← Chapters

အခန်း (၃၄၀)

Vol. 34 Ch. 340

အခန်း (၃၄၀)

Vol. 34 Ch. 340

နောက်တစ်နေ့တွင် စုန့်ရှီးယန်တစ်ယောက် တပ်သို့ပြန်ရန် ထွက်ခွာတော့မည့်အချိန်၌ ကျန်းကျွင့်နှင့် အစ်ကိုပေါင်တို့ သူငယ်ချင်းဖြစ်သွားကြပြီဟူသော သတင်းကို နောက်ဆုံးသတင်းအဖြစ် ကြားသိလိုက်ရလေသည်။

သူသည် ထိုသတင်းကို ကြားလိုက်ရလျှင် ခပ်တိုးတိုး ရယ်မောလိုက်မိ၏။

နောက်ပိုင်းတွင် သူတို့လုပ်ဆောင်ရန် ကျန်ရှိသည်မှာ ကျန်းကျွင့်တစ်ယောက် အစ်ကိုပေါင်၏ လမ်းပြမှုဖြင့် ပြန်လမ်းမဲ့သည့် အမှောင်တွင်းနက်ကြီးထဲသို့ ခြေစုံပစ်ဝင်သွားမည့် သတင်းကောင်းကို စောင့်ဆိုင်းရန်သာ ရှိတော့ပေသည်။

ဤကိစ္စတွင် ကျန်းကျွင့်ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ခြင်းဖြစ်ရာ သူတို့နှင့် မည်သို့မျှ မသက်ဆိုင်ပါချေ။

သူတို့ဘက်မှ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့သည်ဟုဆိုလျှင် ထို တစ်စုံတစ်ရာမှာ သတင်းစကားတချို့ ပါးလိုက်ရုံသာ ဖြစ်ပေသည်။

ထို့အပြင် ကျန်းကျွင့်ကို အစ်ကိုပေါင်နှင့် ပေါင်းသင်းရန်လည်း သူတို့က အတင်းအကျပ်ခိုင်းစေခဲ့ခြင်း မဟုတ်ပါချေ။

အခြေအနေကို အတည်ပြုပြီးနောက် စုန့်ရှီးယန်လည်း ထွက်ခွာသွားခဲ့လေတော့သည်။

ထို့နောက် သူထွက်ခွာသွားပြီး သုံးရက်မြောက်သောနေ့တွင် စုန့်လူကြီးမင်းက အိမ်ရာဝင်းသို့ ပြန်လည်ရောက်ရှိလာခဲ့လပြီ။

စုန့်ကျယ်ကတော့ အတူပြန်မလာခဲ့ဘဲ ယမန်နေ့ကပင် ဇာတိမြေမှ တိုက်ရိုက် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပေသည်။

သို့သော် စုန့်လူကြီးမင်းက ယခုတစ်ကြိမ်တွင် တစ်ကိုယ်တည်း ပြန်လာခဲ့ရသော်လည်း အထီးကျန်ခြင်းမျိုး မခံစားရပါချေ။ ထို့အစား သူ၏ရင်ထဲမှ အကြီးမားဆုံးသော အဖုအထုံးကြီးကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၍ အတိုင်းထက်အလွန် စိတ်လက်ပေါ့ပါးနေခဲ့ရပေသည်။

သို့သော် ကားက အိမ်ရာဝင်းအတွင်းသို့ ဝင်တော့မည့်အချိန်တွင် ကား ဒရိုက်ဘာက ရုတ်တရက် အရှိန်လျှော့လိုက်ပြီး ရှုပ်ထွေးသည့်လေသံဖြင့် စုန့်လူကြီးမင်းအား ပြောလိုက်လေသည်။

“စုန့်လူကြီးမင်း၊ ကျွန်တော့်ရှေ့မှာ ရှိနေတာ ကျန်းကျွင့်နဲ့ တူနေသလိုပဲ”

