချခံရမှာလဲ"
ဖန့်ချန်က မေးသည်။
"ဒါကတော့ တောင်ထွတ်သခင်ရဲ့ စိတ်အခြေအနေပေါ် မူတည်တာပဲ စီနီယာမ ကျင် ကျူးလွန်ခဲ့တဲ့ အမှားက တောင်ထွတ်သခင် အမုန်းဆုံး အမှား ဖြစ်နေတာကိုး"
"တခြား နည်းလမ်း မရှိဘူးလား"
ချင်ဟော့ချန်က စဉ်းစားနေပြီး ရုတ်တရက် ဖန့်ချန်ကို မျက်လုံးတောက်တောက်ဖြင့် ကြည့်လိုက်သည်။
"နေဦး မင်းပြောမှ ငါ နည်းလမ်းတစ်ခု သတိရသွားပြီ"
"ကျွန်တော်နဲ့ ဆိုင်လို့လား"
"ဆိုင်တာပေါ့ မင်းရဲ့ စွမ်းဆောင်ရည်က နတ်မျိုးစေ့တွေကိုတောင် ကျော်လွန်နေတာပဲ တကယ်လို့ မင်းသာ ရှေးဟောင်းနတ်ဘုရားလမ်း ကို သွားပြီး နတ်မျိုးစေ့ ဘွဲ့ထူးကို ယူနိုင်ရင် တောင်ထွတ်သခင်က အလွန် ဝမ်းသာသွားမှာ"
"အဲ့ဒီအချိန်ကျမှ စီနီယာ ကျင် ရဲ့ ကိစ္စကို ပြောရင် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ခြေ ၈၀၊ ၉၀ ရာခိုင်နှုန်း ရှိတယ်"
"ရှေးဟောင်းနတ်ဘုရားလမ်း လား..."
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
တာအိုသုံးထောင်နယ်မြေ အခွင့်အရေးများကို သုံးပြီးလျှင် ထိုနေရာသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ဖန့်စီနီယာ"
လန်ယာဝင်ချိုးက လက်လှမ်းပြရင်း ပျံသန်းရောက်ရှိလာသည်။
"ချန်းသောင်းဒေသ ကိစ္စကို ငါ ကြားပြီးပြီ သူမအတွက် မင်း ဝင်ပါပေးခဲ့တာ ကျေးဇူးတင်ပါတယ်"
ချင်ဟော့ချန်က ဖန့်ချန်၏ ပခုံးကို ပုတ်ကာ ထွက်ခွာသွားသည်။
"ဖန့်စီနီယာ စီနီယာအစ်ကိုကြီး ချင်က ဘာလို့ ဒီလောက်မြန်မြန် ထွက်သွားတာလဲ"
လန်ယာဝင်ချိုးက အံ့သြစွာ မေးသည်။
"အလုပ်ရှိလို့ ဖြစ်မှာပါ"
"ဒါနဲ့ စီနီယာအစ်ကိုကြီး ချန် က ပြောတယ် နဂါးနက်ငါးတွေကို အခု မရောင်းရင် ပုပ်ကုန်တော့မယ်တဲ့ အခု ဈေးကို သွားရောင်းကြမလား"
"အဲ့ဒီမှာ ဆေးဖော်စပ်တဲ့ ပစ္စည်းတွေ ဝယ်လို့ရလား"
"စီနီယာက ဆေးဖော်ချင်သေးတာလား ထားပါတော့ စီနီယာ သဘောပါပဲ အဲ့ဒီမှာ ပစ္စည်းစုံပါတယ် စီနီယာ လိုချင်တာ ရှိမှာပါ"
လန်ယာဝင်ချိုးက ရယ်မောလျက် ဆိုသည်။
မကြာမီ သူတို့နှစ်ဦး ရေကန်ကြီးတစ်ခုဘေးသို့ ရောက်လာကြသည်။
ဈေးဟု ဆိုသဖြင့် ဖန့်ချန်က သာမန်ဈေးဟု ထင်ထားသော်လည်း အမှန်တကယ်တွင် လူပေါင်းစုံနေကြပြီး အလွန် စည်ကားလှသည်။
