အခန်း (၆၈၁-၆၈၂)
Vol. 69 Ch. 681-682
အခန်း ၆၈၁ - နည်းလမ်းကို သင်ကြားပေးခြင်း
"နဝမမင်းသား တကယ်လို့ ဘေးဒုက္ခကို ဆုတောင်းပေးခြင်း အတတ်ရှိတယ်ဆိုရင် ဒါကို သုံးဖို့အတွက် အနှစ်သာရသွေးတစ်စက် လောင်ကျွမ်းရတာအပြင် တခြား ဘယ်လိုပေးဆပ်မှုမျိုးတွေ ရှိပါသေးလဲ"
ရွှီချင်ဆုန်းက ရုတ်တရက် ဝင်မေးလိုက်သည်။
ကျန်တဲ့ တာအိုကျင့်ကြံသူ နှစ်ဦးကလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး မင်းသားကို စိုက်ကြည့်နေကြသည်။
အကယ်၍ အနှစ်သာရသွေး တစ်စက်လောက်ပဲ ပေးဆပ်ရုံဆိုလျှင် မင်းသားက သူတို့သုံးယောက်ကို ဘာကြောင့် ခေါ်နေမည်နည်း။
"ဒါပေါ့... တခြားပေးဆပ်မှုလည်း ရှိတာပေါ့ အဲ့ဒါကတော့ ကျိန်စာတိုက်တဲ့သူရဲ့ ဘေးဒုက္ခတွေကလည်း အချိန်မတိုင်ခင် ရောက်လာမှာပဲ"
နဝမမင်းသားက အေးအေးဆေးဆေး ပြုံးကာ ပြန်ဖြေသည်။
ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါး အချိန်မတိုင်ခင် ရောက်လာမှာလား ဖန့်ချန်၏ စိတ်ထဲတွင် တစ်ချက် စဉ်းစားလိုက်မိသည်။
"နဝမမင်းသား ဒီအတတ်ကို ကျွန်တော်ပဲ လုပ်ပါရစေ ကျွန်တော်က တတိယမြောက်ဘေးဒုက္ခကို ကျော်ဖြတ်ပြီးသားဆိုတော့ ဒီပေးဆပ်မှုကို ခံစရာမလိုတော့ဘူး မဟုတ်လား"
ချန်ရှင်းဂိုဏ်းမှ ကျင့်ကြံသူက ပြုံးကာ ပြောသည်။
သို့သော် နဝမမင်းသားက ခေါင်းယမ်းလိုက်သည်
"ခင်ဗျား လုပ်မယ်ဆိုရင် တာအိုပေါင်းစပ်ခြင်း အဆင့်ရဲ့ ကပ်ဘေးကိုးပါးကို အချိန်မတိုင်ခင် ခေါ်ယူမိသလို ဖြစ်သွားလိမ့်မယ် တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်နေရင်တောင် အဲ့ဒီဘေးဒုက္ခကို ကျော်ဖြတ်နိုင်ဖို့ မသေချာဘူး ပေါင်းစပ်ခြင်း အဆင့်ပဲ ရှိသေးတဲ့ ခင်ဗျားက သေမှာ သေချာတယ်"
ထိုလူမှာ ဆွံ့အသွားတော့သည်။
ရှန်းထျန်းဂိုဏ်းမှ လူကလည်း ဝင်ပြောရန် ပြင်ပြီးမှ ပါးစပ်ပိတ်သွားတော့သည်။
ထိုအတတ်က ဆန်းကြယ်သော်လည်း ၎င်းကို ရရှိရန်အတွက် အသက်နှင့် လဲရမည်ဆိုပါက မည်သူမျှ မလုပ်ချင်ကြပေ။
"ကြည့်ရတာ ရွှီမိတ်ဆွေပဲ လုပ်ရတော့မယ် ထင်တယ် ရွှီမိတ်ဆွေရဲ့ တတိယမြောက် ဘေးဒုက္ခက လာဖို့ ကြာနေတာဆိုတော့ ဒီအတတ်ကို သုံးရင်းနဲ့ တစ်ခါတည်း အချိန်စောပြီး ခေါ်ယူလိုက်တာပေါ့"
ကျန်နှစ်ယောက်က ရွှီချင်ဆုန်းကို ရှေ့တန်းတင်လိုက်ကြသည်။
ရွှီချင်ဆုန်းက ငြင်းဆန်ခြင်း မရှိဘဲ မျက်လုံးထဲတွင် အတွေးနက်နေဟန် ရှိသည်။ နဝမမင်းသားက ပြုံးကာ
