← Chapters

အခန်း (၃၄၄)

Vol. 35 Ch. 344

အခန်း (၃၄၄)

Vol. 35 Ch. 344

လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ အလုပ်လုပ်ရန် အတည်ပြုပြီးနောက်တွင် စားဖိုမှူးရှုန်းက သက်ဆိုင်ရာဝန်ထမ်းများထံသို့ လျင်မြန်စွာ အကြောင်းကြားလိုက်လေသည်။

နောက်တစ်နေ့တွင် လူတစ်ဦး ရောက်ရှိလာပြီး လင်းရန်အား နိုင်ငံပိုင်စားသောက်ဆိုင်အသစ်သို့ ခေါ်ဆောင်သွားခဲ့သည်။

စားဖိုမှူးရှုန်းက လင်းရန်အား ကြိုတင်မှာထားခဲ့လေ၏။

ဆိုရလျှင် လင်းရန်နှင့် ဝန်ထမ်းအသစ်များက ရောက်ရှိပြီးနောက် ခေတ္တခဏ စမ်းသပ်ကာလအတွင်းသာ ရှိနေဦးမည်ပင်။

ထို့ကြောင့် ဆိုင်ထဲ၌ လူသူကင်းမဲ့ပြီး ဖောက်သည်မရှိနေကြောင်းကို မြင်ရသည့်အခိုက်တွင် လင်းရန်အနေဖြင့် အံ့သြခြင်း မရှိပါချေ။

“စားဖိုမှူးရှောင်လင်း..ဒီကာလအတွင်းမှာ ကျွန်တော့်အတွက်ရော၊ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်ရော ဟင်းချက်ပေးဖို့ အားထုတ်ပေးပါဦး ၊ မင်းအနေနဲ့ ကျွန်တော်တို့ကို သာမန်ဧည့်သည်တွေလိုပဲ သဘောထားပြီး ချက်ပြလို့ ရပါတယ်”

သူမအား ခေါ်ဆောင်လာသည့် ဝန်ထမ်းမှာလည်း လင်းရန်နှင့် ယခင်က တွေ့ဆုံဖူးသူဖြစ်ပေသည်။

သူက လင်းရန်ချက်ပြုတ်သော ဟင်းလျာများကို မြည်းစမ်းဖူးသောကြောင့် သူမအပေါ် ကောင်းမွန်သော ထင်မြင်ချက် ရှိနေပေသည်။

သူ၏စကားကို ကြားလျှင် လင်းရန်က အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြလိုက်လေသည်။

“ကောင်းပါပြီ၊ ကျွန်မရဲ့ လက်ရာက ရှင်တို့အတွက် စိတ်တိုင်းကျဖြစ်မယ်လို့ မျှော်လင့်ပါတယ်”

ထိုအမျိုးသားက လင်းရန်အား ရိုးရှင်းသောအရာများနှင့် မိတ်ဆက်ပေးပြီးနောက် ကျန်ရှိသော ဝန်ထမ်းများကို ခေါ်ယူလိုက်လေ၏။

ဤနိုင်ငံပိုင်စားသောက်ဆိုင်၏ အတိုင်းအတာမှာ တခြားသော နိုင်ငံပိုင်စားသောက်ဆိုင်များနှင့် ဆင်တူပေသည်။ ဝန်ထမ်းများထဲတွင် စားဖိုမှူးတစ်ဦး၊ လက်ထောက်စားဖိုးမှူးတစ်ဦး၊ စားပွဲထိုးတစ်ဦးနှင့် အထွေထွေလုပ်သားတစ်ဦး ရှိနေခဲ့သည်။

သို့ဖြစ်၍ ယနေ့မှစ၍ သူတို့လေးဦးက အတူတကွ အလုပ်လုပ်ကြရမည့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာကြချေပြီ။

ဝန်ထမ်းဖြစ်သူက လူအားလုံးကို စုစည်းပြီးနောက် တစ်ဦးနှင့်တစ်ဦး ပိုမိုသိကျွမ်းစေရန်အတွက် အရင်ဆုံး မိတ်ဆက်ခိုင်းလိုက်လေသည်။

လူတိုင်း၏ မိတ်ဆက်မှုများအတွင်း လင်းရန်က သူမ၏ အနာဂတ်လုပ်ဖော်ကိုင်ဖက်များအကြောင်းကို အကျဉ်းချုပ် သိရှိသွားခဲ့ရ၏။

