← Chapters

အခန်း (၆၆၁-၆၆၂)

Vol. 67 Ch. 661-662

အခန်း (၆၆၁-၆၆၂)

Vol. 67 Ch. 661-662

​အခန်း ၆၆၁ - သင်ကြားပြသရေးအကြီးအကဲ

​အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ သိန်း၊ ၆ သိန်းက သိပ်မများဘူး ဟုတ်လား

​လန်ယာဝင်ချိုး၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။

အလယ်လတ်စား ဝိညာဉ်ကျောက်တုံးနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကြားတွင် တရားဝင် လဲလှယ်နှုန်း သတ်မှတ်ချက် မရှိသော်လည်း တကယ်တမ်း လဲလှယ်မည်ဆိုလျှင် ထိုပမာဏမှာ အလယ်လတ်စား ဝိညာဉ်ကျောက်တုံး အတော်များများကို ရနိုင်ပေသည်။

သို့သော် အခြေအနေအတော်များများတွင် မည်သူမျှ အလယ်လတ်စားကို အဆင့်နိမ့်နှင့် လဲရန် သို့မဟုတ် အဆင့်နိမ့်ကို အလယ်လတ်စားနှင့် လဲရန် အဆင်မပြေကြပေ။

၎င်းတို့တွင် အဆင့်အတန်းအလိုက် ကိုယ်ပိုင် အသုံးဝင်ပုံများ ရှိကြသည် မဟုတ်ပါလား။

​ဖန့်ချန်က တိုက်တွန်းနေသဖြင့် လန်ယာဝင်ချိုးလည်း ဆက်၍ မဖျောင်းဖျတော့ဘဲ သူ့အတွက် ဆေးဖက်ဝင် ပစ္စည်းများကို ဝိုင်းကူရှာပေးရန်သာ တတ်နိုင်တော့သည်။

​သူတို့နှစ်ဦး ခွဲ၍ ရှာဖွေကြရာ နာရီဝက်ခန့်အတွင်းမှာပင် ဝယ်ယူရမည့် ဆေးပစ္စည်းများ အစုံအလင် ရရှိသွားသည်။

နတ်ဘုရားအဆင့် သြဇာအာဏာရှိသော ဟင်လင်းပြင်ထာဝရဓားဂိုဏ်း၏ အရင်းအမြစ် သိုလှောင်မှုမှာ တကယ့်ကို ပြည့်စုံလွန်းလှသည်ဟု ဆိုရပေမည်။

​ဖန့်ချန်သည် သူ၏ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ အကုန်အကျခံကာ ရှောင်ယွီလင်းဆေးလုံး ဖော်စပ်မှု အကြိမ် ၁၀၀ စာအတွက် လိုအပ်သော ပစ္စည်းများကို ဝယ်ယူလိုက်သည်။

ထိုကျောက်တုံး ပမာဏမှာ များပြားသည်ဟု ထင်ရသော်လည်း ဤကဲ့သို့သော ဈေးတန်းကြီးတွင်မူ ရေကန်ကြီးထဲသို့ ကျောက်ခဲကလေး တစ်လုံး ပစ်ချလိုက်သကဲ့သို့ မည်သည့် လှိုင်းတံပိုးမျှ မထွက်ပေါ်စေခဲ့ပေ။

​"ဖန့်စီနီယာ အခု ဆေးပစ္စည်းတွေလည်း ဝယ်ပြီးပြီဆိုတော့ ကျစ်ဓားတောင်ထွတ်ရဲ့ သင်ကြားပြသရေးနန်းဆောင်ကို သွားကြည့်ကြမလား"

ဟု လန်ယာဝင်ချိုးက အကြံပြုသည်။

​"သင်ကြားပြသရေးနန်းဆောင်"

ဖန့်ချန်က ပြုံးလျက်

"ကျင့်စဉ်တွေ သွားထုတ်ရမယ့် နေရာလား"

​"အဲ့လိုပဲ ပြောလို့ရပါတယ်"

​ဟွမ်မင်ယန်က သူတို့အနားသို့ လျှောက်လာပြီး ဖန့်ချန်ကို ပြုံး၍ နှုတ်ဆက်သည်။

​"ဟွမ်အကြီးအကဲ ဒီနေ့ ဘာလို့ ဈေးကို ရောက်လာတာလဲဗျ"

လန်ယာဝင်ချိုးက နှုတ်ဆက်လိုက်ပြီး ဖန့်ချန်ကို ဝိညာဉ်အာရုံဖြင့် လှမ်းပြောပြသည်။

"ဒီအဘိုးက ကျွန်မတို့ ကျစ်ဓားတောင်ထွတ်ရဲ့ ပြည်ပရေးရာအကြီးအကဲ ဟွမ် ပဲ အရင်က သူ မဟာရှ ကို တစ်ခေါက် သွားခဲ့ဖူးတယ်လို့ ကြားတယ်"

