အခန်း (၆၆၇-၆၆၈)
Vol. 67 Ch. 667-668
အခန်း ၆၆၇ - ဖောက်ထွက်လာသော ကိန်းဂဏန်း
"ဒါ ငါ့ဂျူနီယာ၊ မျိုးရိုးက ဖန့်"
ကျင်ရွှီက ခပ်ပေါ့ပေါ့ပင် မိတ်ဆက်ပေးလိုက်ပြီးနောက် အဘိုးအိုနှစ်ဦးထံမှ အကြည့်ကို လွှဲကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်
"မင်းက စောစောရောက်နေတာဆိုတော့ ငါတို့မလာခင် ဒီမှာ တစ်ခုခု ထူးခြားတာမျိုး ရှိသေးလား"
ကျင်ရွှီသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရုံဖြင့် နတ်ဘုရားနန်းတော်မှ တပည့်များစွာကိုသာမက၊ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှ ကျိဓားတောင်ထွတ် သခင် ကျန်းလင် အပါအဝင် တောင်ထွတ်သခင် အချို့ကိုပါ တွေ့လိုက်ရသည်။
"ထူးခြားတာလား မရှိပါဘူး ဒီအဘိုးကြီး နှစ်ယောက်က ဒီအတိုင်း အံစာတုံး ကစားနေတာ တစ်လနီးပါး ရှိနေပြီ"
လူဝကြီးက ခေါင်းခါရင်း စိတ်ချင်းဆက်သွယ်ကာ ပြောသည်
"ကျင်ရွှီ မင်းက ဓားကျင့်ကြံသူ ငါကတော့ လေလွင့်ကျင့်ကြံသူ ဆိုတော့ မင်းလောက် ဗဟုသုတ မရှိဘူးမင်းအမြင်အရဆိုရင် ဒီနေ့ ငါတို့ ဒီကနေ အကျိုးအမြတ် တစ်ခုခု ရနိုင်မလား"
သူသည် ကျင်ရွှီကို အသည်းအသန် ခေါ်ခဲ့ခြင်းမှာ လက်တွေ့ကျသော အကြောင်းပြချက် ရှိသည်။
သူသည် လေလွင့်ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး သူသိသမျှထဲတွင် ရာထူးအဆင့်အတန်း အမြင့်ဆုံးမှာ ကျင်ရွှီသာ ဖြစ်သည်။
ထိုနေရာသို့ ရောက်လာသော ကျင့်ကြံသူများ၏ နောက်ခံမှာ အလွန် ကြောက်စရာကောင်းလှသဖြင့် အကျိုးအမြတ် တကယ်ရှိလျှင်ပင် သူတို့လို လေလွင့်ကျင့်ကြံသူများအတွက် အလှည့်ရောက်ဖို့ မသေချာပေ။
ကျင်ရွှီသာ ဘေးမှာရှိလျှင် အခြေအနေက ပိုကောင်းနိုင်မည်ဟု သူ ယူဆထားခြင်းပင်။
"အကျိုးအမြတ် ဟုတ်လား..."
ကျင်ရွှီက ခဏစဉ်းစားပြီး ပြန်ပြောသည်
"ငါကြားဖူးတာတော့ ဒီနှစ်ယောက်ထဲက တစ်ယောက်က ရှေးဟောင်းခေတ်က ကျန်ရစ်တဲ့ စီနီယာတစ်ယောက်ရဲ့ ဝိညာဉ်အကြွင်းအကျန်တဲ့"
"ဝိညာဉ်အကြွင်းအကျန် ဖြစ်နေလို့ သူ့ဦးနှောက်က သိပ်မကောင်းတော့ဘူး ကိုယ့်ကိုယ်ကိုယ် သေနေပြီဆိုတာတောင် မသိဘူးလို့ ပြောကြတယ် သူက ကံပါတဲ့ ကျင့်ကြံသူကို တွေ့ရင် ရှေးဟောင်းအတတ်ပညာတွေ ပေးတတ်တယ်တဲ့"
"မင်း အကျိုးအမြတ် ရချင်ရင်တော့ ဒီပွဲပြီးအောင် စောင့်ပြီး သူ့ရှေ့မှာ သွားဝဲနေရုံပဲ သူက မင်းကို သဘောကျသွားရင် ရှေးဟောင်းအတတ်ပညာ တစ်ခုခု ရနိုင်တာပေါ့"
"ဝိညာဉ်အကြွင်းအကျန် ဟုတ်လား"
လူဝကြီးမှာ ကြောင်အမ်းသွားပြီး မျက်လုံးကို ပွတ်ကာ အဘိုးအိုနှစ်ဦးကို ပြန်ကြည့်သည်။
