← Chapters

အခန်း (၆၈၅-၆၈၆)

Vol. 69 Ch. 685-686

အခန်း (၆၈၅-၆၈၆)

Vol. 69 Ch. 685-686

​​အခန်း ၆၈၅ - အခြေချနေထိုင်ခြင်း

​"မင်း စကားကို ဘယ်လိုပြောတာလဲ"

​ကူရှန့်က ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

သူ၏ ဒေါသတကြီး အရှိန်အဝါကြောင့် စားပွဲထိုးလေးမှာ ခဏမျှ လန့်သွား၏။

​သို့သော် စားပွဲထိုးလေးက ချက်ချင်းပင် အသိပြန်ဝင်လာကာ အော်ဟစ်တော့သည်

"သူဌေးကြီးရေ ဒီမှာ လက်ဖက်ရည်ဖိုး မပေးဘဲ အလကားသောက်တဲ့လူတွေ ရှိနေတယ်၊ အရာရှိတွေကို မြန်မြန် သွားတိုင်ပါဦး"

​လက်ဖက်ရည်ဆိုင်အတွင်းရှိ ဧည့်သည်များအားလုံး ဝိုင်းကြည့်လာကြသည်။

​"ဒီလူတွေ ဝတ်ထားတာတော့ ဟန်ပါပါနဲ့လက်ဖက်ရည်ဖိုးလေးတောင် မပေးနိုင်ဘူးလား"

"ဟုတ်ပဗျာ... ကြည့်ရတာ အပြင်ပန်းပဲ ဖောင်းကြွနေတာ ဂုဏ်ပကာသန မက်ပြီး ပိုက်ဆံမရှိတဲ့လူတွေ ထင်တယ်"

​စားပွဲထိုးလေး၏ အော်ဟစ်သံနှင့်အတူ ဗိုက်ပူပူ သူဌေးကြီးသည် လူသန်ကြီး ခုနစ်ဦးကို ခေါ်ကာ ရောက်လာသည်။

​"ရိုက်ကြစမ်း"

သူဌေးကြီးက အမိန့်ပေးလိုက်သည်။

​စားပွဲထိုးများနှင့် လူသန်ကြီးများ ဝိုင်းအုံလာပြီး ကူရှန့်ကို အစွမ်းကုန် ဝိုင်းရိုက်ကြတော့သည်။

အစပိုင်းတွင် ကူရှန့်က ပြန်လည်ခုခံသော်လည်း တစ်ဖက်က လူအင်အားများလွန်းသဖြင့် တစ်ယောက်တည်းနှင့် မယှဉ်နိုင်ဘဲ အထိနာသွားရှာသည်။

​ရှူခွေကျန့်ရန်ကမူ မိမိနှင့်မဆိုင်သကဲ့သို့ မျက်စိမှိတ်နေ၏။

ပုချင်ယွန်းက ဝင်ကူရန် ပြင်သော်လည်း ညီမဖြစ်သူ ပုချင်ယွီက ဆွဲထားသည်။

​"မရိုက်ပါနဲ့တော့"

​ဖန့်ယွမ်မုန့်က သူမ၏ နားကပ်တစ်ဖက်ကို ဖြုတ်ကာ သူဌေးကြီးထံ ပစ်ပေးလိုက်သည်

"ဒါနဲ့ပဲ ရှင်းပေးမယ်"

​သူဌေးကြီးက နားကပ်၏ လက်ရာနှင့် ပစ္စည်းကို ကြည့်ကာ မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။

သူက လူတွေကို ချက်ချင်း ရပ်ခိုင်းလိုက်ပြီး ဖန့်ယွမ်မုန့်ကို ပြုံးပြကာ

​"မိန်းကလေး ဒီနားကပ်က လက်ဖက်ရည်ဖိုးအတွက် ကွက်တိပဲ နောက်ဆို ပိုက်ဆံမပါရင် ကြိုပြောကြပေါ့ အခုလို အထင်လွဲစရာ မဖြစ်ရအောင် ကဲယလူစုခွဲကြတော့ ဒါက အထင်လွဲတာလေးပါ"