"ရွှီချင်ဆုန်း ခင်ဗျား သေချာ စဉ်းစားပါ ဒီအတတ်ရဲ့ ပေးဆပ်မှုက တကယ်ကြီးမားတယ် ဒါပေမဲ့ အချိန်အခါ ကောင်းကောင်းမှာ သုံးနိုင်မယ်ဆိုရင်တော့ ပေးဆပ်မှုကို လျစ်လျူရှုလို့ ရရုံတင်မကဘဲကောင်းကျိုးတောင် ရနိုင်သေးတယ်"
"နဝမမင်းသား စဉ်းစားမနေတော့ပါဘူး ကျွန်တော် သဘောတူပါတယ်"
ရွှီချင်ဆုန်းက လေးနက်စွာ ပြောလိုက်သည်။
"ကောင်းပြီ။"
နဝမမင်းသားက ခေါင်းငြိမ့်ပြကာ ချီကျန့်တို့အဖွဲ့ကို တစ်ချက်ကြည့်လိုက်ရာ သူတို့အားလုံး အလိုက်တသိ ဆုတ်ခွာသွားကြသည်။
ယခု ထိုနေရာတွင် နဝမမင်းသား၊ ရွှီချင်ဆုန်း၊ သွေးရောင်စက္ကူရုပ်နှင့် (မမြင်ရသော) ဖန့်ချန်တို့သာ ကျန်ရစ်တော့သည်။
"ဘေးဒုက္ခကို ဆုတောင်းပေးတဲ့ အတတ်က တကယ်တော့ ရိုးရှင်းပါတယ် တစ်ဖက်လူရဲ့ ဆံပင် (သို့မဟုတ်) အမွှေးအမျှင်တစ်ခုကို အသုံးချပြီး အစီရင်ပညာ နဲ့ နှစ်ဦးကြားက ကံကြမ္မာအကျိုးဆက် ကို ချိတ်ဆက်လိုက်ရုံပါပဲ"
မင်းသားက ရှင်းပြသည်။
"ကံကြမ္မာအကျိုးဆက် ဒီအတတ်က ကံကြမ္မာအကျိုးဆက်ကိုတောင် ထိတွေ့နိုင်တာလား"
ရွှီချင်ဆုန်း ထိတ်လန့်သွားပြီး ထပ်မံ အတည်ပြုမေးသည်
"နဝမမင်းသား ဒါ တကယ်လား"
"မင်းက မယုံဘူးလား ကံကြမ္မာအကျိုးဆက်ကို ထိတွေ့ဖို့က ခက်လို့လား လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းကဆိုရင် ကံကြမ္မာအကျိုးဆက်ကို ဖြတ်တောက်နိုင်တဲ့ တာအိုအတတ်တွေတောင် အများကြီး ရှိခဲ့တာပဲ"
သွေးရောင်စက္ကူရုပ်က ရက်စက်စွာ ရယ်မောရင်း ပြောလိုက်သည်။
ရွှီချင်ဆုန်းက ထိုစက္ကူရုပ်ကို ကြည့်ကာ ကြောက်ရွံ့သွားသည်။
ဤအရာမှာ ကောလာဟလထဲက ယင်စစ်သည် ဖြစ်နိုင်ပေသည်။
ဖန့်ချန်က သွေးရောင်စက္ကူရုပ်ကို ကြည့်ရင်း စဉ်းစားနေမိသည်။
ကံကြမ္မာအကျိုးဆက်ကို ဖြတ်တောက်နိုင်တဲ့ အတတ် တဲ့လား ၎င်းသည် အရေခွံဆုပ်ခွာခြင်းအတတ် လား သူသည် ဘေးဒုက္ခဆုတောင်းခြင်းအတတ် သည်လည်း နတ်သားရဲ ယဲ့ ဆီက ဆင်းသက်လာခြင်း ဖြစ်နိုင်ကြောင်း သံသယဝင်လာသည်။
နဝမမင်းသားက ပြုံးကာ
"လာ... ငါ နည်းလမ်းကို သင်ပေးမယ် ရှေးဟောင်းနတ်ဘုရားလမ်း ခရီးစဉ်ပြီးရင် ဖန့်ချန်ရဲ့ ဆံပင်ကို ငါ ရှာပေးမယ် အဲ့ဒီကျရင်တော့ ခင်ဗျားအလှည့်ပဲ"
ရွှီချင်ဆုန်းမှာလည်း ဆက်မမေးတော့ဘဲ နားစွင့်ကာ သင်ယူတော့သည်။
၁၅ မိနစ်ခန့်အကြာတွင် ရွှီချင်ဆုန်းမှာ အရိုအသေပေးကာ ထွက်ခွာသွားသည်။
