← Chapters

အခန်း (၃၃၉)

Vol. 34 Ch. 339

အခန်း (၃၃၉)

Vol. 34 Ch. 339

လင်းရန် ထွက်သွားပြီးနောက်တွင် စုန့်ရှီးယန်က ထိုအမှတ်အသားရှိရာနေရာသို့ ပြန်သွားခဲ့ပြီးနောက် ထိုနေရာတစ်ဝိုက်တွင် အနည်းငယ်မျှ လှည့်လည်ကြည့်ရှုခဲ့သည်။

ပြီးနောက် စုန့်ကျယ် စေလွှတ်ထားသောသူကို လျင်မြန်စွာပင် တွေ့ရှိသွားခဲ့လေသည်။

“ရဲဘော်စုန့်”

ထိုသူက စုန့်ရှီးယန်ကို မြင်လျှင် သူ၏ဘေးသို့ အလျင်အမြန် လျှောက်လာခဲ့၏။

စုန့်ရှီးယန်က ခပ်တိုးတိုးမေးမြန်းလိုက်သည်။

“ကျန်းကျွင့်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

သူ၏မေးခွန်းကို ကြားလျှင် တစ်ဖက်လူက မွန်းလွဲပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြခဲ့လေသည်။

ကျန်းကျွင့်မှာ မနက်ပိုင်းတွင် သူငယ်ချင်းများ၏ နှင်ထုတ်ခြင်းကို ခံခဲ့ရလေ၏။ သူက အလွယ်တကူနှင့် လက်မလျှော့ဘဲ တခြားသော သူငယ်ချင်းများကို ဆက်လက်ရှာဖွေခဲ့၏။

ကံမကောင်းစွာဖြင့် စုန့်ကျယ်နှင့် တခြားသူများမှာ သူ့ထက် တစ်လှမ်းဦးကာ ထိုသူငယ်ချင်းများအားလုံးကို အကြောင်းကြားပြီးသား ဖြစ်နေခဲ့သည်။

သို့ဖြစ်၍ ကျန်းကျွင့်တစ်ယောက် မနက်ခင်းတစ်လျှောက်လုံး မအားမလပ် ရှာဖွေခဲ့သော်လည်း သူ့ကို လက်ခံမည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပါချေ။

သူ သိကျွမ်းသူ အားလုံးကို ရှာဖွေပြီးသည့်နောက်တွင်တော့ ကျန်းကျွင့်တစ်ယောက် သူ့အနေဖြင့် လူတိုင်း၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း လက်ခံလိုက်ရလေတော့သည်။

သူက မကျေမနပ်ဖြစ်နေခဲ့ကာ တခြားသူများကို အချိန်အတော်ကြာအောင် ဆဲဆိုနေခဲ့သော်လည်း ထူးခြားလာခြင်းမရှိသောကြောင့် သူကိုယ်တိုင် နည်းလမ်းရှာရန်သာ လုပ်နိုင်တော့သည်။

သူ့ထံတွင် ငွေအနည်းငယ် ကျန်ရှိနေသေးသော်လည်း ထိုငွေမှာ သူ၏ ပျော်ရွှင်အေးဆေးသော မွန်းလွဲပိုင်းကို ဖြတ်သန်းရန်အတွက် လုံးဝမလုံလောက်ပါချေ။

ထို့အပြင် သူ့တွင် နေစရာနေရာလည်း မရှိသည့်အတွက် နေစရာရှာဖွေခြင်းနှင့် ငွေရှာခြင်းတို့က သေချာပေါက်လုပ်ဆောင်ရမည့် ကိစ္စနှစ်ခု ဖြစ်လာခဲ့လေသည်။

ကျန်းကျွင့် လက်ရှိရောက်ရှိနေသောနေရာမှာ ထိုဒေသ၏ နာမည်ကြီး သတင်းဖလှယ်ရေးစင်တာဖြစ်လေသည်။ ပို၍ နားလည်လွယ်သော စကားလုံးဖြင့် ပြောရလျှင် မှောင်ခိုဈေးဖြစ်ချေသည်။

မှောင်ခိုဈေးထဲတွင်တွင် အမျိုးမျိုးသော ကုန်ပစ္စည်းများသာမက သတင်းအချက်အလက်များကိုလည်း ဖလှယ်ကြလေ့ရှိသည်။

