အခန်း (၆၈၅-၆၈၆)
Vol. 69 Ch. 685-686
အခန်း ၆၈၅ - အခြေချနေထိုင်ခြင်း
"မင်း စကားကို ဘယ်လိုပြောတာလဲ"
ကူရှန့်က ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
သူ၏ ဒေါသတကြီး အရှိန်အဝါကြောင့် စားပွဲထိုးလေးမှာ ခဏမျှ လန့်သွား၏။
သို့သော် စားပွဲထိုးလေးက ချက်ချင်းပင် အသိပြန်ဝင်လာကာ အော်ဟစ်တော့သည်
"သူဌေးကြီးရေ ဒီမှာ လက်ဖက်ရည်ဖိုး မပေးဘဲ အလကားသောက်တဲ့လူတွေ ရှိနေတယ်၊ အရာရှိတွေကို မြန်မြန် သွားတိုင်ပါဦး"
လက်ဖက်ရည်ဆိုင်အတွင်းရှိ ဧည့်သည်များအားလုံး ဝိုင်းကြည့်လာကြသည်။
"ဒီလူတွေ ဝတ်ထားတာတော့ ဟန်ပါပါနဲ့လက်ဖက်ရည်ဖိုးလေးတောင် မပေးနိုင်ဘူးလား"
"ဟုတ်ပဗျာ... ကြည့်ရတာ အပြင်ပန်းပဲ ဖောင်းကြွနေတာ ဂုဏ်ပကာသန မက်ပြီး ပိုက်ဆံမရှိတဲ့လူတွေ ထင်တယ်"
စားပွဲထိုးလေး၏ အော်ဟစ်သံနှင့်အတူ ဗိုက်ပူပူ သူဌေးကြီးသည် လူသန်ကြီး ခုနစ်ဦးကို ခေါ်ကာ ရောက်လာသည်။
"ရိုက်ကြစမ်း"
သူဌေးကြီးက အမိန့်ပေးလိုက်သည်။
စားပွဲထိုးများနှင့် လူသန်ကြီးများ ဝိုင်းအုံလာပြီး ကူရှန့်ကို အစွမ်းကုန် ဝိုင်းရိုက်ကြတော့သည်။
အစပိုင်းတွင် ကူရှန့်က ပြန်လည်ခုခံသော်လည်း တစ်ဖက်က လူအင်အားများလွန်းသဖြင့် တစ်ယောက်တည်းနှင့် မယှဉ်နိုင်ဘဲ အထိနာသွားရှာသည်။
ရှူခွေကျန့်ရန်ကမူ မိမိနှင့်မဆိုင်သကဲ့သို့ မျက်စိမှိတ်နေ၏။
ပုချင်ယွန်းက ဝင်ကူရန် ပြင်သော်လည်း ညီမဖြစ်သူ ပုချင်ယွီက ဆွဲထားသည်။
"မရိုက်ပါနဲ့တော့"
ဖန့်ယွမ်မုန့်က သူမ၏ နားကပ်တစ်ဖက်ကို ဖြုတ်ကာ သူဌေးကြီးထံ ပစ်ပေးလိုက်သည်
"ဒါနဲ့ပဲ ရှင်းပေးမယ်"
သူဌေးကြီးက နားကပ်၏ လက်ရာနှင့် ပစ္စည်းကို ကြည့်ကာ မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။
သူက လူတွေကို ချက်ချင်း ရပ်ခိုင်းလိုက်ပြီး ဖန့်ယွမ်မုန့်ကို ပြုံးပြကာ
"မိန်းကလေး ဒီနားကပ်က လက်ဖက်ရည်ဖိုးအတွက် ကွက်တိပဲ နောက်ဆို ပိုက်ဆံမပါရင် ကြိုပြောကြပေါ့ အခုလို အထင်လွဲစရာ မဖြစ်ရအောင် ကဲယလူစုခွဲကြတော့ ဒါက အထင်လွဲတာလေးပါ"
ကိစ္စက ပြေလည်သွားသော်လည်း ကူရှန့်၏ မျက်နှာတစ်ခုလုံး ဖူးရောင်နေသည်ကို ကြည့်ကာ လူတိုင်း စိတ်မသက်မသာ ဖြစ်သွားကြသည်။
မိမိတို့၏ အခြေအနေမှာ တကယ့်ကို အန္တရာယ်ရှိနေပြီ မဟုတ်ပါလား။
ကျင့်ကြံမှုအဆင့် မရှိတော့လျှင် သူတို့သည် သာမန်လူသားနှင့် ဘာထူးတော့မည်နည်း ကူရှန့်ကဲ့သို့ ရွှေမြုတေ အဆင့် ကျင့်ကြံသူပင်လျှင် လက်ဖက်ရည်ဆိုင်က လူအစေခံအချို့ကို မယှဉ်နိုင်ဘဲ အရိုက်ခံနေရသည်။