​တကယ်တော့ လန်ယာဝင်ချိုး မိတ်ဆက်ပေးရန် မလိုဘဲ ဖန့်ချန်သည် ဟွမ်မင်ယန်ကို မှတ်မိနေပါသည်။

သူ ကျောက်ခေါင်းထဲတွင် လဲလျောင်းနေစဉ်က ထိုလူကို မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဟွမ်မင်ယန်မှာ ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်ဖြစ်ပြီး ယခုမူ အဆင့်မြင့်ပိုင်းသို့ ရောက်နေပြီဖြစ်ရာ အလယ်သုံးဆင့် သို့ တက်လှမ်းနိုင်မည့် ပါရမီရှိသူ ဖြစ်ပုံရသည်။

​"ဟွမ်အကြီးအကဲ အရင်တုန်းက ချန်ထားပေးခဲ့တဲ့ ဓားဆန္ဒအတွက် ကျေးဇူးတင်ပါတယ် အဲ့ဒါကြောင့် ဒုက္ခအတော်များများကနေ လွတ်မြောက်ခဲ့ရတာပါ"

ဖန့်ချန်က လက်အုပ်ချီ၍ ဂါရဝပြုလိုက်သည်။

​"မင်း သိနေတာလား"

ဟွမ်မင်ယန် အံ့သြသွားသော်လည်း ချက်ချင်းပင် နားလည်သွားသည်။

တစ်ဖက်လူက အသက်ပြန်ရှင်လာပြီဖြစ်ရာ ထိုဓားဆန္ဒကို ခံစားမိသည်မှာ မဆန်းပေ။

​သူက ပြုံးလျက်

"မင်းနဲ့ငါက ရေစက်ရှိတယ်လို့ ပြောရမှာပဲ ငါက ကျစ်ဓားတောင်ထွတ်ရဲ့ အကြီးအကဲလည်း ဖြစ်တော့ မင်းကို သင်ကြားပြသရေးနန်းဆောင်ဆီ လိုက်ပို့ပေးမယ် လမ်းမှာ အတွင်းစည်းရဲ့ စည်းကမ်းအချို့ကိုလည်း ပြောပြပေးတာပေါ့"

​"ဒါဆိုရင်တော့ ဟွမ်အကြီးအကဲကို အားနာရမှာပဲ"

​သူတို့ သုံးဦးသား ကျစ်ဓားတောင်ထွတ်ဆီသို့ ပျံသန်းလာကြရင်း ဟွမ်မင်ယန်၏ ရှင်းပြချက်ကြောင့် ဖန့်ချန်သည် သင်ကြားပြသရေးနန်းဆောင်အကြောင်းကို နားလည်လာခဲ့သည်။

​အတွင်းစည်း၏ တောင်ထွတ် ၉ ခုလုံးတွင် တစ်ခုစီရှိပြီး သင်ကြားပြသရေးအကြီးအကဲ တစ်ဦးစီက တာဝန်ယူ စောင့်ကြပ်သည်။

ထိုအကြီးအကဲများ၏ အဆင့်အတန်းမှာ အလွန်ထူးခြားပြီး ဝါစဉ်လည်း အလွန်ကြီးလှသဖြင့် တောင်ထွတ်သခင်များပင်လျှင် ရိုရိုသေသေ ဆက်ဆံရသည်။

​အတွင်းစည်းတပည့်များသည် အဆင့်တက်တိုင်း ထိုနေရာသို့သွား၍ ကျင့်စဉ်များကို အခမဲ့ ထုတ်ယူနိုင်ကြသည်။

ထို့အပြင် နှစ်စဉ် သင်ကြားပြသရေးအကြီးအကဲက သတ်မှတ်ပေးသော ပုဂ္ဂိုလ်များက တရားဟောကြားခြင်း များ ပြုလုပ်ပေးလေ့ရှိသည်။

တရားဟောမည့်သူမှာ ပါရမီရှင် ချင်ဟော့ချန် ကဲ့သို့သောသူများ ဖြစ်နိုင်သလို၊ ဟွမ်အကြီးအကဲ သို့မဟုတ် တောင်ထွတ်သခင် ကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည်။

ထိုသို့သော အခွင့်အရေးမျိုး ရလျှင် အခန်းအောင်း ကျင့်ကြံနေသူများပင် ထွက်လာ၍ နားထောင်ကြရသည်။

​"ကျင့်စဉ်ထုတ်တာကော တရားနာတာကောက ဘာအခကြေးငွေမှ ပေးစရာမလိုဘူး ဒါကြောင့်လည်း တစ်ကိုယ်တော် ကျင့်ကြံသူတွေက ဂိုဏ်းကြီးတွေထဲ ဝင်ချင်ကြတာပေါ့ သူတို့အတွက် ရဖို့ခက်ခဲတဲ့ အရာတွေက ဒီမှာတော့ အခြေခံပဲလေ"

