← Chapters

အခန်း (၃၃၇)

Vol. 34 Ch. 337

အခန်း (၃၃၇)

Vol. 34 Ch. 337

ကျန်းကျွင့်သည်ကား အလွန်ကောင်းမွန်သော အိမ်မက်များကို မက်နေဆဲပင်ဖြစ်၏။ သူ့၏ အိမ်မက်ထဲတွင် သူသည်က စုန့်ကျစ်သယ်၏ မွေးစားသားအဖြစ် အိမ်ရာဝင်းထဲရှိ အကြီးဆုံးသခင်လေးအဖြစ် ရှိနေဆဲပင် ဖြစ်သည်။

စုန့်ကျစ်သယ် ကွယ်လွန်ပြီးနောက်တွင် သူ၏ အမွေအနှစ်အားလုံကို သူပိုင်ဆိုင်ရမည်ဟု မက်နေခဲ့၏။

ထိုအချိန်မှစ၍ သူသည်က အလုပ်လုပ်စရာ မလိုတော့သကဲ့သို့ မည်သူ့ကိုမျှ အလုပ်အကျွေးပြုစရာ မလိုဘဲ အတိုင်းအဆမရှိသော စည်းစိမ်ချမ်းသာများကို ခံစားရပေတော့မည်။

ကျန်းကျွင့်တစ်ယောက် သာယာမက်မောဖွယ် အိပ်မက်လေးထဲတွင် နစ်မျောနေစဉ် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး ချမ်းစိမ့်သွားသကဲ့သိုး ခံစားလိုက်ရပြီးနောက် ဟိန်းဟောက်သံကြီးတစ်ခုက သူ၏အိပ်မက်ကို ဖြိုခွင်းလိုက်လေတော့သည်။

သူ အိပ်မက်မှ လန့်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်တွင် သူ့အနေဖြင့် အခန်းကျဉ်းလေးတစ်ခုထဲတွင် ရောက်နေသည်ကို မြင်လိုက်ရလေ၏။ ထိုအချိန်မှသာ သူ သတိပြန်ဝင်လာခဲ့လေသည်။

သူ့အနေဖြင့် စုန့်ကျစ်သယ်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရပြီဖြစ်၍ ထိုသူနှင့် မည်သို့မှ မပတ်သက်တော့ချေ။

သို့ဖြစ်၍ အိပ်မက်ထဲမှ အရာအားလုံးမှာ အလဟဿ ဖြစ်သွားခဲ့ပေပြီ!

ဤအချက်ကို သတိပြုမိလိုက်သည့်အခိုက်တွင် ကျန်းကျွင့်၏ စိတ်အခြေအနေက သိသိသာသာပင် ဆိုးရွားသွားရတော့သည်။ ထို့အပြင် တစ်စုံတစ်ယောက်ထဲမှ အနှိုးခံလိုက်ရသောကြောင့် ဒေါသတကြီး ထထိုင်လိုက်ကာ သူ့အား လာနှိုးသည့်သူကို စိတ်မရှည်စွာ ကြည့်လိုက်လေသည်။

“မင်း ရူးနေတာလား ၊ မနက်စောစောစီးစီး ငါ့ကို လာနှိုးနေတယ်၊ ငါ ကောင်းကောင်း အနားယူချင်တယ်လို့ ပြောထားတယ်လေ၊ မင်း နားမကြားဘူးလား!”

ကျန်းကျွင့်က ဤအခြေအနေသို့ ရောက်နေချိန်တွင်ပင် သခင်လေး တစ်ယောက်ကဲ့သို့ မာန်တက်ပြနေသည်ကို မြင်လျှင် တစ်ဖက်လူမှာဒေါသထွက်လွန်း၍ အော်ရယ်မိလုနီးပါးဖြစ်လာရသည်။

“ကျန်းကျွင့်၊ မင်းက စုန့်လူကြီးမင်းရဲ့ အိမ်ကနေ နှင်ထုတ်ခြင်းခံထားရတဲ့ အိမ်ခြေရာမဲ့ ခွေးတစ်ကောင်သာသာအဆင့်ပဲရှိတယ်၊ ငါ့ကို လာပြီး အော်ဟစ်နေရအောင် မင်းမှာ ဘယ်လိုမျက်နှာများ ရှိနေလို့လဲ”

“အရင်တုန်းက ငါ မင်းကို အစ်ကိုကျန်းလို့ ခေါ်ခဲ့တာက စုန့်လူကြီးမင်းရဲ့ မျက်နှာကို ထောက်လို့ပဲ၊ အဲဒီဂုဏ်ပုဒ်သာမရှိရင် မင်းက ငါ့အတွက် ဘာမှမဟုတ်ဘူး အလကားကောင်ပဲ၊ အခုချက်ချင်း ထလိုက်စမ်း၊