တကယ်လို့ တစ်စုံတစ်ယောက်က သူတို့ကို သတ်ချင်လာလျှင်...။
"ကျွန်မတို့ ဒီမှာ သေရင် တကယ်ပဲ သေသွားမှာလား"
ပုချင်ယွီက တုန်ရီသော အသံဖြင့် မေးသည်။
ပုံရိပ်ယောင်ကမ္ဘာထဲက အန္တရာယ်ဆိုသည်မှာ ဤအချက်ပင် ဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။
ကူရှန့်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေသည်။
သူကဲ့သို့ ပါရမီရှင်တစ်ယောက်က သာမန်လူသား ပုရွက်ဆိတ် တွေရဲ့ ဝိုင်းရိုက်တာ ခံရလိမ့်မည်ဟု အိမ်မက်တောင် မမက်ဖူးချေ။
'ဒါတွေက အတုတွေပဲ... ဒါက ပုံရိပ်ယောင်ပဲ'
ဟု သူ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရသည်။
လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ရှိချွမ်းခရိုင်အတွင်း လျှောက်သွားကြရင်း မိုးချုပ်လာသည်။
"ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး ခွန်အားနဲ့ ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အခုတော့ ကျုပ်တို့က သာမန်လူတွေ ဖြစ်နေပြီ ဒီပုံရိပ်ယောင်ရဲ့ ဗဟိုချက်ကို မရှာနိုင်ရင် ကျုပ်တို့ ဒီမှာ တစ်သက်လုံး ပိတ်မိနေလိမ့်မယ်"
ဟု ရှူခွေကျန့်ရန်က လေးလေးနက်နက် ပြောသည်။
ပြောရင်းနှင့်ပင် သူသည် အေးလာသဖြင့် အင်္ကျီကို တင်းတင်းစေ့လိုက်သည်။
လူတိုင်း၏ မျက်နှာမှာ ပို၍ပင် ပျက်သွားသည်။
ရာသီဥတုက တကယ်ကို အေးလာပြီ မဟုတ်ပါလား။
"ရှေ့မှာ အပေါင်ဆိုင် တစ်ခု ရှိတယ် ကျုပ်တို့ဆီက အဖိုးတန်တာတွေ အကုန်ပေါင်ပြီး အခြေအရင် ချရအောင်"
ဟု ပုချင်ယွန်းက အကြံပြုသည်။
အားလုံး သဘောတူသော်လည်း ဖန့်ယွမ်မုန့်နှင့် ပုချင်ယွီ၏ အဆင်တန်ဆာအချို့မှလွဲ၍ ကျန်သူများတွင် ပေါင်စရာ ဘာမှမရှိချေ။
ဝတ်ထားသည့် အင်္ကျီများကို ပေါင်ရန်မှာလည်း ကျင့်ကြံသူတစ်ယောက်အနေဖြင့် မလုပ်ချင်ကြပေ။
"ထားပါတော့ ကျုပ်ရဲ့ ဒီဝတ်ရုံကိုပဲ ပေါင်လိုက်မယ် ငွေအတော်ရမှာပါ ပုံရိပ်ယောင် ပျက်သွားရင် ပြန်ယူလို့ ရတာပဲ"
ဟု ပုချင်ယွန်းက အံကြိတ်ကာ ပြောသည်။
"မင်းရဲ့ အင်္ကျီက သာမန်အင်္ကျီ ဖြစ်မနေဘူးလား ပြန်ကြည့်ဦး"
ဖန့်ချန်က ရုတ်တရက် သတိပေးလိုက်သည်။
ပုချင်ယွန်း ကြောင်သွားပြီး အင်္ကျီကို အားဖြင့် ဆွဲဖြဲကြည့်ရာ ချက်ချင်းပင် စုတ်ပြဲသွားတော့သည်။
"ဘယ်လိုဖြစ်လို့လဲယ ဒါက အဝါရောင်အဆင့် အဆင်မြင့် ရတနာလေ ဝိညာဉ်တံဆိပ် ၇၂ ခု တောင် ပါတာ..."
