အခန်း (၃၃၈)
Vol. 34 Ch. 338
လင်းရန်နှင့် စားဖိုမှူးရှုန်းတို့လည်း သူတို့၏ ပစ္စည်းများကို စတင်ထုပ်ပိုးကာ ပြင်ဆင်ကြတော့သည်။
စုန့်ရှီးယန်၏ ခွင့်ရက်အချိန်က စုန့်ကျယ်ထက်ပင် ပို၍ တိုတောင်းပေသည်။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် လွန်ခဲ့သော အချိန်အနည်းငယ်လောက်က ခွင့်နှစ်ကြိမ်တိုင်တိုင် ယူထားခဲ့သည်မဟုတ်ပါလား။
ယခုတစ်ကြိမ်တွင် စုန့်ကျယ်ကသာ ဝင်မပြောခဲ့ပါက သူ့အနေဖြင့် ဤနှစ်ရက်စာ ခွင့်ရက်ကိုပင် ရရှိလိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ လင်းရန် ပြန်ရတော့မည်ဖြစ်သကဲ့သို့ သူသည်လည်း ပြန်ရပေတော့မည်။
ဤနေရာသို့ ရောက်လာခဲ့ခြင်းမှာ ရောက်လာခြင်းနှင့် ပြန်ခြင်းက အလွန်အမင်း အလျင်စလို ဖြစ်ခဲ့ရလေသည်။ သူမနှင့်အတူ နွေးထွေးစွာ ရှိနေနိုင်မည့် တစ်ဦးတည်းသော ညတွင်ပင် သူသည်က အလွန်အမင်း ပင်ပန်းနေခဲ့သဖြင့် တိုက်ရိုက်ပင် အိပ်ပျော်သွားခဲ့ရသည်။
ထိုအကြောင်းကို တွေးမိလိုက်သည့်အခိုက်တွင် စုန့်ရှီးယန်တစ်ယောက် အလွန်အမင်း နောင်တရနေမိတော့၏။
“ရှင် ဒီမှာ ဘာလုပ်နေတာလဲ? ကျွန်မနဲ့ အဘိုးရှုန်းကို မြို့ထဲအထိ လိုက်ပို့မယ်လို့ ပြောထားတာမဟုတ်ဘူးလား?”
ထိုအချိန်တွင် လင်းရန်က စုန့်ရှီးယန်ကို ရုတ်တရက် ပုတ်လိုက်သောကြောင့် သူ၏ အတွေးများအားလုံး ပျောက်ကွယ်သွားခဲ့ရလေသည်။
လင်းရန်နှင့် စားဖိုမှူးရှုန်းတို့က အိမ်ရာဝင်းသို့ လာကြိုခဲ့သော ကားဖြင့်ပင် တိုက်ရိုက်ပြန်ရန် စီစဉ်ထားခဲ့ကြသည်။
စုန့်ရှီးယန်အနေဖြင့် မနက်ဖြန်မနက်မှသာ တပ်ဖွဲ့သို့ ပြန်ရမည်ဖြစ်သော်လည်း သူသည်က တစ်ယောက်တည်း မကျန်ရစ်ခဲ့လိုသောကြောင့် လင်းရန်တို့ကို အနီးဆုံးမြို့အထိ လိုက်ပို့ရန် တွေးထားသည်။
ထို့နောက်တွင် ကျန်းကျွင့်၏ လက်ရှိအခြေအနေကို စုံစမ်းရန်အတွက် မြို့ထဲသို့ ပြန်လာရန် စီစဉ်လိုက်ခြင်း ဖြစ်၏။
တစ်ချိန်တည်းတွင်ပင် သူတို့၌ လုပ်ဆောင်စရာ ကြီးမားသော ကိစ္စတစ်ခု ကျန်ရှိနေသေးပေသည်။
မြို့ထဲသို့သွားချိန်တွင် လက်ထပ်မှတ်ပုံတင်လက်မှတ်ကိုလည်း သွားရောက်ပြုလုပ်ရပေမည်။
