← Chapters

အခန်း (၆၆၃-၆၆၄)

Vol. 67 Ch. 663-664

အခန်း (၆၆၃-၆၆၄)

Vol. 67 Ch. 663-664

​အခန်း ၆၆၃ - ရွှေအမြုတေ အဆင့်နှောင်းပိုင်း

​ဆေးဖော်စပ်ခြင်းသည် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အလုပ်တစ်ခုဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဖန့်ချန်သည် ထိုပျင်းရိမှုကို သည်းခံနိုင်စွမ်း အလွန်မြင့်မားလှသည်။

အချိန်များ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာရာ မျက်စိတစ်မှိတ်အတွင်း ၁၀ နှစ် ပြည့်သွားခဲ့လေပြီ။

​ဖန့်ချန်သည် အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၅၀၀ ကို ထပ်မံထုတ်ယူကာ နောက်ထပ် ၁၀ နှစ်စာ အချိန်ကို ဝယ်ယူလိုက်သည်။

​အချိန် ၄ နှစ် ထပ်မံကုန်ဆုံးသွားပြီးနောက် နောက်ဆုံး ရှောင်ယွီလင်းဆေးလုံး လေးမှာ ဖန့်ချန်၏ လက်ထဲသို့ ကျရောက်လာသည်။

ယခုတစ်ခေါက် ဝယ်ယူခဲ့သော ဆေးပစ္စည်းများမှာ အားလုံး ကုန်သလောက် ဖြစ်သွားခဲ့ပြီဖြစ်သည်။

​၁၄ နှစ်တာ ကာလအတွင်း ဖန့်ချန်၏ သိုလှောင်လက်စွပ်ထဲတွင် ရှောင်ယွီလင်းဆေးလုံး အလုံး ၁၀၀ တိတိ ရရှိခဲ့သည်။

​သို့သော် သူ၏ ရလဒ်မှာ ထိုမျှတင် မကပေ။

​၁၄ နှစ်ပတ်လုံး ဝိညာဉ်စွမ်းအားများ အကြိမ်ကြိမ် ကုန်ဆုံးလိုက်၊ ပြန်ပြည့်လာလိုက် ဖြစ်နေခဲ့သဖြင့် တစ်ကြိမ်လျှင် အနည်းငယ်စီ တိုးပွားလာရာ သူ၏ ဝိညာဉ်စွမ်းအား ပမာဏမှာ အားလုံးပေါင်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ တိုးပွားလာခဲ့သည်။

ပြီးခဲ့သည့် လမှစ၍ ထိုတိုးပွားမှုမှာ ရပ်တန့်သွားရာ ၎င်းမှာ သူသည် ပုလင်းဝ အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြသနေခြင်းပင်။

​"အဆင့်တက်ဖို့ဆိုရင်တော့ အလယ်လတ်စား ဝိညာဉ်ကျောက်တုံးတွေက ပိုကောင်းတယ်၊ ရှောင်ယွီလင်းဆေးလုံးတွေကတော့ အဆင့်တက်ဖို့အတွက် သိပ်ပြီး အထောက်အကူ မပြုဘူးပဲ"

​ဖန့်ချန်သည် အလယလတ်စား ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်ယူကာ လက်တစ်ဖက်စီတွင် ဆုပ်ကိုင်လျက် အဆင့်တက်ရန် စတင် ကြိုးစားတော့သည်။

​ရွှေအမြုတေ အလယ်အလတ်အဆင့်မှ အဆင့်မြင့်ပိုင်းသို့ တက်လှမ်းရန် ခက်ခဲမှုမှာ အစောပိုင်းအဆင့်မှ အလယ်အလတ်သို့ တက်စဉ်ကထက် အဆပေါင်းများစွာ ပို၍ ခက်ခဲလှသည်။

အလယ်လတ်စား ဝိညာဉ်ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး ကုန်ဆုံးသွားသော်လည်း ဖန့်ချန်၏ ဝိညာဉ်စွမ်းအား တိုးပွားမှုမှာ အလွန် နှေးကွေးနေဆဲပင်။

​တစ်ကြိမ်လျှင် အနည်းငယ်မျှသာ အားစိုက်၍ တိုးပွားနေရခြင်း ဖြစ်သည်။

​မျက်စိတစ်မှိတ်အတွင်း ၅ နှစ် ကုန်ဆုံးသွားပြန်သည်။

ထိုအတောအတွင်း ဖန့်ချန်သည် အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၉၀ ကျော်အထိ သုံးစွဲခဲ့ရသည်။

ကျောက်တုံး အလုံး ၁၀၀ ကျော်သွားတော့မည်ဟု သူ ထင်နေစဉ်မှာပင် သူ၏ ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားများမှာ ပုလင်းဝကို အောင်မြင်စွာ ထိုးဖောက်သွားပြီး လှိုင်းလုံးကြီးများသဖွယ် ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားတော့သည်။

​သူ၏ ဓားအမြုတေ မှာလည်း အဆင့်တက်ပြီးနောက် တစ်ဆစ်ချိုး ပို၍ ကြီးမားလာခဲ့သည်။

​ယခင်က အဆင့်တက်ဖူးသည့် အတွေ့အကြုံ ရှိသဖြင့် ဖန့်ချန်သည် အလွန်တည်ငြိမ်နေပြီး ထိုအဆင့်တက်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ အေးအေးဆေးဆေး စောင့်ဆိုင်းနေလိုက်သည်။

​ရက်သတ္တပတ် တစ်ပတ်ခန့်အကြာတွင် ဝိညာဉ်စွမ်းအားများမှာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။

