← Chapters

အခန်း (၃၃၁)

Vol. 34 Ch. 331

အခန်း (၃၃၁)

Vol. 34 Ch. 331

ဤသို့ဖြင့် လူတစ်စုက လူကြီးမင်းစုန့်၏အိမ်သို့ ပြန်ရောက်လာကြလေသည်။ အိမ်သို့ ပြန်ရောက်သည်နှင့် လင်းရန်က စုန့်ရှီးယန်ကို မီးမွှေးကူရန်နှင့် ဟင်းချက်ကူညီရန် အမြန်ခေါ်ဆောင်သွားပြီး၊ စုန့်လူကြီးမင်းနှင့် စုန့်ကျယ်တို့ကို ဧည့်ခန်းတွင် ဆက်လက် စကားပြောနိုင်ရန် နေရာဖန်တီးပေးလိုက်၏။

ကျန်းကျွင့်သည်က တစ်ချိန်လုံး ဘေးတွင် ထိုင်နေခဲ့ပြီး မျက်နှာသေကြီးဖြင့် လိုက်လံရယ်မောနေခဲ့လေသည်။

မသိသူများက သူ့အနေဖြင့် စုန့်ကျယ် ရောက်ရှိလာခြင်းကြောင့် စိမ်းသက်နေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။ သို့သော် လင်းရန်နှင့် စုန့်ရှီးယန်တို့အနေဖြင့် ထိုသူမှာ အမှားလုပ်ထားသောကြောင့် လိပ်ပြာမလုံဖြစ်နေခြင်းသာ ဖြစ်ကြောင်းကို မြင်တွေ့နေနိုင်ပေသည်။

စုန့်ရှီးယန်၏ အကူအညီဖြင့် လင်းရန်က ထမင်းဟင်းများကို လျင်မြန်စွာ ပြင်ဆင်လိုက်၏။ မိသားစုဝင်များ ထမင်းစားပြီးသည်နှင့် အန်တီတုန်နှင့် တခြားသူများမှာ အိမ်ရှေ့သို့ စုဝေး၍ရောက်ရှိလာကြလေသည်။

စုန့်လူကြီးမင်းက သူတို့ရောက်လာသည်ကို မြင်လျှင်အားရပါးရ ရယ်မောလိုက်လေ၏။

သူသည်ကား အန်တီတုန်တို့အုပ်စုမှာ သူ၏သားစုန့်ကျယ် ရောက်ရှိလာကြောင်းကို သိရှိ၍ ရောက်လာကြခြင်းဖြစ်သည်ဟု မသိစိတ်ဖြင့် ထင်မှတ်လိုက်ခြင်း ဖြစ်ပေသည်။

မဟုတ်ပါက သူတို့ ဤမျှအထိ အလောတကြီး လာကြလိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ သူက ချက်ချင်းပင် ပြောလိုက်လေသည်။

“မင်းတို့ကတော့ သတင်းတွေကို ဘယ်သူ့ထက်မဆို ပိုမြန်အောင်သိတာပဲ၊ ငါက ကလေးကို ခုမှပြန်ခေါ်လာကာစပဲရှိသေးတယ်၊ မင်းတို့က သိနှင့်နေပြီ တကယ့်ကို တော်ကြတယ်”

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ အန်တီတုန်နှင့် တခြားသူများမှာ ထိုစကားကို ကြားလျှင် ကြောင်အမ်းသွားကြပြီးနောက် မသိစိတ်ဖြင့် ပြန်မေးလာကြလေသည်။

“ဘာ.. အစ်ကိုကြီးစုန့် ရှင့် သားကို ရှာတွေ့ပြီ ဟုတ်လား”

“ဘယ်မှာလဲ? ဟိုတစ်ယောက်လား? အို.. ကြည့်ရတာ ခင်ဗျားနဲ့ တကယ်တူတာပဲ!”

“ဒီလူငယ်လေးက တကယ့်ကို ခန့်ညားတာပဲ၊ ဒါပေမဲ့ ဘာလို့ ကြည့်ရတာ အသက်နည်းနည်း ငယ်နေသလို ဖြစ်နေရတာလဲ”

စုန့်လူကြီးမင်း၏ စကားကို ကြားပြီးနောက် လူတိုင်းက အံ့ဩတကြီးဖြင့် အိမ်ထဲ၌ စုန့်လူကြီးမင်း၏သားကို လိုက်လံရှာဖွေကြကာနောက်ဆုံးတွင် စုန့်ရှီးယန်ကိုသာ ဇာတ်လိုက်အဖြစ် သတ်မှတ်လိုက်ကြလေတော့သည်။

စုန့်ရှီးယန် : “...”

ငါက ငါ့အဖေ ဖြစ်သွားရတာလား။

ကံကောင်းထောက်မစွာဖြင့် စုန့်လူကြီးမင်းက အချိန်မီပင် ရှင်းပြလိုက်လေ၏။

“အဲဒါ ငါ့မြေးကွ!”

