အခန်း (၆၈၃-၆၈၄)
Vol. 69 Ch. 683-684
အခန်း ၆၈၃ - နတ်ဘုရားလမ်းရဲ့ ကန့်သတ်ချက်
ဖန့်ချန်၏ ရှေ့တွင် အဆုံးမရှိသော လမ်းမကြီးတစ်ခု ရှိနေသည်။
နှင်းပွင့်များနှင့် လေဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသော ကျောက်လှေကားထစ်များမှာ တောင်တန်းကြီးများကြားတွင် ဝပ်စင်းနေသော ကျောက်နဂါးကြီးတစ်ကောင်ကဲ့သို့ ကွေ့ကောက်နေ၏။
ပတ်ဝန်းကျင်မှာ အလွန်တရာ တိတ်ဆိတ်လွန်းသဖြင့် မိမိ၏ နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။
မကြာသေးမီကပင် သူနှင့် လန်ယာဝင်ချိုးတို့ ပတ်ဝန်းကျင်၌ မြူခိုးများ တဖြည်းဖြည်း ဖုံးလွှမ်းလာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သူ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ လန်ယာဝင်ချိုးမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ရှေးဟောင်းနတ်ဘုရားလမ်းပေါ့..."
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ရွှေရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည်ကွယ်ပျောက်သွားသည်။
သူ၏ ရှေးဦးနတ်ဘုရားမျက်ဝန်း မှာ တစ်စုံတစ်ရာသော လျှို့ဝှက်အင်အားဖြင့် အပိတ်ခံလိုက်ရခြင်းပင်။
သူ အကြိမ်ကြိမ် ကြိုးစားသော်လည်း ပြန်ဖွင့်၍ မရတော့ပေ။
သူသည် တောက်ပသောနတ်ဘုရား မျက်လုံးကိုလည်း စမ်းကြည့်သော်လည်း မရပေ။
ဝိညာဉ်အိတ်ထဲမှ အမည်းရောင်နှင့် အဖြူရောင်စက္ကူရုပ်များကို ခေါ်ထုတ်ရန် ကြိုးစားသော်လည်း ၎င်းတို့မှာ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ချေ။
သူ၏ ဓား ကို ဆက်သွယ်ကြည့်သော်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန်က စကြာဝဠာမှန် ကို ထုတ်ယူလိုက်ကာ
"မှန်လေး မင်း ရှိသေးလား"
ဟု မေးလိုက်သည်။
"အစ်ကို ဒီနေရာရဲ့ နတ်ဘုရားကန့်သတ်ချက် က အရမ်းပြင်းထန်တယ် ငါ မကြာခင် အိပ်ပျော်သွားတော့မယ် မှတ်ထားပါ မဖြစ်နိုင်ရင် အတင်းမလုနဲ့တောင်စိမ်းရှိနေသရွေ့ ထင်းအတွက် မပူရဘူး (အသက်ရှင်ဖို့က အဓိကပဲ) ဒီထဲမှာ သေမသွားစေနဲ့..."
မှန်လေးမှာ ဖန့်ချန်၏ လက်ထဲတွင် အလင်းစက်များအဖြစ် ပျောက်ကွယ်သွားတော့သည်။
ဖန့်ချန် မည်မျှပင် ခေါ်စေကာမူ ထပ်မံ ထူးခြင်းမရှိတော့ပေ။
ဖန့်ချန်၏ စိတ်ထဲတွင် လေးနက်သွားသည်။
ထိုရှေးဟောင်းနတ်ဘုရားလမ်းကို လူတိုင်း ဘာကြောင့် လာချင်ကြသည်ကို ယခုမှ သူ နားလည်သွားတော့သည်။
ဝင်ဝင်ချင်းမှာပင် ထိုမျှ ဆန်းကြယ်နေပါက အတွင်း၌ တစ်စုံတစ်ရာ ရရှိသွားသူအတွက် သာမန်ကျင့်ကြံသူတွေ မြင်နိုင်တဲ့ ကြီးမားသော နတ်ဘုရားအခွင့်အလမ်း ဖြစ်နေမည်မှာ သေချာသည်။
သတိကြီးစွာထားသည့်အနေဖြင့် ဖန့်ချန်က ရှေ့သို့ တိုးမသွားသေးဘဲ မိမိကိုယ်မိမိ မည်သည့်အတတ်ပညာများ သုံးနိုင်သလဲဆိုသည်ကို စမ်းသပ်ကြည့်နေသည်။
အန္တရာယ်နှင့် ကြုံတွေ့ရပါက အမှန်ကန်ဆုံး တုံ့ပြန်နိုင်ရန် ဖြစ်သည်။
"ဓာတ်ကြီးငါးပါး ထိန်းချုပ်ခြင်းအတတ် အလုပ်ဖြစ်တယ် ဒါပေမဲ့ ပတ်ဝန်းကျင်မှာ ဓာတ်စွမ်းအင်တွေ မရှိတော့ဘူး ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်ကိုပဲ သုံးနေရတယ်"