ယခုအခါ သူ၏ ဝိညာဉ်စွမ်းအား ပမာဏမှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍ မြင့်မားလာခဲ့ပြီ ဖြစ်သည်။

​"ရွှေအမြုတေ အဆင့်နှောင်းပိုင်းရောက်ပြီပဲ ရှောင်ယွီလင်းဆေးလုံး အလုံး ၁၀၀ က ငါ့ကို ရွှေအမြုတေ အထွတ်ထိပ် အဆင့်အထိ တွန်းပို့ပေးနိုင်မလားတော့ မသိဘူး"

​ဖန့်ချန်၏ မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

သူသည် ဆေးလုံးများကို ချက်ချင်း မသုံးစွဲသေးဘဲ ကျန်ရှိနေသော အချိန်များကို သုံး၍ လက်ရှိအဆင့်ကို ခိုင်မာအောင် အရင်လုပ်လိုက်သည်။

​ဒုတိယမြောက် ၁၀ နှစ်တာ ကာလမှာ ကုန်ဆုံးသွားခဲ့ပြီ။

​ဖန့်ချန်သည် သူ၏ နောက်ဆုံးလက်ကျန် အလယ်လတ်စား ဝိညာဉ်ကျောက်တုံး ၅၀၀ ကို ထုတ်ယူကာ တတိယမြောက် ၁၀ နှစ်တာ ကာလကို ဝယ်ယူလိုက်ပြန်သည်။

​ထိုတစ်ကြိမ်ပြီးနောက်တွင် သူ၏ သိုလှောင်လက်စွပ်ထဲရှိ အလယ်လတ်စား ဝိညာဉ်ကျောက်တုံး လက်ကျန်မှာ ဂဏန်းတစ်လုံးတည်း သို့ ကျဆင်းသွားတော့သည်။

​ရှောင်ယွီလင်းဆေးလုံး တစ်လုံးကို ဝါးမြိုလိုက်သည်နှင့် ဆေးအာနိသင်မှာ ဝိညာဉ်စွမ်းအား အဟုန်အဖြစ် ပြောင်းလဲသွားပြီး ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ စီးဆင်းတော့သည်။

သွေးလေနှင့် ဝိညာဉ်စွမ်းအားများမှာ တဗွက်ဗွက် ဆူပွက်လာခဲ့ရာ ဤလုပ်ငန်းစဉ်မှာ တစ်လခန့် ကြာမြင့်ခဲ့သည်။

​ဖန့်ချန်သည် သူ၏ ကိုယ်တွင်းအခြေအနေကို ငြိမ်သက်စွာ ခံစားကြည့်ရာ ဝိညာဉ်စွမ်းအားမှာ အနည်းငယ် တိုးပွားလာခဲ့သည်။

ထိုတိုးပွားမှုမှာ သူသည် သာမန်အတိုင်း ဝိညာဉ်စွမ်းအားများကို အကြိမ်ကြိမ် အကုန်အကျခံကာ ၆ လခန့် ကျင့်ကြံမှ ရနိုင်မည့် ပမာဏမျိုး ဖြစ်သည်။

​"အင်း... ယွီလင်းဆေးလုံး အစစ်နဲ့ ယှဉ်ရင်တော့ အာနိသင်က အတော်လေး ကွာတာပဲ ဒါပေမဲ့ ကိုယ့်ဘာသာ ကျင့်နေတာထက်စာရင်တော့ အများကြီး ပိုမြန်ပါတယ်"

​ရှောင်ယွီလင်းဆေးလုံး၏ အာနိသင်ကို အတည်ပြုပြီးနောက် ဖန့်ချန်သည် စိတ်အေးလက်အေးဖြင့် ဆက်လက် ကျင့်ကြံတော့သည်။

​အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဆေးလုံးများမှာလည်း တစ်လုံးပြီးတစ်လုံး လျော့နည်းလာခဲ့သည်။

နောက်ဆုံးဆေးလုံးကို သုံးစွဲပြီးသောအခါ ဖန့်ချန်၏ ဝိညာဉ်စွမ်းအားမှာ အဆင့်တက်ခါစကထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။

​"အထွတ်အထိပ်ကို မရောက်သေးပေမဲ့ သိပ်တော့ မလိုတော့ဘူး အချိန် အနည်းငယ်လောက်ပဲ ထပ်လိုတော့တယ်"

​ဖန့်ချန်သည် ထိုရလဒ်ကို ကျေနပ်မိသည်။

နောက်တစ်ကြိမ် တာအိုသုံးထောင်နယ်မြေ သို့ ဝင်ရောက်လျှင် ရွှေအမြုတေ အထွတ်ထိပ်အဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်ပေလိမ့်မည်။

​အချိန်ပြည့်သွားသည်နှင့် သူသည် တာအိုသုံးထောင်နယ်မြေမှ အလိုအလျောက် ထွက်လာပြီး ဂူကျောင်းသို့ ပြန်ရောက်လာသည်။

သူသည် နယ်မြေထဲတွင် နှစ်ပေါင်း ၃၀ ခန့် နေထိုင်ခဲ့သော်လည်း ပြင်ပလောကတွင်မူ ၃ ရက်ခန့်သာ ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

​ဖန့်ချန်သည် တစ်ခုခုကို သတိပြုမိသွားကာ ရေတံတိုင်းတစ်ခုကို ဖန်တီး၍ သူ၏ ပုံရိပ်ကို ကြည့်လိုက်သည်။

​၃ ရက်အတွင်းမှာတင် သူသည် ၅ နှစ်၊ ၆ နှစ်ခန့် ရုတ်တရက် အိုမင်းသွားသကဲ့သို့ ဖြစ်နေပြီး ယခင်ကထက် ပို၍ ရင့်ကျက်တည်ငြိမ်သော ပုံစံမျိုး ပေါက်နေသည်။

​"အိုရမယ့် အချိန်လည်း ရောက်ပါပြီလေ..."