စုန့်လူကြီးမင်းတစ်ယောက် ထိုစကားကို ကြားလျှင် ကြောင်အမ်းသွားပြီးနောက် မသိစိတ်ဖြင့် ကားရှေ့သို့ လှမ်းကြည့်လိုက်လျှင် အိမ်ရာဝင်း၏ သံတံခါးအပြင်ဘက်တွင် တစ်စုံတစ်ဦးကို စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ကျန်းကျွင့်ကို မြင်တွေ့လိုက်ရလေသည်။

သူ မည်သူ့ကို စောင့်နေသည်ကတော့ ခန့်မှန်းနေရန်ပင် မလိုတော့ချေ။

စုန့်လူကြီးမင်းက သူ့အား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် မျက်နှာလွှဲလိုက်ကာ ဒရိုက်ဘာကို ပြောလိုက်လေ၏။

“သူ့ကို ဂရုမစိုက်နဲ့၊ အထဲကိုသာ မောင်းဝင်လိုက်တော့”

စုန့်လူကြီးမင်း၏ စကားကို ကြားလျှင် ကားဒရိုက်ဘာသည်လည်း ထပ်မံတွန့်ဆုတ်မနေတော့ဘဲ လီဗာကို နင်းကာ ကားကို တိုက်ရိုက်မောင်းဝင်ရန် ပြင်လိုက်လေ၏။

သို့သော်လည်း ကျန်းကျွင့်က လျှင်မြန်သော မျက်လုံးများဖြင့် ဤဘက်သို့ လှမ်းမြင်သွားခဲ့လေပြီ။

“ဦးလေး... ဦးလေး! ”

“ဦးလေး.. ကျွန်တော့်ကို ကယ်ပါဦး၊ ဒီတစ်ခါတော့ ကျွန်တော့်ကို သေချာပေါက် ကယ်မှဖြစ်မယ်၊ ဦးလေးသာ ကျွန်တော့်ကို မကူညီရင် ကျွန်တော်တော့ သေရတော့မယ်”

ဒရိုက်ဘာက ကားကို အရှိန်မမြှင့်ရသေးမီမှာပင် ကျန်းကျွင့်က မြေပြင်ပေါ်၌ လူးလှိမ့်လုနီးပါးဖြင့် အပြေးအလွှား ရောက်ရှိလာပြီး၊ စုန့်လူကြီးမင်း၏ ကားပြတင်းပေါက်ရှေ့တွင် ဝပ်တွားကာ အရူးတစ်ဦးကဲ့သို့ အော်ဟစ်ငိုယိုနေလေတော့သည်။

သူက ကားပြတင်းပေါက်တွင် အတင်းကပ်၍ အော်ဟစ်နေသောကြောင့် စုန့်လူကြီးမင်းသည်လည်း သူ၏ဘက်သို့ လှည့်ကြည့်လိုက်ရလေ၏။

ရက်အနည်းငယ်အတွင်း ကျန်းကျွင့်၏ ရုပ်ရည်သွင်ပြင်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့ချေပြီ။

သူ၏ရုပ်ရည်မှာ ရုတ်တရက်ကြီး ပြောင်းလဲသွားခြင်းမျိုး မဟုတ်သော်လည်း သူ၏ အမူအရာနှင့် အခြေအနေမှာတော့ တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေပေသည်။

သူ၏ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ညစ်ပတ်ပေရေနေပြီး အပြင်လောကတွင် လေလွင့်နေသူတစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့သည်။

စုန့်လူကြီးမင်းက ထိုမြင်ကွင်းကို မြင်လျှင် မျက်မှောင်ကြုတ်မိသွားလေ၏။ ကျန်းကျွင့်က မည်သို့သော အခြေအနေကြောင့် ဤမျှတိုတောင်းသော အချိန်အတွင်း ဤကဲ့သို့ ဖြစ်သွားရသနည်းဟု သူ မေးမြန်းချင်သော်လည်း၊ သူနှင့် ကျန်းကျွင့်ကြားတွင် မည်သည့်ပတ်သက်မှုမျှ မရှိတော့ကြောင်းကို ပြန်လည်သတိရသွားကာ ထိုစကားကို ပြန်လည်မျိုသိပ်လိုက်လေသည်။

