အခန်း (၆၆၉-၆၇၀)
Vol. 67 Ch. 669-670
အခန်း ၆၆၉ - သေမင်းတမန် လမ်းလား၊ မင်း သွားမလား
"နတ်ဘုရားအကြွင်းအကျန် နယ်မြေ ဆိုတာလား အတိတ်တုန်းက အထက်ကမ္ဘာနဲ့ ဒီလောကကြားက လမ်းကြောင်းတွေ မပိတ်သေးခင်မှာ နတ်ဘုရား တွေ ဒီဘက်မှာ လာရောက်တည်ဆောက်ခဲ့တဲ့ ဂူဗိမာန်တွေလို့ပဲ မှတ်ထားလိုက်ပါ"
"နတ်ဘုရားတွေရဲ့ ဂူဗိမာန် ဟုတ်လား ဒါဆိုရင် အထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိမှာပေါ့"
"သေချာတာပေါ့ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ ဂူဗိမာန်ကို သာမန်လူတွေက ဘယ်လိုလုပ် မက်မောလို့ ရမှာလဲ သူတို့ ချမှတ်ထားတဲ့ တားမြစ်ချက်တွေက ကျင့်ကြံသူတွေအတွက်ပဲ"
" ဒီလောကက မသေမျိုးဘုရင်အဆင့်တွေတောင် အတင်းအဓမ္မ ဝင်လို့မရဘူး အထက်ကမ္ဘာရဲ့ အသိအမှတ်ပြုခြင်း ခံထားရတဲ့ ကျင့်ကြံသူတွေ ဒါမှမဟုတ် မင်းတို့ခေါ်တဲ့ နတ်မျိုးစေ့ တွေမှသာ အထဲကို ဝင်ဖို့ အရည်အချင်း အနည်းငယ် ရှိကြတာ"
"အထဲမှာ ဘာတွေရှိလဲ နတ်ဘုရားလက်နက် တွေလား"
ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။
"ရှိရင်လည်း ရှိမှာပေါ့ ဒါပေမဲ့ မင်းကို နတ်ဘုရားလက်နက် တစ်ခု ပေးရင်တောင် မင်း သုံးလို့ရမှာ မဟုတ်ဘူး မင်းတို့လို ဂျူနီယာတွေက အဲ့ဒီဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး"
"လျှောက်မပြောနဲ့"
ဓားကလေးက ချက်ချင်း ဝင်ပြောသည်။
မှန်လေး က သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောသည်
" တစ်နေ့နေ့မှာ မင်း တကယ်ဝင်ဖြစ်ခဲ့ရင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ဒါမှမဟုတ် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး တွေကိုပဲ ရှာ လောကမှာ နတ်ဘုရားအကြွင်းအကျန် နယ်မြေတွေကလွဲရင် တခြားနေရာတွေမှာ ဒီပစ္စည်းတွေ ထွက်ဖို့ ခဲယဉ်းသွားပြီ"
သူက ခဏရပ်ပြီး
"တကယ်လို့ ကံအရမ်းကောင်းလို့ နတ်ဘုရားကျောက်စိမ်း တစ်တုံးလောက် တွေ့ခဲ့ရင်တော့ မင်း တကယ်ကို သူဌေးကြီး ဖြစ်သွားပြီပဲ"
"အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၊ အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး၊ နတ်ဘုရားကျောက်စိမ်း..."