ဖန့်ချန်က ခါးသက်စွာ ပြုံးလိုက်သည်။

​တာအိုသုံးထောင်နယ်မြေထဲမှာတင် သူသည် စုစုပေါင်း နှစ်ပေါင်း ၆၀ ခန့် နေထိုင်ခဲ့ပြီး ဖြစ်ရာ သူ၏ အသက်မှာ အခုဆိုလျှင် ၁၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ ပုံမှန်အားဖြင့် နှစ်ပေါင်း ၂၀၀ သာ ရှိရာ သူသည် သူ၏ ဘဝသက်တမ်း တစ်ဝက်ကို ကုန်ဆုံးခဲ့ပြီဟု ဆိုရပေမည်။

ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်မှသာ သက်တမ်း နောက်ထပ် ၂၀၀ ထပ်တိုးမည် ဖြစ်သည်။

​ခဏမျှ စဉ်းစားပြီးနောက် ဖန့်ချန်သည် ဂူကျောင်းမှ ထွက်လာခဲ့သည်။

လမ်းတွင် ကျစ်ဓားတောင်ထွတ် တပည့်တစ်ဦးနှင့် ဆုံရာ ကျင်ယွဲ့ဟန်ကို အကျဉ်းချထားသည့် နေရာကို မေးမြန်း၍ ထိုဘက်သို့ ထွက်လာခဲ့သည်။

​ကျင်ယွဲ့ဟန်ကို ကျစ်ဓားတောင်ထွတ်၏ တောင်ခြေရှိ နှင်းခဲဂူ တွင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ထိုတပည့်သည် နှင်းခဲဂူအကြောင်း ပြောစဉ်က မျက်နှာတွင် ကြောက်ရွံ့ရိပ်များ ရှိနေခဲ့ရာ ဓားကျင့်ကြံသူတစ်ဦးကိုပင် ကြောက်လန့်စေနိုင်သော ထိုနေရာသည် မည်မျှ ဆိုးရွားလိမ့်မည်ကို ခန့်မှန်းနိုင်ပေသည်။

​ဦးတည်ရာသို့ နီးကပ်လာလေလေ ပတ်ဝန်းကျင် လေထုမှာ ပို၍ အေးစက်လာလေလေ ဖြစ်ပြီး မြေပြင်ပေါ်တွင်လည်း နှင်းခဲများ စတင် မြင်တွေ့လာရသည်။

​နောက်ဆုံးတွင် သူသည် ဆီးနှင်းများ ဖုံးလွှမ်းနေသော ဂူတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုစဉ် ကင်းလှည့်နေသော ကျင့်ကြံသူတစ်စုနှင့် ဆုံရာ သူတို့သည် ဖန့်ချန်ကို မြင်သည်နှင့် အနားသို့ လျှောက်လာကြသည်။

​"ဖန့်ဂျူနီယာ မဟုတ်လား"

​ခေါင်းဆောင်ဖြစ်သူမှာ ဝိညာဉ်သန္ဓေသားအဆင့် ဖြစ်ပြီး ဖန့်ချန်ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​"စီနီယာ့ကို ဘယ်လို ခေါ်ရမလဲဗျ"

ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

​"ငါ့မျိုးရိုးက ကျင် ပါ"

ခေါင်းဆောင်ဖြစ်သူက တည်ငြိမ်စွာ ဆိုသည်

"ဖန့်ဂျူနီယာ ဒီကို ဘာကိစ္စနဲ့ လာတာလဲ နှင်းခဲဂူထဲမှာ ချုပ်နှောင်ခံထားရသူတွေက ပြစ်မှုကြီးသူတွေပဲ ကိစ္စမရှိရင် ဒီနေရာကို မချဉ်းကပ်တာ အကောင်းဆုံးပဲ"

​"စီနီယာ ကျင်ယွဲ့ဟန် ဒီထဲမှာ ရှိတယ်လို့ ကြားလို့ပါ ကျွန်တော် ဝင်တွေ့လို့ ရမလား"

ဟု ဖန့်ချန်က မေးလိုက်သည်။

​လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်ကာ

"နှင်းခဲဂူကို လာတွေ့တာနဲ့ ပတ်သက်ပြီး ဂိုဏ်းမှာ တားမြစ်ချက် မရှိပေမဲ့... ဒီထဲက အအေးဓာတ်က မတော်တဆ ကိုယ်ထဲဝင်သွားရင် အခြေခံအုတ်မြစ်ကို ထိခိုက်နိုင်တယ် ဖန့်ဂျူနီယာ ပြန်သွားတာက ပိုကောင်းပါလိမ့်မယ်"

​တားမြစ်ချက် မရှိဘူးလား

​ဖန့်ချန်က ပြုံးလျက် ဂါရဝပြုလိုက်ပြီးနောက် နှင်းခဲဂူထဲသို့ တိုက်ရိုက် လျှောက်ဝင်သွားတော့သည်။

​"ကျင်စီနီယာ ကြည့်ရတာ ဒီလူနဲ့ ကျင်ဂျူနီယာက ပတ်သက်မှု အတော်လေး ရှိပုံပဲ အနည်းဆုံးတော့ လာတွေ့ဖို့ သတိရသေးတယ်"

ကျင့်ကြံသူတစ်ဦးက ဖန့်ချန်၏ ကျောပြင်ကို ကြည့်ရင်း ပြောလိုက်သည်။

​ခေါင်းဆောင်ဖြစ်သူက ခဏမျှ တိတ်ဆိတ်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်