သူက အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်လေ၏။

“မောင်းတော့”

ပြတင်းပေါက်အပြင်ဘက်မှ ကျန်းကျွင့်သည်လည်း ထိုအသံကို ကြားလိုက်ရလျှင် ကြောက်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် ငိုကြွေးလာတော့သည်။

“ဦးလေး၊ ထွက်မသွားပါနဲ့၊ ထွက်မသွားပါနဲ့ဦး! ဦးလေးသာ ထွက်သွားရင် ကျွန်တော်တော့ တကယ်ပဲ ဘာမှလုပ်လို့ မရတော့ဘူး”

စုန့်လူကြီးမင်းအနေဖြင့် ယခုအချိတ်တွင် အကြောင်းရင်းအချို့ကို ခန့်မှန်းမိလိုက်ချေပြီ။ ကျန်းကျွင့်က အပြင်လောကတွင် တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ဖြေရှင်းနိုင်စွမ်းမရှိသောကြောင့် သူ့ထံသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း...

သူက သူ့(စုန့်လူကြီးမင်း)ကို သူ၏သောင်းကျန်းမှုများအား တစ်သက်လုံး အနောက်မှလိုက်လံရှင်းလင်းပေးနေမည့်သူဟု အမှန်တကယ် ထင်မှတ်နေသည်လား။

ထို့ပြင် ထိုနေ့က အဆက်အသွယ်ဖြတ်မည်ဟု သူ ပြောခဲ့သည်မှာ နောက်ပြောင်ခဲ့ခြင်း မဟုတ်ပေ။

သို့ဖြစ်၍ ကျန်းကျွင့်က အပြင်ဘက်တွင် မည်မျှပင် ငိုယိုနေသော်လည်း စုန့်လူကြီးမင်းက အနည်းငယ်မျှ သနားညှာတာခြင်းမရှိဘဲ ယာဥ်မောင်းကိုသာ ထပ်မံတိုက်တွန်းလိုက်လေသည်။

“မောင်း... သွားကြစို့”

ဒရိုက်ဘာလည်း အဘိုးအို၏ စိတ်မရှည်မှုကို သိရှိလိုက်သည့်အတွက် ထပ်မံ၍ မတုံ့ဆိုင်းတော့ဘဲ လီဗာကို နင်းကာ အိမ်ရာဝင်းအတွင်းသို့ တိုက်ရိုက်မောင်းဝင်လိုက်လေတော့သည်။

သူတို့၏ ကားက အိမ်ရာဝင်းထဲသို့ ဝင်သွားပြီးသည်နှင့် အိမ်ရာဝင်း၏ သံတံခါးကြီးမှာလည်း ပြန်လည်ပိတ်သွားခဲ့လေပြီ။

ကျန်းကျွင့်က အတင်းတိုးဝင်ရန် ကြိုးပမ်းသော်လည်း တံခါးစောင့်ရဲဘော်မှာလည်း အလျှော့ပေးမည့်သူ မဟုတ်ပါချေ။ သို့ဖြစ်၍ သူက ကျန်းကျွင့်ကို စိုက်ကြည့်နေခဲ့သည်။

အကယ်၍ ကျန်းကျွင့်သာ အတင်းဝင်ရန် ကြိုးစားပါက သူသည်လည်း အားနာနေတော့မည် မဟုတ်ချေ။

နောက်ဆုံးတွင် ကျန်းကျွင့်က စုန့်လူကြီးမင်း၏ ကားလေး တဖြည်းဖြည်း ဝေးကွာသွားပြီး သူ၏မျက်စိရှေ့မှ ရက်ရက်စက်စက် ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေခဲ့ရလေတော့သည်။