ဖန့်ချန်က စဉ်းစားနေမိသည်။
သူသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးကိုပင် မမြင်ဖူးသေးပေ။
ထိုအဆင့်အတန်းရှိသော ကျောက်တုံးများသည် အထက်သုံးဆင့် ကျင့်ကြံသူများကြားတွင်သာ လှည့်လည်နေခြင်း ဖြစ်နိုင်သည်။
" နတ်ဘုရားကျောက်စိမ်းဆိုတာ နတ်ဘုရားတွေ သုံးတဲ့ ဝိညာဉ်ကျောက်တုံးလား"
"အဲ့လို နားလည်လို့ ရပေမဲ့ နည်းနည်းတော့ ကွာခြားတယ် ဘယ်အဆင့်ရှိတဲ့ နတ်ဘုရားကျောက်စိမ်းပဲဖြစ်ဖြစ် အထက်ကမ္ဘာမှာတော့ တန်ဖိုး အရမ်းကြီးတယ် ဘာလို့လဲဆိုတော့ အဲ့ဒါက အသက်ရှည်စေလို့ပဲ"
"အသက်ရှည်စေတယ် ဟုတ်လား"
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။
"ကောင်းကင်ဘုရင်ကျန့် ရဲ့ နန်းတော်က မင်းသားတွေ၊ မင်းသမီးတွေပါ ရောက်လာကြပြီပဲ ကြည့်ရတာ ငါတို့ ဒီတစ်ခေါက် တကယ်ပဲ အကျိုးအမြတ် ဘာမှ ရမှာ မဟုတ်တော့ဘူး"
ကျင်ရွှီ၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
အားလုံးက လှမ်းကြည့်လိုက်ကြရာ၊ ဖန့်ချန်နှင့် လန်ယာဝင်ချိုးတို့ ရင်းနှီးနေသော မသေမျိုးသင်္ဘော တစ်စင်းကို တွေ့လိုက်ရသည်။
၎င်းမှာ ကိုင်ဟုန် ၏ သင်္ဘော ဖြစ်သည်။
နောက်ထပ် သင်္ဘောတစ်စင်းမှာလည်း အလွန် ခမ်းနားထည်ဝါပြီး ကြီးမားသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သင်္ဘောနှစ်စင်းလုံးသည် အံစာတုံးပွဲကို အနှောင့်အယှက် မဖြစ်စေရန် အဝေးမှပင် ရပ်တန့်လိုက်ကြသည်။
"ကျင်စီနီယာ ကြည့်ရတာ ငါတို့လို လေလွင့်ကျင့်ကြံသူတွေကတော့ ဒီတစ်ခေါက် ပွဲကြည့်ရုံပဲ ရှိတော့မယ် ထင်တယ်"
ကျင်ရွှီဘေးမှ လူဝကြီးက စိတ်ဓာတ်ကျစွာ ဆိုသည်။
"ကိစ္စမရှိပါဘူး ဒီလိုပွဲမျိုးက ပုံမှန်ဆိုရင် ကြည့်ခွင့်ရဖို့တောင် မလွယ်ဘူးလေ စိတ်အေးအေးထားပါ"
ကျင်ရွှီက သူ့ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။
ဖန့်ချန်၏ အာရုံက ရုတ်တရက် လှုပ်ရှားသွားပြီး တစ်နေရာသို့ ကြည့်လိုက်ရာ၊ အဘိုးအိုတစ်ဦးသည် မိန်းကလေးငယ်တစ်ဦးကို လက်ဆွဲကာ သစ်ပင်တစ်ပင်အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူတို့သည် သစ်သီးများကို စားရင်း အံစာတုံးပွဲကို ကြည့်နေကြပုံမှာ မြေးအဘိုး နှစ်ယောက် ခရီးထွက်လာသကဲ့သို့ပင် ရိုးရှင်းလှသည်။
"အားလုံးပဲ... ကျွန်တော် ခဏ သွားလိုက်ဦးမယ်"
ဖန့်ချန်က ကျင်ရွှီတို့ကို အသိပေးပြီးနောက် ထိုအဘိုးအိုရှိရာသို့ ပျံသန်းသွားတော့သည်။
ကျင်ရွှီတို့ကလည်း ဖန့်ချန်မှာ အသိဟောင်းတွေ့သဖြင့် သွားနှုတ်ဆက်သည်ဟု ထင်ကာ သိပ်ဂရုမစိုက်ဘဲ အံစာတုံးပွဲကိုသာ ဆက်လက် အာရုံစိုက်နေကြသည်။
ခဏအကြာတွင် ဖန့်ချန်သည် သစ်ပင်အောက်သို့ ရောက်သွားပြီး အဘိုးအိုကို လက်အုပ်ချီ အရိုအသေပြုလိုက်သည်
"ဂျူနီယာ ဖန့်ချန်က စီနီယာချင်းမု ကို ဂါရဝပြုပါတယ်"
သူသည် အနည်းငယ် ထူးဆန်းနေမိသည်။
