အခန်း (၃၃၃)
Vol. 33 Ch. 333
ရွာသားများက အားကုန်းဇီအား သင်ခန်းစာပေးနေချိန်တွင် စုံစမ်းစစ်ဆေးရေးမှူးထံသို့လည်း လှမ်းပြောလာခဲ့ကြလေ၏။
သူတို့က အိမ်ရာဝင်းသို့ ပြန်ရောက်သည့်အချိန်တွင် ကျန်းကျွင့်အား ပြင်းထန်စွာ အပြစ်ပေးရန်နှင့် သူရထိုက်သော ပြစ်ဒဏ်ကို ခံစားစေရန် အထပ်ထပ်အခါခါ မှာလိုက်ကြသည်။
စုံစမ်းစစ်ဆေးရေးမှူးသည်လည်း သူတို့အား စိတ်ပျက်အောင် မလုပ်ခဲ့ချေ။ အားကုန်းဇီကို သူ ဝန်ခံသည့် အကြောင်းအရာများပေါ်တွင် လက်ဗွေနှိပ်ခိုင်းပြီးနောက် ထိုသက်သေများနှင့်အတူ အိမ်ရာဝင်းသို့ ချက်ချင်း ပြန်လာခဲ့လေသည်။
…
“အစ်ကိုကြီးစုန့်၊ ဒါက အားကုန်းဇီကိုယ်တိုင် လက်ဗွေနှိပ်ထားတဲ့ ဝန်ခံချက်ပါ၊ ရှင် နောက်တစ်ခေါက်လောက် ထပ်ပြီး ကြည့်ချင်သေးလား”
စုံစမ်းစစ်ဆေးရေးမှူး ယူဆောင်လာသည့် သတင်းများကို ပြောပြပြီးနောက် အန်တီတုန်က ဝန်ခံချက်စာရွက်ကို ထုတ်ပေးလိုက်လေ၏။
ထိုစာရွက်ပေါ်တွင် သူနှင့် ကျန်းကျွင့်တို့ မည်သို့ပူးပေါင်းကာ စုန့်လူကြီးမင်း၏ ဇနီးနှင့် ကလေး၏ သေဆုံးမှုကို လုပ်ကြံခဲ့ကြသည်ဟူသော အကြောင်းအရာများကို အသေးစိတ် ဖော်ပြထားပေသည်။
အရာအားလုံးကို ကြားသိပြီးနောက်တွင် စုန့်လူကြီးမင်းမှာ မည်သည့်စကားကိုမျှ မဆိုတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
သူ၏ မျက်နှာပေါ်တွင်လည်း မည်သည့်ခံစားချက်မျှ ထင်ဟပ်နေခြင်း မရှိတော့ချေ။
သူက အန်တီတုန် ကမ်းပေးလိုက်သော စာရွက်ကိုအား မည်သည့်အရာကိုမှ မသိတော့သကဲ့သိာ့ ကြောင်အမ်းစွာဖြင့် စိုက်ကြည့်နေမိသည်။
စုန့်ရှီးယန်၏ ဖိနင်းခြင်းကို ခံထားရသော ကျန်းကျွင့်ထံမှ အလောတကြီးအော်ဟစ်သံများ ထွက်ပေါ်လာသည့် အချိန်ကျမှသာ သူ သတိပြန်ဝင်လာခဲ့ရ၏။
“ဦးလေး၊ အဲဒီစာရွက်က အတုပဲ၊ တကယ်ကြီး အတုပဲ၊ အားကုန်းဇီက ကျွန်တော့်ကို မနာလိုလို့ တမင်သက်သက် လုပ်ကြံတာ၊ သူ ကျွန်တော့်ကို တမင်တကာထောင်ချောက်ဆင်နေတာ!”
