← Chapters

အခန်း (၃၃၂)

Vol. 34 Ch. 332

အခန်း (၃၃၂)

Vol. 34 Ch. 332

ကျန်းကျွင့်တစ်ယောက် ထိုနေ့က စုန့်လူကြီးမင်းနှင့် စကားများပြီး အိမ်မှ ထွက်ပြေးသွားသည့်နောက်တွင် လင်းရန်ဘက်မှ အန်တီတုန်တို့အား မူလသတင်း၏ အသေးစိတ် အချက်အလက်များကို ထပ်မံစုံစမ်းခြင်းအားဖြင့် အမှန်အမှားကို ခွဲခြားနိုင်ကြောင်း သတိပေးခဲ့သည်။

ထို့ကြောင့် ထိုညတွင်ပင် အန်တီတုန်နှင့် တခြားသူများမှာ နည်းလမ်းတစ်ခုကို ဝိုင်းဝန်းစဉ်းစားခဲ့ကြပြီးနောက် အိမ်ရာဝင်းအတွင်းရှိ ကျွမ်းကျင်သော စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးအား စုန့်လူကြီးမင်း၏ ဇာတိမြေသို့ စေလွှတ်ခဲ့ကြလေ၏။

ကံကောင်းထောက်မစွာဖြင့် စုန့်လူကြီးမင်း၏ ဇာတိမှာ အိမ်ရာဝင်းမှ တစ်ရက်ခရီးမျှသာ ဝေးကွာသောကြောင့် ထိုသူမှာ အလွန်လျင်မြန်စွာ သွားနိုင်ခဲ့သည်။

သူက ညဘက်တွင် ထွက်ခွာခဲ့ရာ နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ရောက်ရှိသွားခဲ့၏။

ထိုအချိန်က ကျန်းကျွင့်ဘက်မှ ထိုရွာသားများနှင့် တစ်စုံတစ်ရာသော လျှို့ဝှက်ကတိကဝတ်ပြုထားခြင်း ရှိ၊ မရှိကို မရှင်းလင်းသောကြောင့် စုံစမ်းစစ်ဆေးရေးမှူးက သူ၏ ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်မပြောခဲ့ချေ။

ထိုအစား သူက သတင်းထောက်တစ်ဦးအဖြစ် ဟန်ဆောင်ကာ ဤနေရာမှာ စုန့်လူကြီးမင်း၏ ဇာတိဖြစ်သောကြောင့် သူရဲကောင်း၏ ရွာသားများကို လာရောက်အင်တာဗျူးခြင်း ဖြစ်ကြောင်းနှင့် သတင်းစာထဲတွင်လည်း ပါဝင်ခွင့်ရနိုင်ကြောင်း ပြောဆိုခဲ့လေသည်။

ထိုလူများမှာ သတင်းစာထဲတွင် ပါဝင်ခွင့်ရနိုင်သည်ဟု ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် စုံစမ်းစစ်ဆေးရေးမှူးဘက်မှ မေးမြန်းနေရန်ပင် မလိုတော့ချေ။

သူတို့က စုံစမ်းစစ်ဆေးရေးမှူး၏ ရှေ့သို့ ချက်ချင်း စုရုံးရောက်ရှိလာကြပြီး သူတို့က မည်သူဖြစ်ကြောင်းနှင့် စုန့်ကျစ်သယ်နှင့် မည်သို့တော်စပ်ကြောင်းများကို အပြိုင်အဆိုင် ပြောဆိုကြလေတော့သည်။

အတိုချုပ်ရသော် လူတိုင်းက စုန့်လူကြီးမင်းနှင့် အမျိုးတော်စပ်ကြောင်း ပြသရန်သာ အားထုတ်နေကြပေ၏။

စုံစမ်းစစ်ဆေးရေးမှူးသည်လည်း သူတို့၏ စကားများကို တားဆီးခြင်းမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စကားများမှတစ်ဆင့် မည်သူက မည်သို့သော စရိုက်လက္ခဏာရှိသည်ကို ခွဲခြားနိုင်သည့်အပြင် စုန့်လူကြီးမင်း၏ အတိတ်လုပ်ရပ်များကိုလည်း ပိုမိုသိရှိနိုင်သောကြောင့် ဖြစ်ပေသည်။

