အခန်း (၆၇၁-၆၇၂)
Vol. 68 Ch. 671-672
အခန်း ၆၇၁ - ဆရာသခင်ကို ဘယ်သူမှ မစော်ကားစေရဘူး
အဘိုးဖန့်က ဒီလူအုပ်ကြီး ကြောင်အမ်းအမ်းဖြစ်နေတာကို ကြည့်ပြီး စိတ်မရှည်စွာ မေးလိုက်သည်
"တုယဲ့ ဘုန်းကြီးကော အရင်နှစ်ခါတုန်းက သူရှိနေသေးတယ်၊ အခု ဘာလို့ ထွက်မလာတာလဲ"
တုယဲ့ ဘုန်းကြီး
လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်နေကြသော်လည်း အချို့သော တာအိုပေါင်းစပ်ခြင်း ကျင့်ကြံသူများကတော့ ထိုအမည်ကို ရင်းနှီးနေသလို ရှိကြသည်။
"စီနီယာ တုယဲ့အရှင်မြတ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကတည်းက ပျံလွန်တော်မူသွားပါပြီ"
စောင့်ရှောက်ရေးဘုရင်က လက်အုပ်ချီကာ ပြန်ဖြေသည်။
"ပျံလွန်တော်မူသွားပြီ ဟုတ်လား စိတ်ပျက်စရာပဲအသက်တိုလိုက်တာ ဒီလူအုပ်ကြီးထဲမှာ သူတစ်ယောက်ပဲ ငါနဲ့ စကားပြောလို့ဖြစ်တာ"
အဘိုးဖန့်က ခေါင်းခါရင်း နောက်ထပ် နာမည်ပေါင်း တစ်ဒါဇင်ကျော်ကို ထပ်မံရွတ်ဆိုလိုက်သည်။
လူအုပ်ကြီးကတော့ အံ့သြနေကြပြီ။
ထိုနာမည်များနောက်ကွယ်တွင် တစ်ချိန်က အင်အားကြီးခဲ့သော မသေမျိုးဘုရင် များ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
"စီနီယာ သူတို့အားလုံး ပျံလွန်တော်မူသွားကြပါပြီ မသေမျိုးဘုရင်တွေတောင် သက်တမ်း လေးထောင်ပဲ ရှိတာလေ စီနီယာနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး"
စောင့်ရှောက်ရေးဘုရင်က ခါးသက်သက် ပြုံးကာ ဆိုသည်။
"အားလုံး သေကုန်ကြပြီလား"
အဘိုးဖန့်က မျက်မှောင်ကြုတ်လိုက်ပြီး ဟင်းလင်းပြင် တစ်နေရာကို ကြည့်ကာ ပြုံးလိုက်သည်
"ဟေး... ကောင်လေး မင်းက ဘာလို့ ပုန်းနေသေးတာလဲ"
တစ်ယောက်ယောက် ပုန်းနေသေးတာလား။
လူတိုင်း မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။
စောင့်ရှောက်ရေးဘုရင်တို့လို လူမျိုးတွေတောင် ကိုယ်ထင်ပြနေပြီကို၊ ဘယ်သူကများ ပုန်းနေနိုင်သေးသနည်း။
"စီနီယာဖန့်ဆီက ဘာမှ ဖုံးကွယ်လို့ မရပါလား"
အိုမင်းသော်လည်း ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဟင်းလင်းပြင်ထဲတွင် အဘိုးအိုတစ်ဦး ပေါ်လာသည်။
သူသည် ဓားကို စီးနင်းထားပြီး ဝတ်ရုံရှည်ကြီးမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။
ငွေရောင်နှင့် အနက်ရောင် ရောယှက်နေသော ဆံပင်ရှည်များက ပုခုံးပေါ်သို့ ဝဲကျနေသည်။
လူတိုင်းက ထိုအဘိုးအို၏ ရုပ်ရည်ကို မြင်ချင်သဖြင့် မျက်လုံးပြူးကြည့်ကြသော်လည်း ဘယ်ဘက်ကကြည့်ကြည့် သူ့ရဲ့ ဘေးတိုက်မျက်နှာ ကိုသာ မြင်နေရသည်။
"ဒါက ဘယ်သူလဲ..."
