← Chapters

အခန်း (၃၃၆)

Vol. 34 Ch. 336

အခန်း (၃၃၆)

Vol. 34 Ch. 336

လင်းရန်၏ ထင်မြင်ချက်အရ ပြောရမည်ဆိုလျှင် အဖေစုန့်ထံမှ ဤစကားများကို မကြားရမီအထိ ထိုသူမှာ ဤမျှအထိ အကွက်ချရန် ကျွမ်းကျင်သူဖြစ်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ချေ။

ဆိုရလျှင် သူသည်က စကားပြောနည်းလွန်းပေ၏။ လင်းရန်နှင့် ဆုံတွေ့ခဲ့သည့် အကြိမ်တိုင်းတွင်လည်း အလွန်ပင် ကြင်နာတတ်သူ ဖြစ်နေတတ်သည်။

လင်းရန်၏ စိတ်ထဲတွင် အဖေစုန့်မှာ အလွန်ပင် သာမန်ကျသည့် စကားနည်းသော ဖခင်တစ်ဦးသာ ဖြစ်ခဲ့သည်။

သို့သော် ယခုတွင်တော့...

မိဘမဲ့တစ်ဦးဘဝမှ လက်ရှိ အဆင့်အတန်းအထိ တစ်လှမ်းချင်း တက်လှမ်းလာနိုင်ခဲ့သော အဖေစုန့်၏ စွမ်းဆောင်ရည်ကို အမှန်တကယ်ပင် လျှော့တွက်၍ မရကြောင်း သူမ သိရှိသွားခဲ့ရလေပြီ။

အဖေစုန့် ပြောပြခဲ့သော အစီအစဉ်မှာ လူသားတို့၏ ဗီဇကို ကောင်းစွာ နားလည်ထားမှုနှင့် အကဲခတ်နိုင်စွမ်း၊ ခန့်မှန်းနိုင်စွမ်းတို့အပေါ် အခြေခံထားခြင်း ဖြစ်ပေသည်။

ထိုနည်းလမ်းကို တစ်ခွန်းတည်းဖြင့် အကျဉ်းချုပ်ရလျှင် ကျန်းကျွင့်အား သူကိုယ်တိုင် ကျင်းထဲသို့ ခုန်ဆင်းစေပြီး သူ့ကိုယ်သူ ဒုက္ခပြန်ပေးခိုင်းခြင်းပင် ဖြစ်ပေ၏။

ယနေ့ အိမ်ရာဝင်းထဲမှ ထွက်ခွာသွားသည့် ခဏမှစ၍ ကျန်းကျွင့်အနေဖြင့် “စုန့်ကျစ်သယ်၏ မွေးစားသား” ဟူသော ဂုဏ်ပုဒ်က လုံးဝ ပျောက်ကွယ်သွားခဲ့ပေပြီ။

ထို့အပြင် သူ၏လက်ထဲတွင် ငွေကြေးလည်းမရှိ၊ အာဏာလည်းမရှိသကဲ့သို့ သူ့ကိုယ်သူ ထောက်ပံ့နိုင်မည့် အလုပ်အကိုင်လည်း မရှိပါချေ။

အကယ်၍ သူသည်သာ ဤကမ္ဘာလောကတွင် ဆက်လက်ရှင်သန်လိုပါက သူ မည်မျှပင် အလေ့အကျင့်မရှိပါစေ ငွေကြေးရှာရန် နည်းလမ်းတစ်ခုကို သေချာပေါက် ရှာဖွေရပေလိမ့်မည်။

သို့သော် သူထံတွင်ရှိနေသော အဆက်အသွယ်မှာ အိမ်ရာဝင်းထဲမှ လူများမှလွဲ သူသိကျွမ်းသော သူငယ်ချင်းများသာ ရှိပေသည်။

ကျန်းကျွင့်၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့် သူနှင့် ပေါင်းသင်းနေသော သူငယ်ချင်းများမှာလည်း သူနှင့် အကျင့်တူသူများသာ ဖြစ်ပေလိမ့်မည်။