နဝမမင်းသားက သွေးရောင်စက္ကူရုပ်ကို ကြည့်ကာ ပြောလိုက်သည်
"မင်း ရှေးဟောင်းနတ်ဘုရားလမ်းကို သွားချင်နေတာမလား ဒီတစ်ခေါက် ငါ မင်းကို ခေါ်သွားမယ် ဒါပေမဲ့ မင်းလည်း ငါ့ကို ကတိပေးရမယ် ငါ နတ်မျိုးစေ့ ဖြစ်လာတဲ့အခါ ယန်ကျွင်း (ငရဲမင်း) ရဲ့ အမွေအနှစ် ကို ရှာပေးရမယ်"
သူက ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချသည်
"အခုခေတ်မှာ လူတွေက နတ်ဘုရားမဖြစ်နိုင်ကြတော့ဘူး ဒါဆိုရင်လည်း လွတ်လပ်တဲ့မသေမျိုးပဲ ဖြစ်ဖြစ် လုပ်လိုက်တာပေါ့ အဲ့ဒါက အခုခေတ်က မသေမျိုးဧကရာဇ်တွေထက် အများကြီး သာပါသေးတယ်"
"ယန်ကျွင်းရဲ့ အမွေအနှစ်"
ဖန့်ချန်သည် နောက်ထပ် လျှို့ဝှက်ချက်ကြီးတစ်ခုကို ကြားလိုက်ရပြန်ပြီ။
ဤနဝမမင်းသားသည် နဝမဝမ်အိမ်တော်၏ အထောက်အပံ့ဖြင့် ရှေးဟောင်းကျမ်းစာများကို အကြီးအကျယ် ရှာဖွေနေခြင်းမှာ တကယ့်ကို ကြီးမားသော ရည်မှန်းချက် ရှိနေခြင်းပင်။
"စိတ်ချပါ မင်းသား မင်းသားသာ နတ်မျိုးစေ့ ဖြစ်လာရင် အဲ့ဒီနေရာကို ကိုယ်တိုင် သွားနိုင်ပါပြီကျွန်တော့်အကူအညီနဲ့ဆိုရင် ယန်ကျွင်းအမွေအနှစ်ကို ရဖို့ မခက်ပါဘူး"
သွေးရောင်စက္ကူရုပ်က တဟဲဟဲ ရယ်သည်။
ဖန့်ချန်သည် ခဏမျှ ဆက်လက် စောင့်ကြည့်နေပြီးမှ သူ၏ ဝိညာဉ်ကို ကိုယ်ထဲသို့ ပြန်လည်ခေါ်ယူလိုက်သည်။
သူ မျက်လုံးဖွင့်လိုက်သောအခါ ဘေးတွင် လန်ယာဝင်ချိုး တစ်ယောက်တည်းသာ ကျန်တော့သည်ကို တွေ့ရသည်။
"ဖန့်စီနီယာ အဆင်သင့်ဖြစ်ပြီလား စီနီယာချန်တို့က အထဲဝင်သွားကြပြီ ကျွန်မ တို့လည်း သွားကြစို့"
လန်ယာဝင်ချိုးက စိတ်လှုပ်ရှားစွာ ပြောသည်။
"မင်း မကြောက်ဘူးလား"ာ
ဖန့်ချန်က ပြုံးမေးလိုက်သည်။
"ကြောက်တာပေါ့... ဒါပေမဲ့ အန္တရာယ်ရှိမှ အခွင့်အရေးရှိတာလေ"
လန်ယာဝင်ချိုးက ရိုးသားစွာ ပြန်ဖြေသည်။
သူတို့နှစ်ဦး မတ်တတ်ရပ်လိုက်စဉ်မှာပင် ဟင်းလင်းပြင်ထဲမှ သင်္ဘောတစ်စင်း ဆင်းသက်လာသည်။
နဝမမင်းသား သင်္ဘောပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ကျင့်ကြံသူများစွာမှာ မှင်တက်သွားကြသည်။
"ဖန့်စီနီယာ ဟိုလူက နဝမမင်းသား ထင်တယ်"
လန်ယာဝင်ချိုးက တိုးတိုးလေး ပြောသည်။
သူမ၏ မျိုးနွယ်စုကို ဒုက္ခပေးခဲ့သူဖြစ်သဖြင့် သူမ၏ အသံတွင် ကြောက်ရွံ့ရိပ်များ ပါနေသည်။
ကျင့်ကြံသူများ၏ တီးတိုးပြောသံများမှာလည်း ပျံ့နှံ့လာသည်