"ဝိညာဉ်ပူးကပ်ခြင်းအတတ်... အဲ့ဒီအင်အားက တားဆီးထားတယ်"
"မီးအတတ်တွေ... အလုပ်ဖြစ်တယ် ဒါပေမဲ့ ကိုယ့်ဝိညာဉ်စွမ်းအင်ပဲ ကုန်မှာ"
"အဆောင်အတတ် မရတော့ဘူး"
နာရီဝက်ခန့် ကြာပြီးနောက် ဖန့်ချန်က သူ၏ အခြေအနေကို နားလည်သွားသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များကိုမူ ကန့်သတ်ချက် က မတားဆီးထားပေ။
ထို့ကြောင့် မိမိ၏ ဝိညာဉ်စွမ်းအင်ကို အခြေခံသော အတတ်ပညာများကို သုံးနိုင်သည်။
အထူးသဖြင့် သူသည် တာအိုသုံးထောင်ကျင့်စဥ် ကို ကျင့်ကြံထားသူ ဖြစ်သဖြင့် သာမန်ကျင့်ကြံသူများနှင့် မတူပေ။
ဓာတ်ကြီးငါးပါး အတတ်များသာမက ကောင်းကင်လှည့်စားခြင်းအတတ် များကိုလည်း သုံးနိုင်သည်။
မိုးကြိုးအတတ် နှင့် အရေခွံဆုပ်ခွာခြင်းအတတ်များလည်း သုံး၍ ရသော်လည်း နတ်ဘုရားမျက်စိ မဖွင့်နိုင်သဖြင့် စွမ်းအားမြှင့်တင်၍ မရပေ။
ရှစ်မျက်နှာအရပ်ဓားကျမ်း ကိုလည်း သုံးနိုင်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်အမင်း ကျဆင်းသွားခြင်း မရှိပေ။
ဖန့်ချန်သည် ဝိညာဉ်အိတ်နှင့် တခြားသော အကာအကွယ်များ ဆုံးရှုံးသွားသော်လည်း ဝိညာဉ်သန္ဓေသား အဆင့်နှင့် ရင်ဆိုင်ရပါက ယုံကြည်ချက်ရှိနေဆဲ ဖြစ်သည်။
သို့သော် ဝိညာဉ်ခွဲဖြာခြင်း အဆင့်နှင့် တွေ့ပါကမူ သတိထားရပေမည်။
"ငါတောင် ဒီလောက် ဖြစ်နေတာဆိုရင် တခြားလူတွေလည်း ကန့်သတ်ခံရမှာပဲ သူတို့က ငါ့ထက်တောင် ပိုပြီး စွမ်းအားကျနိုင်တယ် သတိထားရမှာကတော့ ဒီနတ်ဘုရားလမ်းထဲမှာ ရှိနေတဲ့ အန္တရာယ်တွေပဲ"
ဖန့်ချန်သည် အဆုံးမရှိသော ကျောက်လှေကားထစ်များကို ကြည့်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းသွားသည်။
ထိုနေရာတွင် နေ့နှင့်ည မရှိသလို အချိန်သဘောတရားလည်း ပျောက်ဆုံးနေသည်။
သို့သော် ဖန့်ချန်က စိတ်ထဲတွင် တစ်၊ နှစ်၊ သုံး ဟု ရေတွက်နေသည်။
ရေတွက်မှု ၈၆,၄၀၀ ပြည့်တိုင်းမှာ တစ်ရက် (၁၂ နာရီ ၂ ကြိမ်) ဟု သတ်မှတ်သည်။
ဆယ်ရက်ခန့် လျှောက်ပြီးနောက် ဖန့်ချန် ရုတ်တရက် ခြေလှမ်းရပ်လိုက်သည်။
နတ်ဘုရားမျက်စိနှင့် ဝိညာဉ်အာရုံများ မရှိတော့သဖြင့် သူသည် မူလအာရုံခံစားမှု (အကြားအာရုံ) ကို သုံးလိုက်ရသည်။
"ခြေသံတွေပဲ"
ခြေသံများကို သူ ကြားနေရသည်။
ထိုခြေသံများမှာ ထူးဆန်းနေသည်။
သူရှိနေသော ကျောက်လှေကားထစ်မှ မဟုတ်ဘဲ လမ်းခွဲတစ်ခုမှ လာနေသကဲ့သို့ပင်။
ယခု သူသည် လမ်းခွဲများဆုံရာ နေရာတစ်ခုတွင် ရှိနေသည်။
လမ်းခွဲပေါင်းများစွာမှာ ထိုနေရာတွင် ဆုံကြသည်။
အနီးအနားတွင် ပျက်စီးနေသော အဆောက်အအုံတစ်ခု ရှိနေပြီး ၎င်းမှာ လက်ဖက်ရည်ဆိုင် တစ်ခုနှင့် တူသည်။
ပျက်စီးနေသော ပြတင်းပေါက်ကြားမှ အတွင်းရှိ ဖုန်တက်နေသော လက်ဖက်ရည်အိုးများနှင့် ပန်းကန်ကွဲများကို မြင်နေရသည်။
"မိန်းကလေး... မင်းနာမည် ဘယ်လိုခေါ်လဲ"
ဖန့်ချန်က ရုတ်တရက် လှမ်းမေးလိုက်သည်။
ခြေသံများ ရပ်တန့်သွားသည်။
ထို့နောက် စိုးရိမ်တကြီး ဖြစ်နေသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်
"ရှင်က ရှေးဟောင်းနတ်ဘုရားလမ်းက လူလား... ဒါမှမဟုတ်..."