"တောင်ထွတ် ၉ ခုက တပည့်တွေ အားလုံး ဒီမှာ ပစ္စည်းလာဝယ်လေ့ ရှိကြတယ်"
လန်ယာဝင်ချိုးက ပြောရင်း နေရာကောင်းတစ်ခု ရှာကာ ဆိုင်ခင်းလိုက်သည်။
ဖန့်ချန်က နဂါးနက်ငါး တစ်ဝက်ကိုပဲ အရင်ရောင်းရန် ပြင်ဆင်လိုက်သည်။
ငါးများကို စတင် ခင်းကျင်းလိုက်သည်နှင့် ပတ်ဝန်းကျင်မှ လူပေါင်းများစွာသည် ချက်ချင်းပင် အလုအယက် ရောက်ရှိလာကြတော့သည်။
အခန်း ၆၆၀ - ရှောင်ယွီလင်းဆေးလုံး
"နဂါးနက်ငါးတွေပါလား အမလေး... ဟုတ်တာပဲ တကယ်ကြီး နဂါးနက်ငါးတွေပါလား ဒီညီအစ်ကိုက ဘယ်သူလဲကွာ ဘယ်လိုအစွမ်းအစတွေရှိလို့ ဒီလောက်များတဲ့ နဂါးနက်ငါးတွေကို ရအောင်ယူလာနိုင်တာလဲ"
"အား....ရင်နာလိုက်တာ ငါ ရွှေအမြုတေ အလယ်အလတ်အဆင့်ကို တက်ဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကတင် အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၁၃ တုံးတောင် သုံးလိုက်ရတာ"
"အဲ့ဒါသာ မသုံးဖြစ်ရင် အခု ဒီနဂါးနက်ငါး အကောင်အတော်များများကို ဝယ်ယူနိုင်မှာပဲကို အခုတော့ နှမြောဖို့ကောင်းလိုက်တာ"
"ဒီညီအစ်ကိုကလည်း ကျစ်ဓားတောင်ထွတ်က စီနီယာပဲလား ဘာလို့များ ဒီလောက်မျက်နှာစိမ်းနေရတာလဲ ဒါမှမဟုတ် အရင်နှစ်တွေက တစ်လျှောက်လုံး အခန်းအောင်း ကျင့်ကြံနေလို့လား"
ဖန့်ချန်၏ ဆိုင်ရှေ့သို့ ဝိုင်းအုံလာကြသော ကျင့်ကြံသူများမှာ အခြေခံအားဖြင့် ရွှေအမြုတေအဆင့်ရှိသူများဖြစ်ကြပြီး အစောပိုင်းမှ အဆင့်မြင့်ပိုင်းအထိ အစုံအလင် ပါဝင်ကြသည်။
အချို့မှာ နဂါးနက်ငါးများကို ကြည့်ကာ မျက်လုံးများ အရောင်တောက်နေကြသလို၊ အချို့မှာလည်း ဝယ်ရန် ပိုက်ဆံမလောက်သဖြင့် ရင်ဘတ်စည်တီးကာ နှမြောတသ ဖြစ်နေကြသည်။
အချို့မှာမူ လန်ယာဝင်ချိုးကို မှတ်မိကြသဖြင့် စပ်စုနေကြ၏။
ထိုနေရာ၏ စည်ကားနေသော မြင်ကွင်းကို အဝေးမှ ကျင့်ကြံသူများလည်း သတိပြုမိသွားကြသည်။
အဝေးတစ်နေရာရှိ ဝိညာဉ်သန္ဓေသားအဆင့် ဈေးသည်တစ်ဦးနှင့် သူ၏ ဝယ်သူများဖြစ်သော ဝိညာဉ်သန္ဓေသားအဆင့် ပုဂ္ဂိုလ်များမှာလည်း စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်နေကြတော့သည်။
"တကယ်ကြီး နဂါးနက်ငါးတွေပဲကွ အထဲမှာ အကောင်တစ်ရာကျော်လောက်တောင် ရှိမယ်ထင်တယ် တကယ့်ကို အံ့သြစရာပဲ၊ ဒါတွေကို ဘယ်လိုများ ရအောင်ဖမ်းလာတာပါလိမ့်..."