"နဝမမင်းသားကလည်း ရှေးဟောင်းနတ်ဘုရားလမ်းကို သွားမှာလား"
"ဒါပေါ့ မင်းသားတွေက ဒီလမ်းကို တစ်ခါတော့ လျှောက်ရတာပဲ အောင်မြင်ရင် နောင်တစ်ချိန် မင်းသားကြီး ဖြစ်လာဖို့ အခွင့်အရေးရှိတာလေ"
ထိုစဉ်မှာပင် နဝမမင်းသား၏ အကြည့်က ဖန့်ချန်ထံသို့ ကျရောက်လာပြီး ဝမ်းသာအားရ ပြုံးပြလိုက်သည်
"ဖန့်မိတ်ဆွေ ခင်ဗျားလည်း ဒီမှာ ရှိနေတာပဲ"
လူအများမှာ အံ့သြသွားကြသည်။
ဖန့်ချန်က နဝမမင်းသား ကိုယ်တိုင် လာနှုတ်ဆက်ရလောက်အောင် အစွမ်းထက်နေပြီလားဟု တွေးတောနေကြသည်။
"ဖန့်စီနီယာ သူတို့ ဒီဘက်ကို လာနေပြီ"
လန်ယာဝင်ချိုး၏ အသံက တုန်ရီနေသည်။
"ဟုတ်လား..."
ဖန့်ချန်က ခပ်အေးအေးပင် ပြုံးလိုက်သည်။
နဝမမင်းသားနှင့်အတူ ပါလာသော ရွှေမြုတေအထွတ်ထိပ်အဆင့် လေးဦးမှာလည်း ဖန့်ချန်ကို စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ် အနည်းငယ်စီ ရှိနေကြသည်မှာ သိသာလှပေသည်။
အခန်း ၆၈၂ - မင်းရဲ့ မျက်နှာက ဘယ်လောက်တန်လို့လဲ
"ဒါနဲ့... မိတ်ဆွေက ဘယ်သူပါလိမ့်"
ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီကာ မေးလိုက်သည်။
နဝမမင်းသား မှာ ခဏမျှ ကြောင်အမ်းသွားပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် မိမိကိုယ်ကိုယ် အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်
"ဒါက ကျုပ်ရဲ့ ပေါ့လျော့မှုပါပဲ ကျုပ်နာမည်က ကျီးလျန်ပါ ခမည်းတော်ကတော့ အနောက်ဘက်ဒေသရဲ့ ကိုးဆက်မြောက်ဘုရင် ပါပဲ"
"ဪ... နဝမမင်းသားကိုး"
ဖန့်ချန်က နားလည်သွားသည့် လေသံဖြင့် ရေရွတ်လိုက်သည်။
ကျီးလျန်သည် ဖန့်ချန်က မျက်စိမှိတ်ထားဆဲ ဖြစ်သည်ကို မြင်သော်လည်း မျက်နှာတွင် အပြုံးမပျက်ပေ။
သူက ဖန့်ချန်၏ ဘေးတွင် ရှိနေသော လန်ယာဝင်ချိုးကို ကြည့်ကာ အားနာသည့် လေသံဖြင့် ဆိုသည်
"ဖန့်မိတ်ဆွေ ဒီဘက်က မိန်းကလေးက လန်ယာဝင်ချိုး မဟုတ်လား"
"ဟုတ်ပါတယ် နဝမမင်းသားက ဘာများ မိန့်ကြားချင်လို့လဲ"
လန်ယာဝင်ချိုးက ဖန့်ချန် စကားမပြောရသေးခင်မှာပင် ခပ်ဆတ်ဆတ် လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဝင်ချိုးမိန်းကလေး ကျုပ်တို့ကြားမှာ တစ်စုံတစ်ရာ အထင်လွဲတာတွေ ရှိခဲ့ပုံရတယ် အဲ့ဒီတုန်းက ချန်းတောက်နယ်မြေ မှာ ဖြစ်ခဲ့တဲ့ကိစ္စက ကျုပ်ရဲ့ လက်အောက်ငယ်သားတွေက ကျုပ်ရဲ့ အမိန့်ကို အဓိပ္ပာယ်လွဲသွားလို့ပါ ကျုပ် ဒီနေရာကနေပဲ တောင်းပန်ပါတယ်"