ဖန့်ချန် စိတ်ထဲမှ ချီးကျူးမိသွားသည်။

ထို့နောက် သူက မေးလိုက်သည်

"ဟွမ်အကြီးအကဲ အတွင်းစည်းက မသေမျိုးတွေကော တာအိုတရားဟောလေ့ ရှိလား"

​ဟွမ်မင်ယန်က သူ့ကို ထူးဆန်းစွာ ကြည့်ကာ

"ဖြစ်နိုင်ပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၅၀၊ ၁၀၀ ဒါမှမဟုတ် ရာနဲ့ချီ စောင့်ရမှာပေါ့ မင်းကတော့ ဝမ်အထက်လူကြီးရဲ့ တပည့်ဆိုတော့ အဲ့လို စောင့်နေစရာ မလိုပါဘူး သိချင်တာရှိရင် ဆရာ့ဆီ တိုက်ရိုက်သွားမေးလို့ ရတာပဲလေ"

သူ၏ မျက်ဝန်းထဲတွင် အားကျရိပ်များ ယှက်သန်းသွားသည်။

​"ဝမ်အထက်လူကြီး ဟုတ်လား"

လန်ယာဝင်ချိုးကတော့ ကြောင်အမ်းအမ်း ဖြစ်နေဆဲ။

​ဟွမ်မင်ယန်က ရယ်မောလျက်

"မင်း မသိသေးဘူးလား ဖန့်ချန်က အခု အထက်လူကြီး ဝမ်ကျိလုံရဲ့ တပည့် ဖြစ်သွားပြီလေ"

​"ဟာ..."

လန်ယာဝင်ချိုးမှာ ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်မိသည်။

မသေမျိုး တစ်ပါးရဲ့ တိုက်ရိုက်တပည့် ဆိုပါလား ဒီလို အဆင့်အတန်းမျိုးက ဂိုဏ်းတစ်ခုလုံးမှာ ၁၀ ယောက်တောင် ပြည့်မှာ မဟုတ်ဘူး။

​"မင်းရဲ့ တိုက်ခိုက်ပုံကို ငါ အရင်က မြင်ဖူးတယ် မင်းရဲ့ ကျင့်စဉ်က အဲ့ဒီ ဓားသန္ဓေသား ဆီက လာတာ မဟုတ်လား ဒါပေမဲ့ ဓားသန္ဓေသားက ကောင်းတယ်ဆိုပေမဲ့ ငါတို့ရဲ့ ဟင်လင်းပြင်ဓားကျမ်း ကလည်း ကမ္ဘာပေါ်မှာ ထိပ်သီး ဓားလမ်းစဉ်ပဲ မင်းက အခု ရွှေအမြုတေအဆင့်ဆိုတော့ ရွှေအမြုတေ ကျမ်းစာကို သွားထုတ်လို့ ရပြီ"

ဟွမ်မင်ယန်က အကြံပေးသည်။

​ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

အကယ်၍ ဟွမ်အကြီးအကဲသာ သူ၏ ရှစ်မျက်နှာ အရပ်ဓားကျမ်း သည် အထက်ဘုံလောကမှ လာခြင်းဖြစ်ကြောင်း သိသွားလျှင် ထိုမျှ ယုံကြည်ချက် ရှိရှိ ပြောနိုင်မည် မဟုတ်ပေ။

​ဒါကို ကြည့်ခြင်းအားဖြင့် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းသည် ဓားကလေး ၏ နောက်ကြောင်းကို သေသေချာချာ မသိကြခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့်လည်း သူတို့က ဓားကလေးကို ပြန်သိမ်းရန် စိတ်မထက်သန်သော်လည်း ဓားသန္ဓေသားကို ခိုးယူသွားသော ပုဒုမသေမျိုး ကိုမူ အပူတပြင်း လိုက်လံ သတ်ဖြတ်နေခြင်း ဖြစ်ပေလိမ့်မည်။

​ဓားကလေး: "အဘိုးကြီး ဟင်လင်းပြင်ဓားကျမ်းက ငါ့ရဲ့ ရှစ်မျက်နှာအရပ် ဓားကျမ်းထက် ပိုတော်လို့လား"

မှန်လေး: "သိချင်လား အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၅၀၀ ပေး"

​ဓားကလေးက စိတ်တိုသွားသည်။

"မင်း ငါ့ကို ဓားပြတိုက်နေတာလား"

​မှန်ကြီးကတော့ အေးအေးဆေးဆေးပင်။

ဖန့်ချန်ကတော့ သူတို့နှစ်ဦး ရန်ဖြစ်နေသည်ကို မကြားချင်ယောင် ဆောင်နေလိုက်သည်။

​မကြာမီ သူတို့သည် သင်ကြားပြသရေးနန်းဆောင်သို့ ရောက်ရှိလာကြသည်။

ထိုနေရာတွင် ဓားကျင့်ကြံသူ အတော်များများ ဝင်ထွက်နေကြသည်။ သူတို့က ဖန့်ချန်ကို မြင်သည်နှင့်

​"အဲ့ဒါ ဖန့်စီနီယာ မဟုတ်လား တကယ်ကြီး ဖန့်စီနီယာပဲ အားလုံး လာကြည့်ကြဦးဟေ့"

"....."