ပုချင်ယွန်း ငိုင်သွားသည်။
"ဒါက ပုံရိပ်ယောင်မို့လို့ပဲ"
ဟု ကူရှန့်က အတည်ပြုလိုက်သည်။
အဝတ်အစားများမှာ သာမန်ဖြစ်သွားပြီမို့ အမျိုးသမီးနှစ်ဦး၏ လက်ကျန်အဆင်တန်ဆာများကိုသာ ပေါင်လိုက်ကြရသည်။
ခဏအကြာတွင် ပုချင်ယွန်းက ငွေစ ၁၃ ကျပ် ကိုင်ကာ ထွက်လာသည်။
"ဒီလောက်လေးပဲလား"
ကူရှန့် မျက်မှောင်ကြုတ်လိုက်သည်။
ရှူခွေကျန့်ရန်က သက်ပြင်းချကာ
"အရင်ဆုံး တည်းခိုဖို့ ရှာရအောင် ငါတော့ ဗိုက်တောင် ဆာလာပြီ..."
ရွှေမြုတေအဆင့် ကျင့်ကြံသူများမှာ အစာမစားဘဲ နေနိုင်သော်လည်း ယခုမူ သာမန်လူသားများကဲ့သို့ ဆာလောင်မှုကို ခံစားနေရပြီ ဖြစ်သည်။
ထိုညတွင် သူတို့သည် ဇရပ်တစ်ခု၌ တည်းခိုကာ ထမင်းတစ်နပ်စားလိုက်သည်မှာပင် ငွေစ ၂ ကျပ် ကုန်သွားသည်။
နောက်တစ်နေ့တွင် သူတို့သည် မြို့တောင်ဘက်စွန်းရှိ ပျက်စီးယိုယွင်းနေသော အိမ်အိုလေးတစ်လုံးကို ငှားလိုက်ကြသည်။
အိမ်က စုတ်သော်လည်း လေလုံမိုးလုံဖြစ်ပြီး ဈေးသက်သာသည်။
အိမ်တွင် အခန်းသုံးခန်းရှိရာ ကူရှန့်နှင့် ပုချင်ယွန်းက တစ်ခန်း၊ အမျိုးသမီးနှစ်ဦးက တစ်ခန်း၊ ဖန့်ချန်နှင့် ရှူခွေကျန့်ရန်က တစ်ခန်း နေကြသည်။
အခြေချပြီးချိန်တွင် ပိုက်ဆံမှာ ကုန်လုနီးပါး ဖြစ်နေပြီ။
"ထိုင်စားနေလို့တော့ မရဘူး၊ ပိုက်ဆံရမယ့်လမ်း ရှာရင်း ပုံရိပ်ယောင်ရဲ့ ဗဟိုချက်ကို ရှာရမယ်"
ဟု ပုချင်ယွန်းက အားလုံးကို ကြည့်ကာ ပြောသည်။
ရှူခွေကျန့်ရန်က ချောင်းဆိုးကာ ပြုံးလိုက်သည်
"ငါ့ရဲ့ ဒီခန္ဓာကိုယ်ကြီးကတော့ မင်းတို့ကို ကူညီနိုင်မှာ မဟုတ်တော့ဘူး..."