ထိုစဉ်က မဟာချန်း နိုင်ငံတွင် တွေ့ခဲ့စဉ်ကလည်း ထိုမိန်းကလေးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်သာ ရှိသေးသည်။
ယခု နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့သော်လည်း သူမ၏ ရုပ်ရည်မှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။
"အစ်ကို... အစ်ကိုပါလား"
မိန်းကလေးငယ်က မျက်လုံးလေး ကလည်ကလည်ဖြင့် သူမလက်ထဲမှ ဝိညာဉ်သီးကို တစ်ကိုက် ကိုက်လိုက်ပြီး ဖန့်ချန်ကို စောင်းငဲ့ကြည့်သည်။
"မင်း ငါ့ကို မှတ်မိသေးတယ်လား"
ဖန့်ချန်က ပြုံးလိုက်သည်။
မိန်းကလေးငယ်၏ နှာခေါင်းလေးက အနည်းငယ် လှုပ်ရှားသွားပြီး ခေါင်းညိတ်ပြသည်
"မှတ်မိတာပေါ့ အစ်ကို့ဆီက အနံ့က တခြားလူတွေနဲ့ မတူဘူး"
"အနံ့ ဟုတ်လား"
ဖန့်ချန် ကြောင်သွားသည်။
ချင်းမုမျိုးနွယ်စု၏ ဘိုးဘေးကြီး က ဟားဟားတိုက် ရယ်မောကာ မိန်းကလေးငယ်၏ ခေါင်းကို ပုတ်လိုက်သည်
"ငါ့မြေးမလေးက သာမန်လူနဲ့ မတူဘူးလေ သူက အနံ့ခံရတာ ဝါသနာပါတယ် လူတွေ၊ ကိစ္စတွေကို ကြည့်ရင်လည်း မျက်လုံးနဲ့ မကြည့်ဘူး ဒီအချက်က မင်းနဲ့ နည်းနည်းတူတယ်"
သူက ခဏရပ်ပြီး
"ဖန့်မိတ်ဆွေ မင်း မဟာတာအိုနယ်မြေ ကို သွားခဲ့တယ် မဟုတ်လား ဘာတွေ ရခဲ့လဲ"
ဖန့်ချန်က ခါးသက်သက် ပြုံးလိုက်သည်
"စီနီယာချင်းမုက အားလုံး သိနေတာပဲ ဂျူနီယာကို နောက်မနေပါနဲ့တော့"
ထိုစဉ်က စီနီယာယွမ်ဟယ် ဆိုတဲ့ အမည်ကို ကြားလိုက်ရချိန်တွင် စီနီယာချင်းမု၏ မျက်နှာထား ပြောင်းလဲသွားခဲ့သည်ကို ဖန့်ချန် မှတ်မိသည်။
ထိုစဉ်က စီနီယာယွမ်ဟယ်သည် အလယ်ပိုင်းဒေသတွင် အင်အားကြီးမားပြီး ကျော်ကြားသူမို့ဟု ထင်ခဲ့သော်လည်း၊ တာအိုတစ်ထောင်ဂိုဏ်း သို့ ရောက်သွားချိန်မှသာ စီနီယာချင်းမု ဘာကြောင့် ထိုသို့ အမူအရာ ပြောင်းသွားရသလဲဆိုတာ သူ နားလည်သွားခဲ့သည်။
စီနီယာချင်းမုက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို အဝေးမှ စီနီယာယွမ်ဟယ် ဆီသို့ ပို့လိုက်သည်
"မင်း အရင်က ပြောခဲ့တယ် မင်းရဲ့ ကျင့်စဉ်တွေကို စီနီယာယွမ်ဟယ်က သင်ပေးခဲ့တာလို့ အခု ငါ မင်းကို ထပ်မေးမယ် အဲ့ဒီစကားက အမှန်လား၊ အမှားလား မင်းမှာ ဖြေဖို့ အခွင့်အရေး တစ်ခါပဲ ရှိတယ် မင်း ဘယ်လိုပဲ ဖြေဖြေ ငါ ဒုတိယအကြိမ် ထပ်မမေးတော့ဘူး"
ဖန့်ချန်၏ မျက်နှာထား လေးနက်သွားသည်။
တစ်ဖက်လူက ဘာကြောင့် ထိုအချက်ကို ထပ်မံ မေးမြန်းရသနည်း။
သူ၏ လေသံမှာလည်း တစ်စုံတစ်ရာကို ဆုံးဖြတ်ချက် ချတော့မည့်ပုံမျိုး
ခဏမျှ စဉ်းစားပြီးနောက် ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်
"ဂျူနီယာမှာ မုသာဝါဒ မရှိပါဘူး ကျွန်တော့်ရဲ့ ကျင့်စဉ်အားလုံးကို စီနီယာယွမ်ဟယ်ကပဲ သင်ကြားပေးခဲ့တာပါ"
စီနီယာချင်းမုက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဖန့်ချန်ကို ပြန်ကြည့်သည်။
သူ၏ မျက်ဝန်းများမှာ ယခင်ကထက် ပိုမို နွေးထွေးသွားသည်
"ဒါဆိုရင် မင်းက ငါ့ရဲ့ ဂိုဏ်းတူညီငယ်လေး ပေါ့"
"..."
