← Chapters

အခန်း (၃၃၅)

Vol. 34 Ch. 335

အခန်း (၃၃၅)

Vol. 34 Ch. 335

ညနေပိုင်းက စုန့်ကျယ်နှင့် စုန့်ရှီးယန်တို့အနေဖြင့် အလွန်အမင်း စိတ်လောနေခဲ့သည့်အတွက် ကားကို အိမ်ရာဝင်းအပြင်ဘက်တွင်သာ ရပ်ထားခဲ့ကြလေ၏။

ထို့ကြောင့် ယခုကဲ့သို့ ကိစ္စလုပ်ဆောင်ရန်အတွက် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်သွားခဲ့လေသည်။

စုန့်ကျယ်၏စကားကို ကြားလျှင် ရှောင်ဖူက မည်သည့်အရာကိုမှ ထပ်မစဉ်းစားတော့ဘဲ စုန့်ကျယ်ကို ဓာတ်မီးလိုအပ်လားဟုပင် စေတနာထက်သန်စွာ မေးမြန်းလိုက်သေး၏။

စုန့်ကျယ်က ကျေးဇူးတင်စကားဆိုကာ ငြင်းပယ်လိုက်လေသည်။

“မလိုပါဘူး၊ ကျွန်တော်ရဲ့ အမြင်အာရုံက အတော်လေး ကောင်းပါတယ်”

ထိုသို့ပြောပြီးနောက် သူက လူထွက်ပေါက် တံခါးငယ်လေးကို ဖွင့်ကာ အပြင်သို့ ထွက်ခွာသွားတော့သည်။

အိမ်ရာဝင်းနှင့် မလှမ်းမကမ်းသို့ ရောက်ချိန်တွင်တော့ မှောင်စပျိုးတေသည့် ညအမှောင်ထုထဲတွင် အရှေ့သို့ လျှောက်နေသော လူရိပ်တစ်ခုကို သူ မြင်တွေ့လိုက်ရလေ၏။

ထိုသူမှာ မတိုင်မီကမှ အိမ်ရာဝင်းထဲမှ ခုနတင် ထွက်လာခဲ့သည့် ကျန်းကျွင့်ပင် ဖြစ်ပေသည်။

ကျန်းကျွင့် ရှိနေသည့်နေရာကို အတည်ပြုပြီးနောက် စုန့်ကျယ်၏ မျက်ဝန်းများက အေးစက်သွားခဲ့ကာ လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီးနောက် ခြေလှမ်းများကို အရှိန်မြှင့်၍ နောက်မှ လိုက်သွားခဲ့လေသည်။

မကြာမီတွင် မဝေးလွန်းသည့် နေရာမှ ဝက်သတ်သကဲ့သို့ အော်ဟစ်သံကြီး တစ်သံ ထွက်ပေါ်လာခဲ့ပြီး ညဦးယံအချိန်၏ ငှက်သံများနှင့် ရောထွေးကာ ပို၍ပင် နားမချမ်းသာစရာကောင်းအောင် စူးရှနေခဲ့၏။

အိမ်ရာဝင်းတံခါးဝတွင်ရှိနေသော ရှောင်ဖူတစ်ယောက် ထိတ်လန့်သွားရလေသည်။ သူ့အနေဖြင့် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်လားဟု သွားရောက်ကြည့်ရှုရန် ပြင်နေချိန်တွင် စုန့်ကျယ် ပြန်ရောက်လာသည်ကို မြင်လိုက်ရလေ၏။

ထိုကြောင့် ရှောင်ဖူက အလျင်အမြန်ပင် မေးမြန်းလိုက်သည်။

“ရဲဘော်စုန့်၊ ခုနက တစ်ယောက်ယောက် အော်သံလိုမျိုး တစ်ခုခု ကြားလိုက်မိလား”

စုန့်ကျယ်က အေးဆေးတည်ငြိမ်စွာပင် ခေါင်းခါပြလိုက်လေ၏။

“ဘာသံမှ မကြားပါဘူး၊ အခုလို အချိန်ကြီး အပြင်မှာ ဘယ်သူမှ မရှိလောက်ဘူး၊ ခင်ဗျား နားကြားမှားတာ ဖြစ်မယ်”