လူအများက ဝေခွဲမရဖြစ်နေစဉ်မှာပင် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှ ကျင့်ကြံသူများကတော့ ထူးဆန်းသော မျက်နှာထားများ ဖြစ်ကုန်ကြသည်။
ထိုသူမှာ သူတို့ဂိုဏ်း၏ အဘိုးကြီး ဓားနတ်ဘုရား မှလွဲ၍ အခြားမရှိပေ။
ဓားနတ်ဘုရားကြီး ပေါ်လာချိန်တွင် မသေမျိုးဘုရင်များ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့ရိပ်များ ထင်ဟပ်သွားသည်။
အထူးသဖြင့် မဟာချဲ့ထွင်းဂိုဏ်းမှ အိုယန်ရွှမ်ကျိ ဆိုလျှင် သိသိသာသာပင် တုန်လှုပ်နေသည်။
ဓားကျင့်ကြံသူတွေရဲ့ နည်းလမ်းက ကျိုးကြောင်းပြနေလို့ မရဘူးလေ၊ အဆင့်တူ မသေမျိုးဘုရင် အဆင့်ချင်း တူရင်တောင် ဒီအဘိုးကြီးရဲ့ ဓားက သူသတ် ချင်တဲ့သူကို သတ်နိုင်စွမ်း ရှိသည်။
လောကမှာ မသေမျိုးဧကရာဇ် တွေ ထွက်လာမှပဲ သူ့ကို ဖိနှိပ်နိုင်လိမ့်မည်။
"ဓားလမ်းစဉ်ကို လိုက်စားတဲ့သူလား ကြည့်ရတာ မင်း အသက်သိပ်မကြီးသေးဘူးပဲ အရင်တစ်ခေါက် အံစာတုံးပွဲတုန်းက မင်း လာခဲ့လား"
အဘိုးဖန့်က ပြုံးကာ မေးသည်။
"ဂျူနီယာ ကံကောင်းလို့ ကြည့်ခွင့်ရခဲ့ပါတယ် စုစုပေါင်း ၅၄၇ ရက် ကြာခဲ့ပါတယ်"
ဓားနတ်ဘုရားကြီးက ပြန်ဖြေသည်။
"မင်းက ဘာကျင့်စဉ်ကို ကျင့်ထားတာလဲ ဘာလို့ လူတွေကို မျက်နှာချင်းဆိုင် မပြတာလဲ"
အဘိုးဖန့်က မျက်မှောင်ကြုတ်သည်။
လူတိုင်း အံ့သြသွားကြသည်။
မသေမျိုးဘုရင်တွေတောင် ဓားနတ်ဘုရားကြီးရဲ့ မျက်နှာကို မမြင်ရတာ မဆန်းပေမဲ့ အဘိုးဖန့်လို ပုဂ္ဂိုလ်ကြီးကတောင် မမြင်ရဘူးလား။
"စီနီယာ... ဂျူနီယာကျင့်တဲ့ ဓားလမ်းစဉ်က နည်းနည်း ထူးခြားပါတယ် တကယ်လို့ လူတွေကို မျက်နှာချင်းဆိုင် ပြလိုက်ရင် လက်ထဲက ဓားက အစွမ်းကုန်မှာ မဟုတ်လို့ပါ"
ဓားနတ်ဘုရားကြီးက ပြုံးကာ ဆိုသည်။
"ထူးခြားသားပဲ ကောင်းပြီ ဒီမှာရှိတဲ့ လူတွေထဲမှာ မင်းကိုပဲ ငါ မျက်စိကျတယ် ဒီအတတ်ပညာကို ယူထားလိုက်"
အဘိုးဖန့်က ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပေလွှာ တစ်ခုသည် အလင်းတန်းအဖြစ် ဓားနတ်ဘုရားကြီး၏ လက်ထဲသို့ ကျရောက်သွားသည်။
ထို့နောက် အဘိုးဖန့်က စီနီယာယွမ်ဟယ်ကို နှုတ်ဆက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