ကျီးလျန်က လက်အုပ်ချီကာ အရိုအသေပေးလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ မှင်တက်သွားကြသည်။
အားလုံး၏ အကြည့်များက လန်ယာဝင်ချိုးထံသို့ စုပြုံကျရောက်လာတော့သည်။
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း ဆိုတာ တကယ်ပဲ ဒီလောက်တောင် အရှိန်အဝါ ကြီးမားတာလားမင်းသားတစ်ပါးက ဓားဂိုဏ်းရဲ့ နာမည်မရှိတဲ့ တပည့်မလေးတစ်ယောက်ကို ဒီလောက်အထိ ရိုရိုသေသေ တောင်းပန်နေရတယ်ပေါ့
လန်ယာဝင်ချိုးမှာလည်း တစ်ဖက်လူက ဤမျှ နှိမ့်ချလာသဖြင့် ဆက်၍ ဒေါသထွက်ရန် ခက်သွားကာ အနည်းငယ် တောင့်တင်းသော အပြုံးဖြင့်သာ
"နဝမမင်းသားက အားနာစရာကြီးပါ အဲ့ဒီကိစ္စက ပြီးသွားပါပြီ၊ အတိတ်ကကိစ္စတွေကို ပြန်ပြောနေစရာ မလိုတော့ပါဘူး"
"ဒါဆို ဝင်ချိုးမိန်းကလေးက ကျုပ်ကို ခွင့်လွှတ်ပြီပေါ့"
ကျီးလျန်က ပြုံးကာ မေးသည်။
လန်ယာဝင်ချိုး ခဏမျှ တိတ်ဆိတ်သွားပြီးမှ
"ဟုတ်ကဲ့... ခွင့်လွှတ်ပါတယ်"
"ဒါဆိုရင်တော့ ဝမ်းသာတာပေါ့"
ကျီးလျန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အကြည့်က ဖန့်ချန်ထံသို့ တစ်ဖန် ပြန်လည်ကျရောက်လာသည်။
"ဖန့်မိတ်ဆွေရဲ့ စောစောက အတတ်ပညာတွေက တကယ့်ကို အံ့မခန်းပါပဲ ခေတ်သစ်တာအိုလောကရဲ့ ပါရမီရှင်တွေကိုတောင် အပြတ်အသတ် နှိပ်စက်နိုင်တာပဲ"
"ကျုပ်ကလည်း တာအိုအတတ်တွေကို စိတ်ဝင်စားသူဆိုတော့ တစ်နေ့နေ့မှာ ဖန့်မိတ်ဆွေနဲ့ အတူတူ ထိုင်ပြီး တာအိုအကြောင်း ဆွေးနွေးခွင့်ရမယ်လို့ မျှော်လင့်ပါတယ်"
"ကျီးမိတ်ဆွေကလည်း အားနာစရာပါ ကျုပ်တို့ နှစ်ယောက်လုံး အားတဲ့အချိန်ကျရင်တော့ ဆွေးနွေးကြတာပေါ့"
ဖန့်ချန်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
ဖန့်ချန်က ယဉ်ယဉ်ကျေးကျေး ပြန်ပြောသည်ကို မြင်သောအခါ ကျီးလျန်က စိတ်ကျေနပ်စွာ ခေါင်းငြိမ့်ပြပြီး သူနှင့်အတူ ပါလာသော လူလေးဦးကို တစ်ဦးချင်းစီ မိတ်ဆက်ပေးတော့သည်။
"ဖန့်မိတ်ဆွေ ဒါကတော့ တာအိုကျောင်းတော် က ဟန်လင်းချူး ပါ သူ့ဖခင်ကတော့ ကျောင်းတော်ရဲ့ ဆရာကြီး ဟန်ပါပဲ"
"ဒါကတော့ လင်ယွန်းဓားဂိုဏ်း က ဝမ်ယိ ပါ သူ့ဖခင်ကလည်း ဓားပညာမှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မကြာခင် အထက်ဘုံလောကကို တက်လှမ်းတော့မယ့်သူပါ"
"ဒါကတော့ ဆင်စိမ်းဂိုဏ်း က ရွှီဖန် ပါ သူ့ဖခင်ကတော့ ဆင်စိမ်းဂိုဏ်းရဲ့ အကြီးကဲ ပါပဲ"