ငါ့အိမ်ထဲက ထွက်သွားတော့ ..နောက်တစ်ခါ ငါ့ဆီကို ထပ်မလာနဲ့၊ မဟုတ်ရင် တွေ့တဲ့အချိန်တိုင်း အရိုက်ခံရမယ်လို့သာ မှတ်ထားလိုက်”

ထိုသူမှ ဤမျှလောက် ပြောဆိုလိုက်သော်လည်း ကျန်းကျွင့်၏ရှေ့တွင် သူ မည်မျှအထိ မျက်နှာချိုသွေး၍ မြှောက်ပင့်ပေါင်းသင်းခဲ့ရသည်ကို ပြန်တွေးမိလျှင်ဒေါသက မပြေနိုင်သေးချေ။

မူလက သူ့အနေဖြင့် ကျန်းကျွင့်နှင့် ရင်းနှီးအောင်ပေါင်းသင်းပြီး နောက်တစ်ချိန်တွင် စုန့်လူကြီးမင်းထံမှ အခွင့်အလမ်းများကို ရယူရန် ကြံစည်ခဲ့သည်။

သို့သော်လည်း ကျန်းကျွင့်ကဲ့သို့ အသုံးမကျသည့်လူက ဤသို့ နှင်ထုတ်ခံရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ထိုသူမှာ တွေးလေလေ ဒေါသထွက်လေလေဖြစ်နေခဲ့သည်။

ကျန်းကျွင့်အပေါ် သူ၏ အားထုတ်မှုများက အလကားဖြစ်သွားခဲ့သည့်အတွက် နောင်တရမိလာရကာ နောက်ဆုံးတွင် အင်္ကျီလက်စကို ပင့်တင်ပြီး ကျန်းကျွင့်အား အပြင်းအထန် ရိုက်နှက်ကာ အိမ်ရှေ့တံခါးဝသို့ ပစ်ထုတ်လိုက်လေတော့သည်။

ကျန်းကျွင့်အနေဖြင့် ယမန်နေ့ညက စုန့်ကျယ်၏ ရိုက်နှက်ခြင်းကို ခံထားရသည့်အတွက် တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေဆဲ ဖြစ်၏။

ဒဏ်ရာမရှိလျှင်ပင် သူသည်က အားနည်းသူဖြစ်သောကြောင့် ဤရိုက်နှက်မှုလောက်ကို မခံစားနိုင်ပါချေ။

အပြင်သို့ ပစ်ထုတ်ခံရပြီးနောက်မှသာ ကျန်းကျွင့် အခြေအနေကို ပြန်လည်သုံးသပ်နိုင်တော့သည်။

မဟုတ်သေးဘူး။

သူနဲ့ အဘိုးကြီးက မနေ့ညကမှ ဆက်ဆံရေးကိုဖြတ်တောက်လိုက်တာလေ။

ဒီကြားထဲမှာလည်း သူ ဘယ်သူ့ကိုမှ မပြောရသေးသလို အဘိုးကြီးရဲ့ စရိုက်အရလည်း သူ့ကို ဒီလောက်အထိ လမ်းပိတ်ဆိုးလာမှာ မဟုတ်ဘူး။

ပြီးတော့ သူက သူရဲ့သား၊ မြေးတွေနဲ့ သံယောဇဉ် တည်ဆောက်နေရဦးမှာမလား။

ဒီတော့ သူ နှင်ထုတ်ခံရအောင် ဘယ်သူက လုပ်လိုက်တာလဲ!

တစ်စုံတစ်ယောက်က သူ့ကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးဖို့ ကြိုးစားနေတာများလား။

ကျန်းကျွင့်က အဖြေများကို တစ်ခုချင်း ဖယ်ထုတ်ကာစဉ်းစားနေချိန်တွင် စုန့်ကျယ် စီစဉ်ထားသောလူများက ကျန်းကျွင့်အား သိကျွမ်းသူများအားလုံးကို တစ်ဦးချင်း လိုက်လံအကြောင်းကြားနေခဲ့ပေပြီ။

အထူးသဖြင့် သူ၏ သူငယ်ချင်းများကိုပင်။

ယနေ့မနက်ခင်းတွင်ပင် ကျန်းကျွင့်ကို သိကျွမ်းသူ အားလုံးနီးပါးက ကျန်းကျွင့်အား စုန့်လူကြီးမင်းမှ အိမ်ပေါ်မှ နှင်ချလိုက်ပြီဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ပတ်သက်မှုမရှိတော့ကြောင်းကို သိရှိသွားကြလေတော့သည်။