လူတိုင်း ကြောင်အမ်းသွားကြသည်။
ဒါပဲလား။ အဘိုးဖန့်ရဲ့ အမွေအနှစ်က ဓားနတ်ဘုရားကြီးဆီ ရောက်သွားပြီပေါ့။
မသေမျိုးဘုရင်တွေမှာတော့ နှမြောတသဖြစ်နေသော်လည်း ဓားနတ်ဘုရားကြီးဆီကနေ ပြန်လုဖို့တော့ မဝံ့ရဲကြပေ။
မသေမျိုးဧကရာဇ် တွေကလွဲရင် ဒီအဘိုးကြီးဆီက ပစ္စည်းလုရဲတဲ့သူ လောကမှာ မရှိသလောက်ပင်။
"စီနီယာဖန့်ကို ကျေးဇူးတင်ပါတယ်"
ဓားနတ်ဘုရားကြီးက ဟင်းလင်းပြင်ကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် သူကိုယ်တိုင်လည်း ပျောက်ကွယ်သွားပြန်သည်။
အဘိုးဖန့် ထွက်သွားပြီးနောက် လူတိုင်း၏ အကြည့်က စီနီယာယွမ်ဟယ် ဆီသို့ ရောက်သွားသည်။
ယွမ်ဟယ်၏ မျက်လုံးများမှာ ခဏမျှ ဝေဝါးသွားပြီးမှ ပြန်လည် ကြည်လင်လာကာ ပတ်ဝန်းကျင်ကို ကြည့်ရင်း ရယ်မောလိုက်သည်
"အရမ်း စည်ကားနေတာပဲ မင်းတို့တွေ ဒီမှာ ဘာလုပ်နေကြတာလဲ"
"..."
"ဆရာ့ရဲ့ သတိစိတ်... ပြန်ပြီး ဝေဝါးသွားပြီ"
ချင်းမုဘိုးဘေးကြီးက သက်ပြင်းချလိုက်သည်။ ဖန့်ချန်ကတော့ မျက်နှာ ပိုလေးနက်သွားသည်။
အဘိုးနဲ့ တစ်ပုံစံတည်းတူတဲ့ အဘိုးဖန့် ထွက်သွားပြီဆိုတော့ အမှန်တရားကို သိဖို့ဆိုရင် မဟာရှ ကို ပြန်ပြီး အဘိုးအရင်းကို မေးရတော့မည်။
"စီနီယာယွမ်ဟယ် ကျွန်တော်တို့ တာအိုသုံးထောင်ဂိုဏ်းထဲကို ဝင်ချင်ပါတယ် ကျေးဇူးပြုပြီး ပညာသင်ပေးပါ"
ရုတ်တရက် တာအိုဝတ်စုံဝတ်ထားသော ကျင့်ကြံသူ အချို့က ရှေ့သို့ထွက်ကာ တောင်းဆိုကြသည်။
အလယ်က လူမှာတော့ မျက်နှာ ဖြူဖျော့ကာ စိတ်လွတ်နေပုံရသည်။
"မဟာချဲ့ထွင်းဂိုဏ်းက လူတွေပဲ"
ချင်းမု၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းများ ဖြတ်ပြေးသွားသည်။
ထို့နောက် သူက ထိုစိတ်လွတ်နေသော တာအိုဆရာကို ကြည့်ကာ
"ဖန့်ညီလေး ဟိုမှာရှိနေတာက မင်းရဲ့ စီနီယာအစ်ကို ဟုန်ချင်း ပဲ ဒီနေ့ ငါတို့ တာအိုစိန်ခေါ်ရုံတင်မကဘူး၊ သူ့ကိုပါ ခေါ်သွားရမယ်"
မဟာချဲ့ထွင်းဂိုဏ်းက လူတွေက ယွမ်ဟယ်ကို အကဲခတ်နေကြသည်။
အထူးသဖြင့် ယွမ်ဟယ်က ဟုန်ချင်း ကို မှတ်မိမလားဆိုတာကို သူတို့ သိချင်နေကြသည်။
ဒါပေမဲ့ ယွမ်ဟယ်ကတော့ ထိုသူကို သာမန်လူလိုပဲ ကြည့်ပြီး ပြုံးလိုက်သည်