ကျန်းကျွင့်အနေဖြင့် ယခုရက်ပိုင်းအတွင်း မည်သည့်သူငယ်ချင်းထံတွင် တည်းခိုနေသနည်းဟူသည်ကို သိရှိရုံမျှဖြင့် ထိုသူငယ်ချင်း၏ အခြေအနေကို စုံစမ်းကာ လှည့်ကွက်အချို့ အသုံးပြုလိုက်ရုံဖြင့် ငါးတစ်ကောင်ကို ငါးစာဟပ်အောင် လုပ်နိုင်လိမ့်မည်။

လူတစ်ဦးအနေဖြင့် အကြပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် ပုံမှန်အတိုင်း စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတော့ပါချေ။

“မမျှော်လင့်သော ကံကောင်းမှု” ဟု ထင်ရသည့် အရာများနောက်သို့ မဆင်မခြင် လိုက်ပါသွားကာ အလှည့်စားခံရလေ့ရှိသည်။

ကောင်းကင်ပေါ်မှ ဘန်းမုန့်ကြီးက အလကားသက်သက် ပြုတ်ကျလာစရာ အကြောင်းမရှိကြောင်းကို လုံးလုံးလျားလျားမေ့လျော့သွားတတ်ကြသည် မဟုတ်ပါလား။

ပို၍ဆိုးသည်မှာ ကျန်းကျွင့်အနေဖြင့် ငယ်စဉ်ကတည်းက ဒုက္ခကြီးကြီးမားမား မကြုံတွေ့ခဲ့ဖူးသောကြောင့် သူ့ထံတွင် သတိဝီရိယနှင့် ကြိုတင်ကာကွယ်မှုမျိုးလည်း မရှိပါချေ။

သို့သော် ဤကိစ္စမှာ အလျင်စလို လုပ်ဆောင်ရန် မလိုအပ်သေးချေ။

မည်သို့ပင်ဖြစ်စေ ငါးကို ငါးစာ ဟပ်စေချင်ပါက စိတ်ရှည်ရန် လိုအပ်သည် မဟုတ်ပါလား။

ကျန်းကျွင့်ကို လုံးလုံးလျားလျားပျက်စီးသွားစေချင်ပါက အမှားအယွင်းမရှိစေရန်အတွက် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရပေလိမ့်မည်။

လင်းရန်နှင့် စုန့်ရှီးယန်တို့မှာ ဤအကြောင်းများကို သိရှိပြီးနောက် ကျန်းကျွင့် အပြစ်ပေးမခံရမည်ကို အနည်းငယ်မျှပင် စိုးရိမ်ခြင်း မရှိကြတော့ပါချေ။

ထိုသူ အလွယ်တကူနှင့် အလဲထိုးမခံသွားစေရန်သာ ဆုတောင်းနေမိခဲ့ကြသည်။

…

ဤကိစ္စများကို အတည်ပြုပြီးနောက် စုန့်ရှီးယန်နှင့် လင်းရန်တို့က နောက်ဆုံးတွင် အခန်းထဲသို့ ပြန်ကာ အိပ်စက်အနားယူခဲ့ကြလေသည်။

ဤသည်မှာ သူတို့အနေဖြင့် လက်ထပ်ပြီးနောက်တွင် ဒုတိယမြောက်အကြိမ်အဖြစ် အတူအိပ်စက်ကြခြင်း ဖြစ်ပေသည်။

ယခင်က တစ်ကြိမ်ကြုံတွေ့ခဲ့ဖူးသော်လည်း လူချင်းမတွေ့ရသည်မှာ အတော်လေးကြာပြီဖြစ်သောကြောင့် လင်းရန်တစ်ယောက် အနည်းငယ် စိမ်းသက်စွာ ခံစားနေရဆဲပင်။

စုန့်ရှီးယန်သည်ကား လင်းရန်နှင့် အတူမရှိသည်မှာ ကြာပြီဖြစ်၍ စိတ်လှုပ်ရှားနေခဲ့သော်လည်း တစ်စုံတစ်ရာ ပြုမူရန်အတွက် မဝံ့ရဲခဲ့ပါချေ။