ထိုသို့ပြောပြီးနောက် သူက ဂုဏ်ယူဝင့်ကြွားသော မျက်နှာအမူအရာဖြင့် ရုတ်တရက် ထပ်ပေါင်းပြောလိုက်ပြန်သည်။

“သူက စားဖိုမှူးလေးလင်းရဲ့ ခင်ပွန်းလည်းဟုတ်တယ်!”

“ဘာ.. ရှင့်မြေးက ရန်ရန့်ရဲ့ ခင်ပွန်းဆိုတော့.. ဒါဆို ရန်ရန်က တကယ်ကြီး ရှင့်ရဲ့မြေးမလေး ဖြစ်သွားတာပေါ့ ဟုတ်လား?”

အန်တီတုန်နှင့် တခြားသူများမှာ အလွန်ပင် အံ့အားသင့်သွားကြပြီးနောက် အမှန်တကယ်ပင် အားကျမိသွားကြလေတော့သည်။

လောင်စုန့်တစ်ယောက် ဤကဲ့သို့ ကောင်းသတင်းများကို တစ်ပြိုင်နက်တည်း ရရှိလိမ့်မည်ဟု သူတို့ တကယ်ပင် မထင်မှတ်ထားခဲ့ကြချေ။

သူကတော့ တကယ့်ကို ကံထူးတာပဲ။

လူတိုင်း၏ အားကျသော အကြည့်များကို မြင်လျှင် စုန့်လူကြီးမင်းတစ်ယောက် အတိုင်းထက်အလွန် ဝမ်းမြောက်နေခဲ့၏။

သို့သော် သူ ရယ်မောနေရင်းမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ရှုပ်ထွေးသည့် လေသံဖြင့် မေးမြန်းလိုက်လေသည်။

“မင်းတို့က ကလေးတွေ ရောက်လာတဲ့ သတင်းကို ကြားလို့ လာကြတာ မဟုတ်ဘူးဆိုတော့..တခြား ဘာအကြောင်းရှိလို့လဲ”

ထိုစကားကို ကြားလျှင် အန်တီတုန်နှင့် အခြားသူများ၏ မျက်နှာပေါ်မှ စနောက်နေသော အပြုံးများမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ရလေသည်။

မိတ်ဆွေဟောင်း အနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ပြတ်သားစွာပင်ခေါင်းညိတ်ပြလိုက်ကြ၏။

ထို့နောက်တွင် အန်တီတုန်က ကိုယ်စားလှယ်အဖြစ် စတင်စကားပြောလေသည်။

သူမက စုန့်လူကြီးမင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“အစ်ကိုကြီးစုန့်.. ကျွန်မ အခုပြောမယ့် အကြောင်းအရာတွေက ရှင့်အတွက် လက်ခံရခက်ကောင်း ခက်နိုင်လိမ့်မယ်၊ အဲဒါကြောင့် စိတ်ကို ကြိုတင်ပြင်ဆင်ထားပါဦး”

စုန့်လူကြီးမင်းမှာ အန်တီတုန်၏ မျက်နှာပေါ်မှ ထိုကဲ့သို့သော အမူအရာကို မြင်လိုက်ရသောကြောင့် ပြဿနာက အလွန်လေးနက်နေပြီဖြစ်ကြောင်း လျင်မြန်စွာပင် ရိပ်မိသွားခဲ့လေသည်။

သို့သော် သူ ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူ့အတွက် လက်ခံရအခက်ဆုံးသော ကိစ္စမှာ ပြေလည်သွားပြီပင်။

သူ့အနေဖြင့် သူ၏ကလေးကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်၍ သူ့ကို နာကျင်စေမည့်အရာ မရှိတော့ဟု ယူဆလိုက်မိ၏။

သို့ဖြစ်၍ သူက လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ရပါတယ်၊ ပြောသာပြောလိုက်၊ အခု ငါ့စိတ်အခြေအနေက အရမ်းကောင်းနေတာ၊ ဘယ်အရာကမှ ငါ့ကို လဲကျအောင် မလုပ်နိုင်ပါဘူး”

ထိုစကားကို ကြားလျှင် အန်တီတုန်တို့မှာ စုန့်ကျယ်တို့သားအဖနှစ်ယောက်က သူတို့ထက် ဦးစွာ ရောက်ရှိလာခြင်းမှာ စုန့်လူကြီးမင်းအတွက် ကောင်းချီးတစ်ခုပင် ဖြစ်လိမ့်မည်ဟု ယူဆကာ ဝမ်းသာသွားရသည်။

သို့မဟုတ်ပါက ကျန်းကျွင့်၏အကြောင်းကို ပြောပြပြီးနောက်တွင် စုန့်လူကြီးမင်း၏ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါမည်လားဟူသည်ကို သူမ အမှန်တကယ်ပင် မသေချာခဲ့ပါချေ။