"ငါ့ညီမက အရင်က ယွီဂျူနီယာနဲ့အတူ မဟာရှကို သွားခဲ့တုန်းက ဖန့်ဂျူနီယာနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး သွေးဝိညာဉ်ဂိုဏ်းရဲ့ အကြံအစည်ကို ဖျက်ဆီးခဲ့တာ"

"အဲ့ဒီက ပြန်လာကတည်းက ငါ့ညီမက ဖန့်ဂျူနီယာအကြောင်း ခဏခဏ ပြောလေ့ရှိတယ် အဲ့တုန်းကတော့ ငါ သိပ်ဂရုမစိုက်ခဲ့ပေမဲ့ နတ်ဘုရားနန်းတော်က တိုက်ပွဲကို မြင်ပြီးမှ ငါ့ညီမ ဘာလို့ သူ့ကို မမေ့နိုင်ဖြစ်နေတာလဲဆိုတာ နားလည်သွားတယ်"

​"ဒါပေမဲ့... ဖန့်ဂျူနီယာက အဖြူရောင်အမြုတေ လို့ ကြားတယ်နော်"

နောက်တစ်ဦးက တိုးတိုးလေး ပြောသည်။

​"အဖြူရောင်အမြုတေ ဖြစ်တော့ ဘာဖြစ်လဲ"

ခေါင်းဆောင်ဖြစ်သူက ပြုံးလိုက်သည်

"သာမန်လူဆိုရင်တော့ အဖြူရောင်အမြုတေက လမ်းဆုံးပဲ ဒါပေမဲ့ ဖန့်ဂျူနီယာရဲ့ ကိုယ်ပေါ်မှာဆိုရင်တော့ သူ့ရဲ့ အရင်က စွမ်းဆောင်ချက်တွေအရ ဒီအဖြူရောင်အမြုတေက သူ့လမ်းကို တားဆီးနိုင်လိမ့်မယ်လို့ ငါ မထင်ဘူး"

​လူတိုင်းက ထိုစကားကို ခေါင်းညိတ် ထောက်ခံကြသည်။

ဤဂျူနီယာ၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များ အလွန်များပြားလှရာ အညံ့စားကို အကောင်းစားဖြစ်အောင် ပြောင်းလဲနိုင်မည့် နည်းလမ်း ရှိကောင်းရှိပေလိမ့်မည်။

​နှင်းခဲဂူထဲတွင် ဖန့်ချန်သည် သူ၏ စတုတ္ထအဆင့် ဓားခန္ဓာကိုယ် ရှိနေသော်လည်း ဝိညာဉ်စွမ်းအား အကာအကွယ် မသုံးထားသဖြင့် အအေးဒဏ်ကို အရိုးထဲအထိ ခံစားနေရသည်။

​"နှင်းခဲဂူ သာမန်ကျင့်ကြံသူတွေသာ ဒီမှာ ပိတ်မိနေရင် ဝိညာဉ်စွမ်းအား ကုန်သွားတာနဲ့ အအေးဒဏ်ကို ခန္ဓာကိုယ်နဲ့တင် အတင်း အောင့်အည်း သည်းခံနေရမှာပဲ"

​ဖန့်ချန်သည် တွေးရင်းဖြင့် အတွင်းဘက်သို့ ဆက်လက် လျှောက်သွားသည်။

ထိုဂူသည် ထောင်တစ်ခုကဲ့သို့ပင် ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ အချုပ်ခန်းအချို့တွင် ကျင့်ကြံသူများ အကျဉ်းကျနေသည်ကို တွေ့ရသည်။

အချို့က ဝိညာဉ်စွမ်းအားဖြင့် အအေးဒဏ်ကို ခုခံနေကြပြီး၊ အချို့မှာမူ စွမ်းအားကုန်ခမ်းကာ တစ်ကိုယ်လုံး နှင်းများ ဖုံးလွှမ်းနေသော်လည်း မသေသေးဘဲ ဝိညာဉ်စွမ်းအား ပြန်လည် ပြည့်ဖြိုးလာရန် အားထုတ်နေကြသည်။

​ဖန့်ချန်သည် လူမှားသွားမည် စိုးသဖြင့် အချုပ်ခန်းတစ်ခုချင်းစီတိုင်းကို သေသေချာချာ ကြည့်ပြီးမှ ကျော်သွားသည်။

​ခဏအကြာတွင် အချုပ်ခန်းတစ်ခု၏ ရှေ့တွင် သူ ရပ်လိုက်သည်။ ထိုအထဲတွင် နှင်းများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ရှိနေသည်။

တစ်ဖက်လူသည် တရားထိုင်ရင်း အသက်ရှူနှုန်းကို ထိန်းညှိနေသော်လည်း တစ်ကိုယ်လုံး တုန်ရီနေခြင်းကို ကြည့်ခြင်းအားဖြင့် သူမ အလွန် ချမ်းအေးနေသည်မှာ သိသာလှသည်။

​ဖန့်ချန်သည် အနှောင့်အယှက် မပေးဘဲ ငြိမ်သက်စွာ စောင့်နေလိုက်သည်။

တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအား အနည်းငယ် ပြန်လည် ပြည့်ဖြိုးလာပြီး အကာအကွယ် လွှတ်လိုက်သဖြင့် ကိုယ်ပေါ်မှ နှင်းများ အရည်ပျော်သွားချိန်အထိ သူ စောင့်နေခဲ့သည်။

​"ဟူး..."