ဘယ်လိုကြည့်ကြည့် ကျင်ရွှီပြောသလို ဝိညာဉ်အကြွင်းအကျန်ပုံ မပေါက်ဘဲ အသက်ရှင်နေသော လူသားများကဲ့သို့ပင်
နောက်ထပ် ၁၀ ရက်ခန့်အထိ လူတိုင်းသည် တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပြီး နေ့စဉ်နှင့်အမျှ ကျင့်ကြံသူ ထောင်နှင့်ချီ၍ ရောက်ရှိလာကြသည်။
၎င်းတို့ထဲတွင် နတ်ဘုရားနန်းတော်မှ အရေးပါသော ပုဂ္ဂိုလ်များစွာ ပါဝင်ပြီး တာအိုပေါင်းစပ်ခြင်း အဆင့် အငွေ့အသက်များမှာ အရင်ကထက် အဆတစ်ရာမက များပြားလာသည်။
မသေမျိုး များမှာမူ သူတို့၏ အငွေ့အသက်ကို မည်သူမျှ မခွဲခြားနိုင်သော်လည်း ထိုနေရာသို့ ရောက်ရှိနေကြမည်မှာ သေချာလှသည်။
ဖန့်ချန်သည် လူအုပ်ထဲတွင် နတ်ဘုရားနန်းတော်မှ ဆူမော့ ကိုသာမက၊ ကိုင်ဟုန် နှင့် ပြီးခဲ့သည့်အကြိမ်က အဘိုးအိုချန် ကိုပါ မြင်လိုက်ရသည်။
ထိုအဘိုးအိုချန်နှင့် ဆူမော့မှာ ဖန့်ချန်၏ အသိစိတ်ထဲသို့ ဝိညာဥ်ကိုးခု ကျူးကျော်စဉ်က ဖန့်ချန်၏ ပါးရိုက်ခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။
လီချွမ်းတို့ အဖွဲ့မှာလည်း လွန်ခဲ့သော နှစ်ရက်ကပင် ရောက်ရှိနေကြသော်လည်း ဖန့်ချန်နှင့် ကျင်ရွှီကို မတွေ့သဖြင့် ကျန်းလင် ရှိရာဘက်သို့ သွားရောက် ပူးပေါင်းနေကြသည်။
"နောက်ဆုံးတော့ ရောက်ပြီ"
ချန်ယွီဟန်တို့ အုပ်စုမှာ နောက်ကျမှ ရောက်လာကြပြီး ပွဲမပြီးသေးသည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်တော့သည်။
"ဖန့်စီနီယာနဲ့ ကျင်စီနီယာ ပါလား"
လန်ယာဝင်ချိုးက အကြည့်တစ်ချက်ဝေ့ရုံဖြင့် သူတို့နှစ်ဦးကို တွေ့သွားပြီး သူတို့ရှိရာသို့ ပျံသန်းလာကြသည်။
အားလုံး ဆုံမိကြသောအခါ ချန်ယွီဟန်က ကျင်ရွှီကို သူတို့ မရောက်ခင် ဘာတွေဖြစ်ခဲ့သလဲဟု မေးမြန်းတော့သည်။
ကျင်ရွှီက ခေါင်းကို အသာအယာခါရင်း ထူးဆန်းသော မျက်နှာထားဖြင့်
"ဒီနှစ်ယောက်က အံစာတုံးပဲ ဆက်တိုက် ကစားနေတာ စကားတစ်ခွန်းမှတောင် မပြောကြဘူး ဒီပွဲက ဘယ်လောက်ကြာဦးမလဲ မသိဘူး တစ်နှစ်ခွဲလောက် ကြာနေမလားပဲ"
"ဒါဆိုလည်း တစ်နှစ်ခွဲလောက် စောင့်ရမှာပေါ့၊ ဒီလို အခွင့်အရေးမျိုးက ရှားမှရှားတာ"
ချန်ယွီဟန်က စိတ်လှုပ်ရှားစွာ ပြောသည်။
တစ်ချိန်တည်းမှာပင် လူတိုင်း မမြင်နိုင်သော ကောင်းကင်ယံထက်တွင် အလွန် ခမ်းနားထည်ဝါသော မသေမျိုးသင်္ဘော တစ်စင်း ဆိုက်ကပ်ထားသည်။
သင်္ဘောပေါ်တွင် ပုံရိပ်အချို့ ရပ်နေကြပြီး တစ်ဦးမှာ ဖန့်ချန်အပေါ်သို့ အကြည့်ရောက်နေသည်
"ဝမ်ကျိလုံ ဒီကောင်လေးက နတ်ဘုရားနန်းတော်မှာတုန်းက တော်တော်လေး ဟန်အမူအရာ ကောင်းခဲ့တာပဲ မင်းရဲ့ တပည့်အဖြစ် လက်ခံလိုက်ပြီလို့ ကြားတယ်"