…

ထိုသို့တွေးမိပြီးနောက် အန်တီတုန်မှာ ဆိုဖာပေါ်တွင် ထိုင်ပြီး စုန့်လူကြီးမင်း၏ ဘေးနားတွင် ကပ်နေသော ကျန်းကျွင့်ကို လေးနက်စွာ စိုက်ကြည့်လိုက်မိ၏။

ထိုအကြည့်ထဲတွင် အတိုင်းအဆမရှိသော ရွံရှာမှုနှင့် မုန်းတီးမှုတို့ ကိန်းအောင်းနေခဲ့လေသည်။

အန်တီတုန်၏ အကြည့်ကို သတိပြုမိလိုက်သည့် ခဏ၌ ကျန်းကျွင့်မှာ ရုတ်တရက် ကိုယ်လက်များပင် တောင့်တင်းသွားရပြီးနောက် အမည်မသိသော စိုးရိမ်ထိတ်လန့်မှုတစ်ခုက နှလုံးသားထဲသို့ တိုးဝင်လာခဲ့လေတော့သည်။

ယခုအချိန်တွင် ဤနေရာမှ ချက်ချင်း ထွက်ခွာသွားရမည်ဖြစ်ကြောင်း၊ မဟုတ်ပါက ထွက်ခွာနိုင်တော့မည် မဟုတ်ကြောင်း ပင်ကိုယ်အသိစိတ်က ကျန်းကျွင့်အား သတိပေးနေခဲ့၏။

သို့ဖြစ်၍ အန်တီတုန် စကားမပြောရသေးမီမှာပင် ကျန်းကျွင့်က ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။

“ကျွန်တော်.. ကျွန်တော် နေလို့ သိပ်မကောင်းသလို ခံစားနေရလို့.. ဦးလေး.. ပြောစရာရှိရင်လည်း သူတို့ကို မနက်ဖြန်မှပဲ ပြောခိုင်းလိုက်ပါလား”

ထိုစကားကို ကြားလျှင် စုန့်လူကြီးမင်းက မျက်မှောင်ကြုတ်လိုက်၏။

“နေလို့မကောင်းရင်လည်း အရင်သွားအိပ်လိုက်လေ၊ ဧည့်သည်တွေကို မင်းရဲ့အလိုအတိုင်း လိုက်ခိုင်းနေစရာ အကြောင်းမရှိဘူး”

သူ့ကိုယ်သူ မည်မျှအထိ ဂုဏ်သိက္ခာရှိသည်ဟု ထင်နေပါသနည်း။

တကယ့်ကို အသိတရား မရှိပါချေ။

စုန့်လူကြီးမင်းက သူ့အား ငေါက်ငမ်းလိုက်သော်လည်း ကျန်းကျွင့်မှာ ယခုအချိန်တွင် အနည်းငယ်မျှပင် စိတ်မဆိုးအားတော့ဘဲ စုန့်လူကြီးမင်း၏ စကားအတိုင်းသာ လိုက်လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

“ဒါဆို ကျွန်တော် အရင်သွားအိပ်တော့မယ်၊ ဒါပေမဲ့ သူငယ်ချင်းဆီမှာ ပစ္စည်းတစ်ခု ကျန်ခဲ့တာကို ရုတ်တရက် သတိရလို့.. သွားယူလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် ကျန်းကျွင့်က ထိုင်ရာမှထကာ စုန့်အိမ်အတွင်းမှ ထွက်သွားရန် ပြင်လေတော့သည်။

သို့ရာတွင် သူ မတ်တပ်ရပ်လိုက်သည့် ခဏမှာပင် အန်တီတုန်က သူ့အား အေးစက်သော အကြည့်ဖြင့် တားဆီးလိုက်ပြီး လှောင်ပြောင်လိုစွာ ပြောလိုက်၏။

“ဒီလောက်တောင် အပြေးအလွှား သွားချင်တယ်ဆိုတော့ နင်လုပ်ထားတဲ့ ကိစ္စတွေကို ဖုံးကွယ်ထားလို့ မရတော့ဘူးဆိုတာ သိနေလို့လား ကျန်းကျွင့်”

ဘာလဲ?

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စုန့်လူကြီးမင်းတစ်ယောက် ရှုပ်ထွေးသွားရ၏။ သူက အန်တီတုန်အား လှည့်ကြည့်လိုက်ပြီး မေးမြန်းလိုက်လေသည်။

“ရှောင်တုန်၊ ဘာကို ဖုံးကွယ်လို့ မရတာလဲ?”