"နှမြောစရာပဲ အရင်တုန်းက ငါ အဆင့်တက်ဖို့အတွက် နဂါးနက်ငါး အလုံအလောက် ရှာမရခဲ့လို့ နောက်ဆုံးတော့ ငါးမစားဘဲ အတင်းတက်ခဲ့ရတာ အခုကျမှ ပေါ်လာတော့ ငါ့အတွက် မလိုတော့ဘူး ဖြစ်နေပြီ"
"ကျစ်ဓားတောင်ထွတ်က လန်ယာဝင်ချိုးပဲ သူ့ဘေးက တစ်ယောက်ကတော့... အင်း... အတော်လေး မျက်မှန်းတန်းမိသလိုပဲ မင်းတို့ကော မှတ်မိကြလား"
"ငါလည်း အတော်လေး ရင်းနှီးနေသလိုပဲ ခဏနေဦး... စဉ်းစားလိုက်ဦးမယ်..."
"စဉ်းစားမနေကြနဲ့တော့ သူက ရူးသွပ်ဘုရင် ဖန့်ချန် ပဲ"
ရူးသွပ်ဘုရင် ဖန့်ချန်
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝိညာဉ်သန္ဓေသားအဆင့် ပုဂ္ဂိုလ်ကြီးများပင် ကိုယ်ရှိန်သတ်သွားကြပြီး အံ့သြတကြီး ဖြစ်သွားကြသည်။
ထို့နောက် အဝေးတစ်နေရာတွင် ရှိနေသော အကြီးအကဲဟွမ်ကို လှမ်းကြည့်လိုက်ကြ၏။
" သူ့ကို တကယ်တမ်း တွေ့ခဲ့တုန်းက သူက နတ်သမီးယွီရဲ့ ကျောက်ခေါင်းထဲမှာ လဲလျောင်းနေတုန်းကပဲ လောကကြီးက တကယ်ကို အပြောင်းအလဲ မြန်တာပဲ"
အကြီးအကဲ ဟွမ်မင်ယန် သည် ဖန့်ချန်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ထိုလူငယ်သည် သူကိုယ်တိုင် ဂိုဏ်းဝင်စာရင်း သွင်းပေးခဲ့ရသူ၊ ထို့နောက်တွင် ဂိုဏ်းမှ ထုတ်ပယ်ခဲ့ရသူ၊ ယခု တစ်ဖန် ပြန်လည်ပြီး ဂိုဏ်းဝင်စာရင်း သွင်းပေးခဲ့ရသူ ဖြစ်သည်။
ယခင်က နတ်သမီးယွီ မှာ ယခုအခါ ပျောက်ချင်းမလှ ပျောက်ဆုံးနေပြီး၊ ကျင်ယွဲ့ဟန်မှာလည်း အကျဉ်းချခံထားရချိန်တွင် ထိုဖန့်ချန်ကမူ ဆယ်စုနှစ် နှစ်ခု၊ သုံးခုအတွင်းမှာတင် အခြေအနေအရပ်ရပ်ကို ပြောင်းလဲပစ်ခဲ့ပြီ။
"ဟွမ်အကြီးအကဲဘ သူက တကယ်ပဲ ရူးသွပ်ဘုရင် ဖန့်ချန်လား ဖန့်စီနီယာက ဘယ်တုန်းက ဂိုဏ်းကို ပြန်ရောက်တာလဲ"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအချို့က အကြီးအကဲဟွမ်ကို ချဉ်းကပ်ကာ ရိုသေစွာ မေးမြန်းကြသည်။
"ခုနတင်ပဲ ရောက်တာ ပြီးတော့ သူက အခု ဝမ်အထက်လူကြီး ရဲ့ တိုက်ရိုက်တပည့် ဖြစ်သွားပြီ"
ဟွမ်မင်ယန်က ဖြေလိုက်သည်။
"ဝမ်အထက်လူကြီးရဲ့ တပည့်..."