“ကျွန်တော်နဲ့ ဦးလေးကြားမှာ ဘယ်လိုပတ်သက်မှုမျိုး ရှိလဲဆိုတာ ဦးလေးသိသားပဲ၊ ကျွန်တော်က ဦးလေးဘေးမှာပဲ ကြီးပြင်းလာခဲ့တာလေ၊ ဦးလေးက ကျွန်တော့်ကိုတောင် မယုံတော့ဘူးလား”
“ဦးလေး ကျွန်တော့်ကို ယုံပေးပါ၊ ကျွန်တော် ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ မလုပ်ပါဘူး၊ ကျွန်တော် မတရား စွပ်စွဲခံနေရတာပါ!”
ကျန်းကျွင့်၏ မတရားကြောင်း အော်ဟစ်နေသံကြားတွင် စုန့်လူကြီးမင်း၏ မောပန်းနွမ်းနယ်လှသော မေးခွန်းစကား ထွက်ပေါ်လာခဲ့လေသည်။
“ကျန်းကျွင့်၊ အခြေအနေက ဒီလောက်အထိ ဖြစ်နေတာတောင် မင်း ငါ့ကို လိမ်နေတုန်းပဲလား”
ထိုစကားလုံးများတွင် စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုတို့က သိသာထင်ရှားလွန်းသောကြောင့် ဘေးနားတွင်ရှိနေသော လူများပင် သက်ပြင်းချမိကြလေသည်။
စုန့်လူကြီးမင်း၏ သဘောထားက အလွန်ပင် ရှင်းလင်းပေ၏။ သူသည်က ကျန်းကျွင့်၏ မတရားစွပ်စွဲခံရသည်ဟူသောစကားကို မယုံကြည်တော့ချေ။
သူ့အနေဖြင့် အန်တီတုန်နှင့် ထိုဝန်ခံချက်စာရွက်ကိုသာ ယုံကြည်လိုက်ပေပြီ ။
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းကျွင့်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားပြီး စုန့်လူကြီးမင်းအား ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်သည့်အလား ကျယ်လောင်စွာရယ်မောလိုက်လေသည်။
“ဟားဟားဟား... ဟုတ်တယ်၊ ကျွန်တော် ခင်ဗျားကို လိမ်ခဲ့တာ၊ လိမ်တော့ရော ဘာဖြစ်လဲ!
ခင်ဗျားကရော ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ကို မလိမ်ခဲ့ဘူးလား၊ ကျွန်တော်က ခင်ဗျားလုပ်သမျှ ခံခဲ့ရတာ၊
ကျွန်တော့်မှာ ဘာများမှားလို့လဲ၊ တကယ်လို့ ကျွန်တော့်မှာ အမှားတစ်ခုခု ရှိတယ်ဆိုရင်လည်း အဲဒါ ခင်ဗျားအရင်မှားခဲ့လို့ပဲ၊ ခင်ဗျားကြောင့် ဖြစ်ရတာ”
ထိုစကားကို ကြားလျှင် ဘေးနားမှ လူအားလုံးက ကျန်းကျွင့်အား အရူးတစ်ယောက်ကိုတွေ့မြင်ရသကဲ့သို့ ကြည့်လိုက်ကြလေသည်။
သူတို့အားလုံးက စုန့်လူကြီးမင်း၏ စရိုက်ကို ကောင်းစွာ သိရှိကြပေသည်။ သူသည်က တစ်သက်လုံး ဖြောင့်မတ်စွာ နေထိုင်ခဲ့သူဖြစ်ပြီး တစ်ပါးသူအား မည်သည့်အချိန်ကမျှ လိမ်ညာမည့်သူ မဟုတ်ချေ။
ကျန်းကျွင့် ပြောသကဲ့သို့ နှစ်ပေါင်းများစွာ လိမ်ညာနေခဲ့သည်က ပို၍ပင် မဖြစ်နိုင်ချေ။