မည်သို့ပင်ဖြစ်စေ လင်းရန် စိတ်ဆိုးဒေါသထွက်နေခဲ့သည့် အမူအရာကို သူ မှတ်မိနေသေးသည် မဟုတ်ပါလား။

သို့ဖြစ်၍ ဤတစ်ညလုံးတွင် သူ့အနေဖြင့် တကယ်ပင် ရမ္မက်ကြီးသူတစ်ဦး မဟုတ်ကြောင်းကို သက်သေပြရန်အတွက် စုန့်ရှီးယန်တစ်ယောက် အလွန်ပင် တည်ငြိမ်စွာ နေထိုင်ခဲ့လေသည်။

ထို့အပြင် သူသည်က လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ခရီးပန်းလာခဲ့သည့်အတွက် အိပ်ရာပေါ်တွင် လဲလျောင်းပြီး မကြာမီပင် အိပ်ပျော်သွားခဲ့တော့သည်။

လင်းရန်တစ်ယောက် သူနှင့် စကားအနည်းငယ်လောက် ပြောဆိုချင်သေးသော်လည်း စုန့်ရှီးယန်၏ မှန်မှန်ထွက်ပေါ်လာသော အသက်ရှူသံကို ကြားလိုက်ရသည့်အတွက် သူမလည်း မျက်လုံးမှိတ်၍ အိပ်စက်လိုက်ရတော့သည်။

သူတို့နှစ်ဦး အိပ်ပျော်နေချိန်တွင် အိမ်ရာဝင်းအပြင်ဘက်ရှိ တောအုပ်ထဲတွင် အရိုက်ခံရပြီးသတိလစ်နေသော ကျန်းကျွင့်တစ်ယောက် သတိပြန်ရလာခဲ့၏။

သူ မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် မည်သည့်နေရာသို့ ရောက်နေသည်၊ မည်သည့်အရာနှင့် ကြုံတွေ့ခဲ့ရသည်ကိုပင် ခေတ္တမျှ မတွေးတောနိုင်ခဲ့ပေ။

နာကျင်မှုဝေဒနာက ပြင်းထန်စွာ ရိုက်ခတ်လာသည့် အချိန်ကျမှသာ သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာလဲ့ပြီး မျက်နှာကိုရှုံ့မဲ့ကာ ကျိန်ဆဲလာတော့သည်။

သူ အိမ်ရာဝင်းအတွင်းမှ ထွက်လာပြီး တောအုပ်နားသို့ ရောက်ရုံသာ ရှိသေးသည်။ တစ်စုံတစ်ယောက်က သူ့ကို အနောက်ဘက်မှနေ၍ မကောင်းကြံလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။

သူ့အနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရရှိခဲ့ဘဲ အပြင်းအထန်အရိုက်ခံခဲ့ရသည်။ သူ့တွင် ပြန်လည်ခုခံရန် အခွင့်အရေး လုံးဝမရရှိခဲ့သကဲ့သို့ သူ့ကို ရိုက်နှက်သူ၏ လက်သီးက မည်သည့်အရာနှင့် ပြုလုပ်ထားသည်ကိုပင် မတွေးတတ်တော့ချေ။

ထိုလက်သီးက တူနှင့် ထုသကဲ့သို့ အားပြင်းလွန်းသောကြောင့် အချက်တိုင်းတွင် အော်ဟစ်နေခဲ့ရလေသည်။

နောက်ဆုံးတွင် ထိုလူက သူ့ကို သတိလစ်သွားသည့်အချိန်ထိ ရိုက်နှက်ခြင်းကို မရပ်တန့်ခဲ့ပုံရသည်။

ယခုအချိန်တွင် ထိုမြင်ကွင်းကို ပြန်လည်စဉ်းစားကြည့်ပါက ကျန်းကျွင့်အနေဖြင့် မည်မျှပင် ထုံထိုင်းနေပါစေ၊ သူ့ကိုတိုက်ခိုက်သူက စုန့်ကျယ် သို့မဟုတ် စုန့်ရှီးယန်သာ ဖြစ်မည်ဟု ခန့်မှန်းမိလေသည်။