ဒီတစ်ခါတော့ လူအုပ်ကြီးမှာ အံ့သြရုံတင်မကဘဲ ကြောက်ရွံ့ပါ သွားကြသည်။
ဆင်စိမ်းဂိုဏ်းဆိုသည်မှာ မိစ္ဆာကျင့်ကြံသူ များ၏ အထွတ်အထိပ် ဂိုဏ်းကြီးဖြစ်ပြီး အလယ်ပိုင်းဒေသရှိ နာမည်ကြီး မိစ္ဆာအဆင့်မြင့်ပုဂ္ဂိုလ် ဆယ်ယောက်တွင် ခြောက်ယောက်မှာ ထိုဂိုဏ်းမှ ဖြစ်သည်။
၎င်းတို့၏ ဖုန်းဝမ် ဟာ ဆိုရင်ဖြင့် ဓားကျင့်ကြံသူတွေရဲ့ ဓားပျံအတတ် ထက်တောင် မြန်တယ်လို့ ကောလာဟလ ထွက်နေသူ ဖြစ်သည်။
"ကျုပ်ကိုတော့ မိတ်ဆက်ပေးနေစရာ မလိုပါဘူး"
ကျန်ရှိနေသော မိန်းကလေးက ကျီးလျန်ကို တစ်ချက်ကြည့်ကာ ဖန့်ချန်ဘက်သို့ လှည့်ပြီး ပြုံးလိုက်သည်
"ဖန့်သခင်လေး ကျွန်မနာမည်က စူးလင်ကျူ ပါ နတ်ဘီလူးဂိုဏ်း ရဲ့ စူးမိုဧကရာဇ် က ကျုပ်ရဲ့ မိခင်ပါပဲ"
"ရှူးးးးး"
ပတ်ဝန်းကျင်မှ အသက်ရှူသံများမှာ ပြင်းထန်လာသည်။
နတ်ဘီလူးဂိုဏ်းရဲ့ ဧရာမဧကရာဇ်မင်းရဲ့ သမီးတဲ့လား တကယ်ပဲ နဝမမင်းသားနဲ့ တန်းတူ စကားပြောနိုင်တဲ့သူတွေဟာ သာမန်နောက်ခံရှိတဲ့သူတွေ မဟုတ်ကြဘူးပဲ။
ဒီငါးယောက်သာ ရှေ့မှာ ရပ်နေရင် ဒီကျင့်ကြံခြင်းလောကမှာ သူတို့ကို မျက်နှာမသာပေးဝံ့သူ ဘယ်သူရှိပါ့မလဲ။
"ကြည့်ရတာ ဒီနေ့ပြီးရင် လောကမှာ နတ်မျိုးစေ့ အသစ်တွေ ထပ်တိုးတော့မှာပဲ သူတို့ရဲ့ နာမည်တွေက အလယ်ပိုင်းဒေသမှာ ဟိုးဟိုးကျော်သွားတော့မယ်"
လူအုပ်ကြီးမှာ သက်ပြင်းချရင်း အားကျနေကြသည်။
ရှေ့မှ လူငါးဦးမှာ ကျီးလျန် မှအပ ကျန်လေးဦးမှာ အခုမှ တောင်ပေါ်က ဆင်းလာကြသူများ ဖြစ်သော်လည်း နောက်ထပ် နှစ်တစ်ရာ၊ နှစ်ရာအတွင်းမှာ ကိုင်ဟုန် တို့လို ထိပ်သီးတွေ ဖြစ်လာမည့်သူများ ဖြစ်သည်။
သူတို့ကဲ့သို့ သာမန်လူများမှာမူ နောက်နှစ်တစ်ရာတွင် မြေကြီးထဲ ရောက်နေနိုင်သလို၊ ကံကောင်းမှ ဝိညာဥ်သန္ဓေသား အဆင့်လောက်နှင့် လမ်းဆုံးနေမည် မဟုတ်ပါလား။
"ကြည့်ရတာ အားလုံးက နတ်ဘုရားသားသမီး တွေပဲကိုး လေးစားပါတယ်... လေးစားပါတယ်"
ဖန့်ချန်က သက်ပြင်းချဟန်ဖြင့် ပြောလိုက်သည်။
'နတ်ဘုရားသားသမီး'
ထိုလူငါးဦးမှာ ခေတ္တမျှ ကြောင်သွားပြီး မျက်မှောင်ကြုတ်လိုက်မိကြသည်။ စူးလင်ကျူက ချက်ချင်းပင် မေးလိုက်သည်
"ဖန့်သခင်လေး နတ်ဘုရားသားသမီး ဆိုတာ ဘာကို ဆိုလိုတာလဲ"
"အားလုံးက နတ်ဘုရားအဆင့်ရှိတဲ့သူတွေရဲ့ သားသမီးတွေဆိုတော့ နတ်ဘုရားမျိုးဆက် ဒုတိယမြောက်သားသမီး တွေပေါ့"
ဖန့်ချန်က ရှင်းပြသည်။