"အဘိုးက အိမ်မှာပဲ နေပါ"
ဟု ကူရှန့်က ပြောပြီး ဖန့်ချန်ကို လှည့်ကြည့်သည်
"ကျီးမိတ်ဆွေ ခင်ဗျားကော လျှောက်သွားလို့ အဆင်ပြေရဲ့လား"
"ပြဿနာမရှိပါဘူး"
ဖန့်ချန်က ခေါင်းငြိမ့်ပြသည်။
ပထမဆုံးရက်တွင် ဘာမှ မရခဲ့ဘဲ အိမ်ပြန်ရောက်သောအခါ ရှူခွေကျန့်ရန်မှာ ချော်လဲရာမှ မထနိုင်ဘဲ အိမ်အလယ်တွင် လဲနေသည်ကို တွေ့ရသည်။
ထိုနေ့မှစ၍ အဘိုးအို၏ ကျန်းမာရေးမှာ ချက်ချင်းပင် ဆိုးရွားသွားပြီး အိပ်ရာထဲ လဲတော့သည်။
ရက်အနည်းငယ် ကြာသောအခါ ပုချင်ယွန်းနှင့် ကူရှန့်တို့သည် ဝမ်းရေးအတွက် မာန်မာနကို လျှော့ကာ အလုပ်ရှာကြသည်။
သူတို့က သူစိမ်းများ ဖြစ်သဖြင့် ကောင်းမွန်သော အလုပ်မရဘဲ နောက်ဆုံးတွင် လုံခြုံရေးအစောင့်အလုပ်ကို ဝင်လုပ်ကြသည်။
ထိုမှတစ်ဆင့် ဤပုံရိပ်ယောင်ကမ္ဘာက ဘယ်လောက်ကျယ်သလဲဆိုသည်ကို လေ့လာချင်ကြခြင်း ဖြစ်သည်။
ဖန့်ချန်မှာမူ မြို့ထဲတွင် လျှောက်သွားနေစဉ် လက်ဝှေ့သင်တန်းကျောင်း တစ်ခုကို တွေ့သဖြင့် ဆရာအဖြစ် လျှောက်ကြည့်သော်လည်း မျက်စိမမြင်သဖြင့် ချက်ချင်း အပယ်ခံလိုက်ရသည်။
"လက်ဝှေ့သင်ပေးမယ်... တစ်လကို ငွေစ ၁ ကျပ်..."
ဖန့်ယွမ်မုန့်က ဖန့်ချန်အတွက် ဆိုင်းဘုတ်တစ်ခု ရေးပေးပြီး အိမ်ရှေ့တွင် ချိတ်ပေးလိုက်သည်။
သို့သော် သူမ၏ စိတ်ထဲတွင် ဖန့်ချန်အတွက် တပည့်ရလာလိမ့်မည်ဟု မယုံကြည်ပေ။
တကယ်ပင် တစ်လလုံးကြာသော်လည်း တပည့်မရဘဲ အိမ်နီးနားချင်းများ၏ လှောင်ပြောင်ခြင်းကိုသာ ခံရသည်။
ထိုနေ့တွင် ပုချင်ယွန်း တစ်ယောက် အိမ်ထဲသို့ ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်
"ညီမလေး မြန်မြန်လုပ် ကူရှန့်အတွက် ဆေးသွားဝယ်ပေးပါဦး"
လူတိုင်း ထွက်ကြည့်လိုက်သောအခါ... ကူရှန့်မှာ မျက်နှာတစ်ခုလုံး ဖြူလျော်ကာ ပါးစပ်မှ သွေးများ ထွက်နေသည်ကို တွေ့လိုက်ရသည်။
ပုချင်ယွန်းက တွဲထားရုံနှင့်ပင် လဲကျလုနီးပါး ဖြစ်နေတော့သည်။
အခန်း ၆၈၆ - မင်းက ဒီမျက်နှာကို ပေးမှာလား
"ငါ ကျိန်ဆိုတယ်... တစ်နေ့ကျရင် ဒီနေရာကို သွေးချောင်းစီးအောင် ငါ လုပ်ပစ်မယ်"
ကူရှန့်က ဆေးကို သောက်ရင်း အံကြိတ်ကာ ကြိမ်းဝါးနေသည်။
ကျန်သူများကမူ ဘာမှပြန်မပြောဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ၏။
"တစ်လကျော်သွားပြီ... ကျုပ်တို့ ဘာမှ ရှာမတွေ့သေးဘူး"
ပုချင်ယွန်းက သက်ပြင်းရှည်ကြီးကို ချလိုက်သည်
"ဒီအတိုင်းသာ ဆက်သွားရင် ကျုပ်တို့ရဲ့ ကျင့်ကြံရေးစိတ်ဓာတ် တွေ ဖုန်တက်ပြီး ပျက်စီးကုန်တော့မယ်"
"ဟွတ်... ဟွတ်..."
