နောက်တစ်ဖန်
Vol. 8 Ch. 745
စွန်းရီဖန်၊ စီမာတာအိုတို့နှင့်အတူ ပိုင်ရှောင်ချန်းမှာ အထဲသို့ ဝင်သွားပြီးနောက် လူအုပ်ကြီးမှာ ဖြစ်ပျက်သွားခဲ့သည့် အချင်းအရာများကို ဆွေးနွေးရင်း ထွက်ခွာသွားကြတော့သည်။ လူတိုင်းမှာ အလွန်အမင်းစိတ်လှုပ်ရှားနေကြပြီး သတင်းပို့ ကျောက်စိမ်းပေလွှာများကိုသုံးကာ ထိုအံ့အားသင့်ဖွယ်သတင်းကြီးကို အသိမိတ်ဆွေများ၊ မိသားစုများထံ ပေးပို့နေကြတော့သည်။
ဗဟိုဧကရာဇ်မြို့တော်ထဲ၌ ပိုင်ဟောက်ဆိုသည်နာမည်မှာ အချိန်အနည်းငယ်အတွင်း လူတိုင်း၏ ပါးစပ်ဖျားမှာ ပြောစရာတစ်ခုဖြစ်လာတော့သည်။
ထို့အပြင် သူ၏ အဆုံးသတ်လုပ်ရပ်များမှာ ချောမွေ့လွန်းလှသဖြင့် လူအများမှာ ကြည်ညိုလေးစားနေကြတော့သည်။ သို့သော် ထိုအချင်းအရာကြောင့် ချင်းမေ့ယွမ်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာတော့သည်။ သူမသည် သူ၏ သရုပ်အမှန်ကို ယခုအထိ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ပေ။
" ခဏနေပါဦး။ ငါမှတ်မိသလောက်ဆိုရင် ဒါပိုင်ရှောင်ချန်းရဲ့ ပုံစံပဲ။ သူ့လုပ်ရပ်တွေက ပါးပါးနပ်နပ် ချောချောမွေ့မွေ့ရှိပြီး သူက ပြဿနာတွေကို ဖြေရှင်းရတာ ကြိုက်တဲ့လူမျိုးလေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ စစ်မက်ဖြစ်ပွားခါနီးတုံးက လူတိုင်းက စစ်ပွဲကြီးဖြစ်ပြီလို့တွက်ထားကြတာ။ ဒါပေမဲ့ ပိုင်ရှောင်ချန်းထွက်လာပြီး ပြဿနာတွေ ရှင်းပေးသွားခဲ့တာ "
သူမမှာ လူအုပ်ကြီးနှင့်အတူ ထွက်ခွာသွားရင်း ထိုအကြောင်းကို ဆင်ခြင်သုံးသပ်ကာ သူမ၏အိမ်အနားထိ ပြန်ရောက်သွားသည်။ သို့သော် သူမ၏အိမ်အထိ မရောက်ခင်မှာပင် သူမက စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် ရုတ်တရက် ရပ်လိုက်တော့သည်။
" ပြီးတော့ ဝိညာဥ်ဆေးလုံးတွေနဲ့ ပတ်သတ်လို့ ဖြစ်ခဲ့တဲ့ ကိစ္စလည်းရှိသေးတယ်။ သူသာ ပိုင်ရှောင်ချန်းဆိုရင် အဲဒီကိစ္စက လုံးဝဖြစ်နိုင်ချေရှိသွားပြီ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုံးက လူတွေကသူ့ကို ကပ်မိစ္ဆာလို့ ခေါ်ခဲ့တာလေ။ ဒါပေမဲ့ အကြီးဆုံးသဲလွန်စက ရှင်းကုံကျစ်တာအိုဂိုဏ်းမှာရှိတုံးက ကောင်းကင်ဘုံအဖွဲ့အစည်း သူ့ကိုလုပ်ခဲ့တဲ့ လုပ်ရပ်အတိုင်း တထေရာထဲ သူပြန်လုပ်တဲ့ အချက်ပဲ "
ချင်းမေ့ယွမ်မှာ ဝိညာဥ်ရေနွေးအိုးထဲတွင် သူ့ထံမှ သတင်းနှိုက်ရန်ကြိုစားခဲ့စဥ်က သူ၏ အပြုအမူများကို ပြန်လည်တွေးတောမိလိုက်သောအခါ တုန်လှုပ်သွားရတော့သည်။ ၎င်းအချက်ကို ကောင်းကင်ဘုံအဖွဲ့အစည်း သဲလွန်စဖြင့် ပေါင်းစည်းလိုက်သောအခါ အရာရာတိုင်းမှာ ဇာတ်ရည်လည်သွားသဖြင့် သူမမှာ ပြုံးလိုက်သည်။