“ဟင် ”

ရှောင်ဖူတစ်ယောက် ခေါင်းကိုသာ ကုတ်လိုက်မိတော့သည်။ စုန့်ကျယ်၏ အခိုင်အမာ ပြောဆိုမှုကြောင့် သူသည်က သူ့ကိုယ်သူပင် သံသယဝင်လာခဲ့ရ၏။

“ကျွန်တော် နားကြားမှားတာပဲ နေမှာပါ၊ ငှက်အော်သံလည်း ဖြစ်နိုင်တာပဲ”

“အင်း၊ အဲဒါပဲ ဖြစ်လောက်မယ်၊ကျွန်တော် အထဲကိုဝင်တော့မယ်၊ ပင်ပန်းသွားရပြီ ရဲဘော်”

ရှောင်ဖူက ထိုစကားကို ကြားလျှင် အပြုံးတစ်ခုဖြင့်ပြန်လည်နှုတ်ဆက်လိုက်လေသည်။

“မပင်ပန်းပါဘူး၊ ဖြည်းဖြည်းသွားပါ ရဲဘော်”

သူ အရှေ့ဘက်သို့ သွား၍မစစ်ဆေးခဲ့ခြင်းကြောင့် ကျန်းကျွင့်တစ်ယောက် အပြင်ဘက် တောအုပ်တွင် တစ်ညလုံး လဲကျနေခဲ့ရပြီး နောက်တစ်နေ့ မနက်ပိုင်းလောက်ကိုရောက်မှသာ ပြင်းထန်သော နာကျင်မှုများဖြင့် သတိပြန်လည်လာခဲ့ခြင်းကိုတော့ သူ မသိလိုက်တော့ပါချေ။

စုန့်ကျယ် စုန့်လူကြီးမင်းထံသို့ ပြန်ရောက်ချိန်တွင် အချိန်မှာ အတော်ပင် နောက်ကျနေခဲ့ပြီ ဖြစ်၏။

အန်တီတုန်နှင့် တခြားသူများမှာလည်း ယနေ့တွင် ဖြစ်ရပ်များစွာ ဖြစ်ခဲ့သောကြောင့် စုန့်လူကြီးမင်းတို့ မိသားစုထံတွင် ပြောစရာများ ရှိနေလိမ့်မည်ကို နားလည်ခဲ့ကြသည်။

ထို့ကြောင့် စုန့်ကျယ် ပြန်လည်ရောက်ရှိသည်နှင့် သူတို့ကိုနှုတ်ဆက်ကာ ပြန်သွားခဲ့ကြလေသည်။

ဧည့်သည်များ ပြန်သွားပြီးနောက် စုန့်လူကြီးမင်းက စုန့်ကျယ်၊ စုန့်ရှီးယန်နှင့် လင်းရန်တို့ကို အနားသို့ ခေါ်လိုက်လေသည်။

သို့သော်လည်း သူက မည်သည့်စကားကိုမှ ထပ်မပြောခဲ့ဘဲ သူတို့ကိုသာ ကြည့်ကာ အလွန်အမင်းစိတ်ကျေနပ်ပျော်ရွှင်နေသည့် အမူအရာမျိုးဖြင့်ပြုံးနေခဲ့လေ၏။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူ့အနေဖြင့် ဤကဲ့သို့ တစ်ကိုယ်တည်းနေထိုင်၍သာ ဘဝကို အဆုံးသတ်ရတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဘုရားသခင်က သူ့ကို သနားကရုဏာထားကာ မကွယ်လွန်မီတွင် ဆွေမျိုးသားချင်းများနှင့် ပြန်လည်ဆုံတွေ့ခွင့် ပေးခဲ့သည်။

သို့သော် ပြုံးနေရင်းမှ သူ၏ဇနီးသည်ကို သတိရသွားရပြန်ကာ သူ၏မျက်ဝန်းများမှာ နီရဲလာခဲ့ရပြန်သည်။