ထိုလူအုပ်ထဲတွင် အားကုန်းဇီဟုခေါ်သော နောက်မျိုးဆက်များ ပါဝင်ခြင်းမရှိကြောင်းကို စုံစမ်းစစ်ဆေးရေးမှူးက သေသေချာချာ အတည်ပြုနိုင်ခဲ့သည့် အချိန်ကျမှသာ မည်သည့်အရာကိုမျှမသိသကဲ့သို့ ဟန်ဆောင်လျက် စုန့်လူကြီးမင်း၏ ဇနီးနှင့်ကလေးအကြောင်းကို ထည့်သွင်းမေးမြန်းလိုက်လေ၏။

သူတို့သားအမိမှာ ချောက်ထဲပြုတ်ကျကာ စောစီးစွာ သေဆုံးသွားခဲ့ရသည်မှာ ဝမ်းနည်းစရာ ကောင်းလှကြောင်း၊ သို့မဟုတ်ပါက ယခုအချိန်တွင် အတိုင်းအဆမရှိသော ကောင်းချီးမင်္ဂလာများကို ခံစားနေကြရမည်ဖြစ်ကြောင်း ညည်းတွားပြောဆိုပြလိုက်သည်။

သို့သော်လည်း ထိုစကားများကိုပြောလိုက်သည်နှင့် ရွာသားများက အံ့အားသင့်သွားကြပြီး ထိုကိစ္စကို သူ မည်သည့်အချိန်တွင် အတည်ပြုခဲ့သနည်းဟု ဝိုင်းဝန်းမေးမြန်းကြလေတော့၏။

သူတို့သည်က ဤနှစ်များတစ်လျှောက်လုံး စုန့်ကျစ်သယ်အတွက် သတင်းအချက်အလက်များကို ဝိုင်းဝန်းစုံစမ်းပေးခဲ့ကြပြီး ရွာသို့ ပြန်လာသူများကိုလည်း အမြဲတစေဂရုပြုနေခဲ့ကြသည်။

သို့သော်လည်း စုန့်ကျစ်သယ်က အဘယ်ကြောင့် စကားတစ်ခွန်းမှမဆိုဘဲ သူ၏ဇနီးနှင့် ကလေး၏ သေဆုံးမှုကို အတည်ပြုလိုက်ပါသနည်း။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုကိစ္စနှင့် ပတ်သက်၍ မည်သူကမျှ မသိရှိထားကြကြောင်းမှာ ထင်ရှားလာခဲ့သည်။

သို့ဖြစ်၍ စုံစမ်းစစ်ဆေးရေးမှူးမှာလည်း အခြေအနေကို ပို၍ သံသယဝင်လာခဲ့လေသည်။

ဤသည်မှာ အမှန်တကယ်ပင် လုပ်ကြံထားသော သတင်းမှားဖြစ်ပြီး လူအနည်းငယ်သာ သိရှိထားခြင်း ဖြစ်ပေလိမ့်မည်။

ထိုအချက်ကို အတည်ပြုပြီးနောက် စုံစမ်းစစ်ဆေးရေးမှူးက အခြေအနေကို အခွင့်ကောင်းယူကာ အိမ်ရာဝင်းသို့ ရောက်ရှိလာသည့် သတင်းများအကြောင်းနှင့်၊ အားကုန်းဇီနှင့် သူ၏ကွယ်လွန်သူ အဘိုးတို့နှင့် ပတ်သက်သော အကြောင်းအရာများကို ပြောပြလိုက်လေ၏။

ရလဒ်မှာကား ရွာသားများအနေဖြင့် ထိုအကြောင်းကို ကြားလိုက်ရလျှင် ပို၍ပင် အံ့ဩသွားကြပြန်သည်။

သူတို့အနေဖြင့် ဤကိစ္စကို လုံးဝမသိရှိကြောင်းနှင့် ထိုအဘိုးအို ကွယ်လွန်သွားသည့် အချိန်တွင်လည်း သူတို့အား ထိုသို့သော အကြောင်းအရာမျိုးကို တစ်ခါမျှပင် ပြောမသွားခဲ့ကြောင်း အလျင်အမြန်ပင် ပြန်လည်ငြင်းဆိုကြလေတော့သည်။

လူတိုင်းက နားထောင်နေရင်းနှင့် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရသောကြောင့် စုံစမ်းစစ်ဆေးရေးမှူးအား အားကုန်းဇီ၏ အိမ်သို့ တိုက်ရိုက်ခေါ်ဆောင်သွားကာ ဤကိစ္စကို မေးမြန်းရန် ဆုံးဖြတ်လိုက်ကြ၏။