အန်တီတုန်၏ စကားကို ကြားပြီးနောက် ကျန်းကျွင့်မှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်လာခဲ့ရ၏။

သူ ယခင်က ပြုလုပ်ခဲ့သော ကိစ္စများမှာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်းကို ရိပ်မိသွားခဲ့ရကာ မည်သည်ကိုမျှ စဉ်းစားမနေတော့ဘဲ ထွက်ပြေးရန် ကြိုးစားလေတော့သည်။

သို့သော် သူ ထွက်ပြေးရန် ပြင်လိုက်သည်နှင့် ဘေးနားမှ ခြေထောက်တစ်ဖက် ရုတ်တရက် ဆန့်တန်း၍ ရောက်ရှိလာပြီး ကျန်းကျွင့်၏ နောက်ကျောကို ပြင်းထန်စွာ ကန်ချလိုက်သောကြောင့် သူ မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားခဲ့ရလေ၏။

“အား!”

ကျန်းကျွင့်၏ နာကျင်စွာ အော်ဟစ်သံကိုကြားလျှင် စုန့်ရှီးယန်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ထွက်ပြေးချင်တာလား၊ နောက်ကျသွားပြီ”

တစ်ချိန်တည်းမှာပင် အန်တီတုန်သည်လည်း အကြောင်းအရာများကို စတင်ဖွင့်ချလိုက်လေသည်။

“အစ်ကိုကြီးစုန့်၊ တကယ်တော့ ရှင့်ရဲ့ဇနီးနဲ့ ကလေး ချောက်ထဲကိုပြုတ်ကျသွားတယ်ဆိုတဲ့ ကိစ္စမှာ တစ်စုံတစ်ယောက်က သတင်းမှားတွေ ပျံ့နှံ့အောင် တမင်တကာ ကြိုးကိုင်ခဲ့တာ”

“.. အဲဒီလူကလည်း ဒီကျေးဇူးကန်းတဲ့ မျက်လုံးဖြူဝံပုလွေ ကျန်းကျွင့်ပဲ!”

“ဘာပြောလိုက်တာလဲ...”

နောက်တစ်စက္ကန့်တွင် စုန့်လူကြီးမင်း၏ နှုတ်ခမ်းများ တုန်ယင်လာပြီး မျက်လုံးများပင် ပြူးကျယ်လျက် အန်တီတုန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။

ဤခဏမျှအတွင်း သူသည် မိမိကိုယ်မိမိ နားကြားမှားနေသည်လားဟုပင် သံသယဝင်မိသွားရလေ၏။

သို့မဟုတ်ပါက သူ၏ဇနီးနှင့် ကလေး ချောက်ထဲသို့ ပြုတ်ကျသည်ဟူသော သတင်းမှာ အမှားဖြစ်နေရုံသာမကဘဲ ကျန်းကျွင့်မှာလည်း ထိုကိစ္စအတွက် တာဝန်ရှိသူဖြစ်ကြောင်း မည်သို့ ကြားနိုင်ပါမည်နည်း။

သူသည်က ကျန်းကျွင့်အား သားအရင်းကဲ့သို့ အမြဲမှတ်ယူခဲ့၏။ ကျန်းကျွင့်သည်လည်း သူ့အနေဖြင့် ဇနီးနှင့် ကလေးကို နှစ်ပေါင်းများစွာ လိုက်လံရှာဖွေနေခဲ့ကြောင်းနှင့် နေ့စဉ် မျက်စိဖွင့်လိုက်တိုင်း သူတို့၏ သတင်းစကားကို မျှော်လင့်နေခဲ့ကြောင်း သိရှိထားသူ ဖြစ်ပေသည်။

သူက ဘယ်လိုလုပ်ပြီး...

ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်နိုင်ရတာလဲ။

စုန့်လူကြီးမင်းအနေဖြင့် လက်ခံနိုင်စွမ်းမရှိဘဲ ဖြစ်နေသည်ကို မြင်လျှင်ရောက်ရှိနေသူ အားလုံးမှာ စိတ်မကောင်းဖြစ်ကြရလေ၏။

သို့သော် စကားတို့က ဤမျှအထိ ရောက်ရှိလာပြီဖြစ်ရာ ထပ်မံဖုံးကွယ်ထားရန် အကြောင်းမရှိတော့ချေ။

စုန့်လူကြီးမင်းအနေဖြင့် စိတ်မသက်မသာ ဖြစ်ရသည့် အကြိမ်အရေအတွက်ကို တတ်နိုင်သမျှ လျှော့ချနိုင်ရန် ဤအခွင့်အရေးကို အသုံးချကာ အမှန်တရားအား အမြန်ဆုံး ရှင်းပြလိုက်ခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။

ထို့ကြောင့် အန်တီတုန်သည်လည်း စကားကို ဆက်လက်ပြောဆိုကာ လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ သူမ လက်ခံရရှိခဲ့သည့် သတင်းကို ပြောပြလိုက်လေတော့သည်။

All Chapters