ရှူခွေကျန့်ရန်က တဟွတ်ဟွတ် ချောင်းဆိုးလိုက်ပြီး ခြောက်ကပ်နေသော အသံဖြင့် လူတိုင်းကို ကြည့်ကာ ပြောသည်
"နတ်မျိုးစေ့ ဖြစ်လာဖို့ဆိုတာ ဘယ်လောက် ခက်ခဲသလဲဆိုတာ မင်းတို့ သိသားပဲ သည်းခံရမယ်စိတ်ရှည်ရမယ်"
"စိတ်ရှည်ရမယ် ပြောတော့ လွယ်တာပေါ့ အဲ့ဒီ ပုရွက်ဆိတ်လို လူသားတွေရဲ့ နှိပ်စက်မှုကို ခံနေရတာ အဘိုးမှ မဟုတ်တာ"
ကူရှန့်က လှောင်ပြောင်သလို ရယ်လိုက်သည်။
ရှူခွေကျန့်ရန်၏ မျက်နှာတွင် အနေခက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဆက်မပြောတော့ချေ။
ပုချင်ယွန်းက မျက်မှောင်ကြုတ်ကာ
"ဒါက ပုံရိပ်ယောင်ဆိုပေမဲ့ ဒီထဲမှာ သေရင် တကယ့်ပြင်ပမှာလည်း သေသွားနိုင်တယ် အခု ကူရှန့်က ဒီက လူမိုက်တွေနဲ့ ပြဿနာတက်ထားတာဆိုတော့ သူတို့ လာရှာကြဦးမှာပဲ"
"လာရဲရင် လာကြည့်စမ်း ငါ သူတို့ကို သတ်ပစ်မယ်"
ကူရှန့်၏ မျက်နှာက ဒေါသကြောင့် ကြောက်စရာကောင်းနေသည်။
တစ်လအတွင်းမှာပင် သူ၏ စိတ်နေစိတ်ထားမှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေပြီ။
ထိုကဲ့သို့ သာမန်လူသားများနှင့် ဆက်ဆံနေရသည်မှာပင် သူ့အတွက် အောက်ကျနောက်ကျနိုင်လှပြီ ဖြစ်ရာ၊ သူတို့၏ နှိပ်စက်မှုကို ခံနေရသည်မှာ ကျားကုန်းပေါ်မှ ခွေးက တက်ဆွဲနေသကဲ့သို့ ခံစားနေရခြင်းပင်။
"သူတို့ တကယ် ရောက်လာရင်တော့ ဒုက္ခပဲ... ကျုပ်တို့မှာ အခု လက်ထဲမှာ ဘာအစွမ်းမှ မရှိဘူး"
ပုချင်ယွန်းက ဖန့်ယွမ်မုန့်၊ ပုချင်ယွီ တို့ကို ကြည့်လိုက်သလို၊ ဖန့်ချန်နှင့် ရှူခွေကျန့်ရန်တို့ကိုလည်း ကြည့်ကာ ဆက်ပြောသည်
"လက်ရှိ ကျုပ်တို့ အဖွဲ့က အိုမင်းတာ၊ ဒဏ်ရာရတာ၊ မသန်စွမ်းတာတွေ အကုန်စုံနေတာပဲ"
ရှူခွေကျန့်ရန်က အိုမင်းနေသူ၊ ဖန့်ချန်က မျက်စိမမြင်သော မသန်စွမ်းသူ ဖန့်ယွမ်မုန့်နှင့် ပုချင်ယွီတို့မှာလည်း အစွမ်းမရှိတော့သဖြင့် သာမန်မိန်းကလေးများသာ ဖြစ်နေကြသည်။