သူတို့ ဇာတိမြေတွင် ရှိနေချိန်က စုန့်ရှီးယန်မှာ အလောတကြီး ထွက်ခွာခဲ့ရသောကြောင့် လက်ထပ်မှတ်ပုံတင်လက်မှတ် မလုပ်ဖြစ်ခဲ့ဘဲ ဇာတိတွင် မင်္ဂလာပွဲကိုသာ ကျင်းပခဲ့ကြရသည်။
နောက်ပိုင်းတွင် စုန့်ရှီးယန် အချိန်ရသည့်အချိန်မှ ပြန်လာလုပ်မည်ဟု ပြောဆိုထားခဲ့သော်လည်း၊ ယခု အခွင့်အရေး ရလာပြီဖြစ်၍ ဤအခိုက်အတန့်တွင် လက်ထပ်မှတ်ပုံတင်လက်မှတ်ကို တစ်ခါတည်း ယူထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ ဤခွင့်ရက် ပြီးဆုံးသွားပါက နောက်တစ်ကြိမ် တပ်မှ မည်သည့်အချိန်တွင် ထွက်ခွင့်ရမည်ကို သူ မသိရှိနိုင်ပါချေ။
ထို့အပြင် စုန့်ရှီးယန်တွင် စစ်ဗိုလ်အရာရှိကတ်ပြားပါရှိသကဲ့သို့၊ လင်းရန်တွင်လည်း အိမ်မှထွက်လာချိန်က တပ်မဟာမှ ထုတ်ပေးလိုက်သော ကိုယ်ရေးအထောက်အထား လက်မှတ်ပါရှိနေသောကြောင့် အနီးဆုံး မြို့မှ အရပ်ဘက်ဗျူရိုတွင် ဤကိစ္စကို ဆောင်ရွက်နိုင်ပေသည်။
စုန့်ရှီးယန်၏ အဆင့်အတန်းကြောင့် ရုံးဝန်ထမ်းများအနေဖြင့်လည်း နားလည်ပေးနိုင်လိမ့်ပေလိမ့်မည်။
စုန့်ရှီးယန် သတိပြန်ဝင်လာသည့်အချိန်တွင် လင်းရန်မှာ ခရီးဆောင်အိတ်များ အားလုံးကို ထုပ်ပိုးပြီးနေသည်ကို မြင်လိုက်ရ၏။
ခွဲခွာရမည့်အချိန်မှာ လက်တစ်ကမ်းသို့ ရောက်ရှိနေပေပြီ။
သူ၏ မျက်ခုံးများမှာ မသိစိတ်ဖြင့် တွန့်ချိုးသွားရကာ သူ၏ ရင်ထဲတွင်လည်း ခွဲခွာရမည်ကို မလိုလားသော စိတ်များဖြင့် ပြည့်နှက်နေခဲ့လေသည်။
ထိုခဏ၌ သူသည်က လင်းရန်အား တပ်သို့ လိုက်ခဲ့ရန်ထပ်မံ ပြောဆိုချင်စိတ်ဖြစ်သွားခဲ့ရ၏။
သို့သော် ထိုအတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုအတွေးကို ပြတ်ပြတ်သားသား ပယ်ဖျက်လိုက်လေသည်။
သူနှင့် လင်းရန် လက်ထပ်ချိန်ကတည်းက လင်းရန်အနေဖြင့် တပ်သို့လိုက်ရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းစွာ ပြောဆိုထားခဲ့ပြီး၊ သူသည်လည်း သဘောတူခဲ့သည် မဟုတ်ပါလား။
သို့ဖြစ်၍ သူ့အနေဖြင်် ကတိမတည်သူတစ်ဦး မဖြစ်စေရသကဲ့သို့ ကတိကိုလည်း ဖျက်၍ မဖြစ်နိုင်ပါချေ!