လင်းရန်မှာ ထိုမြင်ကွင်းကို ဆက်ကြည့်ရန်အတွက် စိတ်မကောင်းဖြစ်လာရသောကြောင့် ပြောလိုက်လေ၏။

“အဘိုး၊ ပြောစရာရှိတာတွေကို မနက်ဖြန်မှပဲ ဆက်ပြောကြတာပေါ့ အခုက အချိန်လည်း နောက်ကျနေပြီ၊ အဖေတို့လည်း တစ်နေ့လုံး ကားမောင်းလာရတော့ ပင်ပန်းနေကြမှာပဲအရင်ဆုံး အနားယူလိုက်ကြတော့လေ”

အဓိကမှာ စုန့်လူကြီးမင်း၏ စိတ်ခံစားချက်က ယနေ့တွင် အတက်အကျ အလွန်များခဲ့သည့်အတွက် အမှန်တကယ်ပင် အနားယူရန် လိုအပ်နေခဲ့သည်။

စုန့်ရှီးယန်သည်လည်း ခေါင်းညိတ်ပြီး သဘောတူလိုက်၏။

“ဟုတ်တယ် အဘိုး၊ ကျွန်တော်နဲ့ အဖေက နောက်ထပ် ခွင့်ရက် ကျန်သေးတယ်၊ အလောတကြီး ပြန်စရာ မလိုပါဘူး၊ အဘိုး အရင်သွားပြီးအနားယူလိုက်ပါလား၊ ပြောစရာရှိတာတွေကို မနက်ဖြန်မှ အေးအေးဆေးဆေးပြောကြရအောင်”

သူတို့ထံတွင် ခွင့်ရက် ကျန်သေးသည်ဟု ကြားလိုက်ရမှသာ စုန့်လူကြီးမင်းမှာ လုံးဝ စိတ်သက်သာရာရသွားတော့သည်။

“ကောင်းပြီ၊ ငါ အရင်သွားအိပ်တော့မယ်၊ မင်းတို့လည်း စောစောအိပ်လိုက်ကြဦး”

ထို့နောက် လင်းရန်နှင့် စုန့်ရှီးယန်တို့က အဘိုးအိုအား အခန်းထဲအထိ လိုက်လံပို့ဆောင်ပေးကာ သူ အိပ်ပျော်သွားသည်ကို မြင်ရမှသာ ပြန်ထွက်လာခဲ့ကြ၏။

အဘိုးအို၏ အခန်းတံခါး ပိတ်သွားသည်ကို အတည်ပြုပြီးနောက် စုန့်ရှီးယန်နှင့် လင်းရန်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် စုန့်ကျယ် မတိုင်ခင်က မည့်သည့်အရာကို သွားလုပ်ခဲ့သည်ကို မေးမြန်းရန်အတွက် ဧည့်ခန်းသို့ အလျင်အမြန် သွားခဲ့ကြလေသည်။

စုန့်ကျယ်က သူတို့နှစ်ဦးအား တစ်ချက်မျှသာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ရှင်းပြလာလေ၏။

“အပြင်မှာ ပစ္စည်းတစ်ခု သွားယူတာ၊ ဒီလောက်ပဲ”

စုန့်ရှီးယန် : “...”

အဖေ ပြောတာကို ယုံရင် ကျွန်တော်က အရူးပဲဖြစ်နေလိမ့်မယ်!

သို့သော် ဖခင်ဖြစ်သူက မပြောချင်သည့် အမူအရာရှိနေသောကြောင့် သူ ဆက်မမေးတော့ချေ။ မည်သို့ပင်ဖြစ်စေ ဤမျှ တိုတောင်းသော အချိန်အတွင်း ဖခင်ဖြစ်သူအနေဖြင့် ကျန်းကျွင့်ကို တစ်ချက်လောက် ထိုးခဲ့ရုံလောက်သာလုပ်နိုင်လိမ့်မည်ဟုသာ သူ ခန့်မှန်းလိုက်လေသည်။