​ကျင်ယွဲ့ဟန်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

သူမ၏ ပါးပြင်နှစ်ဖက်မှာ အအေးဒဏ်ကြောင့် နီရဲနေသည်။ ထိုစဉ် သူမ၏ ရှေ့တွင် လူရိပ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရသဖြင့် မော့ကြည့်လိုက်ရာ

​"မင်း... မင်းလား"

​ကျင်ယွဲ့ဟန်မှာ ကြောင်အမ်းသွားတော့သည်။

​အခန်း ၆၆၄ - ကိုးပါးသောဓားဆန္ဒ

​ကျင်ယွဲ့ဟန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ယှက်သန်းသွားသော်လည်း တစ်ခဏအတွင်းမှာပင် ပြန်လည်တည်ငြိမ်သွားကာ အေးစက်စက် လေသံဖြင့် ဆိုသည်

​"ယွီဂျူနီယာကတော့ မင်း အသက်ရှင်နေတုန်းပဲလို့ ပြောတယ် ငါက အစမှာ သိပ်မယုံခဲ့ဘူး နောက်မှ မင်း နတ်ဘုရားနန်းတော်မှာ ပေါ်လာတယ်လို့ ကြားရတာ ငါ တကယ် သိချင်မိတယ် မင်းက သက်တမ်းအကုန် သုံးပြီးတဲ့နောက် ဘယ်လိုလုပ်ပြီ ပြန်ရှင်လာတာလဲ"

​"ကုသိုလ်ကံနဲ့ ပတ်သက်လိမ့်မယ် ထင်တယ်"

ဖန့်ချန်က ပြုံးလျက် ဖြေလိုက်သည်။

​ကျင်ယွဲ့ဟန်မှာ ကြောင်အမ်းသွားပြီး

"ကောင်းကင်ဘုံက အသက်ရှင်လိုသူကို ညှာတာတတ်တာမျိုးလား"

ဟု သူမဘာသာ ရေရွတ်လိုက်မိသည်။

​သူမသည် စိတ်ထဲမှ သံသယများကို သိမ်းဆည်းလိုက်ပြီး အသံကို လေးနက်စေကာ မေးလိုက်သည်

"ယွီဂျူနီယာ အခု ဘယ်မှာလဲ"

​ဖန့်ချန်သည် နတ်ဘုရားနန်းတော်မှ ထွက်ခွာလာပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

နတ်သမီးယွီသည် ဖန့်ချန်ကို ဒုက္ခမပေးလိုသဖြင့် တစ်ကိုယ်တည်း ထွက်ခွာသွားကြောင်း ကြားရသောအခါ ကျင်ယွဲ့ဟန်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

၎င်းမှာ သူမ သိထားသော နတ်သမီးယွီ၏ စရိုက်ပင် မဟုတ်ပါလား။

​"သူမက မူလသစ်သီး ကို စားထားတာဆိုတော့ ကောင်းကင်ဘုရင်ကျန့် နန်းတော်က သူမကို ပြန်ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ လောကကြီးက အကျယ်ကြီးပါ ယွီဂျူနီယာရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီဆယ်စုနှစ်တွေအတွင်းမှာ အန္တရာယ် သိပ်မရှိနိုင်ပါဘူး ဒါပေမဲ့..."

​ကျင်ယွဲ့ဟန်၏ မျက်နှာမှာ လေးနက်သွားသည်

"မင်း သိလား ယွီဂျူနီယာရဲ့ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ရဲ့ တကယ့် ကြောက်စရာကောင်းတဲ့ အချက်က ဘာလဲဆိုတာ"

​ဖန့်ချန်က သက်ပြင်းတစ်ချက်ချကာ

"တခြားသူရဲ့ သက်တမ်းကို မစုပ်ယူဘူးဆိုရင် နှစ်ပေါင်း ၃၀ ပဲ အသက်ရှင်နိုင်မယ် ဆိုတာလား"

​"ဟုတ်တယ် ဒါကြောင့် မင်း ယွီဂျူနီယာကို အမြန်ဆုံး ရှာရမယ် ငါ သိသလောက်ဆိုရင် သူမက အသက်ရှင်ဖို့အတွက်နဲ့ လူတွေကို သတ်မှာ မဟုတ်ဘူး တစ်ဖက်လူက တကယ် သေထိုက်တဲ့သူ မဟုတ်ရင်ပေါ့"

​ကျင်ယွဲ့ဟန်က ခေါင်းညိတ်ရင်း ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်

"သူမက မင်းရဲ့ အမြင်ကို သိပ်တန်ဖိုးထားလွန်းတော့ အဲ့ဒါကပဲ သူမကို ကန့်သတ်ချက် ဖြစ်နေတာ ငါသာဆိုရင် အဲ့ဒီလောက်ထိ ငဲ့ညှာနေမှာ မဟုတ်ဘူး"

​သူမ ခေတ္တရပ်ကာ ဆက်ပြောသည်

"နောက်တစ်ချက်က အကယ်၍ ယွီဂျူနီယာသာ တကယ် မိစ္ဆာဖြစ်သွားရင် ဓားဂိုဏ်းက အကြီးအကဲတွေက ငြိမ်ကြည့်နေမှာ မဟုတ်ဘူး"

​"ဂိုဏ်းရဲ့ အကြီးအကဲတွေက ဘာလုပ်မှာလဲ"

ဖန့်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​"ယွီဂျူနီယာကို သတ်ပစ်လိမ့်မယ်"

ကျင်ယွဲ့ဟန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်

"ဟိုးအရင်တုန်းက ငါတို့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက စီနီယာတစ်ယောက်လည်း မတော်တဆ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ကို ဖော်ဆောင်မိပြီး မိစ္ဆာဖြစ်ခဲ့ဖူးတယ်"