သူ့ဘေးတွင် ရပ်နေသော ပိန်လှီလှီ အဘိုးအိုမှာ ဖန့်ချန်၏ လက်ရှိဆရာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း၏ ဝမ်အကြီးကဲ ပင် ဖြစ်သည်။
ဝမ်ကျိလုံက အသာအယာ ပြုံးလိုက်ပြီး
"ကိုင်ဝမ်ယဲ့ သူက ငါတို့ဓားဂိုဏ်းနဲ့ ကံပါလို့ပေါ့ စီနီယာက ဂျူနီယာတစ်ယောက်ကို ရန်ငြိုးမထားပါဘူးနော်"
ပြောပြီးနောက် သူသည် ဘေးရှိ ရိုးသားဖြောင့်မတ်သော မျက်နှာထားရှိသည့် လူလတ်ပိုင်းတစ်ဦးကို ကြည့်လိုက်သည်။
ထိုလူမှာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သူသည် အရှေ့ဘက်နယ်မြေ ကောင်းကင်ဘုရင်ကျန့် ဖြစ်ပြီး အလယ်ပိုင်းဒေသတွင် လက်ချိုးရေတွက်ရသော မသေမျိုးဘုရင် ကျွမ်းကျင်သူ ဖြစ်သည်။
ကောင်းကင်ဘုရင်ကျန့် စကားမပြောရသေးခင်မှာပင်၊ ဘေးရှိ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော မျက်နှာထားတင်းမာသည့် အဘိုးအိုက အေးစက်စက် အသံဖြင့် ဆိုသည်
"ကောင်းကင်ဘုရင်ကျန့်က ဂျူနီယာတစ်ယောက်ကို ရန်ငြိုးမထားပါဘူး ဒါပေမဲ့ မင်းတို့ ဟင်လင်းပြင်ဓားဂိုဏ်းကလည်း လူအထင်ကြီးခံချင်လွန်းတယ် မင်းတစ်ယောက်တည်းကိုပဲ လွှတ်လိုက်တာလား မင်းတို့ရဲ့ အဘိုးကြီး ဓားနတ်ဘုရား ကရော ငါတို့ကို တိုက်ခိုက်ဖို့ အမှောင်ထဲမှာ ပုန်းနေတာလား"
"အဘိုးကြီး မင်း ကြောက်နေတာလား"
ဝမ်ကျိလုံက ထိုတာအိုဆရာကြီးကို ကြည့်ကာ ပြောင်စပ်စပ် ရယ်မောလိုက်သည်။
တာအိုဆရာကြီး၏ မျက်ဝန်းထဲတွင် အအေးဓာတ်များ ဖြတ်ပြေးသွားသည်
"ဝမ်ကျိလုံ မင်းက တကယ့်ကို ယဉ်ကျေးမှု မရှိတာပဲ ငါ တာအိုကျင့်စဉ် စကျင့်တုန်းက မင်း မမွေးသေးဘူး"
"ဒါပေမဲ့ အဲ့ဒါက ငါ့လက်ထဲမှာ မင်း အလဲလဲအကွဲကွဲ ခံခဲ့ရတာကိုတော့ မတားဆီးနိုင်ပါဘူးနော် ဘာလဲ အခု မင်းက မသေမျိုး အဆင့်ကို ကျော်ဖြတ်ပြီး မသေမျိုးဘုရင် ဖြစ်လာပြီဆိုတော့ အဲ့ဒီကိစ္စကို မေ့ချင်နေတာလား"
ဝမ်ကျန့်လုံက ဟားဟားတိုက် ရယ်မောလိုက်သည်
"ဒါမှမဟုတ် အခုပဲ ပြန်ပြိုင်ကြည့်မလား ငါလည်း မသေမျိုးဘုရင်နဲ့ တိုကါပွဲ မလုပ်ရတာ ကြာပြီ မင်း တကယ်ပဲ တိုးတက်လာလား ကြည့်ရတာပေါ့"
"တကယ်လို့ မင်းရှုံးရင် မင်းတို့ မဟာချဲ့ထွင်းဂိုဏ်း ကို နောက်ထပ် နှစ် ၂၀၀၀ လောက် ဂိတ်ပိတ်ထားလိုက်မလား အဲ့ဒီအချိန်ကျရင် ငါတို့နှစ်ယောက်လုံး သေသွားလောက်ပြီဆိုတော့ မင်းလို အဘိုးကြီးကို ငါ ထပ်မြင်ရတော့မှာ မဟုတ်ဘူး"
သင်္ဘောပေါ်တွင် ကောင်းကင်ဘုရင်ကျန့်၊ ဝမ်ကျိလုံနှင့် တာအိုဆရာကြီး အပြင်၊ နောက်ထပ် ပုံရိပ်နှစ်ခု ရှိနေသေးသည်။