အားလုံး ထိတ်လန့်သွားကြသော်လည်း အလွန်အမင်းတော့ မအံ့သြကြပေ။
အရင်က နတ်ဘုရားနန်းတော် တိုက်ပွဲတုန်းက ဖန့်ချန်၏ စွမ်းအားက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ သူတို့ မျက်မြင်ကိုယ်တွေ့ပင်။
၎င်းမှာ သာမန်ကျင့်ကြံသူများ၏ အမြင်တွင် ကြောက်စရာကောင်းရုံတင်မကဘဲ သူတို့ကဲ့သို့ ထိပ်သီးဓားကျင့်ကြံသူများ၏ အမြင်မှာပင် တုန်လှုပ်စရာ ကောင်းလှသည်။
သူတို့ အချင်းချင်း သုတေသနပြု ဆွေးနွေးထားသည့် ရလဒ်အရဆိုလျှင် ဖန့်ချန်သာ အဆင့်တူချင်း တိုက်ခိုက်ရမည်ဆိုပါက သူတို့ကဲ့သို့ ဓားကျင့်ကြံသူများပင်လျှင် ယှဉ်နိုင်ဖို့ မလွယ်ကူကြောင်း ကောက်ချက်ချထားကြသည်။
"သူဆိုရင်တော့ ဒီလောက်ငါးတွေ ရလာတာ မဆန်းပါဘူး"
"ဘာလို့ မဆန်းတာလဲဗျ တိုက်ခိုက်ရေးစွမ်းရည် ကောင်းတာနဲ့ ငါးမျှားတာနဲ့ ဘာဆိုင်လို့လဲ နဂါးနက်ငါးက ဖမ်းရခက်တဲ့အပြင် တစ်ကြိမ်မှာ ၃ ရက်ပဲ အချိန်ရတာ"
"ဒီလောက်များတဲ့ ငါးတွေကို နှစ်ပေါင်းများစွာ စုဆောင်းထားတယ်ဆိုရင်လည်း မဖြစ်နိုင်ဘူးလေ နဂါးနက်ငါးက နဂါးနက်ကန်ကလွဲရင် တခြားနေရာမှာ အသက်ရှင်ဖို့ မလွယ်ဘူး"
"ဒါဆိုရင်လည်း ဖန့်စီနီယာက ငါးမျှားတဲ့နေရာမှာ ပါရမီအထူးပါတဲ့ ဆရာကြီး ဖြစ်နေလို့ နေမှာပေါ့"
ဖန့်ချန်၏ ဆိုင်ရှေ့တွင် လူများမှာ ပို၍ စည်ကားလာသည်။
သူက ဈေးနှုန်းသတ်မှတ်ရန် စဉ်းစားနေဆဲမှာပင် စိတ်အားထက်သန်နေသော ဝယ်သူများက သူတို့ဘာသာ ဈေးဖြတ်ပေးကြတော့သည်။
"အစ်ကိုကြီး... ဒီ ၂ ပိဿာ (၂ ကျင်း) လောက်ရှိတဲ့ အကောင်ကို အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၄ တုံးနဲ့ ရောင်းမလား"
ဖန့်ချန်က ဈေးနှုန်းနှင့် ပတ်သက်ပြီး စောဒကမတက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
"ရောင်းမယ်"
တစ်ဖက်လူက ချက်ချင်းပင် ၃ ကောင် ဝယ်ယူသွားပြီး ကျေနပ်စွာ ထွက်ခွာသွားသည်။
ဖန့်ချန်၏ လက်ထဲသို့ ကျောက်တုံး ၁၂ တုံး ချက်ချင်းရောက်လာကာ ထိုနေရာမှစ၍ ၁ ပိဿာလျှင် ကျောက်တုံး ၂ တုံး ဆိုသော ဈေးနှုန်းမှာ အတည်ဖြစ်သွားတော့သည်။
ကျင့်ကြံသူတစ်ဦးက ဝင်၍ပြောသည်။