ပုချင်ယွီက တိုးတိုးလေး ပြောသည်
"အစ်ကို အခု ကျွန်မတို့ တစ်လကို ငွေ ၃ ကျပ် ရနေတယ် ဆိုပေမဲ့ ဒါက အခြေခံ စားဝတ်နေရေးအတွက်ပဲ ရှိတာ ထမင်းတစ်နပ် စားဖို့တောင် အများကြီး တွက်ချက်နေရတယ်"
"ဒါကလည်း ကျုပ်နဲ့ ကူရှန့် နှစ်ယောက်ပေါင်းမှ ရတာလေ"
ဟု ပုချင်ယွန်းက ဆိုသည်။
"ကျွန်မလည်း ပြီးခဲ့တဲ့ရက်က အပ်ချုပ်အလုပ် တစ်ခု ရထားတယ် တစ်လကို ငွေ ၁ ကျပ် ရမယ်တဲ့"
ဖန့်ယွမ်မုန့်က ဝင်ပြောသည်။
လူတိုင်း ခဏမျှ ဝမ်းသာသွားကြသော်လည်း ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားကြသည်။
သူတို့ကဲ့သို့ ကျင့်ကြံသူကြီးများက ငွေ ၁ ကျပ် ပိုရတာကို ဝမ်းသာနေမိသည်မှာ တကယ့်ကို စိတ်ပျက်စရာပင်။
"ဟေ့ ကူရှန့်ဆိုတဲ့ကောင် ဒီမှာနေတာလား"
"ဟားဟား... ဒီမှာကြည့်စမ်း လက်ဝှေ့သင်ပေးမည် တစ်လကို ငွေ ၁ ကျပ် တဲ့လား ဟားဟားဟား"
ခြံဝင်းအပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရသဖြင့် လူတိုင်း လန့်သွားကြသည်။
ကူရှန့်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ပုချင်ယွန်းက စိုးရိမ်တကြား ပြောသည်
"လူမိုက်တွေ ရောက်လာပြီထင်တယ် ကျုပ် သွားပြီး လုံခြုံရေးအရာရှိ လင် ကို အကူအညီတောင်းကြည့်မယ် သူက ဟေးဝူစန်း ကို ပြောပေးနိုင်လိမ့်မယ်"
"အရာရှိလင် ကိုယ်တိုင်က ဟေးဝူစန်း ကို ခိုင်းနေတာလေ မင်း သွားတောင်းပန်တာက သူတို့ အကြံထဲ တည့်တည့်တိုးမှာပေါ့"
ကူရှန့်က ဒေါသတကြီးဖြင့် မတ်တတ်ရပ်လိုက်သည်
"ငါ ဆက်ပြီး သည်းမခံတော့ဘူး ဒီနေ့ သူတို့ကို သွေးထွက်သံယို ဖြစ်အောင် လုပ်ပြမယ်"
သူသည် လူတိုင်း၏ တားမြစ်မှုကို မမှုဘဲ ခြံတံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်တွင် လူ ၁၀ ဦးကျော် ရပ်နေသည်ကို တွေ့လိုက်ရသည်။