တစ်ဦးမှာ မျက်နှာစိမ်းနှင့် အဘိုးအိုဖြစ်ပြီး၊ နောက်တစ်ဦးမှာ မျက်နှာတစ်ခြမ်းမှာ အမြဲတစေ ပြောင်းလဲနေသော အဘွားအိုကြီး ဖြစ်သည်။
ထိုအဘွားအို၏ ဘယ်ဘက်မျက်နှာမှာ တစ်ခါတစ်ရံ ငယ်ရွယ်သွားလိုက်၊ အိုမင်းသွားလိုက်၊ တစ်ခါတစ်ရံ ယောက်ျား၊ တစ်ခါတစ်ရံ မိန်းမ ပုံစံသို့ ပြောင်းလဲနေသည်။
မျက်နှာစိမ်း အဘိုးအိုက တည်ငြိမ်စွာ ဆိုသည်
"ဝမ်ကျိလုံ မင်းတို့ ဓားကျင့်ကြံသူတွေရဲ့ နည်းလမ်းက ထူးခြားတယ်ဆိုတာ သိပါတယ် အရင်က မင်းတို့နှစ်ယောက်လုံး မသေမျိုး အဆင့်တုန်းက အိုယန်မိိတ်ဆွေက မင်းကို မယှဉ်နိုင်ခဲ့တာ အမှန်ပဲ ဒါပေမဲ့ အခု သူက မသေမျိုးဘုရင် ဖြစ်နေပြီဆိုတော့ မင်းအနေနဲ့ လုံလောက်တဲ့ လေးစားမှု ပေးသင့်တယ်"
"စီနီယာချင်းရှန့် စီနီယာ့ကိုတော့ ကျွန်တော် လေးစားပါတယ် ဒါပေမဲ့ ဒီအဘိုးကြီးကိုတော့ ကျွန်တော် တကယ် လေးစားလို့ မရဘူးဗျ"
ဝမ်ကျိလုံက နှုတ်ဆက်လိုက်သော်လည်း တာအိုဆရာကြီးကို ကြည့်သည့် အကြည့်မှာမူ လေးစားမှု တစ်စုံတစ်ရာ မရှိဘဲ အထင်အမြင်သေးမှုများဖြင့်သာ ပြည့်နှက်နေသည်။
တာအိုဆရာကြီး၏ မျက်နှာမှာ ပို၍ ဆိုးဝါးလာပြီး ကိုယ်တွင်းမှ အငွေ့အသက်များမှာလည်း မတည်မငြိမ် ဖြစ်လာသည်။
ကောင်းကင်ဘုရင်ကျန့်က ထိုအခြေအနေကို မြင်သောအခါ တည်ငြိမ်စွာ ဆိုသည်
"အားလုံးပဲ ဒီနေ့ ငါတို့ ဒီကို ဘာလာလုပ်တာလဲဆိုတာ မမေ့ကြပါနဲ့ ဒီ ဖောက်ထွက်လာတဲ့ ကိန်းဂဏန်း နှစ်ယောက် နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ တုန်းက မဟုတ်လား"
"အတိအကျပဲ"
ချင်းရှန့်က ခေါင်းညိတ်လိုက်သည်။
အားလုံး၏ မျက်နှာတွင် လေးနက်မှုနှင့် သက်ပြင်းချသံများ ပေါ်လာသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ က...
ထိုစဉ်က သူတို့အားလုံးမှာ မသေမျိုးဘုရင်များ မဖြစ်ကြသေးပေ။
သို့သော် ထို ဖောက်ထွက်လာတဲ့ ကိန်းဂဏန်း နှစ်ဦး၏ စွမ်းရည်မှာ ထိုစဉ်ကတည်းက ကြောက်စရာကောင်းလောက်အောင် ကြီးမားခဲ့သည်။
"ပြီးခဲ့တဲ့အကြိမ် သူတို့တွေ့တုန်းကလည်း အံစာတုံး တစ်ပွဲ ကစားခဲ့ကြတယ် ပြီးတော့ တစ်ယောက်ကို အမွေအနှစ် တစ်ခုစီ ချန်ထားပေးပြီး ပျောက်ကွယ်သွားကြတာ"
"အဲ့ဒီ အမွေအနှစ် နှစ်ခုထဲက တစ်ခုကို တိထျန်း က လုသွားပြီး၊ နောက်တစ်ခုကို ပေတု က လုသွားတယ် ငါတို့ အလယ်ပိုင်းဒေသ အတွက်တော့ သိက္ခာကျစရာပဲ"
ကောင်းကင်ဘုရင်ကျန့်က အေးစက်စက် ဆိုသည်
"ဒီတစ်ခေါက်မှာတော့ အားလုံးပဲ ပညာမဝှက်ကြဖို့ ငါ မျှော်လင့်တယ် တကယ်လို့ တိထျန်းနဲ့ ပေတုက လူတွေ ဝင်နှောင့်ယှက်တာ တွေ့ရင် ခုတ်သတ်ရုံပဲ"