ဤသည်မှာ ကျန်းကျွင့်အနေဖြင့် အမှန်တရားကို ရှောင်လွှဲရန်အတွက် တာဝန်များကို တမင်တကာ လွှဲချနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ငြင်းဆန်၍မရသော သက်သေအထောက်အထားများ ရှိနေသော်လည်း သူသည်က အပြစ်ကို ဝန်မခံသည့်အပြင် စုန့်လူကြီးမင်းကိုပင် ဆက်လက်၍ နာမည်ဖျက် စွပ်စွဲနေသေး၏။
ဘေးနားတွင်ရှိနေသော အန်တီတုန်မှာ အလွန်အမင်း ဒေါသထွက်သွားသောကြောင့် သူမ၏ ဖိနပ်ကို ချွတ်ကာ ကျန်းကျွင့်၏ မျက်နှာကို ရိုက်လေတော့သည်။
သို့သော် စုန့်လူကြီးမင်းက လက်ကာပြကာ သူမကို တားဆီးလိုက်ပြီး ကျန်းကျွင့်ကို တည်ငြိမ်စွာ ကြည့်လိုက်လေ၏။
“ကောင်းပြီ၊ ငါ မင်းကို လိမ်ခဲ့တယ်လို့ မင်းပြောတယ်မလား၊ ဒီတော့ ငါ မင်းကို ဘာတွေ လိမ်ခဲ့လဲဆိုတာ အခု ပြောလို့ရတယ်၊ ငါတို့ သားအဖတွေလည်း တစ်ယောက်နဲ့တစ်ယောက် နောင်တတွေ မကျန်ရအောင် အကုန်လုံး ရှင်းရှင်းလင်းလင်း ပြောကြတာပေါ့”
သို့သော် ထိုသို့ပြောပြီးပါက သူတို့ကြားတွင် မည်သည့် ပတ်သက်မှုမျှ ရှိတော့မည် မဟုတ်ပါချေ။
အခြေအနေများမှာက ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ကျန်းကျွင့်အနေဖြင့် အဘိုးကြီးက သူ့ကို ထပ်မံ၍ ခွင့်လွှတ်လိမ့်မည်ဟု မမျှော်လင့်တော့ပါချေ။
အထူးသဖြင့် ယခုအချိန်တွင် အဘိုးကြီး၏ သားအရင်းကိုပင် ပြန်လည်တွေ့ရှိနေပြီဖြစ်၍ သူ့ကို မည်သို့မောင်းထုတ်ရမည်ကိုပင် ဤအဘိုးကြီးက စဉ်းစားနေပေလိမ့်မည်။
ထိုသို့ တွေးမိလိုက်လျှင် ကျန်းကျွင့်၏ ဒေါသမှာ ပို၍ပင် ပြင်းထန်လာခဲ့တော့၏။
“အဘိုးကြီး၊ လူကောင်းကြီးလို ဟန်ဆောင်မနေစမ်းပါနဲ့! ဒီနှစ်တွေတစ်လျှောက်လုံး ခင်ဗျားက ကျုပ်ကို အခမဲ့ အိမ်ဖော်တစ်ယောက်လိုပဲ သဘောထားခဲ့တာကို ကျုပ် မသိဘူးလို့ မထင်နဲ့ ၊ ခင်ဗျား တကယ် ဂရုစိုက်တဲ့ ဆွေမျိုးဆိုလို့ ခင်ဗျားရဲ့သား တစ်ယောက်ပဲရှိတာ မဟုတ်ဘူးလား”
“ကျုပ်ကို သားအရင်းလို သဘောထားပါတယ်လို့ ခင်ဗျား ခဏခဏ ပြောခဲ့တယ်၊ အဲဒီလို ပြောနေရတာက ခင်ဗျားအတွက် မရယ်ရဘူးလား”
“တကယ်လို့ ခင်ဗျားသာ ကျုပ်ကို သားအရင်းလို တကယ်သဘောထားခဲ့ရင် ကျုပ်ကို ဘာလို့ အဖေလို့တောင် ခေါ်ခွင့်မပေးခဲ့တာလဲ
ဟားဟား... အပြင်ဘက်က လူအိုကြီးတွေကတော့ ခင်ဗျားပြောသမျှကို ယုံပြီး ခင်ဗျားက တကယ့်ကို လူကောင်းတစ်ယောက်လို့ ထင်နေကြတာ
တကယ်တော့ ခင်ဗျားက ခင်ဗျားကို အလုပ်အကျွေးပြုမယ့်သူတစ်ယောက်ကို ရှာချင်နေရုံပဲ မဟုတ်ဘူးလား၊
ပြီးတော့ နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေကို အလဟဿမဖြစ်စေချင်လို့ပါ ဆိုပြီးတော့လည်း ဟန်ဆောင်နေသေးတယ်
ခင်ဗျားကို ကြည့်ရတာ တကယ်ကို ရွံစရာကောင်းလွန်းတယ်!”