"မင်းတို့ရဲ့ ပါရမီက မလောက်ဘူး တာအိုသုံးထောင်ဂိုဏ်းထဲကို ဝင်လို့ မရဘူး"
"အို သူတို့ ပါရမီက မလောက်ဘူး ဟုတ်လား ခင်ဗျားရဲ့ အကြည့်ကပဲ မြင့်လွန်းနေတာ မဟုတ်လား"
မသေမျိုးသင်္ဘောပေါ်မှ အိုယန်ရွှမ်ကျိ က လှောင်ပြောင်သံဖြင့် ပြောလိုက်သည်။
ယွမ်ဟယ်မှာ ဝိညာဉ်အကြွင်းအကျန် အခြေအနေသို့ ပြန်ရောက်တော့မည်ဖြစ်ပြီး သူ့ကို အန္တရာယ်မပေးနိုင်တော့မှန်း သူတို့ သိနေကြသည်။
"စီနီယာယွမ်ဟယ် တာအိုသုံးထောင်ဂိုဏ်း ပျက်စီးသွားတာ ကြာလှပြီဆိုတာ ခင်ဗျား သိလားတကယ်လို့ ဂိုဏ်းကို ပြန်ထူထောင်ချင်ရင် တာအိုသုံးထောင်ကျင့်စဉ် ကို ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ"
နောက်ထပ် သင်္ဘောတစ်စင်းပေါ်မှ နဂါးအရှင် ကလည်း ဝင်ပြောသည်။
လူအုပ်ကြီးမှာ အသက်ရှူမှားသွားကြသည်။
ယွမ်ဟယ်က ဝိညာဉ်အကြွင်းအကျန် ဖြစ်နေပေမဲ့ ဒီလိုစကားမျိုးကို ကြားရင် ဒေါသထွက်နိုင်သည် မဟုတ်လား။
သို့သော် ယွမ်ဟယ်ကတော့ ဘာမှ မကြားသလိုပင် ပါရမီရှင်များကို ဆက်လက် ရှာဖွေနေသည်။
"သူ့သတိစိတ်က မကောင်းတော့ဘူး"
"သူ့ဆီမှာ ကျင့်စဉ် အမွေအနှစ် တကယ် ရှိရဲ့လားတောင် သံသယဖြစ်မိတယ် ဝိညာဉ်အကြွင်းအကျန်ပဲလေ"
နဂါးအရှင်နဲ့ စူမို ဧကရာဇ်တို့က ယွမ်ဟယ်ကို လူလိုပင် သဘောမထားတော့ဘဲ ပြောင်ပြောင်တင်းတင်း ပြောဆိုနေကြသည်။
"ကောင်းကင်ဘုရင်ကိုင် ကျွန်တော့်ဂိုဏ်းက ပါရမီရှင်တွေကို သွားစမ်းခိုင်းလိုက်ဦးမယ် သူတို့က တာအိုဂိုဏ်းသားတွေဆိုတော့ ဒီဝိညာဉ်အကြွင်းအကျန်က သူတို့ကို သဘောကျရင် ကျနိုင်တယ်"
အိုယန်ရွှမ်ကျိက လူတိုင်းကြားအောင် ကျယ်လောင်စွာ ပြောလိုက်သည်။
"ဝိညာဉ်အကြွင်းအကျန်... တဲ့လား"
ချင်းမုက လှောင်ပြောင်စွာ ပြုံးလိုက်ပြီး ဖန့်ချန်ကို ကြည့်သည်
"ဖန့်ညီလေး နှစ်ပေါင်းများစွာ ဒီတာအိုကျင့်ကြံသူတွေက ဆရာ့အပေါ်မှာ ဘာလို့ ဒီလောက် စော်ကားမော်ကား လုပ်နေကြလဲ မင်း သိလား"
"သူတို့ ကြောက်နေကြတာလေ"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။
"မှန်တယ်"
ချင်းမုက ခေါင်းညိတ်သည်
"သူတို့ ကြောက်လေလေ ဆရာ့ကို ပိုပြီး နှိမ့်ချစော်ကားလေလေပဲ အဲ့လိုလုပ်မှ သူတို့ စိတ်သက်သာရာ ရကြတာကိုး"
