← Chapters

အခန်း (၃၃၄)

Vol. 34 Ch. 334

အခန်း (၃၃၄)

Vol. 34 Ch. 334

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် သံယောဇဉ်ကို ငဲ့ကွက်သောအားဖြင့် စုန့်လူကြီးမင်းက ကျန်းကျွင့်အား လက်စားချေရန် သို့မဟုတ် အပြစ်ပေးရန် ရည်ရွယ်ချက် မရှိတော့ချေ။

ကျန်းကျွင့် ပြောသည့်စကားထဲတွင် အချက်တစ်ခုက မှန်ကန်ပေသည်။ သူသည်က ကျန်းကျွင့်အား အမှန်တကယ်ပင် ကောင်းမွန်စွာ ဆုံးမသွန်သင်နိုင်ခြင်း မရှိခဲ့ပါချေ။

အကယ်၍ ထိုသူကသာ ဤကဲ့သို့သောလူမျိုး ဖြစ်လာလိမ့်မည်ကိုသို့မဟုတ် သူထင်ထားသည်ထက် ပို၍ ဆိုးရွားကာ အသုံးမကျသည့်လူမျိုး ဖြစ်လာလိမ့်မည်ကို ကြိုတင်သိရှိခဲ့ပါက သူ ကျန်းကျွင့်ကို ပြတ်သားစွာ ပြုပြင်ပေးခဲ့မိပေလိမ့်မည် ။

ယခင်က သူ့အနေဖြင့် အမြဲတစေ စိတ်ပျော့ခဲ့မိခြင်းကြောင့်သာ ယခုကဲ့သို့သော ကိစ္စများ ဖြစ်ပျက်လာရခြင်း ဖြစ်၏။

ဤသည်မှာ သူကိုယ်တိုင်၏ အမှားသာ ဖြစ်ပေသည်။

စုန့်လူကြီးမင်းက ကျန်းကျွင့်၏ အမှားများကို ဆက်လက်၍ အရေးမယူလိုတော့သည်ကို မြင်လျှင် တခြားလူများမှာလည်း စကားပြောရန် တုံ့ဆိုင်းနေကြလေသည်။

အထူးသဖြင့် လင်းရန်ပင်။

သူမသည်ကား ကျန်းကျွင့်ကဲ့သို့သော လူမျိုးကို အမှန်တကယ်ပင် မုန်းတီးပေသည်။

ဤကဲ့သို့သော လူယုတ်မာမျိုးကို ဤအတိုင်းသာ လွှတ်ပေးလိုက်ပါက နောင်တစ်ချိန်တွင် ပြဿနာတစ်ခုခု ထပ်မံ ဖြစ်ပွားလာနိုင်သည် မဟုတ်ပါလား။

သို့သော် သူမက စုန့်လူကြီးမင်းကို ထပ်မံ၍ ဖျောင်းဖျရန် ပြင်လိုက်ချိန်တွင် ဘေးနားတွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ရှိနေခဲ့သော စုန့်ကျယ်က တည်ငြိမ်စွာဖြင့် စကားပြောလာခဲ့လေသည်။

သူက စုန့်ရှီးယန်ကို ကြည့်၍ ပြောလိုက်၏။

“သူ့ကို သွားခိုင်းလိုက်”

“အဖေ”

စုန့်ရှီးယန်တစ်ယောက် ကြောင်အမ်းသွားပြီး သူ၏ဖခင် စုန့်ကျယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

သူ၏ ထင်မြင်ချကငအရ သူ၏ဖခင်မှာ ဤမျှအထိ သဘောထားကြီးကာ ကြင်နာတတ်သူမျိုး မဟုတ်ပါချေ။

သူ၏ဖခင်က ပုံမှန်အားဖြင့် စကားအများကြီး ပြောတတ်သူမဟုတ်သော်လည်း..