ချင်းမေ့ယွမ်မှာ ချောမောလှပသည့် မိန်းကလေးတစ်ယောက် ဖြစ်သဖြင့် သူမ၏အပြုံးမှာ ပန်းအပွင့်တစ်ရာ ပွင့်နေသည့်အလား ဖြစ်နေတော့သည်။ လမ်းသွားလမ်းလာများက သူမကိုသတိထားမိသွားကြပြီး သူတို့၏ မျက်လုံးများ အရောင်လက်လာတော့သည်။
" သေချာတယ်။ သူက ပိုင်ရှောင်ချန်းပဲ "
သူမက တွေးလိုက်သည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ရုတ်ချည်းနိုးထလာပြီး သူမသည် နောက်လှည့်ကာ မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးနှင့် ပိုင်ရှောင်ချန်း၏ ဆိုင်ရှိရာသို့ ကြည့်လိုက်တော့သည်။ တစ်ခဏကြာပြီးနောက် သူမမှာ ထွက်ခွာသွားတော့သည်။
သူ၏ယဥ်ကျေးသိမ်မွေ့သောအမူအရာများနှင့် တမူထူးခြားသော ဗျူဟာများမှာ သူ၏သရုပ်မှန်ကို ပေါ်သွားစေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းက လုံးဝမသိသေးပေ။ သူသာ သိသွားပါက အသိစိတ်ပျောက်လုမတတ် ကြောက်ရွံ့နေမည်ဖြစ်ပြီး မိန်းမများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း ပြောဆိုနေမည်သာဖြစ်သည်။ ထိုသို့ အသေးစိတ် ဂရုတစိုက်အာရုံစိုက်နိုင်ခြင်းမှာ ယောက်ျားများ ခုခံနိုင်စွမ်းမရှိသည့် အရာတစ်ခုဖြစ်သည်။
လက်ရှိအချိန်တွင် သူသည် သူ၏ဆိုင်ထဲတွင်ထိုင်ကာ စွန်းရီဖန်၊ စီမာတာအိုတို့နှင့် ပေါ့ပေါ့ပါးပါး စကားပြောဆိုနေသည်။ သူတို့သုံးယောက်စလုံးမှာ မီးတောက်ဖန်တီးရာတွင် တွေ့ကြုံခဲ့ရသည့် ကိုယ်ပိုင်အတွေ့အကြုံများနှင့် သူတို့ရှာတွေ့ထားသည့် လှည့်ကွက်များကို အချင်းချင်း ဖလှယ်ကာ ပျော်မွေ့နေကြသည်။ ထို့အပြင် သူတို့လမ်းပေါ်ရှိ အခြားဆိုင်များမှ ပိုင်ရှင်များနှင့် စာရေးများမှာလည်း စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချနေကြသည်။
နောက်နေ့တွင် စွန်းရီဖန်နှင့် စီမာတာအိုတို့မှာ ပိုင်ရှောင်ချန်းကို တရိုတသေလက်ယှက်၍ အရိုအသေပေးလိုက်ကြသည်။ လတ်တလောတွင် သူတို့လေ့လာသိရှိလိုက်ရသည့် အရာများကို အလွန်အမင်းကျေနပ်နေသဖြင့် သူတို့မှာ ပိုင်ရှောင်ချန်းကို နှုတ်ဆက်စကားဆိုကာ သောကကင်းဝေးကိုးသွယ်မြို့နှင့် ဝိညာဥ်ခရီးမြို့များသို့ ကိုယ်စီပြန်သွားကြတော့သည်။ ထို့အပြင် ပိုင်ရှောင်ချန်းအား အချိန်ရလျှင် သူတို့ထံလာလည်ရန် ဖိတ်ခေါ်လိုက်ပြီး ထိုအချိန်ရောက်လျှင် ဤလောင်းကြေးကြောင့် သူ့အပေါ်တင်နေသည့် အကြွေးများကို ဆပ်နိုင်ရန်ကြိုးစားမည်ဟု ကတိပေးလိုက်ကြသည်။