"အစ်ကိုကြီး အဲ့ဒါက နဂါးနက်ကန်မှာ ရောင်းတဲ့ဈေးလေ အခုက ဒီအဝေးကြီးအထိ သယ်လာပေးတာဆိုတော့ ၁ ပိဿာကို ၃ တုံး ရောင်းသင့်တယ်ဗျ"
ထိုစကားကြောင့် ဘေးကလူများက သူ့ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် ဝိုင်းကြည့်ကြသည်။
စကားပြောသူမှာလည်း သူပြောမှားသွားမှန်း သိသော်လည်း အလျှော့မပေးဘဲ ပြန်ကြည့်ကာ
"ဘာဖြစ်လဲ ငါက နဂါးနက်ငါးတွေ စားလွန်းလို့ ဝနေပြီကွ"
"မင်းက စားဖူးပြီးပြီဆိုတော့ ငါတို့ကို မငဲ့တော့ဘူးပေါ့လေ ဟုတ်လား"
လူများမှာ အငြင်းပွားကာ ရန်ဖြစ်လုနီးပါး ဖြစ်နေကြသဖြင့် ဖန့်ချန်က အသာအယာ ချောင်းဟန့်လိုက်ပြီး
"ကျွန်တော့်ရဲ့ နဂါးနက်ငါးကို ၁ ပိဿာ ၂ တုံးပဲ ရောင်းပါ့မယ် ဒါက အတွင်းစည်းက လူတွေအတွက် ပေးတဲ့ အတွင်းဈေး ပါ ဒါကြောင့် မငြင်းကြပါနဲ့တော့"
"အတွင်းဈေး ဘာဆိုလိုတာလဲ"
"မင်းကလည်း အစ်ကိုကြီးက ငါတို့ ဂိုဏ်းသားတွေမို့လို့ ဒီဈေးနဲ့ ရတာပေါ့ တခြားလူဆိုရင် ဒီဈေးနဲ့ မရဘူးလို့ ပြောတာ အစ်ကိုကြီးက တကယ့်ကို သဘောထားကြီးတာပဲ"
ဈေးနှုန်းကို တိတိကျကျ သတ်မှတ်လိုက်သောအခါ အငြင်းပွားမှုများ ပျောက်ကွယ်သွားပြီး လူတိုင်း တစ်ကောင်၊ နှစ်ကောင် အပြိုင်အဆိုင် ဝယ်ကြတော့သည်။
နာရီဝက်မပြည့်ခင်မှာပင် ငါးအကောင် ၁၀၀ ကျော်မှာ အကုန်ရောင်းထွက်သွားသည်။
နောက်ဆုံး တွက်ချက်လိုက်သောအခါ အလတ်စား ဝိညာဉ်ကျောက်တုံး ၅၃၂ တုံး ရလိုက်သဖြင့် ဖန့်ချန်၏ ခန့်မှန်းချက်ထက်ပင် ပိုသွားခဲ့သည်။
"ဝင်းချိုး ညီမလေး... ဒီ ၃၂ တုံးက မင်းအတွက်"
ဖန့်ချန်က အကြွေလေးများကို ပေးလိုက်သည်။
လန်ယာဝင်ချိုးမှာ အံ့အားသင့်သွားပြီး အလျင်အမြန် ငြင်းဆန်သည်။
"ဖန့်စီနီယာ... ဒါ စီနီယာ့ဘာသာ သိမ်းထားပါ ဒီငါးတွေက ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး"
ဖန့်ချန်က ပြုံးလိုက်ပြီး
"ဒါက မိတ်ဆွေအချင်းချင်း လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပါ"
ဟု ပြောမှသာ သူမက အားနာတကြီးဖြင့် သိမ်းယူလိုက်သည်။
သူမ၏ ဦးနှောက်ငယ်လေးထဲတွင် စီနီယာ့ကို ဘာပြန်ပေးရမလဲဆိုသည်ကို စတင် စဉ်းစားနေတော့သည်။