သို့သော် တစ်ကြိမ်မျှ ထိုးနှက်ရုံဖြင့် ဒေါသပြေနိုင်လိမ့်မည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ ထိုသူမှာ စုန့်မိသားစုထံမှ နှစ်ပေါင်းများစွာ အခွင့်ကောင်းယူခဲ့ရုံသာမက အဘိုးအို၏ ကျန်းမာရေးကိုလည်း ဖျက်ဆီးခဲ့သည့် အဓိကတရားခံ ဖြစ်နေသည် မဟုတ်ပါလား။

ဤအချက်ကြောင့် စုန့်မိသားစု၏ ဆွေမျိုးသားချင်းများကို အကာအကွယ်ပေးတတ်သည့် ပင်ကိုယ်ဗီဇအရ သူ့၏အဖေက တစ်ဖက်လူကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပါချေ။

“အဖေ၊ ကျန်းကျွင့်ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ”

လင်းရန်အနေဖြင့် စုန့်ရှီးယန်က သူမကိုယ်တိုင် မေးချင်နေသည့် မေးခွန်းကို မေးလိုက်သည်ကို ကြားလျှင် မျက်လုံးများဝိုင်းစက်စွာဖြင့် စုန့်ကျယ်ကို မျှော်လင့်တကြီး ကြည့်လိုက်မိသည်။

စုန့်ကျယ်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး စုန့်ရှီးယန်ကိုသာ အမူအရာကင်းမဲ့စွာဖြင့် ပြန်မေးလိုက်၏။

“မင်း အခု ဘယ်လိုဝတ်စုံမျိုးကို ဝတ်ထားလဲဆိုတာ မှတ်မိသေးရဲ့လား”

စုန့်ရှီးယန် : “...”

ဖခင်ဖြစ်သူ ဆိုလိုသည့်အဓိပ္ပာယ်ကို သူ ကောင်းစွာနားလည်ပေသည်။ ဤသည်မှာ သူတို့၏ စစ်သားဟူသော ဂုဏ်သိက္ခာကို သတိရရန်နှင့် သာမန်အရပ်သားတစ်ဦးအပေါ် ကိုယ်တိုင်ကိုယ်ကျ လက်ပါခြင်းမျိုး မပြုလုပ်ရန် သတိပေးလိုက်ခြင်းပင်။

သို့သော်လည်း သူတို့က ဤအတိုင်း လက်ပိုက်ကြည့်နေရမည်ဟု ဆိုလိုခြင်းပင်လား။

လင်းရန်တစ်ယောက် သူမက စစ်သားတစ်ယောက်မဟုတ်ကြောင်း ပြောရန် လက်လေးကို တိတ်တဆိတ် ထောင်ပြရန် ပြင်လိုက်ချိန်မှာပင် စုန့်ကျယ်က ထပ်မံ၍ စကားဆိုလာပြန်သည်။

“ငါတို့ကိုယ်တိုင် လုပ်စရာမလိုသလို ငါတို့ရဲ့လက်တွေ ညစ်ပတ်ခံစရာလည်း မလိုဘူး၊ ငါတို့ကိုယ်စား လုပ်ပေးမယ့်သူတွေ အများကြီးရှိတယ်”

သူ၏လေသံကို ကြည့်ရသည်မှာ နည်းလမ်းတစ်ခုခုကို ကြိုတင်စဉ်းစားထားပြီးပုံရ၏။

စုန့်ရှီးယန် : “?”

သူ့အနေဖြင့် သူ၏ဖခင်နှင့် စကားပြောရသည်ကို ဤအချက်ကြောင့်ပင် မနှစ်သက်ခြင်း ဖြစ်ပေသည်။

တစ်ဖက်လူမှာ စကားမပြောလျှင်လည်း လူကို အလိုမကျဖြစ်အောင် လုပ်နိုင်သကဲ့သို့ ၊ စကားပြောလျှင်လည်း လူကို ဒေါသထွက်အောင် လုပ်တတ်သူ မဟုတ်ပါလား။

သာမန်လူလိုမျိုး ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူးလား။

စုန့်ရှီးယန်တစ်ယောက် အလွန် ဒေါသထွက်သွားကာ အေးစက်စွာ ပြောလိုက်လေ၏။

“ဒါဆို အဖေ ဘာလုပ်မှာလဲဆိုတာပဲ ပြောလိုက်! အဖေ အခု မပြောရင် ကျွန်တော် အမေ့ဆီကို ဖုန်းဆက်တိုင်လိုက်မှာနော်”