ဖန့်ချန်သည် ထိုသို့ ဖြစ်လာမည်ဟု မထင်ထားမိသဖြင့် ခဏမျှ ကြောင်အမ်းသွားပြီးမှ
"စီနီယာချင်းမုရဲ့ ကျင့်စဉ်ကလည်း စီနီယာယွမ်ဟယ်ဆီကပဲလား"
"မင်း မယုံဘူးလား"
ချင်းမုက ရုတ်တရက် ပြုံးလိုက်သည်။
ဖန့်ချန် စကားမပြောရသေးခင်မှာပင် သူက ဆက်ပြောသည်
"မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒီတစ်ခေါက် ဆရာက လူကိုယ်တိုင် ထွက်လာပြီး အံစာတုံး ကစားနေတယ်ဆိုတာ ရှေးဟောင်းသတင်းတွေအရ ဆိုရင်တော့ သူ့ရဲ့ သတိစိတ်က အနည်းငယ် ပြန်ရလာတဲ့ သဘောပဲ ဒါပေမဲ့ သူက ငါတို့နှစ်ယောက်ကို မှတ်မိမလားဆိုတာတော့ မသေချာဘူး"
"စီနီယာချင်းမု..."
"ငါ့ကို စီနီယာအစ်ကို လို့ ခေါ်ပါ"
"ဒါဆို... စီနီယာအစ်ကိုချင်းမု ကရော ဒီကို ရောက်လာတာက အတတ်ပညာ အမွေအနှစ် ရဖို့လား"
"ဟားဟား ဆရာ ငါ့ကို သင်ပေးထားတာတွေကိုတောင် အခုထိ ငါ အကုန် နားမလည်သေးဘူး နောက်ထပ် အတတ်ပညာတွေ ထပ်ရလည်း ဘာထူးမှာလဲ ငါ ဒီနေ့ လာတဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်"
ချင်းမု၏ အကြည့်မှာ ချန်ရှင်းဂိုဏ်း၊ ရှန်းထျန်းဂိုဏ်း နှင့် မဟာချဲ့ထွင်းဂိုဏ်းမှ ကျင့်ကြံသူများအပေါ်သို့ ဖြည်းညင်းစွာ ကျရောက်သွားသည်
"လူသတ်ဖို့ပဲ"
သူ၏ အသံမှာ တိုးညင်းလှသော်လည်း၊ ဖန့်ချန်မှာ ထိုအခိုက်အတန့်တွင် ရှေးဟောင်းခေတ်မှ မိစ္ဆာသားရဲကြီးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထို ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အရှိန်အဝါက သူ့ကို ကြက်သီးမွေးညင်းထသွားစေသည်။
"မင်းက ငယ်သေးတော့ မသိဘူး ငါတို့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အများကြီးက ဒီတာအိုဂိုဏ်းတွေရဲ့ လက်ချက်နဲ့ သေခဲ့ကြရတာ အင်း တာအိုဂိုဏ်းတွေတင် မကဘူး တခြား ဂိုဏ်းအသီးသီးကလည်း အမှောင်ထဲမှာ ကြံစည်နေကြတာ"
"သူတို့က ဆရာ့ရဲ့ အမွေအနှစ်ကို လိုချင်ကြသလို တစ်ဖက်မှာလည်း ဆရာ့ကို ဝိညာဉ်အကြွင်းအကျန် အရူးတစ်ယောက်အဖြစ် လှောင်ပြောင်နေကြတာ ညီလေးရာ ငါတို့ တပည့်တွေအနေနဲ့ ဒါကို ဒီအတိုင်း ထိုင်ကြည့်နေသင့်သလား"
စီနီယာချင်းမုက ဖန့်ချန်ကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်
"တကယ်လို့ စီနီယာအစ်ကိုက ဒီနေ့ မင်းကို မေးမယ်ဆိုရင် ဆရာ့ကို စော်ကားတဲ့သူတွေရှိလာရင် မင်း စီနီယာနဲ့အတူ လက်တွဲပြီး တိုက်ခိုက်မလား"
"မင်းရဲ့ ရန်သူက အလယ်သုံးဆင့် ကျင့်ကြံသူတွေ ဒါမှမဟုတ် အထက်သုံးဆင့် ကျင့်ကြံသူတွေ ဖြစ်နေရင်တောင် သေမင်းတမန် လမ်း မင်း သွားမလား"
ဖန့်ချန် စကားမပြောမိပေ။