သူက ခဏရပ်ပြီး
"ပြင်ဆင်ထားပြီလား သူတို့က ဆရာ့ရဲ့ အမွေအနှစ်ကို လိုချင်နေမှတော့ အနည်းဆုံးတော့ ငါတို့ရဲ့ တာအိုစိန်ခေါ်ပွဲ ကို အရင် ဖြတ်ကျော်ရမှာပေါ့"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
ထိုတာအိုကျင့်ကြံသူများကို သူတို့၏ အဆင့်အတန်း မှန်ကန်အောင် ပြန်သင်ပေးရမည်။
ဆရာသခင်ကို ဘယ်သူမှ မစော်ကားစေရဘူး။
အခန်း ၆၇၂ - မင်းတို့လို အမှိုက်တွေက တိရစ္ဆာန်ထက်တောင် နိမ့်ကျတယ်
"မဟာချဲ့ထွင်းဂိုဏ်းက ကျင့်ကြံသူတွေ အားလုံး ရှေ့ထွက်ခဲ့ကြစမ်း စီနီယာယွမ်ဟယ်ကို အကဲခတ်ခိုင်းပြီး မင်းတို့ထဲက ဘယ်သူက သူ့မျက်စိကျမလဲဆိုတာ ကြည့်ရအောင်"
အိုယန်ရွှမ်ကျိ၏ အသံက ရှေးဟောင်းသားရဲမြေရိုင်းတစ်ခုလုံး ဟိန်းထွက်သွားသည်။
ချက်ချင်းဆိုသလိုပင် မဟာချဲ့ထွင်းဂိုဏ်းမှ ကျင့်ကြံသူအမြောက်အမြားသည် ယွမ်ဟယ်၏ ရှေ့သို့ ပျံသန်းရောက်ရှိလာကြသည်။
အချို့က ရိုသေဟန်ဆောင်ထားသော်လည်း အချို့ကတော့ နှာခေါင်းရှုံ့ကာ အထင်သေးသောအကြည့်များဖြင့် ကြည့်နေကြသည်။
"စီနီယာယွမ်ဟယ် ကျွန်တော်မျိုးက စီနီယာ့မျက်စိကျလောက်တဲ့သူ ဖြစ်မလား ကျွန်တော် ကျင့်ကြံလာတာ နှစ်ပေါင်း ၁၄၀ ကျော်ပြီ အခုဝိညာဥ်သန္ဓေသား အစောပိုင်းအဆင့်ကို ရောက်နေပါပြီ"
"စီနီယာ ကျွန်တော်ကတော့ ကျင့်ကြံသက် ၈၇ နှစ်ပဲ ရှိသေးတယ် ရွှေမြုတေ နောက်ဆုံးအဆင့်ပါ အခုလောကမှာ တကယ့်တာအိုဂိုဏ်းစစ်စစ် သုံးခုပဲ ရှိတယ်၊ အဲ့ထဲမှာ ကျွန်တော်တို့ မဟာချဲ့ထွင်းဂိုဏ်းလည်း ပါတာမို့ ကျွန်တော့်ကို ပညာသင်ပေးရင် တာအိုဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်"
ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများက ယွမ်ဟယ်ကို ဝိုင်းအုံကာ ပညာရပ်အမွေအနှစ် တောင်းခံနေကြပုံမှာ ဖန့်ချန်အမြင်တွင်တော့ အဖိုးကြီးတစ်ယောက် သေခါနီးအချိန်မှာ အမွေလုနေကြသည့် သားသမီးရတနာများနှယ်ပင်။
သို့သော် သူ စိတ်သက်သာရာရသည်မှာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကတော့ ထိုလူအုပ်ထဲ ဝင်မတိုးခြင်းပင်။