ဥပမာအားဖြင့် မည်သူ့ထံတွင် အိမ်ငှားရန်ရှိသည်။ မည်သည့်နေရာတွင် အလုပ်အကိုင်ကို ငွေပေးဝယ်ယူနိုင်သည် စသည်တို့ပင် ဖြစ်သည်။

ဤကိစ္စရပ်များမှာ အလင်းပေါ်တွင် လုပ်ဆောင်၍မရသောကြောင့် မှောင်ခိုဈေးထဲ၌သာ လဲလှယ်ကြခြင်း ဖြစ်ပေသည်။

ကျန်းကျွင့်တစ်ယောက် မှောင်ခိုဈေးသို့ ရောက်လျှင် အိမ်ငှားရန်ရှိသည့်သူကို ရှာဖွေတွေ့ရှိသွားခဲ့၏။

ယခုအချိန်တွင် နှစ်ဖက်လုံးက ဈေးနှုန်းနှင့် ငှားရမ်းမည့်ကာလကို ညှိနှိုင်းနေခဲ့ကြလေသည်။

သူတို့ အတည်ပြုပြီးသည်နှင့် အိမ်သို့ သွားရောက်ကြည့်ရှုကြပေလိမ့်မည်။

ထိုအကြောင်းကို ကြားလျှင် စုန့်ရှီးယန်က လှောင်ပြောင်ရယ်မောလိုက်လေသည်။

ဤကျန်းကျွင့်မှာ အမှန်တကယ်ပင် ခေါင်းမာလွန်းသည်။ သူလုပ်သမျှ အရာအားလုံးက သူ၏ဖခင် ခန့်မှန်းထားသည့်အတိုင်း တစ်ထပ်တည်း ဖြစ်နေခဲ့ပေ၏။

စုန့်ရှီးယန်အနေဖြင့်လက်တလောတွင် တခြားလုပ်စရာကိစ္စမရှိသည့်အတွက် ကျန်းကျွင့်အား စောင့်ကြည့်နေသောသူနှင့်အတူ ထောင့်တစ်နေရာမှ စောင့်ဆိုင်းနေခဲ့လေသည်။

မကြာမီမှာပင် ကျန်းကျွင့်တစ်ယောက် လူလတ်ပိုင်း အမျိုးသားတစ်ဦး၏နောက်မှလိုက်ကာ လမ်းကြားထဲမှ ထွက်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။

စုန့်ရှီးယန်တို့က အလွန်လုံခြုံသော နေရာတွင် ရပ်နေကြခဲ့ပြီး ကျန်းကျွင့်မှာလည်း အိမ်ကိုကြည့်ရှုရန် အလောတကြီး ဖြစ်နေသည့်အတွက် သူတို့ကို လုံးဝ သတိမထားမိပါချေ။

ကျန်းကျွင့်တို့ အတော်လေး ဝေးကွာသွားသည်အထိ စောင့်ကြည့်ပြီးနောက် စုန့်ရှီးယန်က အချက်ပြလိုက်လေသည်။

“သွားကြစို့၊ နောက်က လိုက်မယ်!”

သူတို့နှစ်ဦးက ကျန်းကျွင့်တို့နောက်သို့ လိုက်ပါသွားခဲ့ကာ မကြာမီပင် ထိုအမျိုးသားက ကျန်းကျွင့်ကို ငှားရမ်းလိုသည့် အိမ်သို့ ရောက်ရှိသွားကြတော့သည်။

ဤသည်မှာ မြို့အစွန်ရှိ အိမ်တန်းလျားလေးတစ်ခုဖြစ်ပြီး အလွန်ပင် ကျဉ်းမြောင်းလွန်းပေ၏။

နေရာက ဆယ်စတုရန်းမီတာခန့်သာရှိပြီး ကျန်းကျွင့် တစ်ယောက်တည်းအတွက်ပင် ဖြစ်ညှစ်နေရလိမ့်မည်။

အိမ်ကို မြင်လိုက်ရသည့် ခဏ၌ ကျန်းကျွင့်တစ်ယောက် အတော်လေး မကျေမနပ် ဖြစ်သွားခဲ့ရ၏။ သို့သော် ထိုအမျိုးသားက တိုက်ရိုက်ပင် ပြောလိုက်လေသည်။