ပိုင်ရှောင်ချန်းကလည်း လက်ခံလိုက်လေသည်။ ထို့နောက် စွန်းရီဖန်နှင့် စီမာတာအိုတို့မှာ တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဆီသို့ ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ သူတို့နှစ်ယောက်ကို တံခါး အပြင်သို့လိုက်ပို့ကာ ထွက်သွားကြသည်ကိုကြည့်ရင်း သက်ပြင်းချလိုက်တော့သည်။ သူတို့၏ ညလုံးပေါက် ဆွေးနွေးပွဲကြီးမှာ စွန်းရီဖန်နှင့် စီမာတာအိုတို့အတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းသွားစေသည်သာမက ပိုင်ရှောင်ချန်းအတွက်လည်း အကူအညီများစွာ ပေးစွမ်းနိုင်ခဲ့သည်။ ခြုံငုံကြည့်ပါက သူတို့အားလုံးမှာ မီးတောက်ဖန်တီးသည့်နည်းလမ်းများနှင့် ပတ်သတ်၍ ဉာဏ်အလင်းပွင့်မှု အတော်အတန် ရရှိသွားကြသည်။
ပိုင်ဟောက်မှာ သူ့ဆရာ၏ အပြုအမူများကြောင့် ယခင်ကထင်ပင် ပို၍ အံ့အားသင့်နေရပြီး သူကိုယ်တိုင်ဆိုလျှင် ထိုသို့စွမ်းနိုင်မည်မဟုတ်ကြောင်း သိလိုက်သည်။ သူ ပိုင်မျိုးနွယ်စုထံတွင် ရှိခဲ့စဥ်က ဤသို့သောဆရာတစ်ယောက်၏ တပည့်သာဖြစ်ခဲ့ပါက သူ၏အခြေအနေမှာ အများကြီးပိုမိုကောင်းမွန်နေမည်ဖြစ်ပြီး သူ၏အနာဂတ်တက်လမ်းများမှာလည်း များစွာတိုးတက်နေမည်သာဖြစ်သည်။
ဆရာတပည့်နှစ်ယောက်မှာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး ဆိုင်ထဲသို့ ပြန်ဝင်သွားတော့သည်။ ခုနစ်ရက်တာမှာ တစ်ခဏအတွင်း ကုန်ဆုံးသွားသည်။ ထိုအတောအတွင်း သူတို့နှစ်ယောက်မှာ ကိစ္စများစွာကို ဆွေးနွေးခဲ့ကြပြီး စမ်းသပ်မှု အမြောက်အမြားကိုလည်း ပြုလုပ်ခဲ့ကြသည်။ ပိုင်ရှောင်ချန်းမှာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို ပြန်လည်သုံးသပ်နေပြီး ပိုင်ဟောက်မှာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖော်စပ်နည်းကို ပြီးပြည့်စုံအောင် လုပ်ရန် ဆက်၍ကြိုးပမ်းနေတော့သည်။
စီးပွားရေးမှာလည်း ပို၍ဖြစ်ထွန်းလာသဖြင့် ပိုင်ရှောင်ချန်းမှာ ပို၍ ကျေနပ်နေတော့သည်။ ယခုတွင် သူ၏ဆိုင်ငယ်လေးမှာ သူ၏အိမ်အစစ်တစ်လုံးနှင့် အမှန်တကယ်တူနေပြီဖြစ်သည်။
ဆရာ၊ တပည့်နှစ်ယောက် အပြင်လူများနှင့် ကတောက်ကဆဖြစ်တိုင်း သူတို့ကြုံတွေ့ဖြတ်သန်းရသည့် အခက်အခဲများမှာ သူတို့ကို မြို့တော်ထဲတွင် ပို၍နာမည်ကြီးလာစေရန် လုပ်ပေးနေသည်သာဖြစ်သည်။
အချိန်များများစားစား မကုန်သေးပါသော်လည်း သူတို့နှစ်ယောက်မှာ အရာများစွာကို အတူကြုံတွေ့ရင်ဆိုင်ပြီး ဖြစ်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ဤအဖြစ်အပျက် အပြောင်းအလဲများကို တွေးမိလိုက်တိုင်း သက်ပြင်းချနေရသည်။ သို့သော် သူသည် တည်ငြိမ်အေးဆေးမှုများနှင့် ပြည့်နှက်နေသည့် ငြိမ်းချမ်းသောဘဝလေးတစ်ခုကို နေထိုင်ရန် ကံမပါလာကြောင်း ရိပ်မိနေပြီဖြစ်သည်။ သူကျေနပ်အားရနေပြီဆိုသည့်အချိန်တိုင်း မထင်မှတ်ထားသည့်အရာများမှာ အမြဲဖြစ်ပေါ်လာသည် မဟုတ်ပါလော...