"ကျွန်တော်လည်း မိန်းကလေးလိုပဲ နတ်မျိုးစေ့ဖြစ်ချင်တဲ့ ကျင့်ကြံသူတစ်ယောက်ပါ"
ဖန့်ချန်က ထိုမိန်းကလေး၏ စကားထဲမှ အချက်အလက်တစ်ခုကို ရလိုက်သည်။
နတ်ဘုရားလမ်းကလူ ဒီမှာ လူတွေ နေထိုင်ကြတာလား
"ဒါဆိုရင်တော့ တော်သေးတာပေါ့ ဒီကလူတွေက ရက်စက်လိုက်တာမှ သေမလိုပဲ ကျွန်မ သူတို့လက်ထဲမှာ သေမလို့တောင် ဖြစ်ခဲ့တာ"
အမျိုးသမီးအသံ ထပ်ထွက်လာပြီးနောက် အံ့သြစွာ မေးပြန်သည်
"ရှင့်မျက်လုံးတွေက ဘာလို့ ဖြူဆွတ်နေတာလဲ ရှင်က မျက်စိမမြင်ဘူးလား ဒါဆို ကျွန်မက မိန်းကလေးမှန်း ဘယ်လိုသိတာလဲ..."
ဖန့်ချန်က ပြုံးကာ
"မိန်းကလေးဆီက အမွှေးနံ့သာနံ့ ရလို့ပါ"
ထိုစဉ်မှာပင် သူသည် တခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာမှလည်း ခြေသံများ ထွက်ပေါ်လာနေသည်။
"နောက်တစ်ယောက် လာပြန်ပြီ ဒီနေရာက ကျွန်မတို့အတွက် ပထမဆုံး စမ်းသပ်ချက်လား မသိဘူး"
မိန်းကလေးက ပြောသည်။
"မိန်းကလေး စောစောက ရှေးဟောင်းနတ်ဘုရားလမ်းက လူတွေကို တွေ့ခဲ့သေးလား"
ဖန့်ချန်က မေးသည်။
"တွေ့ခဲ့တယ် အဲ့ဒါက ထူးဆန်းတဲ့ ရွာကလေးတစ်ရွာပဲ။ သူတို့က ကျွန်မကို မြင်တာနဲ့ ထမင်းစားဖို့ ခေါ်ကြတယ်။ ကျွန်မက မစားဘူးဆိုတော့ သူတို့က ကျွန်မကို တိုက်ခိုက်ကြရော။ ထမင်းထဲမှာ အဆိပ်ပါမှာ ကြောက်လို့ ကျွန်မ ထွက်ပြေးလာတာ"
မိန်းကလေးက ဆက်ပြောသည်
"ဒါနဲ့ ကျွန်မနာမည်က ဖန့်ယွမ်မုန့် ပါ ရှင်ကော ဘယ်သူလဲ"
"ကျီးလျန်"
ဟု ဖန့်ချန်က အတုပြောလိုက်သည်။
(နဝမမင်းသားနာမည်ကို သုံးလိုက်ခြင်းဖြစ်သည်)
"ကျီးလျန်"
ဖန့်ယွမ်မုန့်က တစ်ခုခုကို စဉ်းစားနေပုံရသည်။
သူမ မစဉ်းစားရသေးခင်မှာပင် နောက်ထပ် လူတစ်ဦး ရောက်လာသည်။
ရောက်လာသူမှာ ခန္ဓာကိုယ် ထွားကျိုင်းပြီး ပခုံးကျယ်သည်။ တံခါးချပ်ကြီး တစ်ချပ်ကဲ့သို့ပင်။
"နှစ်ယောက်လုံးလည်း နတ်ဘုရားလမ်းကို လာကြတာပဲလား ကျွန်တော်က ကူရှန့် ပါ တွေ့ရတာ ဝမ်းသာပါတယ်"
ကူရှန့်က ပြုံးပြသော်လည်း သူ၏ မျက်လုံးထဲတွင် သတိထားရိပ်များ ပါနေသည်။
ဤနေရာတွင် မည်သူ့ကိုမဆို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။
"ဖန့်ယွမ်မုန့်"
"ကျီးလျန်"
ဟု သူတို့ မိတ်ဆက်လိုက်ကြသည်။
"ဖန့်မိန်းကလေး... ကျီးမိတ်ဆွေ... ခင်ဗျားတို့ ဒီလက်ဖက်ရည်ဆိုင်ထဲ ဝင်ကြည့်ပြီးပြီလား ဒီနေရာမှာ ရှိနေတာဆိုတော့ မရိုးရှင်းလောက်ဘူး အထဲမှာ နတ်ဘုရားတွေ သောက်ခဲ့တဲ့ လက်ဖက်ရည်တွေ ကျန်နေမလား"
ကူရှန့်က ဆိုင်ထဲသို့ ကြည့်ကာ သူတို့နှစ်ဦး ဝင်ပြီးပြီလားဟု အကဲခတ်နေသည်။
"မဝင်ရသေးဘူး"
ဖန့်ချန်က ခပ်အေးအေးပင် ပြောသည်
"ကျွန်တော်က မျက်စိမမြင်တော့ မိတ်ဆွေမပြောခင်အထိ ဒီမှာ ဆိုင်ရှိမှန်းတောင် မသိဘူး အထဲမှာ ဘယ်လိုပုံစံလဲ"