သူသည် အကျိုးအမြတ်ကို တွက်ချက်မနေတော့ဘဲ၊ တကယ်လို့ တစ်စုံတစ်ယောက်က သူ့ရှေ့မှာတင် စီနီယာယွမ်ဟယ်ကို စော်ကားလာခဲ့ရင်... သူ ဘာလုပ်မလဲဆိုတာကိုသာ တွေးနေမိသည်။
ခဏအကြာတွင် ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်
"စီနီယာအစ်ကိုချင်းမု ကျွန်တော့်မှာ အတတ်ပညာတစ်ခု ရှိတယ် အဲ့ဒါကို သုံးလိုက်ရင် မိတ်ဆွေရော ရန်သူရော ခွဲလို့ရမှာ မဟုတ်ပေမဲ့ အထက်သုံးဆင့် ကျင့်ကြံသူတွေကိုတောင် ဒဏ်ရာရစေနိုင်မယ် ထင်ပါတယ်"
စီနီယာချင်းမုက ရုတ်တရက် ဟားတိုက် ရယ်မောလိုက်ပြီး ဖန့်ချန်၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်
"မင်းရဲ့ စီနီယာအစ်ကိုက လူအ မဟုတ်ပါဘူး မင်းကို အသေခံခိုင်းမလား မကြောက်ပါနဲ့... ဓားဂိုဏ်းက ဓားစိန်ခေါ်ပွဲ လုပ်နိုင်သလို ငါတို့လည်း တာအိုစိန်ခေါ်ပွဲ လုပ်လို့ ရတာပဲ"
"ဒီနေ့ ငါတို့ သူတို့ကို တာအိုစိန်ခေါ်ပွဲ သွားလုပ်ကြမယ်စည်းမျဉ်းတွေအတွင်းမှာဆိုရင် ဘယ်သူကမှ ငါတို့ကို ဝိုင်းပြီး တိုက်ခိုက်ရဲမှာ မဟုတ်ဘူး"
အခန်း ၆၇၀ - သရေ
တာအိုစိန်ခေါ်ပွဲ ဟုတ်လား။
ဖန့်ချန်က တစ်စုံတစ်ရာကို စဉ်းစားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူသည် အဘိုးဖန့် ရှိရာသို့ လှမ်းကြည့်ကာ ရှုပ်ထွေးသော မျက်နှာထားဖြင့်
"စီနီယာအစ်ကိုချင်းမု စီနီယာယွမ်ဟယ်နဲ့ ကစားနေတဲ့သူက..."
"ဆရာက ဆရာပဲ နာမည်ကို လျှောက်မခေါ်နဲ့ ဆရာက မင်းကို တရားဝင် တပည့်အဖြစ် လက်မခံခဲ့ဘူး ဆိုရင်တောင် မင်းကို အတတ်ပညာ သင်ပေးခဲ့တာမို့ သူက မင်းရဲ့ ဆရာပဲ"
ချင်းမုဘိုးဘေးကြီးက ဖန့်ချန်၏ အခေါ်အဝေါ်ကို အလေးအနက် ပြင်ဆင်ပေးပြီးနောက် အဘိုးဖန့် ကို ကြည့်ကာ သက်ပြင်းချလိုက်သည်
"ဒီစီနီယာရဲ့ နောက်ခံက အရမ်းကြီးမားတယ်လောကမှာရှိတဲ့ မသေမျိုးဘုရင် အတော်များများက သူ့ကို ဆရာ့လိုပဲ ဖောက်ထွက်လာတဲ့ ကိန်းဂဏန်း လို့ ခေါ်ကြတာ ငါသိသလောက်ပဲ"
"မတူတာတစ်ခုက ဒီစီနီယာက သာမန်လူလိုပဲ သတိစိတ်ရှိတယ် ဒါပေမဲ့ ပုံမှန်ဆိုရင် ခြေရာဖျောက်နေတတ်တာ သူ ကိုယ်တိုင် ထွက်မလာချင်ရင် ဘယ်သူမှ သူ့ကို ရှာမတွေ့နိုင်ဘူး"
"သူက ဆရာနဲ့ အရင်က မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့မယ်လို့ ငါထင်တယ် ဒါကြောင့် ဆရာက သူ့ကို တွေ့တိုင်း ထိုင်ပြီး အံစာတုံး ကစားလေ့ရှိတာ အဲ့ဒီအချိန်ကျမှ ဆရာ့ရဲ့ သတိစိတ်က နည်းနည်း ပြန်ရလာတတ်တာ"
"စီနီယာအစ်ကိုက ဒီစီနီယာရဲ့ နာမည်ကို သိလား"
ဖန့်ချန်က မေးလိုက်သည်။
"နာမည်အရင်းတော့ မသိဘူး မျိုးရိုးနာမည်ကတော့..."