သို့သော် စုန့်ရှီးယန် ကောင်းစွာ သိရှိထားသည့် အချက်တစ်ခုရှိသည်။
သူသည်က နေ့စဉ်မိုးလင်းသည့်အချိန်တိုင်း လင်းရန်ကို မြင်တွေ့လိုသည်။ သူမချက်ပြုတ်သော ထမင်းကို စားလိုသည်။ သူမကို နေ့တိုင်းသူ၏ဘေးတွင် ရှိနေစေလိုသည်။
သူမသာ တပ်သို့ မလိုက်နိုင်ပါက သူကိုယ်တိုင်ပင် နည်းလမ်းတစ်ခုခုကို ရှာဖွေရပေတော့မည်။
သူ့အနေဖြင့် ထိုကိစ္စကို စိုးရိမ်ပူပန်နေသောကြောင့် မြို့သို့သွားရာ လမ်းတစ်လျှောက်လုံးတွင် ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့လေသည်။
သူ၏ ထူးခြားသော အမူအရာကြောင့် လင်းရန်မှ သူ့အားရှုပ်ထွေးသည့် အကြည့်များဖြင့် အကြိမ်ကြိမ် ကြည့်မိသော်လည်း၊ ယခင်တစ်ခေါက် ခွဲခွာချိန်ကလည်း ထိုသူမှာ စိတ်အခြေအနေ မကောင်းဖြစ်ခဲ့ဖူးသောကြောင့် ယခုလည်း တစ်ကိုယ်တည်း စိတ်ကောက်နေပြန်ပြီဟုသာ တွေးတောမိလိုက်၏။
လင်းရန်သည်လည်း သူ့ကို အလိုမလိုက်လိုသောကြောင့် စုန့်ရှီးယန်ကို လျစ်လျူရှုထားလိုက်တော့သည်။
မြို့သို့ ရောက်ရှိပြီးနောက်တွင် သူမက အရပ်ဘက်ဗျူရိုရုံးသို့ အတူသွားရန် သူ့ကို အလျင်အမြန် ခေါ်ဆောင်သွားပြီး စားဖိုမှူးရှုန်းကိုတော့ ကားထဲတွင်သာ စောင့်နေခိုင်းခဲ့လေ၏။
သူတို့နှစ်ဦး ကားပေါ်မှ ဆင်းပြီးနောက် ယာဥ်မောင်း၏ ညွှန်ပြမှုဖြင့် မြို့ပြစီမံခန့်ခွဲရေးရုံးကို လျင်မြန်စွာ တွေ့ရှိသွားခဲ့ကြသည်။
တံခါးထဲသို့ မဝင်မီ လင်းရန်က စုန့်ရှီးယန်အား နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိ၏။ သူ၏ မျက်နှာအမူအရာတို့မှာ မှိုင်းညို့နေဆဲဖြစ်သည်ကို မြင်လျှင် သူမ မထိန်းချုပ်နိုင်စွာ စနောက်လိုက်လေသည်။
“ရှင် ဒီလိုပုံစံကြီးနဲ့ သွာမယ်ဆိုရင် မသိတဲ့သူတွေက ကျွန်မဘက်က ရှင့်ကို အတင်းအကျပ် လက်ထပ်ခိုင်းနေတယ်လို့ ထင်သွားကြဦးမယ်”
စုန့်ရှီးယန်မှာ ထိုစကားကို ကြားမှသာ သတိပြန်ဝင်လာပြီး သူ၏ မျက်နှာပေါ်မှ အမူအရာကို ပြန်လည် ထိန်းညှိလိုက်ရလေတော့သည်။
“တကယ်လို့ တစ်ယောက်ယောက်ကသာ အတင်းအကျပ် လက်ထပ်ခိုင်းတယ်ဆိုရင်တောင် အဲဒါက ကိုယ့်ဘက်ကနေ အတင်းအကြပ်လက်ထပ်ခိုင်းတာဖြစ်မှာပဲ”
သူက ထိုသို့ပြောဆိုပြီးနောက် လင်းရန်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ကာ အရက်ဘက်ဗျူရိုရုံးတံခါးသို့ ဦးဆောင်ခေါ်သွားလေသည်။
လင်းရန်တစ်ယောက် သူ၏နောက်မှ မျက်လုံးလှန်ပြလိုက်မိ၏။
ကလေးကလားနိုင်လိုက်တာ။ ဒီလိုကိစ္စလေးကိုတောင် အနိုင်အရှုံး တွက်နေသေးတယ်။