သူသည် သာယာငြိမ်းချမ်းမှုကို ဆယ်ရက်ကျော်ပင် မခံစားရသေးချိန်တွင် ကိစ္စဝိစ္စများမှာ စိတ်ရှုပ်စရာကောင်းလာရပြန်သည်။ အကြောင်းအရင်းမှာ ချင်းမေ့ယွမ်ကြောင့်ဖြစ်သည်။
လွန်ခဲ့သော သုံးရက်က သူမသည် သူ၏ဆိုင်ကို ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။ ထိုစဥ်က သူသည် ကောင်တာပေါ်တွင် ခြေကားယား လက်ကားယားနှင့် အိပ်ပျော်ဟန်တူနေခဲ့သော်လည်း အမှန်မှာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်အကြောင်း တွေးတောကာ နစ်မျောနေခဲ့သည်။ သူ၏ရင်ထဲတွင် ရုတ်တရက် ထူးဆန်းသော ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာသဖြင့် ထကြည့်လိုက်သောအခါ သူ့အားစိုက်ကြည့်နေသည့် ချင်းမေ့ယွမ်ကို တွေ့ခဲ့ရသည်။ ထိုအခါ သူ၏ပထမဆုံးသော အမူအရာမှာ မှင်တက်သွားရခြင်းပင်ဖြစ်သည်။
သူမသည် သူ့ကို ပဟေဠိဆန်ဆန်ပြုံးပြခဲ့ပြီးနောက် သူ၏သရုပ်မှန်အကြောင်း စကားမစပဲ စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးရန်သာ တောင်းဆိုခဲ့သည်။
သူသည် စူပုတ်ပုတ်နှင့် ငြင်းဆိုရန် တွေးလိုက်ပါသော်လည်း သူမသည် လွယ်လွယ်နှင့် လက်မလျှော့မည့်အနေအထားတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့်သူက အားတင်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးခဲ့ရသည်။ သို့သော် နောက်တစ်ရက်တွင်လည်း သူမမှာ ပြန်ရောက်လာသဖြင့် သူ စိုးရိမ်သွားရပြန်သည်။
ယခုတွင်လည်း သုံးရက်ဆက်တိုက် သူမမှာ ပြန်ရောက်လာပြန်ပြီ ဖြစ်သည်။ သူတို့ဆိုင်စဖွင့်သည်နှင့် သူမမှာ ဆိုင်ထဲသို့ ညင်သာစွာ ဝင်လာပြီး သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားဖြင့် ဆိုင်ကို အလင်းရောင်များပေးစွမ်းလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ သူမကိုမြင်လိုက်သည်နှင့် မေးလိုက်လေသည်
" အစ်မကြီးချင်း၊ ဒီလောက်အစောကြီး ဘာကိစ္စလည်းဗျ "
ထို့နောက် သူသည် ချက်ချင်းပင် သူမအားထိုသို့ခေါ်မိသည့်အတွက် သူ့ကိုယ်သူပါးရိုက်ပစ်ချင်စိတ်များ ပေါက်သွားတော့သည်။
" အို၊ အခုတော့ ငါ့ကိုအစ်မကြီးချင်းလို့တောင် ခေါ်နေပြီပေါ့ ဟုတ်လား။ ကောင်းပြီလေ။ ဘာဖြစ်လို့လဲ မောင်လေးပိုင်ရဲ့၊ မမကိုတွေ့ရတာ မပျော်ဘူးပေါ့ "
သူမသည် နှစ်လိုဖွယ်ကောင်းစွာဖြင့် သူ၏ရှေ့တွင်ရပ်နေစဥ် သူမခန္ဓာကိုယ်မှ လိမ်းကျံထားသော ချိုမွှေးလှသည့် ရေမွှေးရနံ့မှာ သူ၏နှာခေါင်းထဲသို့ တိုးဝင်နေတော့သည်။ သို့သော် သူသည် သူမ၏ ရုပ်ရည်သွင်ပြင်ကို မျက်စိအစာကျွေးချင်စိတ်မရှိသဖြင့် ခြောက်ကပ်ကပ်သာ ပြန်ပြုံးပြလိုက်သည်။