သူတို့အားလုံးက ရွာတစ်ရွာတည်းသားများ ဖြစ်ကြပြီး စုန့်လူကြီးမင်းကလည်း သူ၏ဇနီးနှင့် သားသမီးများကို ရှာဖွေပေးရန်အတွက် တစ်ရွာလုံးကို အကူအညီတောင်းထားခဲ့သည် မဟုတ်ပါလား။

အားကုန်းဇီအနေဖြင့် အခြေအနေကို သိရှိနေပါလျက်နှင့် သူတို့ကို အဘယ်ကြောင့် ဖုံးကွယ်ထားခဲ့သနည်း။

သူတို့ကို အချိန်ဖြုန်းတီးစေပြီး နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေအောင် အဘယ်ကြောင့် လုပ်ဆောင်ခဲ့ပါသနည်း။

ဤလက်ကြောမတင်းသည့်လူမိုက်ကောင်က မည်သည့်အရာကို ဆိုလိုချင်ပါသနည်း။

သူတို့အားလုံးကို အမှောင်ထဲတွင် ထားရသည်မှာ ပျော်စရာကောင်းနေ၍လား။

လူတိုင်းက အလွန်အမင်း ဒေါသထွက်နေကြသောကြောင့် အားကုန်းဇီအား ရှာဖွေကာ အမှန်အတိုင်း ရှင်းပြခိုင်းချင်ခဲ့ကြသည်။

သူတို့ အားကုန်းဇီ၏ အိမ်ရှေ့သို့ ရောက်ရှိလာသည့်အချိန်တွင် စုံစမ်းစစ်ဆေးရေးမှူးမှာ ရွာထဲရှိ တခြားအိမ်များထက် သိသိသာသာ ပို၍ ခမ်းနားထည်ဝါနေသော ထိုအုတ်နီဖြင့်ဆောက်ထားသည့် အိမ်ကြီးကို ကြည့်ကာ ဤမိသားစု၏ ကြွယ်ဝချမ်းသာမှုက အတော်လေးအားကျဖွယ်ကောင်းကြောင်း ရည်ရွယ်ချက်ရှိရှိ ရေရွတ်လိုက်လေ၏။

ထိုစကားကိုကြားလျှင် အနီးအနားရှိ လူတစ်ဦးက ချက်ချင်းငြင်းဆိုလာခဲ့လေ၏။ အားကုန်းဇီ၏ မိသားစုမှာ ယခင်က အလွန်ဆင်းရဲခဲ့ပြီး သူတို့ရွာတွင် အဆင်းရဲဆုံးစာရင်းဝင် ဖြစ်ခဲ့သည်။

သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့ မည်သို့ ချမ်းသာလာကြသည် သို့မဟုတ် ဘိုးဘေးများ ချန်ထားရစ်သော ရတနာများကို မည်သို့ ရှာဖွေတွေ့ရှိခဲ့ကြသည်ကို မည်သူကမှ မသိရှိခဲ့ကြပေ။

ထိုအိမ်မှ အဘိုးအို ကွယ်လွန်သွားပြီးနောက်တွင် ထိုမိသားစုကဘ အိမ်သစ်ကြီးကို ရုတ်တရက် ဆောက်လုပ်ခဲ့ပြီး ရွာတွင် အကောင်းဆုံးနေထိုင်နိုင်သည့် မိသားစု ဖြစ်လာခဲ့သည်။

စုံစမ်းစစ်ဆေးရေးမှူးမှာမူ သူ၏လုပ်ငန်းခွင်တစ်လျှောက်တွင် ထိုကဲ့သို့သော ကိစ္စရပ်များစွာကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်ပေ၏။

ထို့ကြောင့် အားကုန်းဇီ၏ ငွေကြေးများမှာ ဘိုးဘေးတို့ ချန်ထားသည့် အမွေများ မဟုတ်ဘဲ စေတနာရှင်တချို့ထံမှ ရရှိသော နှုတ်ပိတ်ခများသာ ဖြစ်နိုင်ကြောင်းကို ရွာသားများ၏ စကားမှတစ်ဆင့် ခန့်မှန်းမိသွားခဲ့လေပြီ။