"မျက်စိမမြင်ဘူး မျက်စိမမြင်ဘဲ နတ်ဘုရားလမ်းကို လာတယ်"
ကူရှန့်မှာ အံ့သြသွားသည်။
သူသည် ဖန့်ချန်ကို သေချာလေ့လာပြီးနောက် ဖန့်ချန်မှာ အမှန်တကယ်ပင် မျက်စိမမြင်ကြောင်း အတည်ပြုလိုက်မိရာ သူ၏ သတိထားရိပ်မှာ အနည်းငယ် လျော့ကျသွားသည်။
မျက်စိမမြင်သူတစ်ယောက်မှာ သူ့ထက် မသာနိုင်ဟု သူ တွေးလိုက်ခြင်းပင်။
ထိုစဉ်မှာပင် နောက်ထပ် ခြေသံများ ထွက်ပေါ်လာသည်။
ဒီတစ်ခါမှာတော့ တစ်ဦးတည်း မဟုတ်ဘဲ သုံးဦး ဖြစ်သည်။
ခြေသံများထဲမှပင် ထိုလူတို့၏ အရွယ်အစားနှင့် အလေးချိန်ကို ဖန့်ချန်က ၆၀-၇၀ ရာခိုင်နှုန်းခန့် ခန့်မှန်းလိုက်နိုင်သည်။
"သူတို့ သုံးယောက်က တစ်ဖွဲ့တည်းပဲ"
ကူရှန့်က လေးနက်သော မျက်နှာဖြင့် ဖန့်ယွမ်မုန့်နှင့် ဖန့်ချန်တို့၏ အနားသို့ တိုးကပ်လာသည်။
ရောက်လာသူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
တစ်ဦးမှာ အသက် ၈၀၊ ၉၀ ခန့်ရှိပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် ဖြစ်သည်။ ကျန်လူငယ်နှစ်ဦးမှာ ရုပ်ချင်းဆင်သဖြင့် မောင်နှမ ဖြစ်နိုင်သည်။
သူတို့ သုံးဦးမှာ ဖန့်ချန်တို့ကို မြင်သည်နှင့် ရပ်လိုက်ကြသည်။
သူတို့ နှုတ်မဆက်ရသေးခင်မှာပင် ပျက်စီးနေသော လက်ဖက်ရည်ဆိုင်မှာ ရုတ်တရက် လူစည်ကားသော ဆိုင်ကြီးတစ်ဆိုင်အဖြစ် ပြောင်းလဲသွားတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ရုတ်ချည်း ပြောင်းလဲသွားသည်။
ယခု သူတို့ ခြောက်ယောက်မှာ လူစည်ကားလှသော လမ်းဆုံတစ်ခု၏ အလယ်တွင် ရပ်နေကြခြင်း ဖြစ်သည်။
ဈေးသည်များ၏ အော်ဟစ်သံများ၊ ရောင်းဝယ်ဖောက်ကားသံများမှာ ဆူညံနေပြီး လမ်းလယ်တွင် မရပ်ရန်လည်း သူတို့ကို လာ၍ ဆူပူကြသည်။
ဖန့်ချန်မှလွဲ၍ ကျန်ငါးဦးမှာ ထိတ်လန့်သွားကြပြီး လမ်းဘေးသို့ ကပ်ကာ အကဲခတ်နေကြသည်။
ဖန့်ယွမ်မုန့်က ဖန့်ချန် ဘာမှမလုပ်ဘဲ ရပ်နေသည်ကို မြင်သောအခါ သူ၏ လက်ကို လာဆွဲသည်
"ကျီးသခင်လေး... ဘေးကို အရင်ကပ်ရအောင်"
"ဖန့်မိန်းကလေး ဒီလိုအချိန်မျိုးမှာ မူလနေရာမှာပဲ ရပ်နေတာ အကောင်းဆုံးပဲ"
ဖန့်ချန်က တည်ငြိမ်စွာပင် သတိပေးလိုက်သည်။
ဖန့်ယွမ်မုန့်မှာ တစ်ခုခုကို သတိရသွားပြီး ထိတ်လန့်ကာ ခေါင်းငြိမ့်လိုက်သည်။
ဟုတ်ပေသည်။ ရှေ့တွင် မြင်နေရသည်မှာ ပုံရိပ်ယောင်ပြကွက် တစ်ခု ဖြစ်နိုင်သည်။
ထိုပြကွက်ထဲတွင် အန္တရာယ်များ ရှိနေနိုင်သဖြင့် အတင်း လှုပ်ရှားမိပါက ထောင်ချောက်ထဲသို့ ရောက်သွားနိုင်သည် မဟုတ်ပါလား။
ကျန်လေးဦးမှာလည်း ထိုစကားကို ကြားသောအခါ သူတို့၏ မူလနေရာများသို့ ပြန်လာကြသည်။
"ဒီအတိုင်း ရပ်နေလို့တော့ မဖြစ်ဘူး ဟိုလက်ဖက်ရည်ဆိုင်ထဲ သွားကြည့်ကြမလား အဲ့ဒီနေရာက အဖြေဖြစ်မယ် ထင်တယ်"
ဟု ကူရှန့်က အကြံပြုသည်။
လူတိုင်းက သဘောတူကြသည်။