ရုံးထဲသို့ ရောက်ရှိသွားပြီးနောက် အိမ်ထောင်ရေးလက်မှတ် ထုတ်ပေးသည့်လုပ်ငန်းစဉ်မှာ အလွန်ရိုးရှင်းပြီး လျင်မြန်လှပေသည်။
ဝန်ထမ်းက သူတို့၏ ကိုယ်ရေးအထောက်အထားလက်မှတ်များကို ယူ၍ မိတ္တူကူးပြီးနောက်၊ သူတို့၏ဆန္ဒအလျောက် လက်ထပ်ခြင်းဟုတ်မဟုတ်ကို ဟန်ပြမေးမြန်းကာ အပြုသဘောဆောင်သော အဖြေကိုရရှိသည့်နောက် လက်မှတ်နှင့်တူသောလက်ထပ်မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးလိုက်လေသည်။
လက်ထပ်မှတ်ပုံတင်လက်မှတ် ရရှိပြီးသည့်နောက်တွင် သူတို့က ဥပဒေအရ ဇနီးမောင်နှံအရာ မြောက်သွားကြပေပြီ။
လောလောလတ်လတ် ထွက်ပေါ်လာသော လက်မှတ်ကိုကြည့်ကာ လင်းရန်က စပ်စုလိုစိတ်ဖြင့် အသေအချာလေ့လာနေပြီးနောက် ထိုစာရွက်ပေါ်တွင် မည်သည့်ထူးခြားသော လျှို့ဝှက်ချက်မျှမရှိကြောင်း အတည်ပြုလိုက်နိုင်သည့်အချိန်မှ စိတ်ပျက်စွာဖြင့် မျက်နှာလွှဲလိုက်၏။
ဤသည်က စာရွက်တစ်ရွက်မျှသာ ဖြစ်ပေသည်။ အကယ်၍ သေသေချာချာ သိမ်းဆည်းမထားပါက နောက်နှစ်နှစ်ခန့်ကြာလျှင် အသုံးမဝင်တော့မည်ကိုပင် သူမစိုးရိမ်မိသည်။
လင်းရန်က ဤစာရွက်ပေါ်တွင် စိတ်ဝင်စားမှုမရှိကြောင်းကို မြင်လိုက်ရလျှင် ဘေးနားတွင်ရှိနေသော စုန့်ရှီးယန်က လက်ထပ်မှတ်ပုံတင်လက်မှတ်ကို အလျင်အမြန်ယူကာ ရတနာလေးတစ်ခုကဲ့သို့ တယုတယဖြင့် ဖျန့်လိုက်သည်။ သူက စာရွက်ပေါ်တွင် တွန့်ကြေမှုတစ်စုံတစ်ရာပင် ရှိခွင့်မပြုပါချေ။
“ဒါက တစ်စုံပဲရှိတာနော်၊ မင်း သေသေချာချာ ဂရုစိုက်ရမယ်”
လင်းရန် : “...”
“ဒါဆို လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ရှင်သိမ်းမလား၊ ကျွန်မသိမ်းရမလား”
စုန့်ရှီးယန်တစ်ယောက် သူကိုယ်တိုင် သိမ်းဆည်းလိုသော်လည်း သူ၏စစ်တပ်ထဲတွင် သိမ်းဆည်းရန်နေရာ ရှိမရှိကို ပြန်လည်စဉ်းစားမိပြီးနောက် နောက်ဆုံးတွင် နှမြောစွာဖြင့် လင်းရန်ထံသို့သာ ပြန်လည်ပေးအပ်လိုက်ရလေသည်။
“ဒါဆို မင်းပဲ သေသေချာချာ သိမ်းထားပေးလေ၊ ဒါက ကိုယ့်ဘဝမှာ ပထမဆုံးရတဲ့ လက်ထပ်မှတ်ပုံတင်လက်မှတ်ပဲ”
လင်းရန် : “?”
သူက နောက်ထပ်လက်ထပ်မှတ်ပုံတင်လက်မှတ် ဘယ်နှခုလောက် လိုချင်နေတာလဲ။
စုန့်ရှီးယန်က စကားပြောပြီးသည်နှင့် သူပြောလိုက်သည့်စကားမှာ မတိကျကြောင်းကို ချက်ချင်းသတိပြုမိသွားကာ အလျင်အမြန်ပင် ပြန်လည်ဖြည့်စွက်လိုက်၏။
“ကိုယ် ဆိုလိုတာက ဒါက ကိုယ့်ဘဝမှာ တစ်ခုတည်းသော လက်ထပ်မှတ်ပုံတင်လက်မှတ်ပဲ၊ အမှတ်တရ တွေပြည့်နေလို့ သေသေချာချာ သိမ်းထားရမယ်လို့ ပြောတာ”
ဤဘဝ၏ တစ်ခုတည်းသော လက်ထပ်မှတ်ပုံတင်လက်မှတ်..