အားကုန်းဇီ၏ အိမ်သို့ ရောက်ရှိလာသည့်အချိန်တွင် တစ်ဖက်လူက လူများစွာမှ အိမ်ရှေ့သို့ ရောက်လာသည်ကို မြင်လိုက်ရပြီး ရှုပ်ထွေးနေခဲ့လေ၏။

နောက်ဆုံးတွင် လူတိုင်းက စုန့်လူကြီးမင်း၏ ဇနီးနှင့် ကလေး၏ ချောက်ထဲသို့ ပြုတ်ကျသည့် ကိစ္စကို မေးမြန်းလိုက်သည့်အချိန်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့တော့သည်။

သူက အစပိုင်းတွင် မည်သည့်အရာကိုမျှ မသိရှိထားသည့်အလား ဟန်ဆောင်ကာ မမှတ်မိတော့ကြောင်း ပြောဆိုခဲ့သည်။ သူက တဖက်မှလူများကို ထိုအကြောင်းအား မည်သို့သိရှိကြကြောင်းကိုပင် ပြန်လည်မေးမြန်းခဲ့လေ၏။

ဘေးနားရှိ လူများက သတင်းထောက်တစ်ဦး လာရောက်အင်တာဗျူးသည့်အတွက် သိရှိရခြင်းဖြစ်ကြောင်းကို ချက်ချင်း ပြန်ပြောခဲ့ကြလေသည်။

သတင်းထောက်တစ်ဦး ရောက်ရှိနေကြောင်းကို ကြားလျှင် အားကုန်းဇီက ပို၍ပင် ထိတ်လန့်သွားခဲ့ရ၏။

အထူးသဖြင့် စုံစမ်းစစ်ဆေးရေးမှူးက သူ့အနေဖြင့် ဤကိစ္စကို အသေးစိတ် စစ်ဆေးအတည်ပြုရန်နှင့် သတင်းပို့ရန် အမိန့်ရရှိထားကြောင်းနှင့်၊ ကျန်းဟုအမည်ရှိသော ရဲဘော်တစ်ဦး၏ ကိစ္စကိုပင် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုလိုက်သည့်အချိန်တွင် သူ၏ မျက်နှာတစ်ခုလုံးက ဖြူလျော့သွားပြီး ဆက်လက် ရုန်းကန်ခြင်း မပြုတော့ချေ။

သူသည်က သာမန်အရပ်သားတစ်ဦးမျှသာ ဖြစ်ပေသည်။ ထူးခြားချက် ရှိမည်ဆိုပါက အလွန် မြှောက်ပင့်တတ်ပြီး ငွေမက်သူတစ်ဦး ဖြစ်နေခြင်းပင် ။

သို့ဖြစ်ရာ ကျန်းကျွင့်က သူ၏ထံသို့ လာပြီး သတင်းမှားများကို ဖြန့်ဝေရန်နှင့် ပြဇာတ်တစ်ခုတွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုခဲ့ချိန်၌ ခေတ္တမျှသာ တုံ့ဆိုင်းခဲ့ပြီး သဘောတူခဲ့ခြင်း ဖြစ်ပေသည်။

သူ့အနေဖြင့် ဤကိစ္စ ပေါ်ပေါက်သွားမည်ကို စိုးရိမ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ စုန့်လူကြီးမင်း၏ အဆင့်အတန်းက မြင့်မားလွန်းသောကြောင့် သူ့အား လိမ်ညာနေသည်ကိုသာ သိရှိသွားပါက ကောင်းကျိုးခံစားရမည် မဟုတ်ကြောင်းကိုလည်း သူ သိရှိထားပေသည်။

သို့သော် ကျန်းကျွင့်က စုန့်လူကြီးမင်းကို သူကိုယ်တိုင် နှစ်သိမ့်ပေးမည်ဖြစ်ပြီး မည်သူကိုမျှ ဒုက္ခပေးနိုင်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့၏။

စုန့်လူကြီးမင်း၏ တစ်ဦးတည်းသော သားဖြစ်နေခဲ့သည့် ကျန်းကျွင့်၏ ကတိကဝတ်က အတိုင်းအဆတစ်ခုအထိ အာဏာသက်ရောက်မှု ရှိနေသေးသည် မဟုတ်ပါလား။