​"မိစ္ဆာဖြစ်သွားတဲ့အခါ သူ့ရဲ့ ခွန်အားက အဆမတန် တိုးလာပြီး သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်ရမယ့် အကြီးအကဲတွေတောင် သူ့ဓားအောက်မှာ ရှုံးနိမ့်ခဲ့ကြရတယ်"

"အဲ့ဒီတုန်းက ဓားဂိုဏ်းက လူတွေ အများကြီး သေခဲ့ရတယ် ဒီတစ်ခေါက်မှာလည်း ငါ့ရဲ့ဆရာက အာမခံမပေးခဲ့ရင် အချို့အကြီးအကဲတွေက ယွီဂျူနီယာကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"

​"အဲ့ဒီ မိစ္ဆာဖြစ်သွားတဲ့ စီနီယာက နောက်ပိုင်း ဘာဖြစ်သွားလဲ"

​"နောက်ပိုင်းတော့ ဘယ်ပျောက်သွားမှန်း မသိတော့ဘူး ဒါပေမဲ့ ဂိုဏ်းထဲမှာတော့ အဲ့ဒီစီနီယာဟာ နောက်ဆုံးမှာ သတိပြန်ဝင်လာတယ်လို့ ကောလာဟလတွေ ရှိတယ် သတိပြန်ဝင်လာရတဲ့ အကြောင်းရင်းက ရှေးဟောင်းနတ်ဘုရားမျိုးလမ်းစဉ် နဲ့ ပတ်သက်နေလိမ့်မယ် ထင်တယ်"

​ကျင်ယွဲ့ဟန်က စဉ်းစားရင်း

"ဒါက ကောလာဟလဆိုပေမဲ့ ရှေးဟောင်းနတ်ဘုရားလမ်းစဉ် ဆိုတာက အရမ်းကို ထူးဆန်းအံ့သြဖို့ ကောင်းတယ် တစ်ခါတစ်ရံမှာ အထက်ဘုံလောကက အဖိုးတန်ပစ္စည်းတွေကို ရတတ်တယ်လေ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ကို ဖြေဖျောက်နိုင်မယ့် ရတနာမျိုး တကယ်ရှိနေနိုင်တာပဲ"

​"ရှေးဟောင်းနတ်ဘုရားလမ်းစဉ် ဟုတ်လား..."

ဖန့်ချန် တွေးတောသွားမိသည်။

​ကြည့်ရတာ ထိုနေရာကို တစ်ခေါက်သွားဖို့ လိုပြီပဲ။

ကံကောင်းရင် ပြောင်းပြန်မသေမျိုးမိစ္ဆာသန္ဓေသား ကို ဖြေဖျောက်နိုင်မယ့် အရာတစ်ခုခု တကယ် ရှာတွေ့နိုင်ကောင်းရဲ့။

​"ကျင်စီနီယာ တောင်ထွတ်သခင်က စီနီယာ့ကို ဘယ်လောက်ကြာကြာ ပိတ်ထားမှာလဲ"

ဖန့်ချန်က တိုးတိုးလေး မေးလိုက်သည်။

​"ငါ့အတွက် မစိုးရိမ်ပါနဲ့ ဆရာက ငါ့ကို အပြစ်ပေးတဲ့အနေနဲ့ ပိတ်ထားတာ မဟုတ်ဘူး ငါ့ကို ကာကွယ်ပေးနေတာပဲ"

ကျင်ယွဲ့ဟန်က တည်ငြိမ်စွာ ဆိုသည်။

​"ကာကွယ်တာ"

ဖန့်ချန် အနည်းငယ် ကြောင်သွားသည်။

​ကျင်ယွဲ့ဟန်က သူ့ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်

"ဟုတ်တယ် အဲ့တုန်းက ငါ ကိုင်ဝူကို မသတ်နိုင်ခဲ့ပေမဲ့ သူ့ကိုတော့ လုံးဝ အောက်ကျသွားအောင် လုပ်နိုင်ခဲ့တယ် ဒီကိစ္စကို အပြင်လူတွေ မသိကြဘူး ကောင်းကင်ဘုရင်ကျန့်နန်းတော် ကလည်း အရှက်ရမှာစိုးလို့ ဖုံးထားတာ ဖြစ်နိုင်တယ်။"

​"ဆရာက ငါ့ကို နှင်းခဲဂူမှာ နေခိုင်းတာက ငါ ဂိုဏ်းပြင်ပကို ထွက်သွားပြီး ကောင်းကင်ဘုရင်ကျန့်နန်းတော် ရဲ့ လုပ်ကြံတာကို ခံရမှာစိုးလို့ပဲ အဲ့ဒါအပြင် ငါ ဒီနေရာမှာ နှင်းခဲဓားဆန္ဒကို လေ့လာနိုင်သလို စိတ်ဓာတ်ကိုလည်း လေ့ကျင့်နိုင်တယ်"

"ငါ ဒီက ထွက်သွားတဲ့အခါ ရှေးဟောင်းနတ်ဘုရားလမ်းစဉ် ကို သွားပြီး နတ်မျိုးစေ့ ဘွဲ့ထူးကို ယူနိုင်ဖို့ပဲ အဲ့ဒီအချိန်ကျရင်တော့ ကောင်းကင်ဘုရင်ကျန့်နန်းတော် က ငါ့ကို လက်ဖျားနဲ့တောင် တို့ရဲမှာ မဟုတ်တော့ဘူး"

​စကားပြောနေစဉ်မှာပင် သူမ၏ ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအား အကာအကွယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားရာ ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားပြီဖြစ်ကြောင်း သိသာလှသည်။