စားပွဲထိုးအမျိုးသမီးမှာ ယခင်က တခြားစားသောက်ဆိုင်များတွင် အလုပ်လုပ်ခဲ့ဖူးသော လီမေ့ဖြစ်ပေသည်။

ယခင်စားသောက်ဆိုင်က သူမ၏အိမ်နှင့် အလွန်ဝေးကွာလွန်းနေပြီး ထိုအချိန်က သူမတွင် ကိုယ်ဝန်လည်းရှိနေသောကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ခွင့်ယူခဲ့ရလေသည်။

နောက်ပိုင်းတွင် သူမ အလုပ်ပြန်ဝင်သည့်အချိန်၌ သူမ၏ ရာထူးနေရာတွင် တခြားသူတစ်ဦးကို အစားထိုးထားကြောင်း တွေ့ရှိခဲ့ရ၏။

သူတို့က သူမကို အလုပ်မှထုတ်ပစ်မည်ဟု တိုက်ရိုက်မပြောခဲ့ပါချေ။ သို့သော်လည်း စားပွဲထိုးအသစ်မှ သူမအား ဆိုင်ထဲရှိ တခြားသူများနှင့် သီးခြားဖြစ်အောင် လုပ်ဆောင်ထားသောကြောင့် ထိုနေရာတွင် အလုပ်လုပ်ရသည်မှာ အတော်ပင် စိတ်ဆင်းရဲပင်ပန်းလွန်းပေသည်။

တိုက်ဆိုင်စွာပင် ဤနေရာမှ သတင်းကို ရရှိလိုက်သောကြောင့် သူမက ဤသို့ တိုက်ရိုက်ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

အထွေထွေလုပ်သားမှာတော့ မြို့တော်အစိုးရရှိ ရဲဘော်တစ်ဦး၏ ဆွေမျိုးဖြစ်ကာ နာမည်က အားဟွား ဖြစ်လေသည်။

သူက တက်ကြွဖျတ်လတ်သော လူငယ်လေးတစ်ဦးဖြစ်ပြီး ဤစားသောက်ဆိုင်ကို သူ၏အိမ်ကဲ့သို့ သဘောထားမည်ဟုပင် ကြွေးကြော်နေလေ၏။

ဤသည်မှာ ထိုလူငယ်လေး၏ ပထမဆုံးအလုပ်ဖြစ်ကြောင်း ထင်ရှားလွန်းပေသည်။

လူမှုပတ်ဝန်းကျင်သို့ အသစ်ဝင်ရောက်လာသော အလုပ်သမားအသစ်များသာလျှင် ဤမျှအထိ တက်ကြွနိုင်ကြသည် မဟုတ်ပါလား။

နောက်ဆုံးတွင် လင်းရန်နှင့် အနီးကပ်ဆုံး အလုပ်လုပ်ရမည့် လက်ထောက်စားဖိုမှူးမှာ အသက် သုံးဆယ်ကျော် ၊ လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပေသည်။

လင်းရန် အတွေးလွန်နေခြင်းလား သို့မဟုတ် သူမ မှားယွင်းနေခြင်းလားတော့ မသိပါချေ။

ဝမ်လိန် အမည်ရှိသော ထိုလက်ထောက်စားဖိုမှူးမှာ သူကိုယ်သူ မိတ်ဆက်နေစဉ်အတွင်း လင်းရန်အား အကြိမ်ကြိမ် ခိုးကြည့်နေပြီး သူ၏မျက်ဝန်းများအတွင်း၌ ဝေခွဲမရသည့် အရိပ်အယောင်များ ရှိနေပေသည်။

မကျေနပ်ခြင်းမျိုးပင် ဖြစ်ပေ၏။

လင်းရန် ခေတ္တမျှ စဉ်းစားကြည့်ပြီး သူမနှင့် ရဲဘော်ဝမ်လိန်မှာ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းသာ ဖြစ်ကြောင်း တွေးတောမိသည်။

အကယ်၍ သူက သူမအပေါ်တွင် အမှန်တကယ် မကျေနပ်မှု ရှိနေပါက သူမအနေဖြင့် သူထက် ငယ်ရွယ်သော်လည်း စားသောက်ဆိုင်အသစ်၏ စားဖိုမှူးခေါင်းဆောင် ဖြစ်လာခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့မဟုတ်ပါက ဝမ်လိန်အနေဖြင့် သူမအား ထိုကဲ့သို့သော အကြည့်ဖြင့် ကြည့်ရလောက်အောင် သူမ၏ထံတွင် တခြားထူးခြားချက် မရှိပါချေ။

တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပြီးနောက် မြို့တော်အစိုးရဝန်ထမ်းမှ သူတို့အား အလုပ်စတင်ရမည့် အချိန်ကို အကြောင်းကြားလိုက်လေသည်။

ယခုအချိန်တွင် အရာအားလုံး အတည်တကျဖြစ်သွားပြီဖြစ်ရာ အချိန်ဆွဲမနေတော့ဘဲ မနက်ဖြန်တွင်ပင် တရားဝင် အလုပ်စတင်ကြရပေမည်။

စမ်းသပ်ကာလတစ်ခု ပြီးဆုံး၍ ပြဿနာတစ်စုံတစ်ရာ မရှိပါက အပြင်ဘက်သို့ပါ စတင်ဖွင့်လှစ်တော့မည် ဖြစ်ပေသည်။

ထို့နောက်တွင် ထိုဝန်ထမ်းက တခြားကိစ္စရပ်များ ဖြေရှင်းရန်အတွက် အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။

လင်းရန်နှင့် လုပ်ဖော်ကိုင်ဖက်အသစ်များက ဆိုင်ထဲ၌ ကျန်ရစ်ခဲ့ကြ၏။

သူတို့က တစ်ဦးကိုတစ်ဦး ခေတ္တမျှ ကြည့်ရှုပြီးနောက် စားပွဲထိုး လီမေ့က တွန့်ဆုတ်စွာဖြင့် စကားစတင်လိုက်လေသည်။

သူမက လင်းရန်အား မေးမြန်းလိုက်၏။

“စားဖိုမှူးလင်း ဒီမှာ တခြားလုပ်စရာတွေ ရှိသေးလား၊ ရှိရင်လည်း အခုအခွင့်အရေးရတုန်း တစ်ခါတည်း ပြောထားလိုက်ရင် ပိုကောင်းမလားလို့”

လီမေ့ ယခင်က အလုပ်လုပ်ခဲ့သော နိုင်ငံပိုင်ဟိုတယ်တွင် ဝါအရင့်ဆုံးပုဂ္ဂိုလ်မှာ စားဖိုမှူးခေါင်းဆောင်ဖြစ်ပေ၏။

ထို့ကြောင့် ယခုအချိန် သူမထက် ငယ်ရွယ်သော လင်းရန်က ဆိုင်၏ စားဖိုမှူးခေါင်းဆောင် ဖြစ်လာသည်ကို မြင်ရသည့်အချိန်တွင် ထူးဆန်းသကဲ့သို့ ခံစားရသော်လည်း ယခင်စည်းကမ်းအတိုင်းသာ ဆောင်ရွက်ရန် သူမ ဆုံးဖြတ်လိုက်သည်။

လင်းရန်က စကားပြောရန် ပြင်လိုက်ချိန်မှာပင် သူမ၏ဘေးရှိ ဝမ်လိန်က သူမထက် ဦးအောင် စကားဖြတ်ပြောလိုက်လေသည်။

“ရဲဘော်ရှောင်လီ ၊ ခုနက ရဲဘော်ကျောက် ဒီမှာရှိတုန်းက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောသွားတယ်မဟုတ်ဘူးလား၊

မင်း တစ်ခုခု နားမလည်တာရှိရင် ဘာလို့ လူတိုင်းရှိတုန်းက တစ်ခါတည်း မမေးခဲ့တာလဲ”

“ပြီးတော့ ငါတို့ရဲ့ အလုပ်ကလည်း မစရသေးဘူးလေ၊ ရဲဘော်ရှောင်လင်းဆီကနေ လမ်းညွှန်မှု ခံယူရမဲ့ တခြားပြဿနာတွေ ရှိဦးမယ်လို့ ငါတော့ မထင်ဘူး၊ ဟုတ်တယ်မလား”

ဝမ်လိန်က ထိုသို့ပြောလိုက်သည့်အချိန်တွင် လီမေ့မှာ ကြောင်အမ်းသွားပြီးနောက် ဝမ်လိန်အား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

ထို့နောက် သူမက လင်းရန်ဘက်သို့ သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်၏။