ဖြစ်နိုင်သည်မှာ ဓားနတ်ဘုရားကြီးက အဘိုးဖန့်ဆီက အမွေရသွားပြီဖြစ်၍ အခြားသူများကို ခွဲတမ်းပေးသည့် သဘောမျိုးလည်း ဖြစ်နိုင်သည်။
"အစ်ကို... အစ်ကိုကော သွားမစမ်းကြည့်ဘူးလား"
စောင့်ရှောက်ရေးဘုရင်၏ သင်္ဘောပေါ်တွင် ကိုင်ယွန်နော က သူမအစ်ကို ကိုင်ဟုန် ကို မေးလိုက်သည်။
"တာအိုဂိုဏ်းရဲ့ လမ်းစဉ်က ငါနဲ့မကိုက်ဘူး သွားမစမ်းတော့ပါဘူး"
ကိုင်ဟုန်က ပြုံးကာ ဆိုသည်
"ဒီနေ့ လူဘယ်နှစ်ယောက်လောက် အမွေရမလဲဆိုတာ မင်း ခန့်မှန်းကြည့်စမ်း"
"ဒီတစ်ခေါက် ရောက်လာတဲ့ နတ်မျိုးစေ့တွေက မနည်းဘူး အရင်တစ်ခေါက် နတ်ဘုရားနန်းတော် ပွဲထက်တောင် စည်သေးတယ် သုံးယောက်ကနေ ငါးယောက်လောက်တော့ အမွေရမယ် ထင်တာပဲ"
ထိုစဉ်မှာပင် လူအချို့ ပျံသန်းလာကြသည်။
ကိုင်ဟုန်၏ လက်အောက်ငယ်သားများက တားဆီးရန် ပြင်လိုက်သော်လည်း ကိုင်ဟုန်က လက်ကာပြလိုက်သည်။
"ကိုးယောက်မြောက်မင်းသား ရောက်လာတာပဲ အရင်တစ်ခါ ချန်းတောက် နယ်မြေမှာ သူ့လူတွေ အမှားလုပ်လို့ ပြဿနာတက်ခဲ့တာကို ဟွမ်ယွမ် ဘက်ကတောင် သိသွားတယ်လို့ ကြားတယ်"
ကိုင်ယွန်နော က အသံလှိုင်းဖြင့် ပြောလိုက်သည်။
"ကံကောင်းလို့ ငါ အဲ့ဒီဘက်ကို ဖြတ်သွားရင်းနဲ့ အထင်လွဲတာတွေကို ရှင်းပေးလိုက်လို့ပေါ့ ကြီးကြီးမားမား မဖြစ်သွားတော့ ဟွမ်ယွမ်ဘက်က ဆူရုံလောက်ပဲ ဆူမှာပါ"
ကိုင်ဟုန်က ရယ်မောကာ ရှေ့သို့သွားပြီး ရောက်လာသူကို ဖက်လဲတကင်း နှုတ်ဆက်လိုက်သည်
"ညီလေးကိုး မတွေ့တာ ကြာပြီနော်"
ရောက်လာသူမှာ မိန်းကလေးတစ်ယောက်ထက်ပင် ချောမောလှပသည့် လူငယ်တစ်ဦး ဖြစ်သည်။
သူက ကိုင်ဟုန်၏ ရင်းနှီးမှုကို သိပ်မပြချင်သော်လည်း ချက်ချင်းပင် အမူအရာ ပြင်လိုက်ကာ
"ကိုင်အစ်ကိုကြီး၊ ကိုင်အစ်မကြီး"
ဟု နှုတ်ဆက်သည်။
"ညီလေးကိုး မင်းက ငါတို့ထဲမှာ အငယ်ဆုံးပေမဲ့ ပါရမီကတော့ အကောင်းဆုံးပဲ ရွှေအမြုတေအထွတ်အထိပ်ကို ရောက်နေပြီလား ဒီတစ်ခေါက် ရှေးဟောင်းနတ်ဘုရားလမ်း ကို သွားဖို့ စိတ်ကူးရှိလား"
ကိုးယောက်မြောက်မင်းသားက ခေါင်းညိတ်ပြသည်
"ဟုတ်ကဲ့ နတ်မျိုးစေ့ ဖြစ်လာနိုင်မလားဆိုတာ သွားစမ်းကြည့်မလို့ပါ အစ်ကိုတို့က ဝါရင့်တွေဆိုတော့ ကျွန်တော့်ကို နည်းနည်းပါးပါး လမ်းညွှန်ပေးပါဦး"
ကိုင်ဟုန်က သက်ပြင်းချကာ