​ကျင်ယွဲ့ဟန်သည် စကား ဆက်မပြောတော့ဘဲ မျက်လုံးမှိတ်၍ တရားထိုင်တော့ရာ ခဏအတွင်းမှာပင် သူမ၏ တစ်ကိုယ်လုံး နှင်းများ ဖုံးလွှမ်းသွားပြီး နှင်းရုပ်ထုကြီးသဖွယ် ဖြစ်သွားတော့သည်။

​နှင်းခဲဓားဆန္ဒ ဟုတ်လား

​ဖန့်ချန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ လိုင်းကြောင်းအချို့မှာ အလွန် ထူးခြားနေသည်ကို တွေ့ရသည်။

ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်မှာ ထိုလိုင်းကြောင်းများဆီမှ လာခြင်းပင်။

​"ကျင်စီနီယာ ယွီလေး က ခေါင်းမာတဲ့သူ မဟုတ်ပါဘူး တကယ်လို့ လမ်းဆုံးကို ရောက်သွားခဲ့ရင် သူမ သတ်ထိုက်တဲ့သူကို ရှာမှာပါ"

​ဖန့်ချန်သည် ပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်။

နှင်းများအောက်တွင် ကျင်ယွဲ့ဟန်၏ တင်းမာနေသော မျက်နှာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။

​နှင်းခဲဂူအပြင်ဘက်တွင် ကျန်ရှိသော ကျင့်ကြံသူများမှာ ကင်းလှည့်ရန် ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း ခေါင်းဆောင်ဖြစ်သူကမူ ထိုနေရာ၌ပင် ရပ်စောင့်နေဆဲဖြစ်သည်။

​ဖန့်ချန် ထွက်လာသည်ကို မြင်သောအခါ ကျင်ရွှီ က ပြုံးလျက်

"ဖန့်ဂျူနီယာ၊ ငါ့ညီမနဲ့ တွေ့ခဲ့ပြီလား"

​ဖန့်ချန် မအံ့သြတော့ပေ တစ်ဖက်လူ၏ မျိုးရိုးက ကျင် ဟု ပြောကတည်းက သူ ခန့်မှန်းထားပြီးသား ဖြစ်သည်။

​"ကျင်စီနီယာ ကျင်ယွဲ့ဟန် စီနီယာက အတွင်းထဲမှာနှင်းခဲဓားဆန္ဒ ကို လေ့လာမယ်လို့ ပြောပါတယ် နှင်းခဲဓားဆန္ဒ ဆိုတာ ဘာလဲဆိုတာ သိပါရစေ"

ဖန့်ချန်က မေးလိုက်သည်။

​"မင်း သင်ကြားပြသရေးနန်းဆောင်ကို မသွားဘူးလား"

​ကျင်ရွှီက မေးပြီးမှ ဖန့်ချန်သည် အဖြူရောင်အမြုတေ ဖြစ်သဖြင့် ကျင့်စဉ်ကို မရရှိခဲ့သည်ကို သတိရသွားကာ တိုက်ရိုက်ပင် ရှင်းပြလိုက်သည်

​"ဟင်လင်းပြင်ဓားကျမ်းမှာ ကိုးပါးသောဓားဆန္ဒ ရှိတယ် နှင်းခဲဓားဆန္ဒက အဲ့ဒီထဲက တစ်ခုပဲ ယွဲ့ဟန်က ပါရမီ ကောင်းသလို တောင်ထွတ်သခင်ကလည်း သူမကို တန်ဖိုးထားတယ်"

" ဒါကြောင့်လည်း သူမကို ရွှေအမြုတေအဆင့်မှာတင် နှင်းခဲဓားဆန္ဒကို လေ့လာခိုင်းတာ တကယ်တော့ ငါတို့ ကျစ်ဓားတောင်ထွတ်မှာတောင် နှင်းခဲဓားဆန္ဒကို တကယ် နားလည်တဲ့သူက လက်ချိုးရေလို့ ရတယ် အများစုက အလယ်သုံးဆင့် ရောက်မှပဲ နားလည်ကြတာ"

​ကျင်ရွှီက နှင်းခဲဂူကို ကြည့်ကာ သက်ပြင်းတစ်ချက်ချသည်

​"နှင်းခဲဂူက ထောင်တစ်ခု ဖြစ်သလို နှင်းခဲဓားဆန္ဒကို လေ့လာဖို့ အကောင်းဆုံး နေရာလည်း ဖြစ်တယ်"

"တကယ်လို့ အပြစ်တစ်ခုခု လုပ်မိလို့ ဒီထဲကို ရောက်လာခဲ့ရင်တောင် နှင်းခဲဓားဆန္ဒကို နားလည်သွားရင် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်တယ်"

"ငါလည်း ငယ်ငယ်တုန်းက ဒီထဲမှာ ခဏ နေခဲ့ဖူးတယ် ဒါပေမဲ့ ငါ့ရဲ့ ပါရမီက မမီခဲ့ဘူး ငါ ဝိညာဥ်ခွဲဖြာခြင်းအဆင့် ရောက်မှပဲ နှင်းခဲဓားဆန္ဒကို နားလည်ဖို့ အခွင့်အရေး ရှိတော့မယ် ထင်တယ်"

​ဟင်လင်းပြင်ဓားကျမ်းမှာ ဓားဆန္ဒ ကိုးမျိုး ရှိတယ် ဟုတ်လား

​ဖန့်ချန် တွေးတောသွားမိသည်။

သူ၏ ရှစ်မျက်နှာအရပ် ဓားကျမ်း တွင်မူ မည်သည့် ဓားဆန္ဒကို လေ့လာရမည်ဟု သတ်သတ်မှတ်မှတ် ဖော်ပြမထားပေ။ ၎င်းမှာ အလွန် ထူးဆန်းလှသည်။