​ကိစ္စက ပြေလည်သွားသော်လည်း ကူရှန့်၏ မျက်နှာတစ်ခုလုံး ဖူးရောင်နေသည်ကို ကြည့်ကာ လူတိုင်း စိတ်မသက်မသာ ဖြစ်သွားကြသည်။

မိမိတို့၏ အခြေအနေမှာ တကယ့်ကို အန္တရာယ်ရှိနေပြီ မဟုတ်ပါလား။

​ကျင့်ကြံမှုအဆင့် မရှိတော့လျှင် သူတို့သည် သာမန်လူသားနှင့် ဘာထူးတော့မည်နည်း ကူရှန့်ကဲ့သို့ ရွှေမြုတေ အဆင့် ကျင့်ကြံသူပင်လျှင် လက်ဖက်ရည်ဆိုင်က လူအစေခံအချို့ကို မယှဉ်နိုင်ဘဲ အရိုက်ခံနေရသည်။

တကယ်လို့ တစ်စုံတစ်ယောက်က သူတို့ကို သတ်ချင်လာလျှင်...။

​"ကျွန်မတို့ ဒီမှာ သေရင် တကယ်ပဲ သေသွားမှာလား"

ပုချင်ယွီက တုန်ရီသော အသံဖြင့် မေးသည်။

​ပုံရိပ်ယောင်ကမ္ဘာထဲက အန္တရာယ်ဆိုသည်မှာ ဤအချက်ပင် ဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။

​ကူရှန့်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေသည်။

သူကဲ့သို့ ပါရမီရှင်တစ်ယောက်က သာမန်လူသား ပုရွက်ဆိတ် တွေရဲ့ ဝိုင်းရိုက်တာ ခံရလိမ့်မည်ဟု အိမ်မက်တောင် မမက်ဖူးချေ။

​'ဒါတွေက အတုတွေပဲ... ဒါက ပုံရိပ်ယောင်ပဲ'

ဟု သူ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရသည်။

​လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ရှိချွမ်းခရိုင်အတွင်း လျှောက်သွားကြရင်း မိုးချုပ်လာသည်။

​"ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး ခွန်အားနဲ့ ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အခုတော့ ကျုပ်တို့က သာမန်လူတွေ ဖြစ်နေပြီ ဒီပုံရိပ်ယောင်ရဲ့ ဗဟိုချက်ကို မရှာနိုင်ရင် ကျုပ်တို့ ဒီမှာ တစ်သက်လုံး ပိတ်မိနေလိမ့်မယ်"

ဟု ရှူခွေကျန့်ရန်က လေးလေးနက်နက် ပြောသည်။

ပြောရင်းနှင့်ပင် သူသည် အေးလာသဖြင့် အင်္ကျီကို တင်းတင်းစေ့လိုက်သည်။

​လူတိုင်း၏ မျက်နှာမှာ ပို၍ပင် ပျက်သွားသည်။

ရာသီဥတုက တကယ်ကို အေးလာပြီ မဟုတ်ပါလား။

​"ရှေ့မှာ အပေါင်ဆိုင် တစ်ခု ရှိတယ် ကျုပ်တို့ဆီက အဖိုးတန်တာတွေ အကုန်ပေါင်ပြီး အခြေအရင် ချရအောင်"

ဟု ပုချင်ယွန်းက အကြံပြုသည်။

​အားလုံး သဘောတူသော်လည်း ဖန့်ယွမ်မုန့်နှင့် ပုချင်ယွီ၏ အဆင်တန်ဆာအချို့မှလွဲ၍ ကျန်သူများတွင် ပေါင်စရာ ဘာမှမရှိချေ။

ဝတ်ထားသည့် အင်္ကျီများကို ပေါင်ရန်မှာလည်း ကျင့်ကြံသူတစ်ယောက်အနေဖြင့် မလုပ်ချင်ကြပေ။