ဆိုရလျှင် သားတစ်ယောက်အနေဖြင့် ပြောသည်ဖြစ်စေ၊ မပြောသင့်သည်ဖြစ်စေ ထိုအမျိုးသား၏ စိတ်နှလုံးက သူ့ထက် ပို၍ နက်ရှိုင်းမည်းနက်လွန်းပေသည်။

သူသည်က အပေါ်ယံတွင် မည်သည့်မှတ်ချက်မျိုးကိုမျှ ပေးလေ့မရှိသော်လည်း အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့အား အမှန်တကယ် စော်ကားမိပြီဆိုပါက ထိုသူမှ ဘေးကင်းလုံခြုံစွာဖြင့် ထွက်ခွာသွားနိုင်ရန် လုံးဝ တွေးတောရဲလိမ့်မည်မဟုတ်ပေ။

သူ၏ဖခင်တွင် လှည့်ကွက်ပေါင်းများစွာ ရှိနေသည် မဟုတ်ပါလား။

သို့ဖြစ်၍ ကျန်းကျွင့်၏ လုပ်ရပ်က ထိုအမျိုးသား၏ ဒေါသကို အမှန်တကယ်ပင် ဆွပေးလိုက်ပေပြီ။

ဤသို့ဆိုလျှင် ကျန်းကျွင့်ကို စစ်ဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပတ်သက်၍ သတင်းမှားများကို မကောင်းသည်းစိတ်ဖြင့် ဖြန့်ဝေမှုအတွက် ဖမ်းဆီးခိုင်းသင့်သည် မဟုတ်ပါလား။

သို့သော် ထိုခဏတွင် ဖခင်ဖြစ်သူ စုန့်ကျယ်က သူ့အား လှည့်ကြည့်လာခဲ့သည်။

စုန့်ရှီးယန်တစ်ယောက် ထိုအကြည့်ထဲ အလွန်နက်ရှိုင်းလှသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရ၏။

စုန့်ရှီးယန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့လေသည်။

သူ၏ဖခင်သည်ကား ဤကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် စီစဉ်ထားခြင်း ဖြစ်ပေလိမ့်မည်။

ထိုအချက်ကို သတိပြုမိလိုက်လျှင် စုန့်ရှီးယန်တစ်ယောက် ကျန်းကျွင့်အား အနည်းငယ်လောက် သနားသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိလေ၏။

ထိုအမျိုးသား၏ လက်ထဲသို့ ကျရောက်သွားခြင်းမှာ ပြည်သူ့လုံခြုံရေးဌာန၏ လက်ထဲသို့ ကျရောက်ခြင်းထက် များစွာ ပို၍ နှိပ်စက်ညှဉ်းပန်းခံရပေလိမ့်မည်။

“ဟင်း.. ခင်ဗျားရဲ့ကံကိုပဲ ဆုတောင်းလိုက်တော့”

စုန့်ရှီးယန်က သူ၏ခြေထောက်ကို ကျန်းကျွင့်၏ကျောပေါ်မှ ဖယ်လိုက်ပြီး တစ်ချက်ကန်ထုတ်ကာ ပြောဆိုလိုက်သည်။

“ငါ့ရဲ့အဘိုးက စိတ်သဘောထားနူးညံ့ပြီး စိတ်ပြန်မပြောင်းသေးခင်မှာ ဒီကနေ အမြန်ဆုံး လစ်လိုက်တော့”

ဤကဲ့သို့အခြေအနေမျိုးတွင် ကျန်းကျွင့်အနေဖြင့် သူ့အတွက် တစ်စုံတစ်ရာ ပြန်လည်ရရှိရန် မည်မျှပင် ကြိုးစားလိုသည်ဖြစ်စေ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သွားတော့မည်ဖြစ်ကြောင်းကို သူကိုယ်တိုင် ကောင်းစွာ သိရှိထားပေသည်။

အကယ်၍ စုန့်ကျယ်နှင့် စုန့်ရှီးယန်တို့သာ ဤနေရာ၌ ရှိမနေပါက သူ့အနေဖြင့် အဘိုးကြီးရှေ့တွင် အကြိမ်အနည်းငယ်မျှ ငိုယိုတောင်းပန်လျှင် အဘိုးကြီးက စိတ်ပျော့သွားကာ သူ့ကို သည်းခံကောင်း သည်းခံနိုင်ပေလိမ့်မည်။