သင်္ဘောပေါ်ရှိ လူအားလုံး တိတ်ဆိတ်သွားကြပြီး ကိုယ်စီ စဉ်းစားနေကြသည်။
"ကိုင်ဝမ်ယဲ့ ကျွန်တော့်ဆီမှာ တာအိုဆရာတစ်ယောက် ရှိတယ် သူက အရင်က ကောင်းကင်ဘုံတိမ်တိုက်ဧကရာဇ် နဲ့ တွေ့ဖူးကောင်း တွေ့ဖူးလိမ့်မယ်"
"အံစာတုံးပွဲ ပြီးတာနဲ့ အဲ့ဒီလူကို ခေါ်ပြီး စီနီယာ ယွမ်ဟယ်နဲ့ တွေ့ခိုင်းရင် ဘယ်လိုလဲ သူ့ဦးနှောက်က သိပ်မကောင်းတော့ပေမဲ့ တစ်ခုခုကို မှတ်မိသွားရင် အမွေအနှစ်ကို တိုက်ရိုက် ပေးလိုက်နိုင်တယ်လေ"
တာအိုဆရာကြီးက ရုတ်တရက် အကြံပြုသည်။
ဝမ်ကျိလုံက ထိုစကားကို ကြားသောအခါ လှောင်ပြောင်လိုက်သည်
"အဲ့ဒီ တာအိုဆရာ နာမည်က ဟုန်ချင်း မဟုတ်လား တာအိုသုံးထောင်ဂိုဏ်းရဲ့ ကျင့်ကြံသူကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းတို့ ဂိုဏ်းက ဖမ်းဆီးပြီး ဒီနေ့အတွက် အသုံးချဖို့ နှိပ်စက်ထားတာ မဟုတ်လား"
အခန်း ၆၆၈ - ဗဟုသုတအသစ်များ
တာအိုအဘိုးကြီးက ဝမ်ကျိလုံကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်
"တာအိုသုံးထောင်ဂိုဏ်း ဟုတ်လား လောကမှာ တာအိုတစ်ထောင်ဂိုဏ်း ပဲ ရှိတယ် တာအိုသုံးထောင်ဂိုဏ်းဆိုတာ မရှိဘူး ဒါကို မင်း ရှင်းရှင်းလင်းလင်း သိထားသင့်တယ် အကျဉ်းချထားတယ်ဆိုတာကတော့ ပိုတောင် ရယ်စရာကောင်းသေးတယ်"
"သူက တာအိုတစ်ထောင်ဂိုဏ်းက ဆင်းသက်လာတာဆိုတော့ ငါတို့နဲ့ မျိုးနွယ်တူပဲလေ ငါ့တပည့်တွေက သူ့ကို လက်ဖက်ရည်သောက်ရင်း တရားဆွေးနွေးဖို့ ဖိတ်ထားတာကို အကျဉ်းချထားတယ်လို့ ခေါ်မလား"
"ဟားဟား... လက်ဖက်ရည်သောက်ပြီး တရားဆွေးနွေးတယ် ဟုတ်လား အတိတ်တုန်းက စီနီယာယွမ်ဟယ် ဆီကနေ အမွေအနှစ်တွေ ရခဲ့တဲ့ ကျင့်ကြံသူတွေကို မင်းတို့ မဟာချဲ့ထွင်းဂိုဏ်းက တိတ်တဆိတ် ဖမ်းဆီးပြီး နှိပ်စက်စစ်ဆေးတာကြောင့် သေသွားတဲ့သူတွေ မနည်းတော့ဘူးလို့ ငါကြားထားတယ်"
ဝမ်ကျိလုံက လှောင်ပြောင်သရော်လိုက်သည်
"နှမြောစရာပဲ ဒီနှစ်ယောက် ဆုံပြီး အံစာတုံးပွဲပြီးမှ ပေးတဲ့ အတတ်ပညာတွေကမှ တကယ့် ရှေးဟောင်းအတတ်ပညာတွေလေ ပုံမှန်အချိန်မှာ သူပေးတာတွေက အဖိုးမတန်တဲ့ တာအိုပညာတွေပဲ မင်းတို့ ဒီလောက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာတောင် ဘာမှ ထူးထူးခြားခြား မရခဲ့ဘူး မဟုတ်လား"
သူက ခဏရပ်ပြီး ဆက်လက်၍
"တကယ်တမ်း ပြောရရင် မင်းတို့ မဟာချဲ့ထွင်းဂိုဏ်းဆိုတာလည်း အရင်တုန်းက တာအိုသုံးထောင်ဂိုဏ်းရဲ့ အကိုင်းအခက် တစ်ခုပဲလေ"
"တာအိုသုံးထောင်ဂိုဏ်း ဘေးဒုက္ခနဲ့ ကြုံပြီး ပျက်စီးသွားလို့သာ မင်းတို့ တက်လာနိုင်တာ အခုကျတော့ သူတို့ကို အသိအမှတ် မပြုတော့ဘူးပေါ့"