​"ထားပါတော့ ကျုပ်ရဲ့ ဒီဝတ်ရုံကိုပဲ ပေါင်လိုက်မယ် ငွေအတော်ရမှာပါ ပုံရိပ်ယောင် ပျက်သွားရင် ပြန်ယူလို့ ရတာပဲ"

ဟု ပုချင်ယွန်းက အံကြိတ်ကာ ပြောသည်။

​"မင်းရဲ့ အင်္ကျီက သာမန်အင်္ကျီ ဖြစ်မနေဘူးလား ပြန်ကြည့်ဦး"

ဖန့်ချန်က ရုတ်တရက် သတိပေးလိုက်သည်။

​ပုချင်ယွန်း ကြောင်သွားပြီး အင်္ကျီကို အားဖြင့် ဆွဲဖြဲကြည့်ရာ ချက်ချင်းပင် စုတ်ပြဲသွားတော့သည်။

​"ဘယ်လိုဖြစ်လို့လဲယ ဒါက အဝါရောင်အဆင့် အဆင်မြင့် ရတနာလေ ဝိညာဉ်တံဆိပ် ၇၂ ခု တောင် ပါတာ..."

ပုချင်ယွန်း ငိုင်သွားသည်။

​"ဒါက ပုံရိပ်ယောင်မို့လို့ပဲ"

ဟု ကူရှန့်က အတည်ပြုလိုက်သည်။

​အဝတ်အစားများမှာ သာမန်ဖြစ်သွားပြီမို့ အမျိုးသမီးနှစ်ဦး၏ လက်ကျန်အဆင်တန်ဆာများကိုသာ ပေါင်လိုက်ကြရသည်။

ခဏအကြာတွင် ပုချင်ယွန်းက ငွေစ ၁၃ ကျပ် ကိုင်ကာ ထွက်လာသည်။

​"ဒီလောက်လေးပဲလား"

ကူရှန့် မျက်မှောင်ကြုတ်လိုက်သည်။

​ရှူခွေကျန့်ရန်က သက်ပြင်းချကာ

"အရင်ဆုံး တည်းခိုဖို့ ရှာရအောင် ငါတော့ ဗိုက်တောင် ဆာလာပြီ..."

​ရွှေမြုတေအဆင့် ကျင့်ကြံသူများမှာ အစာမစားဘဲ နေနိုင်သော်လည်း ယခုမူ သာမန်လူသားများကဲ့သို့ ဆာလောင်မှုကို ခံစားနေရပြီ ဖြစ်သည်။

​ထိုညတွင် သူတို့သည် ဇရပ်တစ်ခု၌ တည်းခိုကာ ထမင်းတစ်နပ်စားလိုက်သည်မှာပင် ငွေစ ၂ ကျပ် ကုန်သွားသည်။

နောက်တစ်နေ့တွင် သူတို့သည် မြို့တောင်ဘက်စွန်းရှိ ပျက်စီးယိုယွင်းနေသော အိမ်အိုလေးတစ်လုံးကို ငှားလိုက်ကြသည်။

အိမ်က စုတ်သော်လည်း လေလုံမိုးလုံဖြစ်ပြီး ဈေးသက်သာသည်။

​အိမ်တွင် အခန်းသုံးခန်းရှိရာ ကူရှန့်နှင့် ပုချင်ယွန်းက တစ်ခန်း၊ အမျိုးသမီးနှစ်ဦးက တစ်ခန်း၊ ဖန့်ချန်နှင့် ရှူခွေကျန့်ရန်က တစ်ခန်း နေကြသည်။

​အခြေချပြီးချိန်တွင် ပိုက်ဆံမှာ ကုန်လုနီးပါး ဖြစ်နေပြီ။

​"ထိုင်စားနေလို့တော့ မရဘူး၊ ပိုက်ဆံရမယ့်လမ်း ရှာရင်း ပုံရိပ်ယောင်ရဲ့ ဗဟိုချက်ကို ရှာရမယ်"

ဟု ပုချင်ယွန်းက အားလုံးကို ကြည့်ကာ ပြောသည်။

​ရှူခွေကျန့်ရန်က ချောင်းဆိုးကာ ပြုံးလိုက်သည်

"ငါ့ရဲ့ ဒီခန္ဓာကိုယ်ကြီးကတော့ မင်းတို့ကို ကူညီနိုင်မှာ မဟုတ်တော့ဘူး..."