ဖန့်ချန်သည်လည်း ခဏမျှ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
မသိကျွမ်းကြသော်လည်း ရှေးဟောင်းနတ်ဘုရားလမ်းတွင် ဆုံတွေ့ခဲ့ရသော ကျင့်ကြံသူ ခြောက်ဦးမှာ ထိုလက်ဖက်ရည်ဆိုင်ဆီသို့ တူညီစွာ လှမ်းသွားကြတော့သည်။
အခန်း ၆၈၄ - လောကီလူသားတို့၏ ဈေးတန်း
"ဧည့်သည်တော်တို့ အပေါ်ထပ်ကို ကြွပါခင်ဗျာ"
စားပွဲထိုးလေးသည် ဖန့်ချန်တို့ ခြောက်ဦး၏ အဝတ်အစားများကို ကြည့်ကာ ရိုရိုသေသေဖြင့် ဒုတိယထပ်ရှိ အကောင်းဆုံးနေရာသို့ ခေါ်ဆောင်သွားသည်။
သူ၏ လက်ထဲမှ ပုဆိုးစုတ်ကလေးဖြင့် ထိုင်ခုံများကိုလည်း ဖုန်ခါပေးလိုက်သေးသည်။
"ဧည့်သည်တော်တို့ ဘာလက်ဖက်ရည် သောက်ကြမလဲ ကျုပ်တို့ဆီမှာ မိုးဦးကျ တော်ကျန်းလက်ဖက်ရည်နဲ့ ဆောင်းအကုန် ရွှယ်ကျန့်လက်ဖက်ရည်တွေ ရှိပါတယ်"
စားပွဲထိုးလေးက အပြုံးစပ်စပ်နှင့် မေးသည်။
လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကူရှန့်က ချောင်းတစ်ချက်ဟန့်ကာ
"ဒါဆို မိုးဦးကျ တော်ကျန်း လက်ဖက်ရည်ပဲ ပေးပါတော့"
ဟု ခပ်ပေါ့ပေါ့ပင် မှာလိုက်သည်။
"ဟုတ်ကဲ့ခင်ဗျာ"
စားပွဲထိုးလေး ထွက်သွားသောအခါ ဖန့်ချန်တို့ သုံးဦးနှင့် တစ်ဖက်မှ သုံးဦးတို့သည် မိမိတို့၏ အမည်နာမများကို မိတ်ဆက်ကြသည်။
ထိုအဘိုးအိုသည် မိမိကိုယ်ကိုယ် ရှူခွေကျန့်ရန် ဟု ခေါ်ပြီး၊ လူငယ်မောင်နှမ နှစ်ဦးမှာမူ အစ်ကိုဖြစ်သူက ပုချင်ယွန်း ၊ ညီမဖြစ်သူက ပုချင်ယွီ တို့ ဖြစ်ကြသည်။
"ကျီး ဆိုတဲ့ မျိုးရိုးက မျိုးရိုးကြီးပဲ"
ရှူခွေကျန့်ရန်က တိုးတိုးလေး ရေရွတ်လိုက်ပြီး ဖန့်ချန်ကို သံသယဖြင့် ကြည့်ကာ
"ကျီးလျန်မိတ်ဆွေ ခင်ဗျားရဲ့ မျက်လုံးက တကယ်ပဲ အမြင်အာရုံ ချို့ယွင်းနေတာလား"
ပုချင်ယွန်း မောင်နှမကလည်း ဖန့်ချန်ကို သတိကြီးစွာဖြင့် ကြည့်နေကြသည်။
မျက်စိမမြင်ဘဲနှင့် ရှေးဟောင်းနတ်ဘုရားလမ်းကို လာဝံ့သည်ဆိုပါက တစ်ဖက်လူသည် မိမိအစွမ်းကို အလွန်ယုံကြည်မှု ရှိနေ၍ ဖြစ်ရမည်။
မဟုတ်လျှင်တော့ သေတွင်းထဲ ဆင်းလာခြင်းသာ ဖြစ်ပေလိမ့်မည်။
ဖန့်ချန်ကမူ စိတ်ထဲတွင် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
သူသည် နာမည်မကျော်ကြားသေးသော်လည်း မကြာသေးမီကပင် တာအိုကျင့်ကြံသူ အတော်များများကို သတ်ဖြတ်ခဲ့ဖူးသည်။
သို့သော် ရှေ့ကလူများမှာ သူ့ကို လုံးဝ မမြင်ဖူးသကဲ့သို့ ဖြစ်နေကြသည်။
သူတို့က ဒီနတ်ဘုရားလမ်းထဲကို ကြိုပြီး ရောက်နေကြတာလား ဟု ဖန့်ချန် စဉ်းစားလိုက်သည်။
"ကျုပ်ရဲ့ မျက်လုံးတွေက တကယ်ပဲ ဒဏ်ရာရထားတာပါ"
ဖန့်ချန်က ခေါင်းငြိမ့်ပြလိုက်သည်။
ကူရှန့်ကဲ့သို့ပင် ရှူခွေကျန့်ရန်၏ မျက်လုံးထဲမှ စိုးရိမ်ရိပ်များ လျော့ကျသွားသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ပြောသည် -