​ကျင့်စဉ်အခြေခံအဆင့် တပည့်လေးတစ်ဦးက အော်ဟစ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ တပည့်များမှာ ဖန့်ချန်ကို ဝိုင်းအုံလာကြတော့သည်။

ဖန့်ချန်မှာ သူသည် ထိုမျှ လူကြိုက်များနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

​တပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းများ တရစပ် မေးကြသည်။

​နတ်ဘုရားနန်းတော်မှာ အရူးလို ဖြစ်ခဲ့တဲ့အကြောင်း...

​နတ်မျိုးစေ့တွေကို သတ်ရတာ အရသာ ရှိ၊ မရှိ...

​နတ်သမီးယွီ နဲ့ ကျင်ယွဲ့ဟန် တို့နဲ့ သူနဲ့ ဘယ်လို ပတ်သက်သလဲ...

​လန်ယာဝင်ချိုး နဲ့ သူနဲ့က ဘာတွေလဲ...

​"အားလုံး ကိုယ့်နေရာကိုယ် ပြန်ကြတော့ ဖန့်ချန်က ကျင့်စဉ်လာထုတ်တာ သူ့အချိန်ကို မဖြုန်းကြနဲ့"

ဟွမ်မင်ယန်က ခန့်ညားစွာ အော်ဟစ်လိုက်မှသာ တပည့်များမှာ မချင့်မရဲဖြင့် လူစုခွဲသွားကြတော့သည်။

​"ဖန့်စီနီယာ ကျွန်မတို့ ဂိုဏ်းသားတွေက ဒီလိုပဲ ပွင့်လင်းကြတာ စိတ်ထဲ မထားပါနဲ့"

လန်ယာဝင်ချိုးက အားနာစွာ ဆိုသည်။

ဖန့်ချန်သည် တိတ်ဆိတ်မှုကို နှစ်သက်သူမှန်း သူမ သိနေသည် မဟုတ်ပါလား။

​"ရပါတယ်... ရပါတယ်..."

ဖန့်ချန်က ပြုံးလျက် ခေါင်းခါလိုက်သည်။

​သူတို့ သုံးဦး နန်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ကုန်းကုန်းလေး ဖြစ်နေသော အဘိုးအိုတစ်ဦး လက်ကို နောက်ပစ်ကာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ဟွမ်မင်ယန်သည် ထိုအဘိုးအိုကို မြင်သည်နှင့် ရိုသေစွာ ဂါရဝပြုလိုက်၏။

​"မင်ယန် က ကျိုး သင်ကြားပြသရေးအကြီးအကဲကို ဂါရဝပြုပါတယ်"

​​အခန်း ၆၆၂ - စိမ်းမြမြ နတ်ဆိုးမီးလျှံ

​"အင်း..."

​ကုန်းကုန်းအဘိုးအို ကျိုးသင်ကြားပြသရေးအကြီးအကဲ က ခေါင်းကို အသာအယာညိတ်ကာ အေးစက်စက် လေသံဖြင့်

"မင်း ဒီနေ့ ဘာကိစ္စရှိလို့ လာတာလဲ"

ဟု မေးလိုက်သည်။

​ဟွမ်မင်ယန်က ဖန့်ချန်သည် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းသို့ အသစ်ဝင်ရောက်လာသူ ဖြစ်ကြောင်းနှင့် အထက်လူကြီး ဝမ်ကျိလုံက တပည့်အဖြစ် လက်ခံထားကြောင်းကို အပြေးအလွှား ရှင်းပြလိုက်၏။

​ကျိုးအကြီးအကဲသည် အလွန်တည်ငြိမ်နေပြီး စကားကို နားထောင်ပြီးနောက် ဖန့်ချန်ကို ကြည့်ကာ

"မင်းက ရွှေအမြုတေ အလယ်အလတ်အဆင့်လား"

​"ဟုတ်ပါတယ်"

ဖန့်ချန်က ဖြေလိုက်သည်။

​"မင်းရဲ့ ရွှေအမြုတေကို ထုတ်ပြစမ်း"