​"အဘိုးက အိမ်မှာပဲ နေပါ"

ဟု ကူရှန့်က ပြောပြီး ဖန့်ချန်ကို လှည့်ကြည့်သည်

"ကျီးမိတ်ဆွေ ခင်ဗျားကော လျှောက်သွားလို့ အဆင်ပြေရဲ့လား"

​"ပြဿနာမရှိပါဘူး"

ဖန့်ချန်က ခေါင်းငြိမ့်ပြသည်။

​ပထမဆုံးရက်တွင် ဘာမှ မရခဲ့ဘဲ အိမ်ပြန်ရောက်သောအခါ ရှူခွေကျန့်ရန်မှာ ချော်လဲရာမှ မထနိုင်ဘဲ အိမ်အလယ်တွင် လဲနေသည်ကို တွေ့ရသည်။

ထိုနေ့မှစ၍ အဘိုးအို၏ ကျန်းမာရေးမှာ ချက်ချင်းပင် ဆိုးရွားသွားပြီး အိပ်ရာထဲ လဲတော့သည်။

​ရက်အနည်းငယ် ကြာသောအခါ ပုချင်ယွန်းနှင့် ကူရှန့်တို့သည် ဝမ်းရေးအတွက် မာန်မာနကို လျှော့ကာ အလုပ်ရှာကြသည်။

သူတို့က သူစိမ်းများ ဖြစ်သဖြင့် ကောင်းမွန်သော အလုပ်မရဘဲ နောက်ဆုံးတွင် လုံခြုံရေးအစောင့်အလုပ်ကို ဝင်လုပ်ကြသည်။

ထိုမှတစ်ဆင့် ဤပုံရိပ်ယောင်ကမ္ဘာက ဘယ်လောက်ကျယ်သလဲဆိုသည်ကို လေ့လာချင်ကြခြင်း ဖြစ်သည်။

​ဖန့်ချန်မှာမူ မြို့ထဲတွင် လျှောက်သွားနေစဉ် လက်ဝှေ့သင်တန်းကျောင်း တစ်ခုကို တွေ့သဖြင့် ဆရာအဖြစ် လျှောက်ကြည့်သော်လည်း မျက်စိမမြင်သဖြင့် ချက်ချင်း အပယ်ခံလိုက်ရသည်။

​"လက်ဝှေ့သင်ပေးမယ်... တစ်လကို ငွေစ ၁ ကျပ်..."

ဖန့်ယွမ်မုန့်က ဖန့်ချန်အတွက် ဆိုင်းဘုတ်တစ်ခု ရေးပေးပြီး အိမ်ရှေ့တွင် ချိတ်ပေးလိုက်သည်။

သို့သော် သူမ၏ စိတ်ထဲတွင် ဖန့်ချန်အတွက် တပည့်ရလာလိမ့်မည်ဟု မယုံကြည်ပေ။

​တကယ်ပင် တစ်လလုံးကြာသော်လည်း တပည့်မရဘဲ အိမ်နီးနားချင်းများ၏ လှောင်ပြောင်ခြင်းကိုသာ ခံရသည်။

​ထိုနေ့တွင် ပုချင်ယွန်း တစ်ယောက် အိမ်ထဲသို့ ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်

"ညီမလေး မြန်မြန်လုပ် ကူရှန့်အတွက် ဆေးသွားဝယ်ပေးပါဦး"

​လူတိုင်း ထွက်ကြည့်လိုက်သောအခါ... ကူရှန့်မှာ မျက်နှာတစ်ခုလုံး ဖြူလျော်ကာ ပါးစပ်မှ သွေးများ ထွက်နေသည်ကို တွေ့လိုက်ရသည်။