ထိုနေ့ မွန်းတည့်ချိန်တွင် စုန့်ကျယ်တစ်ယောက် သူ ခိုင်းစေထားသည့် တာဝန်များ ပြီးမြောက်ကြောင်းကို လက်အောက်ငယ်သားထံမှ အစီရင်ခံစာကို ရရှိလိုက်ရသောကြောင့် ခေါင်းညိတ်ပြလိုက်၏။

“အင်း သိပြီ ..သူ့ကို ဆက်ပြီး စောင့်ကြည့်ထားလိုက်”

သူ့၏အမိန့်ကို ကြားပြီးနောက် ထိုသူမှာလည်း အလျင်အမြန် ထွက်ခွာသွားပြီး သူ၏တာဝန်များကို ဆက်လက် ထမ်းဆောင်လေသည်။

စားသောက်ခန်းတွင်ရှိနေသော စုန့်လူကြီးမင်းသည်ကား စုန့်ကျယ်တစ်ယောက် သူ့၏လက်အောက်ငယ်သားနှင့် စကားပြောဆိုပြီးသည်ကို မြင်လျှင် ထမင်းစားရန် လှမ်းခေါ်လိုက်လေ၏။

“မပြီးသေးတဲ့ အရေးကြီးကိစ္စတွေ ရှိနေသေးလို့လား၊ အရေးကြီးရင်လည်း အလုပ်ကို အရင်သွားလုပ်လို့ရတယ်လေ၊ ငါ ဒီမှာ တစ်ယောက်တည်းလည်း အဆင်ပြေပါတယ်”

စုန့်ကျယ်မှ တစ်ဖက်လူကို ပြောဆိုသည့်စကားများကို သူ မကြားလိုက်ရသော်လည်း သူတို့နှစ်ဦး၏ လေးနက်သော မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် စုန့်ကျယ်၏ လက်ထဲတွင် အရေးကြီးသော ကိစ္စတစ်ခု ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။

စုန့်ကျယ်က ထိုစကားကို ကြားလျှင် ခေါင်းခါပြလိုက်၏။

“ဘာမှ မဟုတ်ပါဘူး၊ အကုန် ပြီးသွားပါပြီ၊ ကျွန်တော့်ရဲ့ ခွင့်ရက်က မနက်ဖြန်ညအထိ ရှိနေသေးတာဆိုတော့ အဖေနဲ့ တစ်နေ့လုံး အတူရှိနေပေးလို့ ရသေးတယ်”

ထိုစကားကို ကြားမှသာ စုန့်လူကြီးမင်းလည်း စိတ်သက်သာရာသွားရကာ တစ်ဖက်တွင်လည်း ဝမ်းသာသွားခဲ့ရလေသည်။

“မင်းမှာ အချိန်ရသေးတယ်ဆိုရင် ငါ မင်းကို မင်းရဲ့ ဇာတိမြေဆီကို ပြန်ခေါ်သွားပေးမယ်လေ၊ အချိန်ကလည်း အကိုက်လောက်ပဲ၊ နောက်တစ်ချက်ကတော့.. မင်းအမေရဲ့ အုပ်ဂူကို ပြင်ဆင်ပေးချင်တယ်”

လက်ရှိတွင် စုန့်လူကြီးမင်းအနေဖြင့် အနည်းငယ် ပျော်ရွှင်နေခဲ့လေ၏။

ဆိုရလျှင် သူသည်က သားနှင့် ဇနီး သေဆုံးပြီဟူသော သတင်းကြားလိုက်ရချိန်တွင် ဇာတိသွားသွား၍ သူတို့အတွက် အုတ်ဂူများ မတည်ဆောက်ပေးခဲ့ချေ။

သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေသေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သူတို့သားအမိ ချောက်ထဲသို့ပြုတ်ကျပြီးနောက် သေဆုံးသွားလိမ့်မည်မဟုတ်ဟူ၍ မျှော်လင့်ခဲ့မိကာ အကြိမ်ပေါင်းများစွာ စဉ်းစားပြီးနောက် အုတ်ဂူပြင်ဆင်ရန်အတွက် ဇာတိသို့ မပြန်ဖြစ်ခဲ့ပေ။

သို့မဟုတ်ပါက သူ၏ ဇနီးနှင့် သားအတွက် အုတ်ဂူများကို လွန်ခဲ့သော အချိန်များကတည်းက ပြင်ဆင်ပြီး ဖြစ်ပေလိမ့်မည်။

ဆိုရလျှင် သူ၏ဇနီးအတွက် အုတ်ဂူပြင်ဆင်ခြင်းက ပြဿနာမရှိသော်လည်း အသက်ဘေးမှ လွတ်မြောက်လာခဲ့သည့် သားဖြစ်သူအတွက် အုတ်ဂူတည်ဆောက်ခဲ့မိပါက အလွန်ပင် ကံဆိုးမည့်ကိစ္စ ဖြစ်သွားပေလိမ့်မည်။