သူသည်က ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်လေးမှာလည်း ပျက်စီးသွားခဲ့ရသောကြောင့် မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။

“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာရတာလဲ”

အဘိုးကြီးက ဘာလို့ သူ့ကို မကူညီတာလဲ။

သူ ဒီလောက်တောင် ငိုယိုတောင်းပန်နေတာကိုတောင် ဘာကြောင့်များ ရပ်ပြီး မကူညီခဲ့တာလဲ။

သူတို့က နှစ်ပေါင်းများစွာ သားအဖတွေလို နေလာခဲ့ကြတာ မဟုတ်ဘူးလား။ သူက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။

သူ ငရဲတွင်းထဲကို ကျဆင်းသွားတာကို သူက ဒီအတိုင်း ထိုင်ကြည့်နေရက်တာလား။

ကျန်းကျွင့်တစ်ယောက် စုန့်လူကြီးမင်းအား ကျိန်ဆဲရင်း အကူအညီတောင်းနေခဲ့သော်လည်း နောက်ဆုံးတွင် မည်သူကမျှ သူ့အား ဂရုမစိုက်ကြချေ။

အချိန်က မိုးချုပ်လာပြီးဖြစ်ကာ သူသာ ဤအချိန်ထိ ထွက်မသွားသေးပါက လမ်းဘေးတွင် အိပ်ရတော့မည်ကို သိရှိနေသည့်အတွက် ကျန်းကျွင့်တစ်ယောက် နောက်ဆုံးတွင် တုံ့ဆိုင်းစွာဖြင့် ထွက်ခွာသွားခဲ့ရလေသည်။

သူ ထွက်သွားပြီးနောက်တွင် စုန့်လူကြီးမင်းက ရှောင်ဖူကို ခေါ်ယူကာ လွန်ခဲ့သော နှစ်ရက်အတွင်း အခြေအနေများကို မေးမြန်းခဲ့သည်။

ကျန်းကျွင့်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူ ဤနေရာသို့ လာရောက်စောင့်ဆိုင်းနေသည်မှာ ပထမဆုံးအကြိမ် မဟုတ်သည်က သေချာပေ၏။

ထို့ကြောင့် ရှောင်ဖူအနေဖြင့် ယခင်က ထူးခြားမှု တစ်စုံတစ်ရာကို သတိပြုမိသည်လားဟု သိလိုခြင်း ဖြစ်ပေ၏။

ရှောင်ဖူလည့် အနားသို့ တိုးလာကာ စုန့်လူကြီးမင်းကို ပြောပြခဲ့သည်။

ကျန်းကျွင့်မှာ အမှန်တကယ်ပင် ယမန်နေ့ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေ၏။

သို့သော်လည်း ရှောင်ဖူက စုန့်လူကြီးမင်းမှာ ခရီးဝေးသွားနေကြောင်း ပြောခဲ့သောကြောင့် တစ်နေ့လုံး စောင့်မနေခဲ့ဘဲ ခဏသာ လာကြည့်ပြီး အလျင်အမြန် ပြန်သွားခဲ့ခြင်း ဖြစ်ပေသည်။

ထို့နောက် ယနေ့မနက်စောစောတွင်လည်း ထပ်မံရောက်ရှိလာပြန်သည်။ ယနေ့တွင်တော့ ယမန်နေ့ကထက်ပင် ပို၍ အခြေအနေ ဆိုးရွားနေခဲ့ချေပြီ။

ယခုတစ်ကြိမ်တွင်မူ စုန့်လူကြီးမင်း ပြန်မလာသေးကြောင်း ရှောင်ဖူက ပြောသော်လည်း ကျန်းကျွင့်က ထွက်မသွားတော့ဘဲ တံခါးဝတွင်သာ ရပ်စောင့်နေခဲ့လေသည်။