ပုချင်ယွန်းက တွဲထားရုံနှင့်ပင် လဲကျလုနီးပါး ဖြစ်နေတော့သည်။

​အခန်း ၆၈၆ - မင်းက ဒီမျက်နှာကို ပေးမှာလား

​"ငါ ကျိန်ဆိုတယ်... တစ်နေ့ကျရင် ဒီနေရာကို သွေးချောင်းစီးအောင် ငါ လုပ်ပစ်မယ်"

​ကူရှန့်က ဆေးကို သောက်ရင်း အံကြိတ်ကာ ကြိမ်းဝါးနေသည်။

ကျန်သူများကမူ ဘာမှပြန်မပြောဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ၏။

​"တစ်လကျော်သွားပြီ... ကျုပ်တို့ ဘာမှ ရှာမတွေ့သေးဘူး"

​ပုချင်ယွန်းက သက်ပြင်းရှည်ကြီးကို ချလိုက်သည်

"ဒီအတိုင်းသာ ဆက်သွားရင် ကျုပ်တို့ရဲ့ ကျင့်ကြံရေးစိတ်ဓာတ် တွေ ဖုန်တက်ပြီး ပျက်စီးကုန်တော့မယ်"

​"ဟွတ်... ဟွတ်..."

​ရှူခွေကျန့်ရန်က တဟွတ်ဟွတ် ချောင်းဆိုးလိုက်ပြီး ခြောက်ကပ်နေသော အသံဖြင့် လူတိုင်းကို ကြည့်ကာ ပြောသည်

"နတ်မျိုးစေ့ ဖြစ်လာဖို့ဆိုတာ ဘယ်လောက် ခက်ခဲသလဲဆိုတာ မင်းတို့ သိသားပဲ သည်းခံရမယ်စိတ်ရှည်ရမယ်"

​"စိတ်ရှည်ရမယ် ပြောတော့ လွယ်တာပေါ့ အဲ့ဒီ ပုရွက်ဆိတ်လို လူသားတွေရဲ့ နှိပ်စက်မှုကို ခံနေရတာ အဘိုးမှ မဟုတ်တာ"

ကူရှန့်က လှောင်ပြောင်သလို ရယ်လိုက်သည်။

​ရှူခွေကျန့်ရန်၏ မျက်နှာတွင် အနေခက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဆက်မပြောတော့ချေ။

​ပုချင်ယွန်းက မျက်မှောင်ကြုတ်ကာ

"ဒါက ပုံရိပ်ယောင်ဆိုပေမဲ့ ဒီထဲမှာ သေရင် တကယ့်ပြင်ပမှာလည်း သေသွားနိုင်တယ် အခု ကူရှန့်က ဒီက လူမိုက်တွေနဲ့ ပြဿနာတက်ထားတာဆိုတော့ သူတို့ လာရှာကြဦးမှာပဲ"

​"လာရဲရင် လာကြည့်စမ်း ငါ သူတို့ကို သတ်ပစ်မယ်"

ကူရှန့်၏ မျက်နှာက ဒေါသကြောင့် ကြောက်စရာကောင်းနေသည်။

​တစ်လအတွင်းမှာပင် သူ၏ စိတ်နေစိတ်ထားမှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေပြီ။

ထိုကဲ့သို့ သာမန်လူသားများနှင့် ဆက်ဆံနေရသည်မှာပင် သူ့အတွက် အောက်ကျနောက်ကျနိုင်လှပြီ ဖြစ်ရာ၊ သူတို့၏ နှိပ်စက်မှုကို ခံနေရသည်မှာ ကျားကုန်းပေါ်မှ ခွေးက တက်ဆွဲနေသကဲ့သို့ ခံစားနေရခြင်းပင်။

​"သူတို့ တကယ် ရောက်လာရင်တော့ ဒုက္ခပဲ... ကျုပ်တို့မှာ အခု လက်ထဲမှာ ဘာအစွမ်းမှ မရှိဘူး"

​ပုချင်ယွန်းက ဖန့်ယွမ်မုန့်၊ ပုချင်ယွီ တို့ကို ကြည့်လိုက်သလို၊ ဖန့်ချန်နှင့် ရှူခွေကျန့်ရန်တို့ကိုလည်း ကြည့်ကာ ဆက်ပြောသည်