"ဒီနေရာက အရာအားလုံးက ပုံရိပ်ယောင်တွေပဲ ဒါက နတ်ဘုရားလမ်းရဲ့ ပထမဆုံး စမ်းသပ်ချက်ဆိုရင် ဒီပုံရိပ်ယောင်ကို ဘယ်လို ဖျက်ဆီးရမလဲ"
"ကျုပ်အထင်တော့ အစွမ်းနဲ့ပဲ အတင်းဖြိုခွင်းရမယ် နတ်ဘုရားလမ်းက ကျုပ်တို့ရဲ့ တကယ့်အစွမ်းကို ကြည့်ချင်တာ ဖြစ်လိမ့်မယ်"
ဟု ကူရှန့်က အလေးအနက် ပြောသည်။
ပုချင်ယွန်းကလည်း ခေါင်းငြိမ့်ကာ
"ကျုပ်လည်း အဲ့လိုပဲ ထင်တယ် ပထမအဆင့်က အစွမ်းကို စမ်းသပ်တာပဲ ဖြစ်ရမယ် အစွမ်းမရှိရင် နတ်မျိုးစေ့ ဖြစ်လာဖို့ မဖြစ်နိုင်ဘူးလေ"
"အစ်ကို ဒါက တကယ်ပဲ ပုံရိပ်ယောင်ဆိုရင် အစွမ်းနဲ့ ဖြိုခွင်းဖို့က ခက်လိမ့်မယ် အဲ့ဒီအစား ဒီပုံရိပ်ယောင်ရဲ့ ဗဟိုချက် ကို ရှာပြီး ပရိယာယ်နဲ့ ဖြိုခွင်းတာက ပိုကောင်းမယ် ထင်တယ် ဒါကမှ နတ်ဘုရားလမ်းက ပေးချင်တဲ့ စမ်းသပ်ချက် ဖြစ်မှာပါ"
ဟု ညီမဖြစ်သူ ပုချင်ယွီက သိမ်မွေ့သော လေသံဖြင့် ဝင်ပြောသည်။
ဖန့်ယွမ်မုန့်ကလည်း ထိုအချက်ကို သဘောတူသည်။
ယခုအခါ ကူရှန့်နှင့် ပုချင်ယွန်းက အစွမ်း ကို အားကိုးချင်ပြီး၊ အမျိုးသမီးနှစ်ဦးက ပရိယာယ် ကို သုံးချင်နေကြသည်။
ရှူခွေကျန့်ရန်ကမူ ဆုံးဖြတ်ချက် မပေးသေးဘဲ ဖန့်ချန်ကို လှည့်မေးသည်
"ကျီးလျန်မိတ်ဆွေ ခင်ဗျားကော ဘယ်လို ထင်လဲ"
"ပရိယာယ်ကို အရင်သုံးပြီး အဆင်မပြေမှ အစွမ်းသုံးတာက ပိုစိတ်ချရမယ်"
ဖန့်ချန်က ဆက်ပြောသည်
"ကူရှန့်မိတ်ဆွေ ပြောသလို ဒီလက်ဖက်ရည်ဆိုင်က ပုံရိပ်ယောင် မပေါ်ခင်ကတည်းက ရှိနေတာဆိုတော့ ဒါက ဗဟိုချက် ဖြစ်နိုင်တယ် ကျုပ်က မျက်စိမကောင်းတော့ မိတ်ဆွေတို့ပဲ သဲလွန်စလေးတွေ ရှာပေးကြပါဦး"
ဖန့်ယွမ်မုန့်က ခေါင်းငြိမ့်ကာ
"ကျီးသခင်လေး ပြောတာလည်း ကျိုးကြောင်းဆီလျော်ပါတယ် အားလုံး ဘယ်လို သဘောရလဲ"
ကူရှန့်က ခဏစဉ်းစားပြီး
"ကောင်းပြီ... ဒါဆိုလည်း စမ်းကြည့်တာပေါ့"
ထိုစဉ် ပြတင်းပေါက် အပြင်ဘက်မှ ဆဲဆိုသံတစ်ခု ကြားလိုက်ရသည်
"ဟေ့ အဘိုးကြီးမျက်စိမမြင် မျက်စိမမြင်ဘဲ လမ်းလျှောက်နေတာက လူကို လာငွေညှစ်ချင်လို့လား သတိထားနော် မင်းကို ရိုက်သတ်မိဦးမယ်"
"ဦးလေး တောင်းပန်ပါတယ်ခင်ဗျာ အဘိုး... ကျုပ်တို့ လမ်းဘေးကပ်သွားရအောင် ဒီတုတ်ကို မြဲမြဲကိုင်ထားနော်"
လူတိုင်း ပြတင်းပေါက်မှ ငုံ့ကြည့်လိုက်သောအခါ၊ သစ်သားတုတ်တစ်ချောင်းကို ကိုင်ထားသည့် ကလေးငယ်တစ်ဦးက ခြေလှမ်းမခိုင်သော အဘိုးအိုမျက်စိမမြင်တစ်ဦးကို ဆွဲခေါ်သွားသည်ကို တွေ့ရသည်။
ကလေးမှာ အဝတ်အစား စုတ်ပြတ်နေပြီး ခြေဗလာနှင့် ဖြစ်သော်လည်း၊ အဘိုးအို၏ အဝတ်အစားမှာမူ ဆင်းရဲသော်လည်း သန့်ရှင်းသပ်ရပ်နေသည်
သူတို့နှစ်ဦးမှာ လမ်းသွားလမ်းလာများ၏ ကဲ့ရဲ့ရှုံ့ချသော အကြည့်များကြားတွင် တဖြည်းဖြည်း ဝေးကွာသွားကြသည်။
ကူရှန့်တို့က အကြည့်ကို ပြန်လွှဲလိုက်ကြသည်။