ချင်းမုက ဖြည်းဖြည်းချင်း ပြောရန် ပြင်လိုက်သည်။
သူ့စကားမဆုံးခင်မှာပင် စီနီယာယွမ်ဟယ်က ရုတ်တရက် ဟားတိုက် ရယ်မောလိုက်သံမှာ လူတိုင်း၏ နားထဲတွင် ခေါင်းလောင်းသံကြီးကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်
"ဖန့်မိတ်ဆွေ မင်းရဲ့ ဒီအကွက်က တကယ့်ကို ထူးခြားတာပဲ"
"ဟိုစီနီယာ စကားပြောလိုက်ပြီ..."
"အံစာတုံးပွဲက ပြီးတော့မှာလား"
ပတ်ဝန်းကျင်ရှိ သောင်းနှင့်ချီသော ကျင့်ကြံသူများ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာသည်။
"မင်း ကြားတဲ့အတိုင်းပဲ ဒီစီနီယာရဲ့ မျိုးရိုးက ဖန့် တဲ့ မင်းနဲ့ မျိုးရိုးတူတာပဲ"
ချင်းမုက ပြုံးကာ ဆိုသည်။
ဖန့်ချန် စဉ်းစားခန်း ဝင်သွားသည်။
မျိုးရိုးကလည်း ဖန့်၊ ရုပ်ရည်ကလည်း သူ့အဖိုးနဲ့ တစ်ပုံစံတည်း လောကမှာ ဒီလို တိုက်ဆိုင်မှုမျိုး ရှိနိုင်ပါ့မလား။
သူ ထိုစီနီယာကို လှမ်းကြည့်ရင်း စိတ်ချင်းဆက်သွယ်ကာ လှမ်းမေးကြည့်ချင်သော်လည်း တွေဝေနေမိသည်။
တကယ်လို့ မဟုတ်ခဲ့ရင် ဒီလို အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ စိတ်နေစိတ်ထားက ခန့်မှန်းရခက်သဖြင့် ကိုယ့်ကိုယ်ကိုယ် ဘေးခေါ်သလို ဖြစ်သွားနိုင်ပေသည်။
ထိုစဉ်မှာပင် အဘိုးဖန့် က စီနီယာယွမ်ဟယ်၏ စကားကို ကြားသောအခါ ခပ်ဖျော့ဖျော့ ပြုံးလျက်
"ယွမ်မိတ်ဆွေရဲ့ နည်းလမ်းကလည်း အရမ်းကို ပါးနပ်ပါတယ် ကျွန်တော်လည်း လေးစားမိပါတယ် တကယ်လို့ အနိုင်အရှုံး ခွဲမယ်ဆိုရင် နောက်ထပ် နှစ်ပေါင်းများစွာ ကြာဦးမှာပဲ ဒါကြောင့် ဒီပွဲကို သရေ လို့ပဲ သတ်မှတ်ကြမလား"
ယွမ်ဟယ်က ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်သည်
"ရတာပေါ့"
သရေ ဟုတ်လား။
လူတိုင်း တုံ့ပြန်ဖို့ အချိန်မရခင်မှာပင် ဟင်းလင်းပြင်ရှိ အံစာတုံးပွဲ မြင်ကွင်းများမှာ ကွယ်ပျောက်သွားပြီး၊ တောင်ကုန်းများအဖြစ် အသုံးပြုခဲ့သော အံစာတုံးများမှာ မူလနေရာသို့ အလင်းတန်းများအဖြစ် ပြန်လည် ရောက်ရှိသွားကြသည်။
ကောင်းကင်ဘုရင်ကျန့် တို့ အုပ်စုမှာ ဒါကို မြင်သောအခါ မျက်လုံးများ ပြူးသွားကြသည်။
ထိုကဲ့သို့သော တန်ခိုးစွမ်းအားမျိုးကို သူတို့ ကိုယ်တိုင်လည်း မလုပ်နိုင်ကြောင်း သိနေကြသည်။
ယွမ်ဟယ်က သက်ပြင်းအသာချကာ ပတ်ဝန်းကျင်ကို ကြည့်ရင်း
"ဒီလောကကြီးကို သေချာ မကြည့်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ"
"ဒါဆိုရင်လည်း သေချာကြည့်ထားလိုက်ပေါ့၊ ခဏကြာရင် မင်း ပြန်မေ့သွားဦးမှာပဲကို"
အဘိုးဖန့် က ပြုံးကာ ဆိုသည်။
လူတိုင်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသည်းအသန် လည်တဆန့်ဆန့်ဖြင့် ကြည့်နေကြသည်။
ရှေးဟောင်းသတင်းတွေအရ စီနီယာယွမ်ဟယ် ဟာ ဂျူနီယာတွေကို ကူညီရတာ ဝါသနာပါပြီး သူ မျက်စိကျတဲ့သူဆိုရင် အကျိုးအမြတ် တစ်ခုခု ရတတ်လို့ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဖန့်ချန်မှာ စီနီယာနှစ်ဦး၏ အကြည့်များက သူ့အပေါ် ခဏမျှ ကျရောက်လာသလို ခံစားလိုက်ရသည်။
သို့သော် သူ သေချာကြည့်လိုက်သောအခါ ထိုနှစ်ဦးမှာ ကောင်းကင်ယံကိုသာ လှမ်းကြည့်နေကြသည်။
"စီနီယာနှစ်ယောက်က ဘာကို ကြည့်နေတာလဲ အဲ့ဒီမှာ ဘာမှ မရှိပါဘူး..."