"ဝင်းချိုး ငါ့မှာ ဆေးဖော်စပ်ဖို့ ပစ္စည်းဝယ်ယူမယ့် စာရင်းတစ်ခု ရှိတယ် မင်း ကြည့်ကြည့်ဦး ပြီးရင် ငါတို့ ခွဲပြီး ပစ္စည်းရှာကြမယ်"
ဖန့်ချန်က ကျောက်စိမ်းပြား လေးတစ်ခုကို သူမထံ ကမ်းပေးလိုက်သည်။
လန်ယာဝင်ချိုးက ကြည့်လိုက်ပြီးနောက် မျက်လုံးအပြူးသား ဖြစ်သွားကာ ဖန့်ချန်ကို ကြည့်လိုက်သည်။
"ဖန့်စီနီယာ ဒါ တကယ်ပဲ စီနီယာဝယ်မယ့် စာရင်းလား ဒါတွေအကုန် ရှာဖို့ဆိုရင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ သိန်း၊ ၆ သိန်း လောက် ကုန်မှာနော်"
စာရင်းထဲတွင် အဝါရောင်အဆင့် အနိမ့်စားမှသည် အထွတ်အထိပ်အထိ ဆေးဖက်ဝင် ပစ္စည်းပေါင်း ၁၀၀ ကျော် ပါဝင်သည်။
အရေအတွက်တင်မကဘဲ သက်တမ်းကိုပါ အတိအကျ သတ်မှတ်ထားသေးသည်။
ဥပမာ - အနှစ် ၁၀၀ သက်တမ်းရှိသည့် ကြက်နှလုံးမြက် ၁၀၀ ပင်၊ အနှစ် ၁၀၀ သက်တမ်းရှိသည့် နဂါးသွေးမှို ၁၀ ပိဿာ စသည်ဖြင့် ဖြစ်သည်။
"ဖန့်စီနီယာ ဆေးဖော်စပ်တာက လမ်းစကောင်းဆိုပေမဲ့ တကယ့်ကို အချိန်ကုန် လူပင်ပန်းပြီး စိတ်ဓာတ်ကျစရာလည်း ကောင်းတယ်"
"ကျွန်မတို့ ဓားသမားတွေနဲ့ သိပ်မကိုက်ဘူး ဒီကျောက်တုံးတွေကို တခြားနေရာမှာ သုံးတာ ပိုမကောင်းဘူးလား"
လန်ယာဝင်ချိုးက အားနာနာဖြင့် ဖျောင်းဖျရှာသည်။
"ရပါတယ် စမ်းကြည့်ရုံတင်ပါ ပြီးတော့ ကျောက်တုံး ၅ သိန်းလောက်က သိပ်မများပါဘူး"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
သူ့တွင် အလယ်လတ်စား ဝိညာဉ်ကျောက်တုံးမှာ ၁၆၀၀ ကျော်သာ ရှိသော်လည်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးမှာမူ သိမ်းဆည်းထားခဲ့သည်မှာ ၈ သိန်းခန့်အထိ ရှိနေပြီဖြစ်သည်။
ထိုပိုက်ဆံများကို ထားမည့်အစား ဆေးဖော်စပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူဖော်စပ်မည့် ဆေးမှာ အဝါရောင်အဆင့် အခြေခံကျမ်းထဲမှ အထွတ်အထိပ် ဆေးလုံးဖြစ်သော ရှောင်ယွီလင်းဆေးလုံး ဖြစ်သည်။
၎င်းမှာ နာမည်ကျော် ယွီလင်းဆေးလုံး ၏ မျိုးကွဲတစ်ခု ဖြစ်သော်လည်း ပါဝင်ပစ္စည်းများမှာ အဆင့်စုံလင်စွာ လိုအပ်လှပေသည်။