ဤနေရာရှိ အရာအားလုံးမှာ အလွန်စစ်မှန်လွန်းနေသည်။
လမ်းမပေါ်တွင် လူအချို့မှာ ကြေးပြားအနည်းငယ်အတွက် သတ်ပုတ်နေကြပြီး၊ အချို့မှာ အတတ်ပညာပြကာ တောင်းရမ်းနေကြသည်။
လောကီလူသားတို့၏ ရနံ့များက နှာခေါင်းထဲသို့ တိုးဝင်နေ၏။
၎င်းမှာ ကျင့်ကြံသူများအတွက်မူ အတော်လေး မစိမ်းကားသော်လည်း ကျင့်သားမရသော ပတ်ဝန်းကျင်ပင်။
"ကျီးသခင်လေး ကျွန်မတို့ သဲလွန်စရှိမလားလို့ ဒီဆိုင်ထဲမှာ ပတ်ကြည့်လိုက်ဦးမယ် ရှင်က မျက်စိမကောင်းတော့ ဒီမှာပဲ ထိုင်စောင့်နေနော်၊ လျှောက်မသွားနဲ့"
ဟု ဖန့်ယွမ်မုန့်က မှာကြားသည်။
"ကျီးလျန်မိတ်ဆွေက နတ်ဘုရားလမ်းထဲအထိ ဝင်လာနိုင်တယ်ဆိုမှတော့ မျက်စိမမြင်တာက သူ့အတွက် အနှောင့်အယှက် မဖြစ်လောက်ပါဘူး ဖန့်မိန်းကလေးက ပိုပြီး စိတ်ပူနေတာပါ"
ဟု ပုချင်ယွန်းက ရယ်မောကာ ပြောသည်။
ဖန့်ယွမ်မုန့်က ပြန်မပြောတော့ဘဲ ကျန်သူများနှင့်အတူ ဆိုင်အတွင်း သဲလွန်စ ရှာဖွေတော့သည်။
"လက်ဖက်ရည် ရပါပြီ ဟင် ဟိုလူတွေ ဘယ်ရောက်ကုန်တာလဲ"
စားပွဲထိုးလေးက လက်ဖက်ရည်လာချရင်း ဟိုဟိုဒီဒီ ကြည့်ကာ မေးသည်။
ဖန့်ချန်က ပြုံးကာ
"ကျုပ်တို့က ဒီကို ပထမဆုံး ရောက်ဖူးတာဆိုတော့ သူတို့က ပတ်ကြည့်ချင်လို့ပါ"
"ဒီမှာ ဘာကြည့်စရာ ရှိလို့လဲ"
စားပွဲထိုးလေးက တိုးတိုးလေး ရေရွတ်သည်။
"ညီလေး မေးပါရစေဦး၊ ဒီနေရာက ဘယ်နေရာလဲ"
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
"ဒီနေရာလား ရှိချွမ်းခရိုင် လေ"
စားပွဲထိုးလေးက ဝတ်ကျေတမ်းကျေ ပြန်ဖြေသည်။
ကူရှန့်တို့က ဆိုင်ထဲမှာပဲ ပတ်ကြည့်နေပြီး အပြင်မထွက်သွားသည်ကို မြင်သောအခါ သူ စိတ်အေးသွားပုံရသည်။
အကြောင်းမှာ ရှေ့ကလူက မျက်စိမမြင်သဖြင့် လက်ဖက်ရည်ဖိုး မပေးနိုင်မှာကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
ဖန့်ချန် ထပ်မေးရန် ပြင်စဉ်မှာပင် စားပွဲထိုးလေးမှာ တခြားဧည့်သည်က ခေါ်သဖြင့် ထွက်သွားတော့သည်။
ဖန့်ချန်သည် လက်ဖက်ရည်ခွက်ကို မသောက်ဘဲ အနံ့ခံကြည့်လိုက်သည်။
ပြင်ပမှ ဆူညံသံများကို နားစွင့်ရင်း မိမိအတွက် အသုံးဝင်မည့် သတင်းအချက်အလက်များကို နားစွင့်နေ၏။
'ဒီပုံရိပ်ယောင်က အလကား ဖန်တီးထားတာ မဟုတ်ဘူး တကယ်ရှိခဲ့တဲ့ နေရာတစ်ခုကို မူရင်းအတိုင်း ဒီကို ရွှေ့ထားတာ ဖြစ်ရမယ် ဟု ဖန့်ချန် စဉ်းစားနေမိသည်။
လက်ဖက်ရည် သောက်ပြီးချိန်ခန့်တွင် ဖန့်ယွမ်မုန့်တို့အဖွဲ့ ပြန်ရောက်လာကြသည်။ သူတို့အားလုံး၏ မျက်နှာမှာ မကောင်းလှပေ။
"ဘာသဲလွန်စမှ မရှိဘူး ဒီက လူသားတွေနဲ့ စကားပြောကြည့်တော့ သူတို့က အရမ်းစစ်မှန်လွန်းနေတယ် ပုံရိပ်ယောင်နဲ့ လုံးဝမတူဘူး"
ဟု ပုချင်ယွန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဒါဆို အစွမ်းနဲ့ပဲ ဖြိုခွင်းရတော့မယ် ဒီက လူသားတွေကို အကုန်သတ်ပစ်ရင် ပုံရိပ်ယောင် ပျက်သွားမလား"