“မင်း ခုနက အကြာကြီး စောင့်နေတာတောင် ငါတစ်ယောက်ပဲ အိမ်ငှားပေးနိုင်တာ၊ မင်းတစ်ယောက်တည်း နေဖို့ဆိုရင် ဒီအိမ်က အတော်ပဲ မဟုတ်ဘူ့လား”

ထိုသူမှ ထိုသို့ပြောလိုက်သည့်အချိန်တွင်တော့ ကျန်းကျွင့်တစ်ယောကင နောက်ဆုံးတွင် မလိုလားသော်လည်း အိမ်ကို လက်ခံလိုက်ရလေသည်။

သို့သော်လည်း သူသည်က ကောင်းမွန်သော ဘဝတွင် နေသားကျနေသူဖြစ်ရာ ဤအိမ်တွင် ရက်အနည်းငယ်မျှသာ နေထိုင်မည်ဖြစ်ပြီး သင့်တော်သောအလုပ်တစ်ခု ရရှိသည်နှင့် ပိုကောင်းသောအိမ်သို့ ပြောင်းရွှေ့မည်ဟု တွေးတောနေခဲ့၏။

နောက်ဆုံးတွင် ကျန်းကျွင့်က တစ်လစာ အိမ်လခကို ပေးချေလိုက်ပြီး ဤနေရာ၌ ယာယီတည်းခိုနေထိုင်ခဲ့တော့သည်။

ကျန်းကျွင့်က အိမ်ထဲသို့ဝင်ကာ တံခါးပိတ်လိုက်ပြီး အနားယူရန် ပြင်ဆင်နေသည်ကို မြင်လျှင် စုန့်ရှီးယန်နှင့် ဘေးနားတွင်ရှိနေသော လူကလည်း ထွက်ခွာခဲ့ကြ၏။

ယခုအချိန်၌ ကျန်းကျွင့်၏ လိပ်စာကို အတည်ပြုနိုင်ပြီဖြစ်၍ တချို့သော ကိစ္စရပ်များကို စတင်လုပ်ဆောင်နိုင်ခဲ့ပေပြီ။

“ငါခိုင်းထားတဲ့လူအကြောင်းကို စုံစမ်းပြီးပြီလား?”

စုန့်ရှီးယန်က ဘေးနားမှလူကို မေးမြန်းလိုက်လေ၏။

ထိုသူက ခေါင်းညိတ်ပြလျက် ပြောလာလေ၏။

“ကျွန်တော် စုံစမ်းပြီးပါပြီ၊ သူ့နာမည်က အစ်ကိုကြီးပေါင်တဲ့၊ ဒီအနားလောက်မှာပဲ နေတယ်၊ သူ အကြိုက်ဆုံးအလုပ်က ကျန်းကျွင့်လို ဦးနှောက်မရှိတဲ့သူတွေနဲ့ စီးပွားရေးလုပ်တာပဲ”

စီးပွားရေးလုပ်သည်ဟု ဆိုသော်လည်း ဆိုရလျှင် ဤသည်မှာ ပွင့်လင်းမြင်သာသော အလုပ်မျိုးတော့ သေချာပေါက် မဟုတ်ပါချေ။

သူက လောင်းကစားနှင့် အတိုးကြီးပေးကာ ငွေချေးသည့် လုပ်ငန်းပင် ဖြစ်၏။

ဆိုရလျှင် ဤကဲ့သို့သော လုပ်ငန်းမျိုးက အမြဲတစေ တည်ရှိနေခဲ့ခြင်းဖြစ်ပြီး မည်မျှအထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည်ဟူသော အချက်ပေါ်တွင်သာ မူတည်ပေသည်။

ဤအစ်ကိုကြီးပေါင်ဆိုသူမှာ ဝါရင့်တစ်ဦးဖြစ်ပေ၏။ အပေါ်ယံလုပ်ရပ်များကြောင့် သူ့ကို ဖမ်းဆီးရန်အတွက် ခက်ခဲပေ၏။