ကျိုးအကြီးအကဲက အမိန့်ပေးလိုက်၏။

​ဟွမ်မင်ယန်နှင့် လန်ယာဝင်ချိုးတို့မှာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။

ဖန့်ချန်၏ ရွှေအမြုတေမှာ မည်သို့သော အမျိုးအစား ဖြစ်မည်ကို သူတို့လည်း အလွန်သိချင်နေကြသည် မဟုတ်ပါလား။

​"မှန်လေး... သူတို့က ငါ့ရဲ့ ဓားအမြုတေ ကို မှတ်မိနိုင်မလား"

​"ဘယ်လိုမှ မမှတ်မိနိုင်ဘူး အနည်းဆုံးတော့ အခုရှေ့က လူကတော့ မမှတ်မိနိုင်ဘူး"

​မှန်လေး ထံမှ စိတ်ချရသော အဖြေကို ရသည်နှင့် ဖန့်ချန်သည် စိုးရိမ်မှုမရှိဘဲ စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ဖြူလွလွ အလင်းတန်းများ ဝန်းရံထားသော ရွှေအမြုတေတစ်ခုမှာ အားလုံး၏ ရှေ့မှောက်သို့ ပေါ်ထွက်လာတော့သည်။

​"အဖြူရောင်ကြီးလား"

​ဟွမ်မင်ယန်နှင့် လန်ယာဝင်ချိုးတို့မှာ ကြောင်အမ်းသွားကြပြီးနောက် မျက်နှာပျက်သွားကြသည်။

​ဒါက အဖြူရောင်အမြုတေ မဟုတ်ပါလား

​ပုံမှန်အားဖြင့် ထိုကဲ့သို့သော ရွှေအမြုတေမျိုးမှာ အခြေခံအုတ်မြစ် အလွန်ညံ့ဖျင်းသော တစ်ကိုယ်တော်ကျင့်ကြံသူများ၌သာ တွေ့ရလေ့ရှိသည်။

အဖြူရောင်အမြုတေကို ဖော်ဆောင်မိပါက နောင်တစ်ချိန်တွင် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်မည့် လမ်းစမှာ လုံးဝ ပြတ်တောက်သွားပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အဆင့်တက်နိုင်ခဲ့လျှင်ပင် အလွန်အားနည်းသော ဝိညာဉ်သန္ဓေသားအဆင့်သာ ဖြစ်လာမည်ဖြစ်ရာ ရှေ့ရေးမှာ အမှောင်အတိ ကျနေပြီဟု ဆိုနိုင်သည်။

​"ဘာလို့လဲ... ဖန့်စီနီယာရဲ့ ရွှေအမြုတေက ဘာလို့ အဖြူရောင် ဖြစ်နေရတာလဲ... ဒါက လုံးဝ မဖြစ်နိုင်ဘူးလေ..."

လန်ယာဝင်ချိုး၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။

​"ဖန့်ချန် မင်း တစ်ခုခုနဲ့ ဖုံးကွယ်ထားတာ မဟုတ်လား မြန်မြန် ဖယ်လိုက်စမ်းပါ"

ဟွမ်မင်ယန်က အတင်းအဓမ္မ ပြုံးလျက် ပြောရှာသည်။

​"ဘာမှ ဖုံးကွယ်မထားပါဘူး"

ဖန့်ချန်က ခေါင်းကို အသာအယာခါယမ်းကာ နားမလည်ဟန်ဖြင့်

"ကျွန်တော့် ရွှေအမြုတေမှာ ပြဿနာ ရှိလို့လား"

​"ပြဿနာ... ရှိတာမှ အကြီးအကျယ်ပဲ"

​ကျိုးအကြီးအကဲ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဟွမ်မင်ယန်ကို လှည့်ကြည့်ကာ

"သူက ဝမ်အထက်လူကြီးရဲ့ တပည့်ဆိုတာ မင်း သေချာလား"

​"သေချာပါတယ်ဗျ..."

ဟွမ်မင်ယန်က စိတ်ပျက်လက်ပျက်ဖြင့် ဖြေလိုက်ရသည်။

​"ဝမ်အထက်လူကြီးက တပည့်မခေါ်ခင် ဘာလို့ သေသေချာချာ မစစ်ဆေးတာလဲ အဖြူရောင်အမြုတေတဲ့ အခြေခံ ဘယ်လောက်တောင် ညံ့ဖျင်းလို့ ဒီလို အမြုတေမျိုး ဖြစ်ရတာလဲ"

"ဒီလို ပါရမီမျိုးက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းထဲ ဝင်ဖို့တောင် မထိုက်တန်ဘူး ဟင်လင်းပြင်ဓားကျမ်းကို ကျင့်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်"

​ကျိုးအကြီးအကဲက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းကာ

"တခြားကိစ္စတွေကို ငါမသိဘူး ဒါပေမဲ့ သင်ကြားပြသရေးက ငါ့တာဝန်ပဲ ဒီနေ့ ငါ ကျင့်စဉ် မပေးနိုင်ဘူး သူ့ကို ခေါ်သွားတော့"

​"ဒါပေမဲ့ သူက ဝမ်အထက်လူကြီး လက်ခံထားတဲ့ တပည့်လေ..."