"လက်ရှိ ကျုပ်တို့ အဖွဲ့က အိုမင်းတာ၊ ဒဏ်ရာရတာ၊ မသန်စွမ်းတာတွေ အကုန်စုံနေတာပဲ"

​ရှူခွေကျန့်ရန်က အိုမင်းနေသူ၊ ဖန့်ချန်က မျက်စိမမြင်သော မသန်စွမ်းသူ ဖန့်ယွမ်မုန့်နှင့် ပုချင်ယွီတို့မှာလည်း အစွမ်းမရှိတော့သဖြင့် သာမန်မိန်းကလေးများသာ ဖြစ်နေကြသည်။

​ပုချင်ယွီက တိုးတိုးလေး ပြောသည်

"အစ်ကို အခု ကျွန်မတို့ တစ်လကို ငွေ ၃ ကျပ် ရနေတယ် ဆိုပေမဲ့ ဒါက အခြေခံ စားဝတ်နေရေးအတွက်ပဲ ရှိတာ ထမင်းတစ်နပ် စားဖို့တောင် အများကြီး တွက်ချက်နေရတယ်"

​"ဒါကလည်း ကျုပ်နဲ့ ကူရှန့် နှစ်ယောက်ပေါင်းမှ ရတာလေ"

ဟု ပုချင်ယွန်းက ဆိုသည်။

​"ကျွန်မလည်း ပြီးခဲ့တဲ့ရက်က အပ်ချုပ်အလုပ် တစ်ခု ရထားတယ် တစ်လကို ငွေ ၁ ကျပ် ရမယ်တဲ့"

ဖန့်ယွမ်မုန့်က ဝင်ပြောသည်။

​လူတိုင်း ခဏမျှ ဝမ်းသာသွားကြသော်လည်း ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားကြသည်။

သူတို့ကဲ့သို့ ကျင့်ကြံသူကြီးများက ငွေ ၁ ကျပ် ပိုရတာကို ဝမ်းသာနေမိသည်မှာ တကယ့်ကို စိတ်ပျက်စရာပင်။

​"ဟေ့ ကူရှန့်ဆိုတဲ့ကောင် ဒီမှာနေတာလား"

"ဟားဟား... ဒီမှာကြည့်စမ်း လက်ဝှေ့သင်ပေးမည် တစ်လကို ငွေ ၁ ကျပ် တဲ့လား ဟားဟားဟား"

​ခြံဝင်းအပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရသဖြင့် လူတိုင်း လန့်သွားကြသည်။

ကူရှန့်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ပုချင်ယွန်းက စိုးရိမ်တကြား ပြောသည်

​"လူမိုက်တွေ ရောက်လာပြီထင်တယ် ကျုပ် သွားပြီး လုံခြုံရေးအရာရှိ လင် ကို အကူအညီတောင်းကြည့်မယ် သူက ဟေးဝူစန်း ကို ပြောပေးနိုင်လိမ့်မယ်"

​"အရာရှိလင် ကိုယ်တိုင်က ဟေးဝူစန်း ကို ခိုင်းနေတာလေ မင်း သွားတောင်းပန်တာက သူတို့ အကြံထဲ တည့်တည့်တိုးမှာပေါ့"

ကူရှန့်က ဒေါသတကြီးဖြင့် မတ်တတ်ရပ်လိုက်သည်

"ငါ ဆက်ပြီး သည်းမခံတော့ဘူး ဒီနေ့ သူတို့ကို သွေးထွက်သံယို ဖြစ်အောင် လုပ်ပြမယ်"

​သူသည် လူတိုင်း၏ တားမြစ်မှုကို မမှုဘဲ ခြံတံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်တွင် လူ ၁၀ ဦးကျော် ရပ်နေသည်ကို တွေ့လိုက်ရသည်။