"လမ်းညွှန်လို့ မရဘူး ညီလေးရာ အဲ့ဒီလမ်းက တစ်ခါနဲ့တစ်ခါ မတူဘူး အရင်လူတွေရဲ့ အတွေ့အကြုံက မင်းအတွက် အသုံးမဝင်တဲ့အပြင် အန္တရာယ်တောင် ဖြစ်စေနိုင်သေးတယ်"
သူက စကားလမ်းကြောင်းလွှဲကာ
"မင်းရော စီနီယာယွမ်ဟယ်ဆီမှာ သွားမစမ်းကြည့်ဘူးလား မင်းက ငယ်ငယ်ကတည်းက တာအိုပညာကို ဝါသနာပါတာ မဟုတ်လား"
ကိုးယောက်မြောက်မင်းသားက ယွမ်ဟယ်ကို တစ်ချက်ကြည့်ကာ
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီစီနီယာနဲ့ တွေ့ဖူးတယ်သူက ကျွန်တော့်ကို မျက်စိမကျဘူးဗျ"
ကိုင်ဟုန်တို့ မောင်နှမမှာ အံ့သြသွားသော်လည်း အခြေအနေကို ပြန်ထိန်းကာ စကားဖြတ်လိုက်ကြသည်။
ကိုးယောက်မြောက်မင်းသားကလည်း စိတ်ထဲမထားသလို ပြုံးပြရင်း ဓားကျင့်ကြံသူများရှိရာသို့ ကြည့်လိုက်သည်
"ကိုင်အစ်ကိုကြီး အရင် ချန်းတောက် မှာတုန်းက အစ်ကိုနဲ့ ရင်းနှီးတဲ့ ဖန့် ဆိုတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်မလား သူက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကလို့ ကြားတယ် သူရော ဒီကို လာလား ကျွန်တော့်ကို မိတ်ဆက်ပေးပါဦး"
ကိုင်ယွန်နော ၏ မျက်နှာက ချက်ချင်း ညိုမှောင်သွားသည်။
ကိုင်ဟုန်ကတော့ ဟားဟားတိုက် ရယ်မောရင်း
"မင်းအစ်မက သူ့ကို မကြည်ဘူးကွ သူ့အကြောင်း သူ့ရှေ့မှာ မပြောနဲ့ ဒီနေ့ တခြားအကြောင်းတွေ မပြောဘဲ စီနီယာယွမ်ဟယ် ဘာအမွေတွေ ပေးမလဲဆိုတာပဲ ကြည့်ရအောင်"
ထိုစဉ်မှာပင် ယွမ်ဟယ်က သူ့ရှေ့ရှိ ကျင့်ကြံသူများကို ကြည့်ကာ သက်ပြင်းအသာချလိုက်သည်
"မင်းတို့ရဲ့ ပါရမီတွေက မလောက်ငှသေးဘူးပဲ တာအိုသုံးထောင်ဂိုဏ်းထဲကို ဝင်ဖို့ဆိုရင် အဆင့်မမှီသေးဘူး ဒါပေမဲ့ ငါတို့ ဆုံဆည်းခွင့် ရခဲ့တာဆိုတော့ မင်းတို့ကို လက်ချည်းဗလာနဲ့တော့ ပြန်မလွှတ်ပါဘူး မင်းတို့ရဲ့ ကျင့်ကြံချင်တဲ့ စိတ်ဓာတ်ကို မပျက်ပြားစေချင်ဘူး"
သူက ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းပေါင်းများစွာသည် လူပေါင်း ရာနှင့်ချီသော ကျင့်ကြံသူများ၏ နဖူးဆီသို့ ပြေးဝင်သွားသည်။
အလင်းမှန်သူများမှာ ချက်ချင်းပင် မျက်လုံးမှိတ်ကာ တရားမှတ်သလို ငြိမ်သက်သွားကြသည်။