ဟွမ်မင်ယန်က အလောတကြီး ဝင်ပြောသည်။

​"ဝမ်အထက်လူကြီး ဖြစ်တော့ ဘာဖြစ်လဲ သူ တကယ် ကျင့်စေချင်ရင် သူ့ဘာသာသူ သင်ပေးခိုင်းလိုက် ငါ့နယ်မြေမှာတော့ တပည့်တစ်ယောက်ဟာ ဂိုဏ်းရဲ့ ကျင့်စဉ်ကို ကျင့်ဖို့ ထိုက်တန်၊ မထိုက်တန် ဆုံးဖြတ်ရမှာက ငါ့တာဝန်ပဲ"

​ကျိုးအကြီးအကဲက ဖန့်ချန်ကို အထင်အမြင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ

"အနည်းဆုံးတော့ အခုအချိန်မှာ သူက ငါ့မျက်လုံးထဲမှာ မထိုက်တန်ဘူး"

​ပြောပြီးသည်နှင့် သူသည် နောက်လှည့်ကာ ထွက်သွားတော့ရာ ဟွမ်မင်ယန်မှာ ဆက်ပြောရန် အခွင့်အရေးပင် မရလိုက်ပေ။

​ဤမြင်ကွင်းကို ကျစ်ဓားတောင်ထွတ်မှ တပည့်များစွာ မြင်တွေ့သွားကြပြီး လူတိုင်း၏ မျက်နှာမှာ ထူးဆန်းကာ နားမလည်နိုင်သလို ဖြစ်နေကြသည်။

သူတို့သည် ဖန့်ချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်ဖူးကြသည် မဟုတ်ပါလား။

အကယ်၍ အခြေခံညံ့လျှင် ထိုမျှ ပြင်းထန်သော စွမ်းအားမျိုး ဘယ်မှာ ရှိပါ့မလဲ။

သို့သော် အဖြူရောင်အမြုတေ ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း ရွှေအမြုတေအဆင့် တက်လှမ်းစဉ်က တစ်ခုခု မှားယွင်းသွားခြင်းများလား

​လူအများက ထိုအချက်မှာ အမှန်တရားနှင့် အနီးစပ်ဆုံးဟု ယူဆလိုက်ကြပြီး ဖန့်ချန်ကို နှမြောတသသော အကြည့်များဖြင့် ကြည့်ကြတော့သည်။

အဖြူရောင်အမြုတေနှင့်ဆိုလျှင် ရှေ့ရေးကတော့ ရင်လေးစရာပင်...။

​"ဖန့်စီနီယာ တစ်ခုခုတော့ မှားနေပြီ စီနီယာ့ရဲ့ အမြုတေက ဒီလို မဖြစ်နိုင်ဘူး ကျွန်မတို့ တောင်ထွတ်သခင်ဆီ သွားမေးကြရအောင်တောင်ထွတ်သခင်က အကြောင်းရင်းကို သိနိုင်တယ်"

လန်ယာဝင်ချိုးက တိုးတိုးလေး ပြောသည်။

​ဟွမ်မင်ယန်ကလည်း ခေါင်းညိတ်ကာ

"တောင်ထွတ်သခင်ဆီ သွားမေးတာ ပိုကောင်းမယ် ငါလည်း ဖန့်ချန်ရဲ့ ရွှေအမြုတေက တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရတယ်"

​ဖန့်ချန်ကတော့ ဟင်လင်းပြင်ဓားကျမ်းကို မလေ့လာလိုက်ရသဖြင့် အနည်းငယ် နှမြောသော်လည်း သူ၏ ရွှေအမြုတေမှာ အထင်လွဲခံရမည်ကို ကြိုတင် သိရှိထားပြီးသား ဖြစ်သည်။

သူ ရှင်းမပြချင်သလို၊ ထိုသတင်းမှာ သွေးဝိညာဉ်ဂိုဏ်း၏ နားထဲသို့ ရောက်သွားလျှင် ပို၍ပင် ကောင်းသေးသည်ဟု တွက်ဆထားသည်။

​"တကယ်တော့ ကျွန်တော် ရွှေအမြုတေအဆင့်ကို တက်တုန်းက တစ်ခုခု မှားယွင်းသွားခဲ့တာ အမှန်ပဲ"