သို့သော် ယခုတွင်အဘိုးကြီး၏ သားအရင်းနှင့် မြေးအရင်းတို့က ပြန်လည်ရောက်ရှိနေပြီ ဖြစ်၍ သူကဲ့သို့သော အစားထိုးတစ်ဦးမှာ နောက်ပိုင်းတွင် အဘိုးကြီး၏ မျက်နှာကိုပင် မြင်တွေ့ရတော့မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းကျွင့်က အံကိုတင်းတင်းကြိတ်ကာ ထိုင်ရာမှ ထလိုက်ရလေသည်။

ထို့နောက် သူက စုန့်လူကြီးမင်း၊ စုန့်ကျယ်၊ စုန့်ရှီးယန်နှင့် တခြားသူများကို ဒေါသတကြီး စိုက်ကြည့်ကာ ရန်ငြိုးကြီးစွာဖြင့် ပြောလိုက်လေသည်။

“ခင်ဗျားတို့တွေလည်း နောင်တစ်ချိန်မှာ သေချာပေါက် ဝဋ်လည်မှာပါ”

ထိုသို့ပြောပြီးနောက် သူက အမြန်ဆုံး ထွက်ခွာသွားတော့သည်။ သူ့အနေဖြင့် အဝတ်အစား အနည်းငယ်လောက်ကို ယူသွားချင်သော်လည်း စုန့်ကျယ်တို့သားအဖ ရှိနေသရွေ့ သူ မည်သည့်အရာကိုမှ ယူသွားနိုင်လိမ့်မည်မဟုတ်ကြောင်းကို ကောင်းစွာ သိထားပေသည်။

ကံကောင်းစွာဖြင့် သူ၏ကိုယ်ပေါ်တွင် ငွေကြေးအနည်းငယ် ရှိနေသေးသောကြောင့် အချိန်အနည်းငယ်လောက် ရှင်သန်နိုင်ရန် လုံလောက်သေးသည်။

သူ၏ သူငယ်ချင်းတစ်ဦးထံတွင်လည်း ငွေသွားချေး၍ ရနိုင်ပေသေးသည်။

သူသည်က ဤအချိန်ကို အသုံးပြု၍ နောက်ပိုင်းတွင် မည်သည့်အရာကို လုပ်သင့်ကြောင်း နည်းလမ်းရှာရပေမည်။

စုန့်ကျစ်သယ်ကို စွန့်ခွာလိုက်ရုံနှင့် သူ၏ဘဝက လမ်းဆုံးသွားလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ချေ။

ဤသို့ဖြင့် ကျန်းကျွင့်က နာကျည်းချက်များ၊ မျှော်လင့်ချက်များနှင့်အတူ ထွက်ခွာသွားလေသည်။

သူ ထွက်သွားပြီးနောက် စုန့်ကျယ်က စုန့်ရှီးယန်ကို ပြောလိုက်လေ၏။

“မင်း အဘိုးဘေးနားမှာ ခဏလောက်နေပေးလိုက်ဦး၊ ဒီ အဘိုးအဘွားတို့ကိုလည်း ကျေးဇူးတင်စကား ထပ်ပြောလိုက်ပါဦး

အဖေ ကားမှာ ပစ္စည်းတစ်ခုကျန်သေးလို့ သွားယူလိုက်ဦးမယ်”

သူက ပြောပြီးသည်နှင့် အမြန်ပင် ထွက်သွားလေတော့သည်။

စုန့်ရှီးယန်သည်လည်း ဖခင်ဖြစ်သူ၏ ဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်လိုက်၏။

ဖခင်ဖြစ်သူမှာ ကားသို့ ပစ္စည်းသွားယူခြင်း မဟုတ်ဘဲ ကျန်းကျွင့်နှင့် စာရင်းသွားရှင်းရန်ထွက်သွားခြင်းသာဖြစ်ပေ၏။