လူတိုင်းမှာ နားလည်သွားကြသည်။
အသုံးအနှုန်းက ထူးဆန်းသော်လည်း အဓိပ္ပာယ်ကို နားလည်သွားသောအခါ လက်ခံလိုက်ကြသည်။
ကျီးလျန်က ရယ်မောကာ
"ကျုပ်တို့ရဲ့ ဇာတ်မြစ်တွေက ထူးခြားတယ်ဆိုပေမဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကတော့ တရားမျှတပါတယ် ဒီနေ့အဆင့်ကို ရောက်ဖို့ ကျုပ်တို့လည်း တစ်လှမ်းချင်းစီ ကြိုးစားခဲ့ရတာပါ ဖန့်မိတ်ဆွေတို့လို လောကက တခြားမိတ်ဆွေတွေလိုပါပဲ"
"ဖန့်မိတ်ဆွေ ကြားရတာတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ကိုင်ဝူ နဲ့ ဓားဂိုဏ်းကြားမှာ အထင်လွဲစရာလေးတွေ ဖြစ်ခဲ့တယ်ဆိုပဲ"
"ခင်ဗျားကလည်း မိစ္ဆာမယွီ နဲ့ ရင်းနှီးတာဆိုတော့ ကျုပ်ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကိစ္စကို အဆုံးသတ်ပေးလို့ မရဘူးလား ဒါဆိုရင် ကိုင်ဝူလည်း ပုန်းရှောင်နေစရာ မလိုတော့ဘူးပေါ့"
ရွှီဖန် (မိစ္ဆာကျင့်ကြံသူ) က ရုတ်တရက် ဝင်ပြောလိုက်သည်။
ဟန်လင်းချူးက ရွှီဖန်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ယိကမူ ကိုင်ဝူ ဆိုသည့် နာမည်ကို ကြားသောအခါ သူ၏ မျက်လုံးထဲတွင် အထင်သေးရိပ်များ ဖြတ်ပြေးသွားသည်။
သူတို့အားလုံးမှာ ထိပ်သီးအသိုင်းအဝိုင်းထဲက ဖြစ်သော်လည်း ကိုင်ဝူကဲ့သို့သော သူမျိုးကို သူတို့က အရေးမလုပ်ကြပေ။
လန်ယာဝင်ချိုးမှာမူ နတ်သမီးယွီကို မိစ္ဆာမ ဟု ခေါ်ဆိုသဖြင့် မျက်နှာပျက်သွားသည်။
"ယွီမိစ္ဆာမ တဲ့လား..."
ဖန့်ချန်က ခေါင်းငြိမ့်လိုက်ပြီး ရွှီဖန်ကို ပြုံးကြည့်ကာ မေးလိုက်သည်
"မင်းရဲ့ မျက်နှာက ဘယ်နှပိဿာလောက် လေးလို့လဲ ပြီးတော့ အဲ့ဒီမျက်နှာက ဘယ်လောက်တန်လို့လဲ"
ရွှီဖန်မှာ ဆွံ့အသွားတော့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာလည်း ရင်တထိတ်ထိတ် ဖြစ်သွားကြရသည်။
တကယ်တမ်း ယှဉ်ကြည့်လျှင် ရွှီဖန်၏ နောက်ကွယ်တွင် ဖုန်းဝမ် ရှိသော်လည်း၊ ဖန့်ချန်၏ နောက်ကွယ်တွင်လည်း ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း နှင့် ကောင်းကင်တိမ်တိုက်ဧကရာဇ် ရှိနေသည်မဟုတ်ပါလား။
နောက်ခံချင်းယှဉ်လျှင်ပင် ရွှီဖန်က အနည်းငယ် နိမ့်ကျနေပါသေးသည်။
အစွမ်းချင်းယှဉ်လျှင်လည်း စောစောက ဝိညာဉ်ပူးကပ်ခြင်းအတတ် ကို မြင်ထားရသဖြင့် ရွှီဖန်မှာ ဖန့်ချန်၏ အမည်းရောင်စက္ကူရုပ်ကို ယှဉ်နိုင်ဖို့ အဝေးကြီးပင်။