အထူးသဖြင့် ကျန်းကျွင့်က ဤကိစ္စ ပြီးမြောက်သွားပါက အားကုန်းဇီအား ကောင်းမွန်သော ဘဝတစ်ခု ရှင်သန်နိုင်ရန်အတွက် ဆုလာဘ်အဖြစ် ငွေကြေးအမြောက်အမြား ပေးမည်ဟုလည်း ကတိပြုခဲ့သေးသည်။

သို့ဖြစ်၍ အားကုန်းဇီက ဆုလာဘ်များကို မက်မောသောကြောင့် အသိတရားမဲ့စွာလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

အားကုန်းဇီမှာ ထိုအကြောင်းများကို ပြောပြပြီးနောက် ကျန်းကျွင့်ကိုယ်တိုင်က ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ပြီဟု ထင်မှတ်နေခဲ့သည့်အတွက် သူက မတရားစွာဖြင့် ခိုင်းစေခံရခြင်းဖြစ်ကြောင်းနှင့် အရာအားလုံးမှာ ကျန်းကျွင့်၏ အကြံအစည်သာ ဖြစ်ကြောင်း အော်ဟစ်ပြောဆိုနေခဲ့လေ၏။

ထိုသူက ငွေကိုလည်း ယူခဲ့ပြီး သတင်းမှားများကိုလည်း ကိုယ်တိုင်ပြောဆိုခဲ့ကာ စုန့်လူကြီးမင်းကို နှစ်ပေါင်းများစွာ နာကျင်အောင် ပြုလုပ်ခဲ့သည်။

သို့သော်လည်း လက်ရှိတွင် မတရားခံရသူတစ်ယောက်ကဲ့သို့ အော်ဟစ်နေခဲ့လေ၏။

စုံစမ်းစစ်ဆေးရေးမှူးဘက်မှ အရေးယူဆောင်ရွက်ခြင်း မပြုမီမှာပင် အနီးအနားရှိ ရွာသားများက ဆက်လက်သည်းခံနိုင်ခြင်း မရှိကြတော့ချေ။

သူတို့က အင်္ကျီလက်စများကို အမြန်ပင့်တင်ကာ အားကုန်းဇီအား ဝိုင်းဝန်းရိုက်နှက်ကြတော့သည်။

ရိုက်နှက်နေချိန်၌လည်း ငွေကြေးအနည်းငယ်အတွက်နှင့် ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်နိုင်သည်၊ သူ၏ ဘိုးဘေးများပင် သူ၏ကြောင့် အရှက်ရနေပြီ စသည်ဖြင့်ပြောကာ လူစိတ်မရှိသူဖြစ်ကြောင်း ဒေါသတကြီး ကြိမ်းမောင်းခဲ့ကြ၏။

လူတိုင်းက ကျန်းကျွင့်ကိုလည်း စိတ်ထဲမှ အပြင်းအထန် ဆဲဆိုနေခဲ့ကြသည်။

သို့သော်လည်း ထိုသူမှာ ထိုနေရာ၌ မရှိသည့်အတွက် ကိုယ်တိုင်ဆုံးမခွင့် မရရှိခဲ့ကြချေ။

ဆိုရလျှင် ထိုသူက အမုန်းတီးအခံရသင့်ဆုံးသောလူ ဖြစ်ပေသည်။

စုန့်လူကြီးမင်းက သူ့အပေါ် အလွန်ပင် ကြင်နာခဲ့သည် မဟုတ်ပါလား။

သူ ကျန်းကျွင့်အား ဇာတိသို့ ခေါ်ဆောင်လာသည့် အကြိမ်တိုင်းတွင် သားအရင်းကဲ့သို့ ဆက်ဆံခဲ့သည်ကို လူတိုင်း မြင်တွေ့ခဲ့ရသည့်အပြင် သူ၏ ဘိုးဘေးများကို ကန်တော့ရန်အတွက်ပင် ခေါ်ဆောင်သွားခဲ့သေးသည်။

သို့ဖြစ်ပါလျက်နှင့် နောက်ဆုံးတွင် ဤကဲ့သို့သော စိတ်နှလုံးမရှိသည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ရဲခဲ့သည်။

ဤသည်မှာ စုန့်လူကြီးမင်း၏ နှလုံးသားကို အပြင်းထန်ဆုံး ထိုးနှက်လိုက်ခြင်းပင် မဟုတ်ပါလား။

All Chapters