ဆိုရလျှင် ကျန်းကျွင့် ဤစကားများကို မပြောမီကတည်းက စုန့်လူကြီးမင်းအနေဖြင့် သူ၏စိတ်ထဲရှိ အဖုအထုံးမှာ မည်သည့်အရာဖြစ်ကြောင်းကို ခန့်မှန်းမိပြီးသား ဖြစ်ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းကျွင့်က ဤအချက်ကိုသာ အလေးအနက်ဆုံး ထားနေခဲ့သည်။
သူ့ဘက်မှ ကျန်းကျွင့်အား သားအရင်းကဲ့သို့ မဆက်ဆံခဲ့ဟု အမြဲတစေ ခံစားနေခဲ့ခြင်းပင်။ ဤကိစ္စနှင့် ပတ်သက်၍ စုန့်လူကြီးမင်းဘက်မှ အကြိမ်ကြိမ် သေသေချာချာ ရှင်းပြခဲ့ဖူးသော်လည်း နှမြောစရာကောင်းသည်မှာ သူ၏ ဖြူစင်သော ရှင်းပြချက်များက ကျန်းကျွင့်၏ မျက်လုံးထဲတွင် ဆင်ခြေအဖြစ်သာ မြင်နေခဲ့ပုံရပေသည်။
ဤအကြောင်းများကို ကြားပြီးနောက် စုန့်လူကြီးမင်းက ဆက်လက်၍ နားမထောင်လိုတော့ချေ။
သူသည်က အလွန်အမင်း နွမ်းနယ်လွန်းသော မျက်နှာအမူအရာဖြင့် လက်ကိုသာ ဝှေ့ယမ်းပြလိုက်လေ၏။
“တော်လောက်ပြီ၊ မင်းဘက်က ဘယ်လိုပဲတွေးတွေး ထားလိုက်ပါတော့၊ မင်းဘက်က ငါ့ မင်းကို ငါ့ရဲ့သားအရင်းလို မဆက်ဆံခဲ့ဘူးလို့ ထင်နေမှတော့လည်း ငါ့ကို မင်းရဲ့အဖေလို့ မသတ်မှတ်ပါနဲ့တော့
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ငါတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး”
စကားအရ ကြည့်မည်ဆိုလျှင် သူ့ ဘက်က အသာစီးရနေသကဲ့သို့ ရှိသော်လည်း ကျန်းကျွင့်မှာ ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အနည်းငယ်မျှပင် ဝမ်းမသာနိုင်ခဲ့ချေ။
ဤတစ်ကြိမ်တွင် သူနှင့် စုန့်ကျစ်သယ်တို့ကြားက အမှန်တကယ်ပင် အဆက်အသွယ် ပြတ်တောက်သွားပြီဖြစ်ကြောင်းကို သူ သိရှိလိုက်ရပေပြီ။
စုန့်ကျစ်သယ်က သူ့ကို နောက်ပိုင်းတွင် ဂရုစိုက်တော့မည် မဟုတ်ကြောင်း တွေးမိလိုက်သည့်အခိုက်တွင် ကျန်းကျွင့်၏ ရင်ထဲ၌ မကြုံစဖူးသော ထိတ်လန့်မှုနှင့် အကျပ်အတည်းဖြစ်မှုတို့ကို ခံစားလိုက်ရ၏။
ယခင်က စုန့်ကျစ်သယ်ကို မည်မျှပင် မနှစ်မြို့ခဲ့ပါစေ၊ တစ်နေ့တွင် စုန့်ကျစ်သယ်က သူ့ကို အိမ်ပေါ်မှ အမှန်တကယ် နှင်ချလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။
အထူးသဖြင့် သူသည်က အသက်လေးဆယ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ငွေကြေးလည်းမရှိ. နေစရာလည်းမရှိသကဲ့သို့ အလုပ်အကိုင်လည်း မရှိပေ။