ရှစ်မျက်နှာအရပ် ဓားကျမ်း ၏ အဆင့်အတန်းမှာ ဟင်လင်းပြင်ဓားကျမ်းထက် ပို၍ မြင့်မားသင့်ပါလျက်နှင့် ဓားဆန္ဒကို ဖော်ပြမထားခြင်းက ဘာကြောင့်ပါလိမ့်။

​"ဖန့်ဂျူနီယာ မင်း အရင်က ရွှေအမြုတေအဆင့် တက်တုန်းက တစ်ခုခု မှားယွင်းသွားလို့ အဖြူရောင်အမြုတေ ဖြစ်သွားတာလား"

ကျင်ရွှီက မေးလိုက်သည်။

​ဖန့်ချန်က ခေါင်းညိတ်ကာ

"ဟုတ်ကဲ့၊ အမှားအယွင်း အနည်းငယ် ရှိသွားပါတယ်"

​ကျင်ရွှီက စဉ်းစားဟန်ဖြင့်

"'ရှေးဟောင်းနတ်ဘုရားလမ်းစဉ် ဆိုတာ တစ်ခါတစ်ရံမှာ မဖြစ်နိုင်တာတွေကို ဖြစ်လာစေနိုင်တယ် နောက်ရက်အနည်းငယ်နေရင် ဂျူနီယာတချို့ အဲ့နေရာကို သွားဖို့ ရှိတယ် ဖန့်ဂျူနီယာလည်း သူတို့နဲ့အတူ လိုက်သွားပြီး ရှာဖွေကြည့်တာပေါ့"

" လမ်းမှာ ဖန့်ဂျူနီယာက စောင့်ရှောက်ပေးရင် အဲ့ဒီ ကောင်လေးတွေလည်း ပြဿနာ သိပ်ရှာမှာ မဟုတ်တော့ဘူး"

​ကျင်ရွှီက သက်ပြင်းချကာ ဆက်ပြောသည်

"ဒီနှစ်မှာ ငါတို့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက နတ်မျိုးစေ့ တစ်ယောက်မှ ထပ်မထွက်လာရင် ပေတု နဲ့ ဒီထျန်း ဘက်က ဓားကျင့်ကြံသူတွေရဲ့ လှောင်ပြောင်တာကို ခံရဦးမှာပဲ"

​"ပေတု......ဒီထျန်း"

​ဖန့်ချန်၏ စိတ်မှာ လှုပ်ရှားသွားသည်။

ကျင်ရွှီ ပြောပုံအရဆိုလျှင် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းသည် ပေတုနှင့် ဒီထျန်းဘက်မှ ဓားကျင့်ကြံသူများနှင့် အမြဲ အဆက်အသွယ် ရှိနေပုံရပြီး ဆက်ဆံရေးမှာလည်း သိပ်မကောင်းလှပေ။

​ကျင်ရွှီက ဆက်မပြောတော့ဘဲ ဖန့်ချန်ကို တွေ့ဆုံရမည့် အချိန်နှင့် နေရာကို ပြောကာ ထွက်ခွာသွားတော့သည်။

​ရက်အနည်းငယ်အကြာတွင် ပြင်ပဂိုဏ်း၏ တောင်တန်းတစ်ခုအောက်တွင် အတွင်းစည်း တောင်ထွတ် ၉ ခုမှ ရွှေအမြုတေ ကျင့်ကြံသူ ၁၀ ကျော် ရောက်ရှိနေကြသည်။

​"ချန်ယွီဟန်... ဝမ်ဟူ... မင်းတို့ထဲက တစ်ယောက်က အဆင့်နှောင်းပိုင်း တစ်ယောက်က အဆင့်လတ်လေ၊ဘာလို့ ရှေးဟောင်းနတ်ဘုရားလမ်း ကို သွားချင်ရတာလဲ"

​"ဘာဖြစ်လဲ၊ မရဘူးလား ငါ့ကို ထားလိုက်ဦး ဝမ်ဟူတောင်မှ သာမန် ရွှေအမြုတေ အထွတ်ထိပ်အဆင့်ကို အေးဆေး အနိုင်ယူနိုင်တယ် သူ သွားဖို့ အရည်အချင်း ပြည့်မီတာပေါ့ ကံကောင်းရင် နတ်မျိုးစေ့ တောင် ဖြစ်လာနိုင်သေးတယ်"

ချန်ယွီဟန်က မျက်လုံးပြူးကာ ပြန်ပြောလိုက်သည်။

​တစ်ဖက်လူမှာ ရွှေအမြုတေ အထွတ်ထိပ်အဆင့်ဖြစ်သော်လည်း ချန်ယွီဟန်နှင့် စကားများမနေတော့ဘဲ လူစုကို ကြည့်ကာ

"အချိန်တန်ပြီ၊ သွားကြစို့"

​"စီနီယာ လီ... နောက်တစ်ယောက် ထပ်လာနေပြီ"

ကျင့်ကြံသူတစ်ဦးက ညွှန်ပြလိုက်သည်။

​အားလုံး မော့ကြည့်လိုက်ကြရာ ချန်ယွီဟန်နှင့် ဝမ်ဟူတို့၏ မျက်နှာတွင် အံ့အားသင့် ဝမ်းသာရိပ်များ ပေါ်လာတော့သည်

"ဟာ ဖန့်ဂျူနီယာ ပါလား သေချာပြီ ဒီတစ်ခေါက်တော့ သူ သေချာပေါက် နတ်မျိုးစေ့ ဖြစ်လာတော့မှာပဲ!"

All Chapters