ယခုတွင် သူ၏သရုပ်မှန်ကို သူမသိနေပြီး ထုတ်သာမပြောသေးသည်ဟု သူကယူဆထားတော့သည်။ သို့သော်လည်း သူကထိုအကြောင်းကို စမပြော ရဲသဖြင့် အူကြောင်ကြောင်ပုံစံသာ ဖမ်းလိုက်တော့သည်။
အခြားလူအများစုမှာ သူ၏ဟန်ဆောင်မှုအောက် မျောပါသွားနိုင်ပါသော်လည်း ချင်းမေ့ယွမ်မှာ သူ့ကိုယခင်ထဲက အသေးစိတ်လေ့လာအကဲခတ်ခဲ့သည်ဖြစ်၍ သူဟန်ဆောင်နေမှန်း ချက်ချင်းရိပ်မိလိုက်သည်။ သူ၏ အူကြောင်ကြောင် ပုံစံကို သူမမှာ အလွန်သဘောကျနေတော့သည်။
သူမသည် မည်သည့်စကားကိုမှ ထုတ်မပြောပဲ သူမ၏ရှေ့တွင် သူတီကောင်တစ်ကောင်လို တွန့်လိန်နေရသည်ကို ပို၍ကြည့်ချင်နေသည်။ သူမအတွက် အလောတကြီးလုပ်စရာ မလိုသည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်းသာ သူမကို ရှောင်တိမ်းလိုပါက သူမသည် ဆိုင်ထဲတွင်ကပ်နေကာ ပိုင်ဟောက်အား ဖောက်သည်များနှင့် ရောင်းဝယ်ဆက်ဆံရာတွင် ကူညီပေးရန် အဆင်သင့်ပင်ဖြစ်နေသည်။
ချင်းမေ့ယွမ်မှာ ဗဟိုဧကရာဇ်မြို့တွင် အတော်အတန် နာမည်ကြီးသည့် လူတစ်ယောက်ဖြစ်သည်။ သူမသည် မဟာကောင်းကင်သခင်၏ တပည့်တစ်ယောက်ဖြစ်နေရုံသာမက သူမ၏ရုပ်ရည်မှာလည်း အင်မတန်ချောမောသည် မဟုတ်ပါလော။ထို့ကြောင့် သူမကို လူပျိုလှည့်နေသည့် လူများမှာ ဗဟိုဧကရာဇ်မြို့တော်ထဲတွင် အမြောက်အမြားရှိနေသည်။ သို့သော်လည်း သူမသည် ပိုင်ရှောင်ချန်း၏ ဆိုင်ထဲသို့ ရောက်နေပြီဖြစ်သည်။
အကယ်၍ သူမသည် တစ်ခေါက်ထဲသာ လာခဲ့သည်ဆိုပါက ရုတ်ရုတ်သဲသဲ ဖြစ်စရာအကြောင်းမရှိပေ။ သို့သော် သူမကိုယ်သူမ ဆိုင်ရှင်၏ ဇနီးတစ်ယောက်အလား ပြုမူကာ ဖောက်သည်အသစ်များအား ဂရုစိုက်နေသည့်အချက်ကို သတိထားမိသည့် ဝိညာဥ်ကျင့်ကြံသူများမှာ အလွန်အမင်း အံ့အားသင့်နေရတော့သည်။ ဤပိုင်ဟောက်ဆိုသောသူမှာ သူတို့ထင်ထားသည်ထက် ပို၍ အံ့သြစရာကောင်းပြီး ယောက်ျားပီသလွန်းနေသဖြင့် သူတို့အားလုံးမှာ မှင်တက်နေကြရတော့သည်။
ထိုသတင်းများမှာ အလျင်အမြန်ပျံ့သွားရသဖြင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးလှုပ်နေရတော့သည်။ ပိုင်ဟောက်မှာလည်း ထိုနည်းတူပင်။ ဆရာတပည့်နှစ်ယောက်အတွက် အရာရာတိုင်းမှာ အဆင်ပြေနေပါသော်လည်း ဤအမျိုးသမီးမှာ ရုတ်ချည်း ပေါ်ပေါက်လာရသည်။ သူမသည် ချောမောလှပရုံသာမကပဲ ဆရာ့ကိုကြည့်သော သူမ၏မျက်ဝန်းများထဲတွင် သူတို့နှစ်ယောက်အကြားတစ်ခုခုဖြစ်နေသည်ကို ပိုင်ဟောက်က သတိထားမိသည်။
" မဟုတ်မှလွဲရော သူက ဆရာ့ရဲ့ ဇနီးများလား "
သူက စိုးစိုးထိတ်ထိတ်နှင့် တွေးလိုက်တော့သည်။ သို့သော် ဆက်၍မစူးစမ်းရဲပေ။ မသိသာသည့် မေးခွန်းများကိုမေးခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းမှာ ထိုကိစ္စနှင့် ပတ်သတ်၍ ဆွေးနွေးလိုစိတ်မရှိပေ။
သို့သော် ထိုသို့ စိတ်အနှောင့်အယှက်ဖြစ်ရခြင်းမှာ အစသာရှိသေးသည်...