"တကယ်လို့ စီနီယာယွမ်ဟယ်သာ သတိပြန်ရလာရင် မင်းတို့လို သစ္စာဖောက်တွေကို ဘယ်လို အပြစ်ပေးမလဲဆိုတာ မင်း ခန့်မှန်းကြည့်နိုင်မလား"
တာအိုအဘိုးကြီး၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။
နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော သူ၏ စိတ်တည်ငြိမ်မှုမှာ ဝမ်ကျိလုံရှေ့တွင် ပျက်စီးလုနီးပါး ဖြစ်နေပြီ။
"ဒါနဲ့... မင်းတို့ တာအိုဂိုဏ်းတွေမှာ ကျင့်စဉ်တွေ အတတ်ပညာတွေ အများကြီးရှိပေမဲ့ တချို့ တာအိုအတတ်တွေက သီးသန့်ကျင့်စဉ်ရှိမှ သုံးလို့ရတာလေ"
"ဒါပေမဲ့ သတင်းတွေအရဆိုရင် တာအိုသုံးထောင်ဂိုဏ်းရဲ့ တကယ့် အဓိကကျင့်စဉ်ဖြစ်တဲ့ တာအိုသုံးထောင်ကျင့်စဉ် သာ ရှိရင် ရှေးဟောင်းရော လက်ရှိရော ရှိသမျှ တာအိုအတတ်မှန်သမျှကို အေးဆေး ကျင့်ကြံနိုင်တယ်လို့ ဆိုတယ်"
"ဒါကြောင့် ဒီကျင့်စဉ်ကို တာအိုဂိုဏ်းရဲ့ တစ်ခုတည်းသော စစ်မှန်တဲ့ အမွေအနှစ်လို့ သတ်မှတ်ကြတာ မင်း အခုလိုတွေ ကြံစည်နေတာက အဲ့ဒီကျင့်စဉ်ကို မက်မောနေလို့ မဟုတ်လား"
ဝမ်ကျိလုံက ပြုံးလျက်
"ငါ အကြံပေးပါရစေ စိတ်ကူးမယဉ်ပါနဲ့တော့ အရင်တုန်းကသာ မင်းတို့တွေ နည်းနည်းလောက် စည်းလုံးခဲ့ရင် တာအိုသုံးထောင်ဂိုဏ်းရဲ့ အမွေအနှစ် အချို့ကို ထိန်းသိမ်းထားနိုင်ပြီး ဒီကျင့်စဉ်ကို ရနိုင်ဖို့ အခွင့်အရေး အနည်းငယ် ရှိကောင်းရှိလိမ့်မယ် အခုတော့ ဒီအမွေအနှစ်က လောကကြီးထဲမှာ ပျောက်ကွယ်သွားပြီ ဘယ်တော့မှ ပေါ်လာတော့မှာ မဟုတ်ဘူး"
"မင်းက ငါ့ရဲ့ တာအိုစိတ်ဓာတ် ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"
တာအိုအဘိုးကြီးက မျက်လုံးကို မှေးကာ ဝမ်ကျိလုံကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
တစ်ဖက်လူသည် တွေ့ကတည်းက သူ့ကို တိုက်ခိုက်နေပြီး လှောင်ပြောင်နေခြင်းမှာ အရင်က အာဃာတတွေကြောင့်ဟု ထင်ခဲ့သော်လည်း ယခုမှ ဝမ်ကျိလုံ၏ စကားလုံးတိုင်းသည် ရည်ရွယ်ချက်ရှိရှိ ပြောဆိုနေခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။
သူသည် အသစ်တက်လာသော မသေမျိုးဘုရင်ဖြစ်သဖြင့် တာအိုစိတ်ဓာတ် မတည်ငြိမ်ပါက နောင်တစ်ချိန်တွင် အဆင့်တက်လှမ်းဖို့ အခက်တွေ့နိုင်ပေသည်။
"အဘိုးကြီး မင်းက လူကို စွပ်စွဲတော့တာပဲ မင်းရဲ့ တာအိုစိတ်ဓာတ်ကိုပဲ ဖျက်ဆီးချင်တာ မဟုတ်ပါဘူး လူရော တာအိုစိတ်ဓာတ်ရော တစ်ပါတည်း ဖျက်ဆီးပစ်ချင်တာပါ"
ဝမ်ကျိလုံက ရယ်မောကာ ဆိုသည်။