သားဖြစ်သူ၏စကားကိုကြားလျှင် စုန့်ကျယ်တစ်ယောက် တိတ်ဆိတ်သွားရသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှသာ သူ၏ အစီအစဉ်ကို ထုတ်ဖော်ပြောပြလာတော့၏။

သူသည်က တခြားသူများ၏ အကူအညီကို အသုံးပြုကာ ကျန်းကျွင့်အား သူ၏ ဘဝတစ်လျှောက်လုံး နာကျင်စွာဖြင့် ရှင်သန်ခိုင်းရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။

ဆိုရလျှင် သူ့အနေဖြင့် ဤကိစ္စကို သေသေချာချာ တွက်ချက်ကြည့်ပြီးသား ဖြစ်ပေ၏။

အကယ်၍ ရဲစခန်းသို့ တိုက်ရိုက်တိုင်မည်ဆိုပါက နောက်ဆုံးရလဒ်အနေဖြင့် ကျန်းကျွင့်အား အချိန်အတိုင်းအတာတစ်ခုအထိ ချုပ်နှောင်ထားခြင်း၊ ဆုံးမသွန်သင်ခြင်းများသာဖြစ်နိုင်ပြီး အချိန်ပြည့်သွားလျှင် ပြန်လည်လွှတ်ပေးခြင်းမျိုးဖြစ်နိုင်ပေသည်။

လက်တလောတွင် ကျန်းကျွင့်၏ လုပ်ရပ်များက အမှန်တကယ် ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော်လည်း ပြန်လည်တွေးကြည့်မည်ဆိုလျှင် သားအဖချင်းလည်း ပြန်လည်ဆုံတွေ့နိုင်ခဲ့ပြီဖြစ်သကဲ့သို့ စုန့်လူကြီးမင်းမှာလည်း အသက်အန္တရာယ် ထိခိုက်မှုမျိုး မရှိခဲ့ချေ။

စုန့်လူကြီးမင်း၏ ကျန်းမာရေး ယိုယွင်းလာခြင်းမှာလည်း သူ၏ အသက်အရွယ်နှင့် စိတ်ခံစားချက်များကြောင့် ဖြစ်သည်ဟု ယူဆနိုင်ပေသည်။

စည်းကမ်းအရ ပြောရမည်ဆိုလျှင် ထိုကျန်းမာရေးချို့ယွင်းမှုများက ကျန်းကျွင့်ကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာခြင်းဟု သတ်မှတ်ရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် ပြည်သူ့လုံခြုံရေးဌာနမှ ကျန်းကျွင့်ကို ပေးမည့် ပြစ်ဒဏ်က မည်မျှအဆင့်လောက်ရှိမည်ကို စုန့်ကျယ် ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။

နာကျင်မှုမရှိသော ဆုံးမသွန်သင်မှုနှင့် ခေတ္တခဏ ထောင်ကျရခြင်းထက် ကျန်းကျွင့်ကို ဘဝတစ်လျှောက်လုံး နာကျင်ရမည့်အရသာကို ခံစားခိုင်းရန်အတွက် တခြားနည်းလမ်းတစ်ခုကို အသုံးပြုခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

စုန့်ကျယ်တစ်ယောက် သူ၏ အစီအစဉ်ကို လင်းရန်နှင့် စုန့်ရှီးယန်တို့အား ပြောပြလိုက်လေသည်။

သူ့၏စကားများကို နားထောင်ပြီးနောက်တွင် သူတို့နှစ်ဦးလုံးက ကြောင်အမ်း၍ မင်သက်သွားကြတော့၏။

လင်းရန်သည်ကား အလွန်အမင်း အံ့အားသင့်ထိတ်လန့်သွားရကာ သူမ၏ စိတ်ထဲတွင် ဘုရားရေ ဟူသော စကားလုံးကိုသာ အထပ်ထပ်အခါခါ ရေရွတ်နေမိတော့သည်။

All Chapters