သူ့အနေဖြင့် အလွန်အမင်း ဒေါသထွက်လာရပြီး ထိုသူတို့၏ ဘိုးဘေး ရှစ်ဆက်အထိ ကျိန်ဆဲနေမိခဲ့သည်။

သို့သော်လည်း သူ့ဘက်မှ မှား ယွင်းခဲ့ဖူးကြောင်းကို သိရှိသောကြောင့် သူတို့ထံသို့ ပြန်သွား၍ ရန်စရန်တော့ မဝံ့ရဲတော့ချေ။

နောက်ဆုံးတွင် ရေတစ်ငုံကိုသာ သောက်လိုက်ပြီး သူ၏ အရင်းနှီးဆုံး သူငယ်ချင်းအိမ်သို့ တရွေ့ရွေ့ သွားခဲ့တော့သည်။

သူငယ်ချင်းဖြစ်သူ၏အိမ်သို့ ရောက်ချိန်တွင် ညဉ့်နက်ပိုင်းချိန်ဖြစ်နေသောကြောင့် ထိုသူ၏ သဘောထားက မကောင်းလှပါချေ။

သို့သော် ကျန်းကျွင့်၏ ဒေါသထွက်တတ်သော စရိုက်က ပိုဆိုးလွန်းပြီး တစ်ဖက်လူမှာလည်း စုန့်လူကြီးမင်းကို ကြောက်ရွံ့ရသူဖြစ်သည့်အတွက် နောက်ဆုံးတွင် သည်းခံလိုက်ရလေသည်။

သို့သော် ကျန်းကျွင့်၏ အခြေအနေကို မြင်လိုက်ရသောကြောင့် တစ်ဖက်လူက အံ့ဩတကြီးဖြင့် မမေးဘဲ မနေနိုင်တော့ချေ။

“အစ်ကိုကျန်း၊ ခင်ဗျား ဘာဖြစ်လာတာလဲ၊ ဘယ်သူက ခင်ဗျားကို ရိုက်လိုက်တာလဲ ကျွန်တော့်ကို ပြောလေ ကျွန်တော် ခင်ဗျားအတွက် လက်စားချေပေးမယ်”

“လက်စားချေတာတွေ နောက်မှထားစမ်းပါ၊ ငါ့အတွက် နေရာအမြန်လုပ်ပေးဦး၊ ငါ ခဏလောက် လဲနေချင်တယ်”

ယခုအချိန်တွင် သူ့အနေဖြင့် တခြားအရာများကို မစဉ်းစားချင်တော့ဘဲ ကောင်းကောင်းအနားယူရန်သာ အလိုရှိတော့သည်။

ထိုအခြေအနေကို မြင်လျှင် သူငယ်ချင်းဖြစ်သူမှာလည်း သံသယများကို မျိုသိပ်ကာ ကျန်းကျွင့်အား အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့ရ၏။

သို့သော် ကျန်းကျွင့် အိပ်ပျော်သွားသည်ကို ကြည့်ပြီး ထိုသူက ဆက်လက်၍ အိပ်မပျော်နိုင်တော့ချေ။

ဘာတွေ ဖြစ်သွားတာလဲ။

ကျန်းကျွင့်က အိမ်ပြန်သွားတာ မဟုတ်ဘူးလား။

ဘာလို့ ဒီလိုပုံစံနဲ့ ပြန်ရောက်လာရတာလဲ။

သူသည် အဲဒီအဘိုးကြီးနှင့် တကယ်ကြီး လမ်းခွဲလိုက်ပြီလား?