ဤအချိန်တွင် သူက ဖခင်ဖြစ်သူ၏ အကြံအစည်ကို ဖော်ထုတ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အိမ်ထဲတွင်ရှိနေသော အဘိုးအိုနှင့်အဘွားအိုတို့ကိုကျေးဇူးတင်စကား ပြောဆိုရန်အတွက် လင်းရန်ကို ထိုသူများနှင့် မိတ်ဆက်ပေးရန် တောင်းဆိုလိုက်လေသည်။

လင်းရန်အနေဖြင့် ထိုသားအဖနှစ်ဦးက မည်သို့သော တွက်ချက်မှုမျိုးကို လုပ်ဆောင်နေကြောင်း မသိရှိသော်လည်း မတိုင်ခင်က စုန့်ရှီးယန်နှင့် စုန့်ကျယ်တို့ကြားမှ အကြည့်ချင်းဖလှယ်မှုကို သတိပြုမိလိုက်သည်။

ထိုသားအဖနှစ်ဦးအနေဖြင့် ကျန်းကျွင့်အား မည်သို့ အပြစ်ပေးရမည်ကို ကောင်းစွာ သိရှိထားပုံရပေသည်။

ထို့ကြောင့် လင်းရန်လည်း စိတ်ပူပန်မှုများကို ဘေးတွင်ဖယ်ထားကာ စုန့်ရှီးယန်အား ခေါ်ဆောင်ပြီး အန်တီတုန်နှင့် တခြားသူများကို ကျေးဇူးတင်စကားပြောဆိုခဲ့သည်။

အိမ်အပြင်ဘက်တွင်..

ကျန်းကျွင့်က စုန့်အိမ်မှ ထွက်လာပြီးနောက် အိမ်ရာဝင်းအပြင်ဘက်သို့ သွားရင်းဖြင့် စုန့်ကျယ်၊ စုန့်ရှီးယန်၊ လင်းရန်နှင့် အန်တီတုန်တို့ကို ဒေါသတကြီး ဆဲဆိုနေခဲ့သည်။

သူ၏ အတွေးအရ သူမှလွဲ၍ တခြားသူအားလုံးမှာ လူဆိုးများသာ ဖြစ်ကြပြီး သူ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြခြင်းသာ ဖြစ်သည်။

သူတစ်ဦးတည်းသာ အပြစ်ကင်းစင်သူ ဖြစ်သည်ဟု သူ ထင်မှတ်နေခဲ့သည်။

ဤသို့ဖြင့် သူက ဆဲဆိုကြိမ်းမောင်းရင်း အိမ်ရာဝင်း၏ တံခါးဝသို့ လျှောက်လာခဲ့၏။

တံခါးဝရှိ တံခါးစောင့်ရဲဘော်မှာ သူ၏ အုံ့မှိုင်းနေသော မျက်နှာကို မြင်လျှင် စူးစမ်းလိုစိတ်များဖြင့် ကြည့်နေခဲ့လေသည်။

ဆိုရလျှင် တံခါးစောင့်ရဲဘော်အနေဖြင့် စုန့်မိသားစုတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သိချင်နေသော်လည်း သူ၏ တာဝန်ကိုသာ ထမ်းဆောင်နေရရှာသည်။

ဤစပ်စုလိုစိတ်က သူ့အား အတော်လေး ကသိကအောက် ဖြစ်စေခဲ့၏။

သို့သော် ထိုအချိန်တွင် ကျန်းကျွင့် ဤဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရလေ၏။ ကြည့်ရသည်မှာ အိမ်ရာဝင်းထဲမှ ထွက်သွားတော့မည့်ပုံရသည်။

ရှောင်ဖူ၏ မျက်လုံးများ ပြူးကျယ်သွားကာ ပို၍ပင် စူစပ်စုချင်လာသောကြောင့် မအောင့်အီးနိုင်ဘဲ ကျန်းကျွင့်ကို လှမ်းခေါ်လိုက်သည်။