တာအိုအဘိုးကြီးက သည်းမခံနိုင်တော့ဘဲ တစ်ခုခုလုပ်ရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက် မည်သည့်နေရာမှန်းမသိသော အကြည့်တစ်ချက် သူ့အပေါ် ကျရောက်လာသလို ခံစားလိုက်ရသည်။
ထိုခံစားချက်က သူ့ကို ကြက်သီးမွေးညင်းထသွားစေပြီး မီးဖိုထဲသို့ ရေအေးဖြင့် လောင်းလိုက်သကဲ့သို့ ချက်ချင်း ငြိမ်ကျသွားစေသည်။
ကောင်းကင်ဘုရင်ကျန့် နှင့် ကျန်နှစ်ဦးမှာလည်း ထိုအငွေ့အသက်ကို သတိထားမိသဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ ကောင်းကင်ဘုရင်ကျန့်က ခပ်ဖျော့ဖျော့ ပြုံးလျက်
"ကြည့်ရတာ မင်းတို့ဂိုဏ်းက အဘိုးကြီး ဓားနတ်ဘုရား လည်း ရောက်နေပြီ ထင်တယ်"
သူက ဟင်းလင်းပြင်ကို ကြည့်ကာ
"ဓားနတ်ဘုရားကြီး ဆင်းလာပြီး စကားစမြည် ပြောပါဦးလား"
သို့သော် ဟင်းလင်းပြင်တွင် မည်သည့်လှုပ်ရှားမှုမျှ မရှိပေ။
ကောင်းကင်ဘုရင်ကျန့်က သက်ပြင်းချကာ ဘာမှ ထပ်မပြောတော့ပေ။
ထိုဓားနတ်ဘုရားကြီးသည် မသေမျိုးဧကရာဇ်အဆင့် မဟုတ်သော်လည်း သူ၏ ဓားမှာ မသေမျိုးဧကရာဇ် အဆင့်ကိုပင် ခြိမ်းခြောက်နိုင်သည်။
မသေမျိုးဘုရင်များပင် သူ၏ ဓားတစ်ချက်ကို ခံနိုင်ရည်ရှိဖို့ ခဲယဉ်းလှသည်။
ထို့ကြောင့်သာ ဟင်လင်းပြင်ဓားဂိုဏ်းသည် အလယ်ပိုင်းဒေသတွင် ထိုမျှ အရှိန်အဝါ ကြီးမားနေခြင်း ဖြစ်သည်။
တာအိုအဘိုးကြီးမှာလည်း ငြိမ်သက်သွားပြီး ဝမ်ကျိလုံနှင့် ထပ်မပတ်သက်တော့ပေ။
ချင်းရှန့်နှင့် မျက်နှာတစ်ခြမ်းပြောင်းလဲနေသော အဘွားအိုတို့၏ မျက်နှာတွင်လည်း ကြောက်ရွံ့ရိပ်များ ထင်ဟပ်နေသည်။
"ကိုးယောက်မြောက်မင်းသား လည်း ရောက်လာပြီပဲ"
ကောင်းကင်ဘုရင်ကျန့်က ခေါင်းမော့ကာ ကြည့်လိုက်သည်။ အဝေးမှ မသေမျိုးသင်္ဘော တစ်စင်း ဆိုက်ကပ်လာပြီး ထိုအပေါ်မှ အငွေ့အသက်များမှာ တာအိုအဘိုးကြီးတို့ထက် မနိမ့်ကျပေ။
"ဒီတစ်ခေါက်တော့ အလယ်ပိုင်းဒေသက မသေမျိုးဘုရင် ထက်ဝက်လောက် ရောက်လာကြမယ် ထင်တယ် ကောင်းကင်ဘုရင်ကျန့် မသေမျိုးဧကရာဇ်အဆင့်တွေရော ကိုယ်တိုင် ကြွလာနိုင်မလား"
ဝမ်ကျိလုံက မေးလိုက်သည်။
ကောင်းကင်ဘုရင်ကျန့်က တည်ငြိမ်စွာ ဆိုသည်
"ဧကရာဇ် တွေလား သူတို့က သက်တမ်း အရမ်းရှည်နေပြီဆိုတော့ ဒီလိုကိစ္စမျိုးကို စိတ်ဝင်စားဖို့ ခဲယဉ်းပါတယ်"
အချိန်များ ကုန်ဆုံးသွားပြီး နေ့စဉ်နှင့်အမျှ ကျင့်ကြံသူ ထောင်နှင့်ချီ၍ ရောက်ရှိလာကြသည်။
အများစုမှာ နတ်ဘုရားနန်းတော်ကဲ့သို့ အင်အားကြီးဂိုဏ်းများမှ ဖြစ်ပြီး လေလွင့်ကျင့်ကြံသူမှာ အနည်းငယ်သာ ပါဝင်သည်။
ဖန့်ချန်သည် အလယ်ပိုင်းဒေသ၏ အင်အားစုများအကြောင်းကို ကျင်ရွှီနှင့် ချန်ယွီဟန်တို့ထံမှတစ်ဆင့် ပိုမို သိရှိလာရသည်။