အိမ်နီးနားချင်းများမှာလည်း ကြောက်လန့်တကြား ပုန်းကြည့်နေကြ၏။

​ခေါင်းဆောင်ဖြစ်သူမှာ အသားမည်းမည်း၊ အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ကူရှန့်ကို မြင်သည်နှင့် လှောင်ပြောင်လိုက်သည်

"တကယ် ဒီမှာ နေတာပဲ"

​"ဟေးဝူစန်း... မင်း ဘာလုပ်ချင်လို့လဲ"

ကူရှန့်က အံကြိတ်ကာ မေးသည်။

​"ဘာလုပ်ရမှာလဲ မင်း သိသားပဲ အရာရှိလင်ကို ရန်စမိရင် ဘာဖြစ်မလဲဆိုတာ ပြပေးမလို့လေ သူက မှာလိုက်တယ် မင်းကို ဒူးထောက်တောင်းပန်ခိုင်းဖို့ပဲ အခုချက်ချင်း ဒူးထောက်ရင် ကိစ္စက မြန်မြန် ပြီးသွားလိမ့်မယ်"

ဟေးဝူစန်းက ဆိုသည်။

​"ငါက မင်းလို ပုရွက်ဆိတ်ကို ဒူးထောက်ရမယ် ဟုတ်လား"

ကူရှန့်က ဟားတိုက်ရယ်မောလိုက်သည်။

​သို့သော် ရယ်သံမှာ ကြာကြာမခံလိုက်ပေ။

ဟေးဝူစန်း၏ အမိန့်ပေးမှုနှင့်အတူ နောက်ပါလူမိုက်များက ကူရှန့်ကို ဝိုင်းအုံကာ မြေပြင်ပေါ်တွင် ဖိရိုက်နှက်ကြတော့သည်။

​ပုချင်ယွန်းက ဝင်ကူရန် ကြိုးစားသော်လည်း သူပါ ဝိုင်းရိုက်ခံလိုက်ရသည်။

ဖန့်ယွမ်မုန့်နှင့် ပုချင်ယွီတို့၏ မျက်နှာမှာ ဖြူလျော်သွားပြီး စိုးရိမ်တကြီး ဖြစ်နေကြသည်။

​ဖန့်ချန်သည် ရှူခွေကျန့်ရန်ကို တွဲထားရင်း အိမ်ရှေ့ဆောင်မှနေ၍ ငြိမ်သက်စွာ ကြည့်နေသည်။

ရှူခွေကျန့်ရန်၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ပြည့်နေ၏။

သူ၏ လက်ရှိ ခန္ဓာကိုယ်နှင့်သာ အရိုက်ခံရပါက ချက်ချင်းပင် အသက်ထွက်သွားနိုင်သည်။

​"တော်လောက်ပါပြီ... မင်းတို့ ဘာလိုချင်သလဲဆိုတာ ကောင်းကောင်းမွန်မွန် ပြောကြရအောင်"

​ဖန့်ချန်က တည်ငြိမ်စွာ စကားစလိုက်သည်။

ရှူခွေကျန့်ရန်မှာ လန့်သွားပြီး ဖန့်ချန်ကို ဆွဲကာ တိုးတိုးလေး ပြောသည်

"မိတ်ဆွေ တိတ်တိတ်နေစမ်းပါ ကိုယ့်ဆီ အန္တရာယ် ရောက်လာဦးမယ်"

​"ဟိုး..."

​ဟေးဝူစန်းက လူတွေကို ရပ်ခိုင်းလိုက်ပြီး ဖန့်ချန်နှင့် ရှူခွေကျန့်ရန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

​"မင်းက ဟိုမျက်စိမမြင်တဲ့ကောင်လား ပြီးတော့ ဒီအဘိုးကြီးကောပဲ မင်းတို့က ငါ ဟေးဝူစန်း ရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲတာလား"

​ဟေးဝူစန်းက လှောင်ရယ် ရယ်လိုက်သည်။

သူ၏ အကြည့်များက ဖန့်ယွမ်မုန့်နှင့် ပုချင်ယွီ တို့ဆီသို့ ရောက်သွားသောအခါ မျက်လုံးများက အရောင်တောက်သွားတော့သည်။