အကယ်၍သာ ဤနေရာမှ ထွက်ခွာသွားရပါက သူ မည်သည့်နေရာကိုသွားရမည်နည်း။
အပြင်လောကတွင် သူ့အတွက် နေရာတစ်ခုမျှ ရှိလိမ့်မည် မဟုတ်ပါချေ။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ကျန်းကျွင့်တစ်ယောက် အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားရပြီး စုန့်လူကြီးမင်းကို ကြည့်ကာ အော်ဟစ်ပြောဆိုလိုက်လေသည်။
“မရဘူး! ခင်ဗျား ကျွန်တော့်ကို နှင်ချလို့မရဘူး၊ အစကတည်းက ခင်ဗျားက ကျွန်တော့်ကို ခေါ်လာခဲ့တာလေ၊ အဆုံးထိ တာဝန်ယူရမှာပေါ့
မဟုတ်ရင် ကျွန်တော့်ကို အပြင်မှာပဲ သေခွင့်ပေးလိုက်ရမှာ၊ အခု ခင်ဗျားက ကျွန်တော့်ကို ဒီလိုမျိုး ဖြစ်အောင် ပြုစုပျိုးထောင်ထားပြီးပြီဆိုတော့ ဆက်ပြီး ပြုစုစောင့်ရှောက်ရမှာပဲ”
ကျန်းကျွင့်၏ စကားများကို ကြားလိုက်ရလျှင် ရောက်ရှိနေသူ အားလုံးမှာ မျက်လုံးများပင် ပြူးကျယ်ကုန်ကြရသည်။
ဘုရားရေ! သူတို့တွေ အရှက်မရှိတဲ့လူမျိုးကို မြင်ဖူးပေမဲ့လည်း ဒီလောက်အဆင့်အထိ အရှက်မရှိတဲ့သူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
ဤသည်က သူတို့ကိုယ်တိုင်မှာ ပြဿနာရှိနေသည်လား သို့မဟုတ် ကျန်းကျွင့်ထံတွင်သာ ပြဿနာရှိနေသလားဟူ၍ပင် သူတို့ကို သံသယဝင်လာစေခဲ့သည်။
အခြေအနေကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သူမှာ စုန့်လူကြီးမင်းတစ်ဦးတည်းသာ ရှိပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူသည်က ကျန်းကျွင့်နှင့် နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့သူဖြစ်၍ သူ၏ စရိုက်ကို ကောင်းကောင်း သိရှိထားပြီး ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင်တော့ ကျန်းကျွင့်ဘက်မှ မည်မျှအဓိပ္ပာယ်မရှိသည့်စကာများကို ပြောဆိုပါစေ၊ သူ့ကို နောက်ထပ် အခွင့်အရေး ပေးရန် စိတ်ကူးမရှိတော့ချေ။
သူပြောသကဲ့သို့..
အစကတည်းက သူ့ကို ခေါ်မလာခဲ့သင့်ခြင်း ဖြစ်နိုင်ပေသည်။
သို့မဟုတ်ပါက ဤနှစ်များအတွင် သူ စုန့်ကျယ်တို့ကို ရှာဖွေတွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်ပေလိမ့်မည်။
“သွားတော့၊ ငါ့ရှေ့ကို နောက်တစ်ခါ ထပ်မပေါ်လာနဲ့တော့၊ မင်း သွားချင်တဲ့နေရာကိုသာ သွားလိုက်ပါတော့...”