အိမ်နီးနားချင်းများမှာလည်း ကြောက်လန့်တကြား ပုန်းကြည့်နေကြ၏။
ခေါင်းဆောင်ဖြစ်သူမှာ အသားမည်းမည်း၊ အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ကူရှန့်ကို မြင်သည်နှင့် လှောင်ပြောင်လိုက်သည်
"တကယ် ဒီမှာ နေတာပဲ"
"ဟေးဝူစန်း... မင်း ဘာလုပ်ချင်လို့လဲ"
ကူရှန့်က အံကြိတ်ကာ မေးသည်။
"ဘာလုပ်ရမှာလဲ မင်း သိသားပဲ အရာရှိလင်ကို ရန်စမိရင် ဘာဖြစ်မလဲဆိုတာ ပြပေးမလို့လေ သူက မှာလိုက်တယ် မင်းကို ဒူးထောက်တောင်းပန်ခိုင်းဖို့ပဲ အခုချက်ချင်း ဒူးထောက်ရင် ကိစ္စက မြန်မြန် ပြီးသွားလိမ့်မယ်"
ဟေးဝူစန်းက ဆိုသည်။
"ငါက မင်းလို ပုရွက်ဆိတ်ကို ဒူးထောက်ရမယ် ဟုတ်လား"
ကူရှန့်က ဟားတိုက်ရယ်မောလိုက်သည်။
သို့သော် ရယ်သံမှာ ကြာကြာမခံလိုက်ပေ။
ဟေးဝူစန်း၏ အမိန့်ပေးမှုနှင့်အတူ နောက်ပါလူမိုက်များက ကူရှန့်ကို ဝိုင်းအုံကာ မြေပြင်ပေါ်တွင် ဖိရိုက်နှက်ကြတော့သည်။
ပုချင်ယွန်းက ဝင်ကူရန် ကြိုးစားသော်လည်း သူပါ ဝိုင်းရိုက်ခံလိုက်ရသည်။
ဖန့်ယွမ်မုန့်နှင့် ပုချင်ယွီတို့၏ မျက်နှာမှာ ဖြူလျော်သွားပြီး စိုးရိမ်တကြီး ဖြစ်နေကြသည်။
ဖန့်ချန်သည် ရှူခွေကျန့်ရန်ကို တွဲထားရင်း အိမ်ရှေ့ဆောင်မှနေ၍ ငြိမ်သက်စွာ ကြည့်နေသည်။
ရှူခွေကျန့်ရန်၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ပြည့်နေ၏။
သူ၏ လက်ရှိ ခန္ဓာကိုယ်နှင့်သာ အရိုက်ခံရပါက ချက်ချင်းပင် အသက်ထွက်သွားနိုင်သည်။
"တော်လောက်ပါပြီ... မင်းတို့ ဘာလိုချင်သလဲဆိုတာ ကောင်းကောင်းမွန်မွန် ပြောကြရအောင်"
ဖန့်ချန်က တည်ငြိမ်စွာ စကားစလိုက်သည်။
ရှူခွေကျန့်ရန်မှာ လန့်သွားပြီး ဖန့်ချန်ကို ဆွဲကာ တိုးတိုးလေး ပြောသည်
"မိတ်ဆွေ တိတ်တိတ်နေစမ်းပါ ကိုယ့်ဆီ အန္တရာယ် ရောက်လာဦးမယ်"
"ဟိုး..."