သူက အိမ်ရာဝင်း၏ အပြင်ဘက်တွင် ရပ်နေခြင်းဖြစ်၍ ရှောင်ဖူအနေဖြင့်လည်း အပြင်သို့ထွက်၍ နှင်ထုတ်ရန် မဖြစ်နိုင်သောကြောင့် အပြင်ဘက်တွင်သာ စောင့်ခိုင်းထားလိုက်ရလေသည်။

ထို့နောက်တွင်တော့ စုန့်လူကြီးမင်း မြင်တွေ့ခဲ့ရသည့်အတိုင်းပင် ဖြစ်ပေသည်။

သို့သော် စုန့်လူကြီးမင်းက သံသယဖြင့် မျက်မှောင်ကြုတ်နေချိန်မှာပင် ရှောင်ဖူက လေသံတိုးတိုးဖြင့် ဖြည့်စွက်ပြောလိုက်လေ၏။

“စုန့်လူကြီးမင်း၊ ကျန်းကျွင့် တစ်ယောက်တည်း စကားပြောနေတာကို ကျွန်တော် ကြားလိုက်မိသလောက်တော့ သူ ငွေတွေ အကြွေးတင်နေပုံပဲ၊ အဲဒါလည်း အများကြီးပဲထင်တယ်”

ကျန်းကျွင့်က အရူးတစ်ယောက်ကဲ့သို့ လမ်းလျှောက်ရင်း “ငွေလိုတယ်”နှင့် “ငွေမလောက်ရင် ဘယ်လိုလုပ်ရမလဲ” ဆိုသည့်စကားများကို တတွတ်တွတ် ရေရွတ်နေသည်ကို ကြားခဲ့ရသောကြောင့် ကျန်းကျွင့်က ငွေကြေးကိစ္စအတွက် စိုးရိမ်နေခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်ပေသည်။

ထိုစကားကို ကြားလိုက်ရလျှင် စုန့်လူကြီးမင်းသည်လည်း အရာအားလုံးကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့လေတော့သည်။

ကျန်းကျွင့်၏ ယခင် အလေ့အကျင့်များနှင့် နေထိုင်မှုပုံစံများအရ သူသည်က သူကိုယ်တိုင်နှင့် အိမ်ရာဝင်းကို စွန့်ခွာသွားရသည်နှင့် လက်ဝထဲတွင်ရှိသည့် ငွေကြေးအားလုံးကို လျင်မြန်စွာ သုံးစွဲနိုင်လောက်ပေသည်။

လက်ရှိ လူနေမှုဘဝကို ဆက်လက်ထိန်းသိမ်းရန်အတွက် ငွေချေးယူခြင်းများကို ပြုလုပ်နိုင်လောက်သည်။

သို့သော် ကျန်းကျွင့်၏ ငွေချေးခြင်းနှင့် ပြန်ဆပ်ခြင်းတို့က သူနှင့် မည်သို့မျှ မသက်ဆိုင်တော့သကဲ့သို့ သူ၏အတွက် ငွေတစ်ပြားတစ်ချပ်မျှပင် စိုက်ထုတ်ပေးရန် မဖြစ်နိုင်တော့ချေ။

သို့ဖြစ်၍ နောက်ဆုံးတွင် စုန့်လူကြီးမင်းက လက်ကို ဝှေ့ရမ်းပြလိုက်ပြီး ရှောင်ဖုအား မှာကြားလိုက်လေသည်။

“သူ ဘာပဲဖြစ်နေပါစေ၊ နောက်ပိုင်းမှာ သူ ဒီကို ထပ်လာခဲ့ရင် ဂရုမစိုက်နဲ့တော့”

ရှောင်ဖူလည်း သဘောတူကြောင်းပြောကာ ထွက်ခွာသွားခဲ့လေသည်။

*

All Chapters