အလယ်ပိုင်းဒေသတွင် နတ်ဘုရားနန်းတော် အဆင့်ရှိသော တာအိုဂိုဏ်း သုံးခုရှိပြီး ၎င်းတို့မှာ ရှန်းထျန်း၊ ချန်ရှင်း နှင့် မဟာချဲ့ထွင်း ဂိုဏ်းတို့ ဖြစ်ကြသည်။
ထိုဂိုဏ်းကြီးများတွင် မသေမျိုးဘုရင်များ ရှိကြပြီး တာအိုအမွေအနှစ်ပေါင်း များစွာကို ပိုင်ဆိုင်ထားကြသည်။
တာအိုဂိုဏ်းများအပြင်၊ လက်နက်သွန်းလုပ်ခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် စာပေ အတတ်ပညာများတွင် ထိပ်တန်းရောက်နေသော ဂိုဏ်းကြီးများလည်း ရောက်ရှိနေကြသည်။
"ဒီတစ်ခေါက်တော့ ငါတို့အတွက် အကျိုးအမြတ် ရဖို့ ခဲယဉ်းလိမ့်မယ်"
ကျင်ရွှီက ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းချသည်
"ငါ အခုတင် နတ်မျိုးစေ့ ရာနဲ့ချီပြီး တွေ့နေရပြီတချို့က ဆေးပညာ၊ တချို့က စာပေ၊ တချို့က ဓားပညာမှာ ထူးချွန်ကြတဲ့သူတွေပဲ သူတို့ရဲ့ ပါရမီက စီနီယာချင် ထက် မနိမ့်ဘူး တကယ်လို့ ဒီစီနီယာနှစ်ယောက်က အမွေအနှစ် ပေးမယ်ဆိုရင် သူတို့ထဲကပဲ ရွေးမှာ သေချာတယ်"
"ဘာလို့လဲဗျ ကျွန်တော်တို့ ပါရမီကလည်း မဆိုးပါဘူး နတ်မျိုးစေ့တွေက အခွင့်ထူးတွေ အများကြီး ရထားပြီးသားကို၊ အကျိုးအမြတ် အားလုံးကို သူတို့ပဲ ရရမှာလား"
ချန်ယွီဟန်က မကျေမနပ် ပြောသည်။
"နတ်မျိုးစေ့ အခွင့်ထူး ဟုတ်လား"
ဖန့်ချန်က ချန်ယွီဟန်ကို ကြည့်လိုက်သည်။
"ဟုတ်တယ်လေ နတ်ဘုရားတွေရဲ့ အကြွင်းအကျန် နယ်မြေ တွေကို နတ်မျိုးစေ့တွေပဲ ဝင်ခွင့်ရှိတာကျွန်တော်တို့ကတော့ အပြင်ကနေ ငေးကြည့်နေရုံပဲ"
ကျင်ရွှီက ပြုံးလျက်
"မင်းက နတ်မျိုးစေ့ ဖြစ်သွားရင်ရော အဲ့ဒီနေရာတွေကို သွားရဲလို့လား ခရီးလမ်းမှာတင် အသက်ဆုံးရှုံးနိုင်တာ"
"ငါတို့ အလယ်ပိုင်းဒေသမှာ နတ်ဘုရားအကြွင်းအကျန် နယ်မြေ တစ်ခုမှ မရှိဘူး အနီးဆုံးက နတ်မိစ္ဆာပင်လယ် ထဲမှာ ရှိတာ"
"စီနီယာချင်တောင် အခုထိ နှစ်ခါပဲ သွားဖူးသေးတယ် တတိယအကြိမ် မသွားချင်တော့တာ ဘာလို့လဲ သိလား အဲ့ဒီမှာ အန္တရာယ်တွေ အရမ်းများလွန်းလို့ပဲ"
"နတ်မျိုးစေ့ရဲ့ အခွင့်ထူးဆိုတာ အကျိုးအမြတ်လို့ မင်းထင်နေပေမဲ့ တကယ်တမ်းကျတော့ မဟုတ်ဘူးတချို့ နတ်မျိုးစေ့တွေက မသွားချင်ကြပေမဲ့ နတ်မျိုးစေ့ ဖြစ်သွားပြီဆိုရင်တော့ မသွားလို့ မရတော့ဘူး၊ ကိုယ့်သဘောနဲ့ကိုယ် မဟုတ်တော့ဘူး ငါတို့ ဓားဂိုဏ်းမှာလို လူကြီးတွေက မင်းကို အတင်းမခိုင်းတာမျိုး မဟုတ်ဘူးလေ"
ဖန့်ချန်သည် ဗဟုသုတအသစ်များကို ရရှိလိုက်ပြီး စိတ်ထဲမှနေ၍ မှန်လေးကို မေးလိုက်သည်
"မှန်လေး နတ်ဘုရားအကြွင်းအကျန် နယ်မြေ ဆိုတာ ဘာလဲ"