ကူရှန့်က အကြံပြုသည်။
"မဖြစ်ဘူး အဲ့ဒါက မသိနိုင်တဲ့ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်"
ရှူခွေကျန့်ရန်က ချက်ချင်း ကန့်ကွက်သည်
"ကျုပ်တို့ ခဏလောက် ထပ်စောင့်ကြည့်ကြရအောင်"
သူတို့ ခဏမျှ ထပ်မံ ဆွေးနွေးပြီးနောက် အပြင်ထွက်၍ သဲလွန်စရှာရန် ဆုံးဖြတ်လိုက်ကြသည်။
"ဧည့်သည်တော်တို့ တော်ကျန်း လက်ဖက်ရည် သုံးအိုး သောက်ထားတာဆိုတော့ စုစုပေါင်း ငွေသုံးစပဲ ကျသင့်ပါတယ်"
စားပွဲထိုးလေးက ပြုံးလျက် လာတောင်းသည်။
"ခင်ဗျားတို့ဆီမှာ ငွေစတွေ ပါလား"
ကူရှန့် ကြောင်သွားသည်။
သူတို့ကဲ့သို့ ကျင့်ကြံသူများ၏ သိုလှောင်လက်စွပ် ထဲတွင် ငွေစကဲ့သို့ အသုံးမဝင်သော အရာများ မည်သို့ ထည့်ထားပါ့မလဲ။
စားပွဲထိုးလေးသည် ကူရှန့်၏ စကားကို ကြားသောအခါ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားသည်။
ကျောမှာ မတ်သွားပြီး သူတို့ကို သံသယဖြင့် ကြည့်ကာ
"ကျွန်မ ကြည့်လိုက်ဦးမယ်... ပါမယ် ထင်တယ်"
ဖန့်ယွမ်မုန့်က သိုလှောင်လက်စွပ်ကို ဖွင့်ရန် ကြိုးစားလိုက်သည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ မျက်နှာမှာ ထိတ်လန့်သွားတော့သည်
"သိုလှောင်လက်စွပ်က ဖွင့်လို့မရတော့ဘူး အဲ့ဒါတင်မကဘူးယ ကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကိုလည်း လှုံ့ဆော်လို့ မရတော့ဘူး"
ထိုခံစားချက်မှာ သာမန်လူသားတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်
လူတိုင်း၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များ ပြည့်နှက်သွားပြီး အသီးသီး စမ်းသပ်ကြည့်ကြရာ... အားလုံး တူညီနေသည်။
ဝိညာဉ်စွမ်းအားများမှာ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင်။
ဝိညာဉ်စွမ်းအား မရှိလျှင် သိုလှောင်လက်စွပ်ကိုလည်း ဖွင့်၍ မရတော့ပေ။
ဖန့်ချန်လည်း စမ်းကြည့်လိုက်သည်။
သူလည်း သူတို့ကဲ့သို့ပင် ဝိညာဉ်စွမ်းအား သုံး၍ မရတော့ချေ။
ထိုမျှသာမက... သူ၏ ခန္ဓာကိုယ်သည်လည်း ပြောင်းလဲသွားသည်။
မူလက စတုတ္ထအဆင့် ဓားခန္ဓာ ကြောင့် ဝိညာဉ်စွမ်းအား မပါလျှင်ပင် လက်သီးတစ်ချက်ဖြင့် တောင်ကို ဖြိုနိုင်သော်လည်း ယခုမူ သူ၏ သွေးသားစွမ်းအားမှာ သာမန်လူနှင့် မခြားတော့ချေ။
လက်သီးကို ဆုပ်ကြည့်လိုက်သောအခါ ရရှိသော ခွန်အားမှာလည်း အလွန်ပင် နည်းပါးလှသည်။
"ဟေ့ လူတွေ ခင်ဗျားတို့က လက်ဖက်ရည် အလကားသောက်ချင်တာလား သေချင်လို့ မြွေပါးကို တက်နင်းနေတာပဲ ခင်ဗျားတို့ကို အရာရှိတွေဆီ အပ်ပစ်လိုက်ရမလား"
စားပွဲထိုးလေး၏ မျက်နှာမှာ အေးစက်သွားကာ သူတို့ကို ရန်မူသည့် အကြည့်ဖြင့် ကြည့်နေတော့သည်။