“ရဲဘော်ကျန်းကျွင့်၊ ဒီနေ့ မိုးလည်း ချုပ်နေပြီ၊ ဘယ်ကိုသွားမလို့လဲ”

ကျန်းကျွင့်သည်ကား မူလကပင် ယနေ့တွင်ဖြစ်ပျက်ခဲ့သမျှကို ရှက်နေသောကြောင့် မည်သူ့ကိုမျှ မသိစေဘဲ အိမ်ရာဝင်းထဲမှ ထွက်သွားချင်ခဲ့လေ၏။

သို့သော် တံခါးဝတွင် စပ်စုတတ်သော လူတစ်ယောက် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သူ အလွန်အမင်း ဒေါသထွက်သွားကာ ရှောင်ဖူကို စိုက်ကြည့်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။

“ငါ ဘယ်သွားသွား မင်းနဲ့ ဘာဆိုင်လဲ? မင်းလိုကောင်တော့ နေ့တိုင်း ဒီလိုပဲ စပ်စုနေတာနဲ့တင် တစ်သက်လုံး တံခါးစောင့်ဘဝနဲ့ပဲ နေသွားရမှာပဲ”

ထိုသို့ ပြောပြီးနောက် ကျန်းကျွင့်က တံခါးကို ဖွင့်ကာ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။

ရှောင်ဖူတစ်ယောက် ကျိန်ဆဲခံလိုက်ရသောကြောင့် ကြောင်အစွာဖြင့် ကျန်ရစ်ခဲ့ရ၏။

“မင်း ဘာမှ မပြောရင်လည်း မပြောနဲ့ပေါ့၊ ဘာလို့ ဆဲသွားရတာလဲ”

သို့သော် သူသည်က ငတုံးတစ်ယောက် မဟုတ်ပေ။ ကျန်းကျွင့်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် အိမ်ထဲတွင် အမှန်တကယ် ပြဿနာတစ်ခုခု ဖြစ်ပွားခဲ့ကြောင်းနှင့် ထိုပြသန်မှာ အတော်လေး ကြီးမားသော ကိစ္စဖြစ်နိုင်ကြောင်းကို ရိပ်မိလိုက်သည်။

သို့မဟုတ်ပါက တစ်ဖက်လူ ညဘက်အချိန်တွင် ဤသို့ ထွက်သွားလိမ့်မည် မဟုတ်ချေ။

ရှောင်ဖူ၏ စိတ်ထဲတွင် တစ်ခုခုကိုအာရုံခံစားနေမိသော်လည်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်ကိစ္စကို မသိရှိရသေးပါချေ။ သူက ညဘက် ဂျူတီ လွှဲပြောင်းချိန်ကျမှသာ အသေးစိတ်ကို စုံစမ်းကြည့်ရန် စဉ်းစားထားလိုက်သည်။

သို့သော် ကျန်းကျွင့် အိမ်ရာဝင်းမှ ထွက်သွားပြီးနောက် မကြာမီပင် တခြားလူတစ်ဦးကလည်း ထိုဘက်သို့ လျှောက်လာခဲ့ပြန်သည်။

သူ သေသေချာချာ ကြည့်လိုက်သောအခါ ရောက်လာသူမှာ စုန့်လူကြီးမင်း၏ သားဖြစ်သူဖြစ်ကြောင်းကို သိလိုက်လေ၏။

“ရဲဘော်စုန့်၊ ဒီလောက် ညဉ့်နက်နေပြီကို အပြင်ထွက်မလို့လား”

စုန့်ကျယ်သည် ထိုစကားကို ကြားလျှင် ခေါင်းခါပြလျက် ရှင်းပြလိုက်သည်။

“မထွက်ပါဘူး၊ အပြင်ဘက်မှာ ပစ္စည်းတစ်ခု ကျန်ခဲ့တာကို သတိရလို့ သွားယူမလို့၊ ခဏနေရင် ပြန်ဝင်လာခဲ့မယ်”

All Chapters