ကံကောင်းလို့ အဲဒီတုန်းက သူ အတင်းအကျပ် မလုပ်ခဲ့မိတာပဲ။

စုန့်လူကြီးမင်းမှာ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချလိုက်မိပြန်သည်။

စုန့်ကျယ်အနေဖြင့်လည်း အဘိုးအို၏ အကြံပြုချက်အပေါ် ကန့်ကွက်စရာ မရှိပါချေ။

ယခုအခွင့်အရေး ရလာပြီဖြစ်ရာ သူသည်လည်း သူ၏ ဇာတိမြေက မည်သို့ရှိနေကြောင်းကို ပြန်လည် မြင်တွေ့လိုစိတ် ပြင်းပြနေမိသည်။

ဤသို့ဖြင့် ထိုနေ့မွန်းလွဲပိုင်းတွင် စုန့်လူကြီးမင်းက စုန့်ကျယ်အား ခေါ်ဆောင်၍ အတူတကွထွက်ခွာသွားကြလေသည်။

မူလက စုန့်ရှီးယန်နှင့် လင်းရန်တို့လည်း အတူလိုက်သွားသင့်သော်လည်း လင်းရန်က ဤနေရာတွင် နေထိုင်ခဲ့သည်မှာ အတော်ကြာနေခဲ့ပေပြီ။

စားဖိုမှူးရှုန်းမှာလည်း သူမ၏ ဘေးတွင် ရှိနေသည့်အတွက် စားဖိုမှူးရှုန်းအား ပစ်ထားခဲ့ကာ စုန့်ရှီးယန်၏ ဇာတိသို့ လိုက်သွားရန် မဖြစ်နိုင်ပါချေ။

စားဖိုမှူးရှုန်းအနေဖြင့်လည်း ပြန်သွားသည့်အချိန်တွင် လုပ်ဆောင်စရာ တခြားကိစ္စရပ်များ ရှိနေနိုင်ပေသည်။

စုန့်လူကြီးမင်းကလည်း ထိုအခြေအနေကို ကောင်းစွာ နားလည်ပေးခဲ့၏။

ထို့အပြင် သူ၏ ဇာတိမြေတွင်လည်း မည်သည့်အရာမျှမရှိတော့ပါချေ။

လူအုပ်ကြီးနှင့် ပြန်သွားမည်ဆိုပါက တည်းခိုနေထိုင်ရေး စီစဉ်ရန် ခက်ခဲပေလိမ့်မည်။

သို့ဖြစ်၍ နောက်ဆုံးတွင် စုန့်ကျယ်က စုန့်လူကြီးမင်းနှင့်အတူ ဇာတိသို့အရင်ပြန်ကာ လမ်းကို ကြည့်ရှုပေလိမ့်မည်။

ထို့နောက် နောက်တစ်ကြိမ်တွင်မှသာ စုန့်ရှီးယန်၊ လင်းရန်နှင့် ချင်းယွင်ကျစ်တို့ကိုပါ အတူခေါ်သွားရန် မိသားစုချင်း သဘောတူလိုက်ကြလေသည်။

ဤအတောအတွင်း စုန့်လူကြီးမင်းကလည်း သူတို့ပြန်သွားသည့်အချိန်တွင် ကိုယ်ပိုင်အိမ်၌ နေထိုင်နိုင်ရန်အတွက် ဇာတိမြေတွင် အိမ်တစ်လုံးဆောက်လုပ်ရန် စီစဉ်ခဲ့လေ၏။

စုန့်လူကြီးမင်းအနေဖြင့် ယခင်က ထိုကဲ့သို့သော အစီအစဉ်မျိုးကို တစ်ခါမျှမတွေးခဲ့ဖူးချေ။

သူသည်က ဇာတိသို့ ပြန်နိုင်တော့မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။

မိသားစုမရှိသော ဇာတိမြေသည်က မည်သို့သော အိမ်မျိုးဖြစ်နိုင်ပါမည်နည်း။

မိသားစုအိမ်ရာဝင်းထဲတွင် သေဆုံးသွားသည်က ပို၍ကောင်းလိမ့်မည်ဟု သူတွေးခဲ့ဖူးသည်။

သို့သော် ယခုတွင်တော့ သူ၏ အမွေကိုဆက်ခံမည့်သူ ရှိနေပြီဖြစ်၍ သူ၏ ဇာတိမြေတွင်သာခေါင်းချရန် ပြန်လည်စီစဉ်နေခဲ့ပေပြီ။

နေ့လည်ခင်း တစ်နာရီခန့်တွင် စုန့်လူကြီးမင်းနှင့် စုန့်ကျယ်တို့က စုန့်မိသားစု၏ ဇာတိမြေသို့ စတင်ထွက်ခွာသွားကြလေ၏။

All Chapters