အလင်းမမှန်သူတစ်ဦးကတော့ မကျေမနပ်ဖြင့်
"စီနီယာယွမ်ဟယ် ဘာလို့ သူတို့ကိုကျတော့ ပညာပေးပြီး ကျွန်တော့်ကိုကျတော့ မပေးတာလဲ"
ယွမ်ဟယ်က ဘာမှမကြားသလို ပြုံးနေမြဲပင်။ ထိုသူက ဒေါသထွက်လာကာ
"တကယ်ပဲ ဝိညာဉ်အကြွင်းအကျန်ဆိုတော့လည်း အသုံးမကျဘူးပဲ အရင်က ဘယ်လောက်ပဲ တော်ခဲ့တော်ခဲ့၊ အခုတော့ လူလည်းမဟုတ်၊ သရဲလည်းမဟုတ်တဲ့ အကောင်ပဲ"
"အေးလေ ဝိညာဉ်အကြွင်းအကျန်ကို ဘာသွားပြောနေမှာလဲ သူ့စိတ်တိုင်းကျ ပေးချင်ပေးမှာပေါ့ မပေးရင်လည်း ချီးတောင် စားရမှာ မဟုတ်ဘူး၊ ဂရုမစိုက်နဲ့"
နောက်တစ်ယောက်က လှောင်လိုက်သည်။
ရုတ်တရက် အမွေရထားသော ကျင့်ကြံသူတစ်ဦးက မျက်လုံးဖွင့်လာကာ အော်ဟစ်တော့သည်
"ငါ့ကိုပေးတဲ့ ပညာက ဓာတ်ကြီးငါးပါး ထိန်းချုပ်ခြင်း တဲ့လား ဒါက ဘာပညာလဲ ငါ အသက်ခုနစ်နှစ်ကတည်းက ဒါကို တတ်ပြီးသားပဲ"
"တောက်... ငါကတော့ မီးလုံးဂါထာ တဲ့"
"ငါက ရေခဲမြား"
"ငါကတော့ နည်းနည်း တော်သေးတယ်၊ အမြန်နှုန်းမြှင့် အဆောင် တဲ့ ဒါက အခြေခံတည်ဆောက်ခြင်း အဆင့်မှာဆိုရင် အသုံးဝင်မှာပေါ့ အခု ငါက ဝိညာဥ်ခွဲဖြာခြင်း အဆင့် ရောက်နေပြီလေ ဒီယွမ်ဟယ်ရဲ့ ဦးနှောက်က တကယ်ပဲ မမှန်တော့တာပဲ"
အမွေရရှိသူများမှာ ယွမ်ဟယ်ကို ဝိုင်းဝန်း ဆဲဆိုကြတော့သည်။
"စီနီယာယွမ်ဟယ် ခင်ဗျား ဒီလူကို တကယ် မမှတ်မိတော့ဘူးလား သူက ဟုန်ချင်း လေ သူက ခင်ဗျားရဲ့ တပည့်အရင်းလို့ ကြားဖူးတယ် တကယ်လို့ သူ့ကို ခင်ဗျားရှေ့မှာ အသေမခံချင်ရင် ပညာကို မြန်မြန်ပေးလိုက်စမ်းပါ"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
ဒါက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လာခြင်းပင်။
မဟာချဲ့ထွင်းဂိုဏ်းက လူတွေက ယွမ်ဟယ်ကို ခြိမ်းခြောက်ပြီး အမွေလုရန် ကြိုးစားနေကြသည်။
"ဟုန်ချင်း..."
ယွမ်ဟယ်က တွေဝေစွာ ကြည့်နေစဉ်မှာပင်၊ တွေဝေနေသော ဟုန်ချင်း၏ မျက်လုံးများက ရုတ်တရက် တည်ကြည်သွားပြီး ပတ်ဝန်းကျင်ရှိ မဟာချဲ့ထွင်းဂိုဏ်းသားများကို အေးစက်စက် ကြည့်လိုက်သည်
"မင်းတို့လို အမှိုက်တွေက တိရစ္ဆာန်ထက်တောင် နိမ့်ကျတယ်"
"ဟက် မင်းက ရူးချင်ယောင်ဆောင်နေတာပေါ့လေ၊ အခုတော့ ဟန်မဆောင်နိုင်တော့ဘူးလား"