​"ဟာ... ဒီမှာ ဒီလောက် လှတဲ့ မိန်းကလေး နှစ်ယောက် ရှိနေတာကိုး"

ဟေးဝူစန်းက တံတွေးမျိုချရင်း သူတို့ဆီသို့ လျှောက်သွားသည်

"မိန်းကလေးတို့ ဒီလို စုတ်ပြတ်နေတဲ့ နေရာမှာ ဘယ်လိုနေမလဲ ငါ့အိမ်ကို လိုက်ခဲ့ကြစို့ အဲ့ဒီမှာ ကုတင်ကြီးကြီး ရှိတယ်"

​"ရှင်... ရှင်တို့ ရမ်းမကားနဲ့နော်"

ဖန့်ယွမ်မုန့်က အသံတုန်တုန်ဖြင့် ပြောသော်လည်း ပုချင်ယွီမှာမူ ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။

တကယ်လို့ တစ်ခုခု ဖြစ်သွားရင်... ဒါက ပုံရိပ်ယောင်ဆိုရင်တောင် သူမရဲ့ စိတ်ဓာတ်တွေ ပြိုကွဲသွားနိုင်သည် မဟုတ်ပါလား။

​ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

သူသည် ထိုနေရာတွင် လူပေါ်လူဇော် မလုပ်ချင်သော်လည်း၊ အခြေအနေက သူ မလှုပ်ရှား၍ မရတော့ပေ။

​သူသည် ရှူခွေကျန့်ရန်ကို တွဲထားသော လက်ကို လွှတ်လိုက်ပြီး ဟေးဝူစန်း ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

​"သခင်ကြီး... ဟိုမျက်စိမမြင်တဲ့ကောင် လာနေပြီဗျ"

လူမိုက်တစ်ဦးက လှောင်ပြောင်သည်။

​ဟေးဝူစန်းက ရပ်လိုက်ပြီး ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်ကာ

"မျက်စိမမြင်တဲ့ကောင် မင်းက သူရဲကောင်း လာလုပ်တာလား"

​ကူရှန့်တို့အဖွဲ့မှာလည်း စိုးရိမ်တကြီး ကြည့်နေကြသည်။

​"ဟေးဝူစန်း... ငါ့ကို မျက်နှာပေးတဲ့အနေနဲ့ အခုပဲ ထွက်သွားကြပါ"

ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်သည်။

​"မျက်နှာပေးရမယ် မင်းမျက်နှာက ဘယ်လောက်တန်လို့လဲ"

ဟေးဝူစန်းက ဟားတိုက်ရယ်မောလိုက်သည်။

​နောက်တစ်ခဏမှာပင် တစ်ကိုယ်လုံး မည်းမှောင်နေသော အရိပ်တစ်ခုက လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး၊ ဖန့်ချန်၏ လက်မောင်းက ဟေးဝူစန်း၏ လည်ပင်းကို အနောက်မှနေ၍ မြဲမြံစွာ ချုပ်ကိုင်လိုက်တော့သည်။

​"ငါ့မျက်နှာက ပိုက်ဆံမတန်ပေမဲ့ မင်းရဲ့ အသက်တော့ တန်တယ် အခုကော ငါ့ကို ဒီမျက်နှာ ပေးမှာလား"

​ဖန့်ချန်၏ အသံက ဟေးဝူစန်း၏ နားနားတွင် အေးစက်စွာ ထွက်ပေါ်လာသည်။

သူ အနည်းငယ်မျှ အားထည့်လိုက်ရုံနှင့် ဟေးဝူစန်း၏ လည်ပင်းရိုးမှာ ကျိုးသွားမည် ဖြစ်သည်။

​ကျင့်ကြံမှုတွေ မရှိတော့သော်လည်း... သူ၏ စစ်မြေပြင်မှ လေ့ကျင့်လာသော သတ်ဖြတ်ရေး နည်းစနစ်များမှာမူ ပျောက်ကွယ်မသွားခဲ့ပေ။

All Chapters