"ငါတို့ ကျင့်ကြံခြင်း အဆင့်မမှီလို့ မမြင်ရတာ ဖြစ်မှာပေါ့"
လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် မသေမျိုးသင်္ဘော နှစ်စင်းသည် ဟင်းလင်းပြင်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
သင်္ဘောပေါ်ရှိ အလံများကို မြင်လိုက်ရချိန်တွင် လူတိုင်း အသက်ရှူမှားသွားကြသည်။
ဒါတွေက မင်းသားတွေရဲ့ သင်္ဘော မဟုတ်ဘဲ၊ အရှေ့ပိုင်းဒေသ စောင့်ရှောက်ရေးဘုရင် နဲ့ အနောက်ပိုင်းဒေသ ကိုးယောက်မြောက်မင်းသား တို့ရဲ့ သင်္ဘောတွေ ဖြစ်နေလို့ပင်။
မသေမျိုးဘုရင် တွေ ကိုယ်တိုင် ကြွလာတာပဲ။
အရင်က မသေမျိုး တွေ ရှိမလားလို့ တွေးနေကြတဲ့ ကျင့်ကြံသူတွေဟာ အခုတော့ သေချာသွားပါပြီ။
မသေမျိုးဘုရင်တွေတောင် ရောက်လာမှတော့ သူတို့ဘေးမှာ မသေမျိုးအဆင့် တွေ ဘယ်နှယောက်တောင် ပါလာမလဲ။
"ဒါက..."
ဖန့်ချန်၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ထင်ဟပ်လာသည်။
သူ၏ ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်ထားသော်လည်း ယခုအခါတွင် အချို့သောသူများ၏ ခန္ဓာကိုယ်မှ လိုင်းကြောင်းများမှာ ရှုပ်ထွေးနေသဖြင့် သူတို့၏ ရုပ်ရည်ကို သေချာ မမြင်ရပေ။
သို့သော် ထိုသူများထဲတွင် တစ်ဦးကိုတော့ သူ သေချာ မြင်ရသည်။
ထိုသူမှာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှ သူ့ဆရာ ဝမ်ကျိလုံ ဖြစ်သည်။
"အရှေ့ပိုင်းဒေသ စောင့်ရှောက်ရေးဘုရင် ချင်းရှန့်ဂိုဏ်းက ချင်းရှန့်ကျွင်း၊ ဟွမ်ယွမ် က ကျောက် ဆရာကြီး၊ မဟာချဲ့ထွင်းဂိုဏ်းက အိုယန်ရွှမ်ကျိ၊ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဝမ်ကျိလုံ"
ချင်းမုက ပြုံးကာ တစ်ဦးချင်းစီ၏ အမည်များကို ရွတ်ပြလိုက်သည်
"ဆရာ ထွက်လာမှပဲ ဒီလို လူကြီးလူကောင်းတွေ အများကြီးကို တွေ့ရတော့တာပဲ"
ထို့နောက် ချင်းမု၏ အကြည့်မှာ နောက်ထပ် မသေမျိုးသင်္ဘော တစ်စင်းပေါ်သို့ ကျရောက်သွားသည်။ ထိုသင်္ဘောပေါ်တွင် လူသုံးဦး ရပ်နေသည်။
အလယ်တွင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦး၊ ညာဘက်တွင် နဂါးဦးချိုနှင့် နဂါးနှုတ်ခမ်းမွှေး ပါရှိသော လူတစ်ဦး နှင့် ဘယ်ဘက်တွင် ရှစ်ပေခန့် မြင့်မားသော ဧရာမ အမျိုးသမီးကြီး တစ်ဦးတို့ ဖြစ်ကြသည်။