ချင်းမေ့ယွမ် ပထမဆုံးရောက်လာပြီး ရှစ်ရက်အကြာတွင် နောက်ထပ် အမျိုးသမီးတစ်ဦး ဆိုင်သို့ရောက်ချလာပြန်သည်။
သူမသည် ချင်းမေ့ယွမ်အတိုင်း လှပပြီး စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်ကိုပိုင်ဆိုင်ထားကာ ထူးခြားသည့် ခရမ်းရောင်လက်အိတ်များကို ဝတ်ဆင်ထားသည်။ သူမသည် ကိုယ်လုံးကိုယ်ပေါက် ကျစ်လစ်သေးသွယ်ကာ နူးညံ့သိမ်မွေ့ဟန်ရှိသော်လည်း သူမထံမှ ရက်စက်ကြမ်းကြုတ်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။
ထိုမိန်းမဆိုးလေးကား ဝိညာဥ်ခရီးမြို့၏ မင်းသမီး ရွှီရှန်ပင်ဖြစ်သည်။
ရွှီရှန်မှာ ပိုင်ဟောက်ကို စွဲမက်နေသည်။ သူမ၏ ဖခင် ဝိညာဥ်ခရီးဘုရင်ကြီးမှာ သူမကို သရဲကြီးဘုရင်ထံမှ ခေါ်ယူပြီးနောက် သူမသည် မင်္ဂလာဆောင်ရန်ကိစ္စကို သူမ၏ဖခင်ထံ ရုတ်ချည်း တောင်းဆိုခဲ့သည်။ ထို့ကြောင့် ဝိညာဥ်ခရီးဘုရင်ကြီးမှာ အံ့အားသင့်သွားရပြီး သရဲကြီးဘုရင်ကို ပို၍ပင် ဒေါသထွက်သွားတော့သည်။ သူ့သမီးတော်၏ စဥ်းစားဆင်ခြင်နိုင်စွမ်းများကို ပြုပြင်ပေးရန်အတွက် သူမ၏ လှုပ်ရှားမှုများကို ထိုအချိန်ထဲက ကန့်သတ်ခဲ့သည်။
သို့သော် ရွှီရှန်မှာ ဇွဲနပဲကြီးလွန်းလှသဖြင့် ဝိညာဥ်ခရီးဘုရင်မှာ ကူရာကယ်ရာမဲ့နေရတော့သည်။ အဆုံးတွင် သူမသည် အကျယ်ချုပ်ချခံထားရမှ လွတ်မြောက်အောင်ထွက်ပြေးလာနိုင်ခဲ့သည်။ သူမ၏ မူလအကြံအစည်မှာ သရဲကြီးမြို့သို့သွားကာ ပိုင်ဟောက်ကိုရှာရန်ဖြစ်သော်လည်း လမ်းခုလတ်တွင် ဗဟိုဧကရာဇ်မြို့ထဲတွင် ဖြစ်ပျက်နေသည့်သတင်းများကို ကြားလိုက်ရသည်။ ထို့ကြောင့် သူမသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဤမြို့သို့ လာခဲ့ခြင်းဖြစ်သည်။
ရွှီရှန်မှာ ချင်းမေ့ယွမ်နှင့် မတူဘဲ တမူထူးခြားစွာ ချောမောလှပသူလေးဖြစ်ပြီး ထူးခြားသော အရိုင်းဆန်ဆန် အမူအရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူမသည် ဆိုင်ထဲသို့ ရောက်လာသည်နှင့် ပိုင်ရှောင်ချန်းကိုလှမ်းကြည့်ကာ အော်ဟစ်လိုက်လေသည်။
" ငါနင့်ကို ချစ်တယ် ပိုင်ဟောက် "
ထိုအခါ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲမှ မျက်ရည်များပင် စီးကျလုမတတ်ဖြစ်သွားရပြီး ပိုင်ဟောက်မှာမူ သူ၏နာမည်ကို သူ့ဆရာမှာ ရစရာမရှိအောင်ဖျက်စီးနေပြီဖြစ်သဖြင့် တုန်ရီနေရတော့သည်။
ချင်းမေ့ယွမ်ကမူ မျက်မှောင်သာကြုတ်လိုက်တော့သည်။