ဆိုသည်မှာ ဤသည်က သူ၏ တစ်ဦးတည်းသော အိမ်ထောင်ဖက်ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေသည်။
ထိုစကားကို ကြားမှသာ လင်းရန်က စိတ်ကျေနပ်သော အမူအရာဖြင့် ပြန်ကြည့်လိုက်လေ၏။
“ကောင်းပြီ၊ ကျွန်မ သိပါပြီ၊ ရှင့်အတွက် သေသေချာချာ သိမ်းထားပေးပါ့မယ်၊ နောက်ပိုင်းကျရင် ဒီစာရွက်ကို မိသားစုအမွေအနှစ်အဖြစ်တောင် ထားလိုက်မယ်၊ ဟုတ်ပြီလား”
လင်းရန်က သူ့ကို တမင်စနောက်နေခြင်းဖြစ်ကြောင်း သိနေသော်လည်း စုန့်ရှီးယန်မှာ ထိုအကြံအစည်အပေါ် အမှန်တကယ်ပင် စိတ်ဝင်စားသွားခဲ့ရ၏။
သို့သော် ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူသဘောတူလျှင်ပင် လင်းရန်က သဘောတူလိမ့်မည် မဟုတ်ပါချေ။
ထို့အပြင် ဤသည်မှာ သူနှင့် ရန်ရန်ကြားမှ ထူးခြားသော အမှတ်တရတစ်ခုသာဖြစ်၍ တခြားသူများကို သိစေရန်လည်း မလိုအပ်ပေ။
ထို့အတွက် နောက်ဆုံးတွင် စုန့်ရှီးယန်က ဤပစ္စည်းကို သိမ်းထားရန် လင်းရန်ကို ထပ်မံမှာလိုက်ရုံသာ လုပ်နိုင်တော့သည်။
လင်းရန်ကလည်း ဆက်လက်၍ မစတော့ဘဲ လက်ထပ်မှတ်ပုံတင်လက်မှတ်ကို သူမ၏အိတ်အောက်ခြေတွင်ပင် စုန့်ရှီးယန်ရှေ့၌ သေသေချာချာ ထည့်သွင်းသိမ်းဆည်းလိုက်ရသည်။
ထိုအချိန်မှ စုန့်ရှီးယန်လည်း စိတ်အေးသွားရလေတော့သည်။
လက်ထပ်မှတ်ပုံတင်လက်မှတ်ကိစ္စ ပြီးဆုံးသွားပြီဖြစ်၍ လင်းရန်အနေဖြင့် မွန်းလွဲပိုင်းတွင် ထပ်မံနှောင့်နှေးနေရန် အကြောင်းမရှိတော့ချေ။
သူတို့က ကားရပ်နားရာသို့ အမြန်ပြန်ကာ စားဖိုမှူးရှုန်းနှင့်အတူ ထွက်ခွာသွားလေတော့သည်။
စုန့်ရှီးယန်အနေဖြင့် ခွဲခွာရမည်ကို မလိုလားသော်လည်း အပြင်လူများရှေ့တွင် လင်းရန်ကို မည်သည့်စကားကိုမှ မပြောရဲခဲ့ပါချေ။
ထို့ကြောင့် နောက်ဆုံးတွင် လမ်းခရီး၌ ဘေးကင်းလုံခြုံစွာ သွားကြရန်သာ မှာလိုက်ပြီး ကားလေး ထွက်ခွာသွားသည်ကို ရပ်ကြည့်နေခဲ့ရ၏။
လင်းရန်တို့၏ ကားနောက်ပိုင်းကိုပင် မမြင်ရတော့သည့် အချိန်ကျမှသာ စုန့်ရှီးယန်က တွန့်ဆုတ်စွာဖြင့် မျက်နှာလွှဲလိုက်ပြီးနောက် တခြားနေရာတစ်ခုသို့ လှည့်ထွက်သွားလေတော့သည်။
သူနှင့် လင်းရန်တို့ အရပ်ဘက်ဗျူရိုရုံးသို့ သွားနေစဉ်အတွင်း စုန့်ရှီးယန်က အမှန်တကယ် အနားယူနေခဲ့ခြင်း မဟုတ်ပေ။
သူသည်က စုန့်ကျယ်မှ ကျန်းကျွင့်အား စောင့်ကြည့်ရန် စေလွှတ်ထားသော တစ်စုံတစ်ယောက်၏ ချန်ရစ်ခဲ့သည့် အမှတ်အသားများကို လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်ပေသည်။