ဖန့်ချန်က ဟန်ဆောင်ကာ သက်ပြင်းချလိုက်သည်။

​ဟွမ်မင်ယန်နှင့် လန်ယာဝင်ချိုးတို့မှာ ဆွံ့အသွားကြပြီး ဘေးမှ တပည့်များမှာလည်း

"ငါတို့ ထင်တဲ့အတိုင်းပါပဲလား"

ဆိုကာ ခေါင်းခါယမ်းလိုက်ကြသည်။

​ဟွမ်မင်ယန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန်ကို နှစ်သိမ့်ရှာသည်။

"မင်း အများကြီး စိတ်ပူမနေပါနဲ့ အဖြူရောင်အမြုတေဆိုပေမဲ့ ဒါလည်း ရွှေအမြုတေပါပဲ မင်းရဲ့ နောင်အနာဂတ် လမ်းစဉ်ပေါ်မှာ သက်ရောက်မှု ရှိနိုင်ပေမဲ့ ကျင့်ကြံခြင်းဆိုတာကလည်း ဒီလိုပါပဲ၊ ဘာမှ ကြိုပြောလို့ မရဘူးလေ"

​"ဟုတ်ပါတယ် အဖြူရောင်အမြုတေ ဖြစ်တော့ ဘာဖြစ်လဲ ဆေးလုံးတွေ အများကြီး ပိုစားမယ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပိုသုံးမယ်ပေါ့"

လန်ယာဝင်ချိုးကလည်း အားပေးလိုက်သည်။

​"စိတ်မပူကြပါနဲ့ ဒါက ကျွန်တော့်ရဲ့ စိတ်အခြေအနေကို မထိခိုက်စေပါဘူး တခြားကိစ္စမရှိရင် ကျွန်တော် ဂူကျောင်းကို ပြန်ပြီး အခန်းအောင်း ကျင့်ကြံတော့မယ်"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

​သူ၏ စိတ်အခြေအနေမှာ ထိခိုက်မှု မရှိသည်ကို မြင်မှသာ သူတို့နှစ်ဦး စိတ်သက်သာရာ ရသွားတော့သည်။

ကျင့်ကြံသူတစ်ဦးအတွက် စိတ်ဓာတ်ကျဆင်းသွားလျှင် ပါရမီ မည်မျှပင် ကောင်းစေကာမူ အောင်မြင်မှု ရရန် ခက်ခဲလှသည် မဟုတ်ပါလား။

အထူးသဖြင့် ဓားလမ်းစဉ်တွင် စိတ်အခြေအနေမှာ အလွန် အရေးကြီးလှသည်။

​ဖန့်ချန်သည် သူ၏ ဂူကျောင်းသို့ ပြန်ရောက်သောအခါ အထဲရှိ အပြင်အဆင်များကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ထိုဂူကျောင်းမှာ ယခင်က ဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်ရာ အပြင်ဘက်မှ မက်မွန်ပင်များမှလွဲ၍ နတ်သမီးယွီ ချန်ထားရစ်ခဲ့သော အငွေ့အသက်များစွာ မကျန်တော့ပေ။

​ဖန့်ချန်သည် အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၅၀၀ ကို ကျောက်စိမ်းလုံး ထဲသို့ ထည့်ကာ နောက်တစ်ကြိမ် တာအိုသုံးထောင်နယ်မြေ သို့ ဝင်ရောက်လိုက်သည်။

​သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် သူ၏ ရှေ့မှောက်တွင် စိမ်းမြမြ နတ်ဆိုးမီးလျှံတစ်ခု တောက်လောင်လာသည်။

၎င်းမှာ အဝါရောင်အဆင့် အခြေခံကျမ်း ထဲမှ ဆေးဖော်စပ်သည့် မီးလျှံဖြစ်ပြီး စိမ်းမြမြ နတ်ဆိုးမီးလျှံ ဟု ခေါ်သည်။

​သူသည် ဝယ်ယူလာသော ဆေးပစ္စည်းများကို အစီအစဉ်အလိုက်၊ ပမာဏအလိုက် မီးလျှံထဲသို့ တစ်ခုချင်း ထည့်လိုက်သည်။

ဆေးပစ္စည်းများမှာ မီးနှင့်တွေ့သည်နှင့် အရည်ပျော်သွားကြပြီး ပစ္စည်းပေါင်း ၁၀၀ ကျော်ကို အကုန်ထည့်ပြီးသောအခါ နီကျင်ကျင် အရည်များမှာ နတ်ဆိုးမီးလျှံထဲတွင် တဗွက်ဗွက် ဆူပွက်နေတော့သည်။