"အနောက်ပိုင်းဒေသ ကိုးယောက်မြောက်မင်းသား၊ ချန်ရှင်းဂိုဏ်းက နဂါးအရှင် ၊ နတ်ဘီလူးဂိုဏ်း က စူမို ဧကရာဇ်... ဟင်း... တာအိုဂိုဏ်းကြီး သုံးခုထဲက နှစ်ခုရဲ့ မသေမျိုးဘုရင်တွေ ရောက်နေပြီ"
"ရှန်းထျန်းဂိုဏ်းက မသေမျိုးဘုရင်ကတော့ ဘယ်မှာ ပုန်းနေလဲ မသိဘူး သူတို့ကတော့ အမြဲတမ်း သတိကြီးပြီး ကြံစည်ရတာ ဝါသနာပါတာကိုး"
ချင်းမုက လှောင်ပြောင်သရော်လိုက်သည်။
ဖန့်ချန်မှာ ထိုသူများအားလုံးသည် မသေမျိုးဘုရင် အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြောင်း သိလိုက်ရချိန်တွင် အံ့သြသွားသည်။
ရှေးခေတ်ကဆိုလျှင် သူတို့သည် အထက်ဘုံသို့ တက်လှမ်းနိုင်သူများ ဖြစ်ကြသည်။
"ဒါပေမဲ့ ငါ ဘာလို့ သူတို့မျက်နှာကို မမြင်ရတာလဲ စီနီယာယွမ်ဟယ်နဲ့ ဟိုစီနီယာရဲ့ မျက်နှာကိုတော့ ဘာလို့ မြင်နေရတာလဲ"
ဖန့်ချန်က စဉ်းစားရင်း ဝိညာဉ်ကို ကိုယ်ပြင်ပသို့ ထုတ်ရန် ပြင်လိုက်သော်လည်း၊ ချင်းမု၏ လက်က သူ့ပုခုံးပေါ်သို့ အသာအယာ ကျရောက်လာသည်။
"ညီလေး မင်းရဲ့ ဝိညာဉ်က ထူးခြားတယ် ဒီလိုနေရာမျိုးမှာ ဝိညာဉ်ထုတ်တာ မကောင်းဘူး ဆရာ့ရဲ့ အမွေအနှစ်ကြောင့် ဒီမသေမျိုးဘုရင်တွေက အမှောင်ထဲမှာ ဘာမဆို လုပ်လာနိုင်တယ်"
ချင်းမုက သတိပေးလိုက်သည်။
"စီနီယာအစ်ကိုက သိနေတာပဲ"
ဖန့်ချန်က ခါးသက်သက် ပြုံးလိုက်သည်။
စီနီယာချင်းမုက သူ့ဝိညာဉ် ထူးခြားတာကို ယခင်ကတည်းက သိထားပုံရသည်။
သို့သော် သူသည် တစ်ခု မှားယွင်းနေပုံရသည်။
သူက ထိုထူးခြားမှုမှာ စီနီယာယွမ်ဟယ်ကြောင့်ဟု ထင်နေခြင်း ဖြစ်သည်။
တကယ်တမ်းတွင် ဖန့်ချန်သည် စီနီယာယွမ်ဟယ်နှင့် မတွေ့ခင်ကတည်းက ထိုကဲ့သို့ ထူးခြားနေခဲ့ခြင်း ဖြစ်သည်။
"မင်းတို့က ဘယ်သူတွေလဲ မျက်နှာစိမ်းတွေပါလား အရင်က လူတွေရော ဘယ်ရောက်ကုန်ပြီလဲ"
အဘိုးဖန့်က မသေမျိုးသင်္ဘောပေါ်ရှိ လူများကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
စောင့်ရှောက်ရေးဘုရင်တို့ အုပ်စုမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။
လွန်ခဲ့သော အကြိမ်က သူတို့သည် ထိုစီနီယာကြီးနှစ်ဦးနှင့် စကားပြောခွင့်ရလောက်အောင် အဆင့်မမှီခဲ့ကြပေ။