ရွှီဖန်မှာ ဖန့်ချန်က ဤမျှ မျက်နှာမပေးဘဲ ပြန်ပြောလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ခေတ္တမျှ ကြောင်အသွားပြီးနောက် မျက်နှာမှာ အေးစက်သွားကာ
"မိတ်ဆွေ... ဒါ ဘာစကားလဲ"
"နားမလည်သေးဘူးလား မင်းရဲ့ မျက်နှာက ဘယ်လောက်တန်လို့လဲ ကိုင်ဟုန် ကိုယ်တိုင် ငါ့ဆီမှာ တောင်းပန်တာတောင် ငါ လက်မခံခဲ့ဘူး မင်းက ဘာမို့လို့လဲ"
ဖန့်ချန်က ပြုံးလျက်ပင် ပြောလိုက်ပြီး ကျီးလျန်တို့ကို ကြည့်ကာ
"အားလုံးပဲ ကျုပ်နဲ့ ဝင်ချိုးညီမလေး ရှေးဟောင်းနတ်ဘုရားလမ်းထဲကို အရင်သွားကြည့်လိုက်ဦးမယ် အားရင်တော့ ပြန်ဆုံကြတာပေါ့"
ပြောပြီးသည်နှင့် ဖန့်ချန်မှာ လန်ယာဝင်ချိုးကို ခေါ်ကာ ပျက်စီးနေသော ကျောက်တုံးကြီးများကြားသို့ လျှောက်သွားတော့သည်။
သူတို့၏ ပုံရိပ်များမှာ လူအုပ်ကြီး၏ အမြင်အာရုံထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ရွှီဖန်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေသည်
"ဒီလူက သူ့ကိုယ်သူ စီနီယာကိုင်ဟုန်တို့နဲ့ တန်းတူလို့ ထင်နေပုံရတယ်"
"သူက ကိုင်ဟုန်ကို ရိုက်ခဲ့ဖူးတာလေ"
လင်ယွန်းဓားဂိုဏ်းမှ ဝမ်ယိက ဘာခံစားချက်မှ မပါသော လေသံဖြင့် ပြောလိုက်သည်။
ရွှီဖန်က သူ့ကို တစ်ချက်ကြည့်ကာ
"အဲ့ဒါကလည်း အောက်လမ်းအတတ်တွေ သုံးလို့ပါ၊ သူ့အစွမ်းမှ မဟုတ်တာ"
ဝမ်ယိက ဘာမှ ပြန်မပြောတော့ပေ။ ဟန်လင်းချူးက ပြုံးကာ
"ရွှီဖန် မင်း ကိုင်ဝူအတွက် ဝင်မပြောသင့်ဘူး သူ့ကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘဲနဲ့ ဖန့်ချန်နဲ့ ရန်ငြိုးဖြစ်အောင် လုပ်လိုက်သလိုပဲ"
"ရန်ငြိုးဖြစ်တော့ ဘာဖြစ်လဲ ကျုပ်က သူ့ကို မိတ်ဆွေဖွဲ့ဖို့ လိုလို့လား"
ရွှီဖန်က အထင်သေးစွာ ရယ်မောလိုက်သော်လည်း သူ၏ မျက်လုံးများက ကျီးလျန် (နဝမမင်းသား) ကို မသိမသာ ခိုးကြည့်လိုက်သည်။
စောစောက ကိုင်ဝူအတွက် ဝင်ပြောရန် ကျီးလျန်က သူ့ကို စိတ်ချင်းဆက်သွယ်ကာ အချက်ပေးခဲ့ခြင်း ဖြစ်သည်။
"ထားလိုက်ပါတော့ ကိုင်ဝူကိစ္စကတော့ စီနီယာကိုင်ဟုန်ပဲ ခေါင်းကိုက်ပါစေတော့ ကျုပ်တို့နဲ့ မဆိုင်ပါဘူး ကျုပ်တို့ ဒီနေ့လာတာ နတ်မျိုးစေ့ ဖြစ်ဖို့ပဲအားလုံးပဲ သွားကြစို့"
ကျီးလျန်က ပြုံးကာ လက်ကာပြလိုက်သည်။
ခဏအကြာတွင် သူတို့အားလုံးမှာလည်း ပျက်စီးနေသော အဆောက်အအုံများကြားတွင် ပျောက်ကွယ်သွားကြတော့သည်။