ဟေးဝူစန်းက လူတွေကို ရပ်ခိုင်းလိုက်ပြီး ဖန့်ချန်နှင့် ရှူခွေကျန့်ရန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"မင်းက ဟိုမျက်စိမမြင်တဲ့ကောင်လား ပြီးတော့ ဒီအဘိုးကြီးကောပဲ မင်းတို့က ငါ ဟေးဝူစန်း ရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲတာလား"
ဟေးဝူစန်းက လှောင်ရယ် ရယ်လိုက်သည်။
သူ၏ အကြည့်များက ဖန့်ယွမ်မုန့်နှင့် ပုချင်ယွီ တို့ဆီသို့ ရောက်သွားသောအခါ မျက်လုံးများက အရောင်တောက်သွားတော့သည်။
"ဟာ... ဒီမှာ ဒီလောက် လှတဲ့ မိန်းကလေး နှစ်ယောက် ရှိနေတာကိုး"
ဟေးဝူစန်းက တံတွေးမျိုချရင်း သူတို့ဆီသို့ လျှောက်သွားသည်
"မိန်းကလေးတို့ ဒီလို စုတ်ပြတ်နေတဲ့ နေရာမှာ ဘယ်လိုနေမလဲ ငါ့အိမ်ကို လိုက်ခဲ့ကြစို့ အဲ့ဒီမှာ ကုတင်ကြီးကြီး ရှိတယ်"
"ရှင်... ရှင်တို့ ရမ်းမကားနဲ့နော်"
ဖန့်ယွမ်မုန့်က အသံတုန်တုန်ဖြင့် ပြောသော်လည်း ပုချင်ယွီမှာမူ ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။
တကယ်လို့ တစ်ခုခု ဖြစ်သွားရင်... ဒါက ပုံရိပ်ယောင်ဆိုရင်တောင် သူမရဲ့ စိတ်ဓာတ်တွေ ပြိုကွဲသွားနိုင်သည် မဟုတ်ပါလား။
ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် ထိုနေရာတွင် လူပေါ်လူဇော် မလုပ်ချင်သော်လည်း၊ အခြေအနေက သူ မလှုပ်ရှား၍ မရတော့ပေ။
သူသည် ရှူခွေကျန့်ရန်ကို တွဲထားသော လက်ကို လွှတ်လိုက်ပြီး ဟေးဝူစန်း ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
"သခင်ကြီး... ဟိုမျက်စိမမြင်တဲ့ကောင် လာနေပြီဗျ"
လူမိုက်တစ်ဦးက လှောင်ပြောင်သည်။
ဟေးဝူစန်းက ရပ်လိုက်ပြီး ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်ကာ
"မျက်စိမမြင်တဲ့ကောင် မင်းက သူရဲကောင်း လာလုပ်တာလား"
ကူရှန့်တို့အဖွဲ့မှာလည်း စိုးရိမ်တကြီး ကြည့်နေကြသည်။
"ဟေးဝူစန်း... ငါ့ကို မျက်နှာပေးတဲ့အနေနဲ့ အခုပဲ ထွက်သွားကြပါ"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"မျက်နှာပေးရမယ် မင်းမျက်နှာက ဘယ်လောက်တန်လို့လဲ"
ဟေးဝူစန်းက ဟားတိုက်ရယ်မောလိုက်သည်။
နောက်တစ်ခဏမှာပင် တစ်ကိုယ်လုံး မည်းမှောင်နေသော အရိပ်တစ်ခုက လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး၊ ဖန့်ချန်၏ လက်မောင်းက ဟေးဝူစန်း၏ လည်ပင်းကို အနောက်မှနေ၍ မြဲမြံစွာ ချုပ်ကိုင်လိုက်တော့သည်။
"ငါ့မျက်နှာက ပိုက်ဆံမတန်ပေမဲ့ မင်းရဲ့ အသက်တော့ တန်တယ် အခုကော ငါ့ကို ဒီမျက်နှာ ပေးမှာလား"
ဖန့်ချန်၏ အသံက ဟေးဝူစန်း၏ နားနားတွင် အေးစက်စွာ ထွက်ပေါ်လာသည်။
သူ အနည်းငယ်မျှ အားထည့်လိုက်ရုံနှင့် ဟေးဝူစန်း၏ လည်ပင်းရိုးမှာ ကျိုးသွားမည် ဖြစ်သည်။
ကျင့်ကြံမှုတွေ မရှိတော့သော်လည်း... သူ၏ စစ်မြေပြင်မှ လေ့ကျင့်လာသော သတ်ဖြတ်ရေး နည်းစနစ်များမှာမူ ပျောက်ကွယ်မသွားခဲ့ပေ။