သို့သော်လည်း ထိိသူက နောက်ကွယ်တွင် တိတ်တဆိတ်ဖြင့် လူ မည်မျှအထိ ဒုက္ခပေးထားသည်ကို မည်သူမျှ မသိနိုင်ပါချေ။

သို့သော် ထိုဒုက္ခရောက်သူများမှာလည်း ထိုက်တန်သူများသာ ဖြစ်ကြ၏။ လောင်းကစား ဝါသနာပါသူများအတွက် မည်သည့် ကိုယ်ချင်းစာတရားမျှ ပေးနေရန် မလိုပါချေ။

ကျန်းကျွင့်နှင့် ပတ်သက်လျှင် စုန့်ရှီးယန်က ပို၍ပင် ကိုယ်ချင်းစာလိမ့်မည် မဟုတ်ဘဲ သူ့အား ဤကျင်းထဲသို့ ကျရောက်အောင် နည်းလမ်းမျိုးစုံဖြင့်ပင် ဆွဲဆောင်ပေလိမ့်မည်။

လူယုတ်မာများကို ကိုင်တွယ်ရန်အတွက်မူ သူတို့ထက် ပို၍ ယုတ်မာသောသူများဖြင့်သာ နှိမ်နင်းရပေမည် မဟုတ်ပါလား။

“ကောင်းပြီ၊ ကျန်းကျွင့်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အစ်ကိုကြီးပေါင်ဆီ ရောက်အောင် တတ်နိုင်သမျှ လုပ်ဆောင်လိုက်တော့”

ဤမျှကြီးမားသော ငါးတစ်ကောင်က သူ့၏ရှေ့သို့ ရောက်ရှိနေချိန်တွင် အစ်ကိုကြီးပေါင်အနေဖြင့် ငါးစာမဟပ်ဘဲ နေစရာ အကြောင်းမရှိပါချေ။

ထိုနေ့ မွန်းလွဲပိုင်းမှာပင် အစ်ကိုကြီးပေါင်က လမ်းကြားထဲသို့ ငါးပွက်အိုင်ကြီးတစ်ခု ရောက်ရှိနေကြောင်း၊ ထိုသူမှာ တစ်ကိုယ်တည်းဖြစ်ပြီး ကိုယ်ပေါ်တွင်လည်း ငွေအမြောက်အမြား ပါရှိကြောင်း သတင်းကြားသိလိုက်ရလေသည်။

အစ်ကိုကြီးပေါင်မှာ ထိုသတင်းကို ကြားရလျှင် အားရပါးရ ရယ်မောလိုက်ပြီးနောက် အလွန်ကောင်းမွန်သော အရက်နှင့် အစားအသောက်အချို့ကို ယူဆောင်ကာ ပြောလိုက်လေ၏။

“ကောင်းပြီ.. သူငယ်ချင်းအသစ်နဲ့ သွားတွေ့ကြတာပေါ့”

သူငယ်ချင်းအသစ်များက သူတို့အတွက် စည်းစိမ်ဥစ္စာအချို့ကို ယူဆောင်လာပေးမည်မဟုတ်ပါလား။

ကျန်းကျွင့်တစ်ယောက် မိုးချုပ်ခါနီးအချိန်အထိ အိပ်ပျော်နေခဲ့ပြီး တစ်စုံတစ်ယောက်မှ တံခါးခေါက်လိုက်မှသာ ရုတ်တရက် နိုးလာခဲ့ရလေသည်။

ထို့နောက် သူာ အိပ်ချင်မူးတူးဖြင့် တံခါးဖွင့်ကြည့်လိုက်လျှင် အပြင်ဘက်တွင် သူစိမ်း အမျိုးသားတစ်ဦး ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

ထိုအမျိုးသား၏ပုံစံက ကြည့်ရသည်မှာ အလွန်ပင် သာမန်ကာလျှံကာနိုင်လှပြီး ရိုးသားယဉ်ကျေးသည့် ပုံစံရှိပေသည်။

သူ့ထံတွင် ထူးခြားအံ့သြဖွယ်ရာ အသွင်အပြင်မျိုး လုံးဝမရှိသကဲ့သို့ ကျန်းကျွင့်၏ အမြင်တွင်တော့ အတော်ပင် အူကြောင်ကြောင်နိုင်လှသည်ဟု ထင်မှတ်ရပေသည်။