​မဟာကောင်းကင်အရှင်သခင် ဆေးပညာ သည် မီးအပူရှိန်ကို ထိန်းညှိရန် စိုးရိမ်စရာ မလိုပေ။

ထို့ကြောင့် ဖန့်ချန်သည် မီးလျှံကို မပြတ်တောက်အောင် ထိန်းထားရုံသာ လိုအပ်သည်။

၄၉ ရက် ပြည့်သောအခါ ဆေးလုံးမှာ အလိုအလျောက် ဖြစ်တည်လာမည် ဖြစ်သည်။

​ကြည့်ရသည်မှာ လွယ်ကူသော်လည်း အခက်ခဲဆုံး အဆင့်မှာ ဆေးမီးလျှံကို ဖော်ဆောင်ရန် ဖြစ်သည်။

သို့သော် ရှေးဦးနတ်ဘုရားမျက်လုံး ရှိသော ဖန့်ချန်အတွက်မူ ထိုအရာမှာ အလွန် လွယ်ကူလှသည်။

​စိမ်းမြမြ နတ်ဆိုးမီးလျှံသည် ဝိညာဉ်သန္ဓေသားအဆင့် နည်းပညာဖြစ်သော်လည်း ဖန့်ချန်တွင် နတ်ဘုရားမျက်လုံး ရှိသည့်အပြင် သူ၏ ဝိညာဉ်စွမ်းအားမှာလည်း အလွန် ထူထပ်လှသဖြင့် ကုန်ဆုံးသွားလျှင် ချက်ချင်း ပြန်လည် ပြည့်ဖြိုးနိုင်သည်။

ထို့ကြောင့်သာ ရှောင်ယွီလင်းဆေးလုံး ကို ဖော်စပ်ရန် အခြေအနေ ရရှိခြင်း ဖြစ်သည်။

​အချိန်တစ်ရက် ကုန်ဆုံးသွားသည်။

ငြိမ်သက်စွာ ထိုင်ရင်း မီးလျှံကို ထိန်းထားရုံဖြင့် သူ၏ ဝိညာဉ်စွမ်းအားများ အားလုံး ကုန်ဆုံးသွားခဲ့သည်။

သို့သော် စွမ်းအားများမှာ ချက်ချင်း ပြန်လည် ပြည့်ဖြိုးလာရာ ထိုခဏတာ စွမ်းအား ပြတ်တောက်မှုမှာ ဆေးဖော်စပ်ခြင်းကို ထိခိုက်မှု မရှိပေ။

​အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာရာ ၄၉ ရက်မြောက်သောနေ့သို့ ရောက်ရှိလာသည်။

နီကျင်ကျင် ဆေးရည်များမှာ ဆူပွက်လာပြီးနောက် မျက်စိရှေ့တင်ပဲ နဂါးမျက်မှန် အရွယ်အစားရှိ ဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။

​ဖန့်ချန်သည် မီးလျှံကို ရုပ်သိမ်းကာ ဆေးလုံးကို ဖမ်းယူလိုက်သည်။

၎င်းမှာ ယွီလင်းဆေးလုံးနှင့် မတူညီသော အငွေ့အသက် ရှိသော်လည်း အာနိသင်မှာ ဆင်တူလှသည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ၏ ကျင့်ကြံမှုကို ၅ နှစ်စာ တိုးတက်စေနိုင်ပြီး ရွှေအမြုတေအဆင့်က သုံးစွဲမည်ဆိုလျှင် ဆေးအာနိသင်အားလုံးကို မစုပ်ယူနိုင်ပါကပင် အာနိသင်မှာ စစ်မှန်သော ယွီလင်းဆေးလုံးထက် မနိမ့်ကျပေ။

​ရက်ပေါင်း ၅၀ နီးပါး ဆေးဖော်စပ်ရင်း သူ၏ ဝိညာဉ်စွမ်းအားများ အကြိမ်ကြိမ် ကုန်ဆုံးပြီး ပြန်ပြည့်လာခြင်းမှာ ဖန့်ချန်အတွက် ကျင့်ကြံခြင်း တစ်မျိုးပင် ဖြစ်သည်။

ထိုတာအိုသုံးထောင်နယ်မြေထဲတွင် ၁၀ နှစ်အတွင်း နောက်ထပ် တစ်ဆင့် ထပ်တက်နိုင်မလားဆိုသည်ကို သူ အလွန် သိချင်နေတော့သည်။

​သို့သော်... ကျန်ရှိနေသော ဆေးပစ္စည်းအားလုံးကို ရှောင်ယွီလင်းဆေးလုံးများအဖြစ် ဖော်စပ်ရန်အတွက် စုစုပေါင်း ၁၄ နှစ်ခန့် ကြာမြင့်မည် ဖြစ်ရာ ထိုတစ်ကြိမ် ဝင်ရောက်မှု၏ အချိန်ထက်ဝက်ခန့်ကို ဆေးဖော်စပ်ရင်း ကုန်ဆုံးရတော့မည် ဖြစ်သည်။

All Chapters