သူ ထိုအကြောင်းကို သံသယဝင်ကာ တွေးတောနေခဲ့ရင်း မိုးလင်းသွားခဲ့လေ၏။ အာရုံဦးရောင်ခြည် ကျဆင်းလာပြီး မကြာမီပင် တံခါးခေါက်သံတစ်ချက်ကို ကြားလိုက်ရလေသည်။

ထိုအချိန်တွင် ကျန်းကျွင့်က နိုးထလာခြင်းမရှိသေးသောကြောင့် သူကိုယ်တိုင်ပင် တံခါးသွားဖွင့်ပေးလိုက်ရ၏။

သူ တံခါးကို ဖွင့်ကြည့်လိုက်လျှင် လူစိမ်းတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။

“ဘယ်သူ့ကို ရှာတာလဲ၊ ကျွန်တော် ခင်ဗျားကို မသိဘူး”

ထိုလူစိမ်းက သူကိုယ်တိုင်က မည်သူဖြစ်ကြောင်းကို မပြောလာခဲ့ဘဲ ကျန်းကျွင့်အား သိ၊ မသိကိုသာ အမူအရာကင်းမဲ့စွာ မေးမြန်းလာခဲ့၏။

“ကျန်းကျွင့်ကို သိတာပေါ့၊ ဒါပေမဲ့ ခင်ဗျားက ဘယ်လိုသိ...”

“သိရင်ရပြီ၊ မှတ်ထားလိုက်ပါ ဒီနေ့ကစပြီး သူက ရဲဘော်စုန့်ကျစ်သယ်နဲ့ ဘယ်လိုပတ်သက်မှုမှ မရှိတော့ဘူး၊ သူ ရဲဘော်စုန့်ကျစ်သယ်ရဲ့ နာမည်ကို အသုံးပြုပြီး လုပ်ဆောင်သမျှ ဘယ်ကိစ္စကိုမှ မယုံကြည်ပါနဲ့”

ထိုစကားများကိုပြောပြီးနောက် တစ်ဖက်လူက ပြန်ထွက်ခွာသွားခဲ့လေ၏။ သူက တခြားလူများကိုလည်း ဆက်လက်အကြောင်းကြားရန် သွားမည့်ပုံရသည်။

ကျန်းကျွင့်၏ သူငယ်ချင်းမှာ အတော်ကြာမှ သတိဝင်လာခဲ့ကာ ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအရာဖြင့် တစ်ဖက်လူအား တားဆီးလိုက်လေသည်။

“ခဏလေး၊ ခဏလေး..ခုနက ဘာပြောလိုက်တာလဲ၊ ကျန်းကျွင့်နဲ့ စုန့်လူကြီးမင်းတို့ရဲ့ကြားမှာ ဘယ်လိုပတ်သက်မှုမှ မရှိတော့ဘူး ဟုတ်လား၊ အဲဒါ ဘာကို ဆိုလိုတာလဲ”

“ကျန်းကျွင့်ကို စုန့်လူကြီးမင်းက အိမ်ပေါ်က နှင်ချလိုက်ပြီ၊ နောက်ပိုင်း သူတို့ရဲ့ကြားမှာ ဘယ်လိုဆက်ဆံရေးမှ ရှိမှာမဟုတ်ဘူး”

ထိုသို့ပြောပြီးသည်နှင့် တစ်ဖက်လူက အမှန်တကယ်ပင် ထွက်ခွာသွားလေတော့သည်။

ကျန်းကျွင့်၏ သူငယ်ချင်းက တံခါးဝတွင် ကြောင်အစွာဖြင့် ခေတ္တလောက်ရပ်နေပြီးနောက် မျက်နှာတစ်ခုလုံး မည်းမှောင်သွားကာ အံကိုတင်းတင်းကြိတ်လျက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့လေ၏။

ကျန်းကျွင့်မှ သူ၏အိပ်ရာပေါ်တွင် လူကြီးလူကောင်းတစ်ဦးကဲ့သို့ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို မြင်ရချိန်တွင် သူ၏မျက်နှာက ပို၍ပင် အေးစက်သွားပြီး ကျန်းကျွင့်၏ကိုယ်ပေါ်မှ စောင်ကို အားပြင်းပြင်းဖြင့် ဆွဲခွာလိုက်တော့သည်။

“ကျန်းကျွင့်! မင်းက အိပ်နေရဲသေးတယ်ပေါ့၊ အခုချက်ချင်း ငါ့အိမ်ထဲက ထွက်သွားစမ်း!”

All Chapters