ကျန်းကျွင့် မျက်မှောင်ကြုတ်လျက် ထိုလူအား မေးမြန်းလိုက်လေသည်။

“မင်းက ဘယ်သူလဲ၊ ဘယ်သူ့ကို ရှာနေတာလဲ”

အစ်ကိုပေါင်က နွေးထွေးစွာ ပြုံးပြလိုက်ပြီးနောက် လက်ထဲမှ အရက်ကောင်းနှင့် အစားအသောက်များကို မြှောက်ပြကာ ကျန်းကျွင့်အား လေးနက်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

“ရှုန်းတိ ၊ မင်းက ဒီကို အသစ်ပြောင်းလာတာ မဟုတ်ဘူးလား၊ ငါက ဒီအနားမှာနေတဲ့ အိမ်နီးချင်းပဲ၊ မင်းကိုကြည့်ရတာ ခင်စရာကောင်းလို့ မိတ်ဆွေဖွဲ့ချင်လို့ ရောက်လာတာ၊

ထမင်းစားပြီးပြီလား၊ မစားရသေးရင် ငါ့မှာ အရက်နဲ့ အသားတွေ ပါတယ်”

ကျန်းကျွင့်မှာ အနည်းငယ် ရှုပ်ထွေးကာ သံသယဝင်နေခဲ့သော်လည်း ယခုအချိန်တွင် သူ့အနေဖြင့် အမှန်တကယ်ပင် ဗိုက်ဆာနေခဲ့ပေပြီ။

ထို့အပြင် တစ်ဖက်လူမှာ ရိုးသားသူတစ်ဦးဟု ထင်ရသည့်အပြင် လမ်းကြားထဲ၌ တခြားအိမ်များလည်း ရှိနေသောကြောင့် သူ့အား တစ်စုံတစ်ရာ ပြုလုပ်ရဲလိမ့်မည် မဟုတ်ဟု တွေးတောမိလိုက်လေသည်။

ထပ်ပြောရလျှင် သူသည်က ဤနေရာနှင့် အကျွမ်းတဝင် မရှိသေးသောကြောင့် မိတ်ဆွေအသစ်တစ်ဦး ရရှိထားခြင်းက မဆိုးလှဟု ယူဆခဲ့သည်။

ဟမ့်! အရင်က ကျေးဇူးမသိတတ်တဲ့ကောင်တွေကတော့ သူနဲ့ အဘိုးကြီးစုန့်တို့ ပတ်သက်မှုမရှိတော့ဘူးဆိုတာ သိတာနဲ့ တစ်ယောက်ပြီးတစ်ယောက် သူ့ကို လျစ်လျူရှုသွားကြတယ်။

အခုတော့ သူတို့က ဂရုမစိုက်ပေမဲ့ သူ့ကို မိတ်ဆွေဖွဲ့ချင်လို့ အပြေးအလွှား လာကြတဲ့သူတွေ ရှိနေပြီ။

ထိုသို့ တွေးမိလျှင် ကျန်းကျွင့်က ရိုးသားပုံရသော အစ်ကိုပေါင်ကို ပို၍ပင် သဘောကျသွားတော့သည်။

သူက တံခါးကိုကျယ်ကျယ်ဖွင့်ပေးလိုက်ပြီး အစ်ကိုပေါင်အား ပြောလိုက်လေသည်။

“ကောင်းပြီ ဝင်ခဲ့လေ၊ မင်းက ဒီလောက်တောင် စေတနာကောင်းနေမှတော့ ငါလည်း မင်းကို သူငယ်ချင်းအဖြစ် လက်ခံလိုက်မယ်”

အစ်ကိုပေါင်က အပြုံးတစ်ခုဖြင့် ကျန်းကျွင့်၏အိမ်ထဲသို့ လှမ်းဝင်လိုက်ပြီးနောက် အဓိပ္ပာယ်များပြည့်နေသော စကားကို ပြောလိုက်လေသည်။

“ငါတို့တွေက နောက်ပိုင်းကျရင် သေချာပေါက် ညီအစ်ကိုအရင်းတွေလို ဖြစ်သွားမှာပဲ”

All Chapters