ဝမ်လိန်က သူမအား ပြောဆိုနေခြင်းဖြစ်သော်လည်း သူ၏စကားလုံးများတွင်ရှိနေသော ရန်လိုမှုနှင့် ထိုးနှက်မှုများမှာ လင်းရန်အား ရည်ရွယ်နေပုံရပေသည်။

ဤသည်မှာ လင်းရန်အား ဆိုင်ထဲ၌ ပြောရေးဆိုခွင့် မရှိအောင် တားဆီးနေခြင်းပင် မဟုတ်ပါလား။

ဘုရားရေ! ပထမဆုံးနေ့မှာပဲ အပေါ်ယံရော၊ အတွင်းဘက်မှာပဲကြိတ်ပြီး ပြိုင်ဆိုင်မှုတွေ စတင်နေပြီပေါ့လေ။

ကြည့်ရသည်မှာ ဤဆိုင်အသစ်၏ ဘဝကငြိမ်းချမ်းလိမ့်မည် မဟုတ်ပါချေ။

လီမေ့သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသော်လည်း သူမသည်က လင်းရန်နှင့် ဝမ်လိန် နှစ်ဦးလုံးကို မရင်းနှီးသေးသောကြောင့် မည်သူ့ဘက်သို့မှ မလိုက်လိုဘဲ စိတ်အနှောင့်အယှက် ဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ဝမ်လိန်အား ပြန်လည် ဖြေလိုက်လေသည်။

“ရဲဘော်ဝမ် ပြောတာ မှန်ပါတယ်၊ ကျွန်မ စကားမှားသွားတာ၊ ဘာမှ ထူးထူးခြားခြား မရှိရင်တော့ ဒီနေ့ လူစုခွဲလိုက်ကြပြီး မနက်ဖြန်မှပဲ တွေ့ကြတာပေါ့”

လီမေ့က ထိုသို့ပြောနေချိန်တွင် လင်းရန်ကို ကြည့်နေသော်လည်း သူမအား ပြန်လည်ဖြေကြားသူမှာ ဝမ်လိန်သာ ဖြစ်ပေသည်။

“အင်း.. ပြန်ကြတော့လေ မနက်ဖြန် အလုပ်ကို စောစောလာကြ၊ နောက်မကျစေနဲ့”

ဝမ်လိန်က ခေါင်းဆောင်တစ်ဦးကဲ့သို့ ပြုလျက် လီမေ့အား လက်ဝှေ့ရမ်းပြလိုက်လေ၏။

လီမေ့သည် နှုတ်ခမ်းကို တစ်ချက်တွန့်ကွေးလိုက်သော်လည်း မည်သည်ကိုမျှမပြောတော့ဘဲ အားလုံးကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့လေတော့သည်။

သို့သော် လူမှုပတ်ဝန်းကျင်နှင့် အကျွမ်းတဝင် မရှိသေးသော အားဟွားက ဤရှုပ်ထွေးလှသော အခြေအနေများကို နားမလည်ရှာပါချေ။

လီမေ့ ထွက်သွားပြီးနောက် လင်းရန်နှင့် ဝမ်လိန်တို့မှာလည်း ပြန်သွားရန် အစီအစဉ်မရှိသေးသည်ကို မြင်လျှင် သူက တက်ကြွစွာဖြင့် ဖိတ်ခေါ်လိုက်လေသည်။

“စားဖိုမှူးရှောင်လင်း၊ ဦးလေးဝမ်... လုပ်စရာတွေ ကျန်သေးလို့လား မရှိရင် အတူတူ ပြန်ကြရအောင်လေ လူများရင် လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ရင်းနှီးသွားတာပေါ့!”

ဤလူငယ်လေးမှာ အမှန်တကယ်ပင် ရိုးသားဖြူစင်လွန်းသော လူငယ်လေးတစ်ဦး ဖြစ်ပုံရပေသည်။

တစ်ဖက်တွင်လည်း အနည်းငယ် အူကြောင်ကြောင်နိုင်ပေ၏။

ဝမ်လိန်က သူမနှင့်အတူ မသွားလိုကြောင်းကို သူ အဘယ်ကြောင့် သတိမပြုမိပါသနည်း။

လင်းရန် သူ့အား အကူအညီမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ဒါဆိုလည်း ရဲဘော်ဝမ်လိန် အခု ပြန်ချင်လားဆိုတာကို အရင်ကြည့်ရမှာပေါ့”

ဝမ်လိန်က သေချာပေါက် လင်းရန်နှင့်အတူ လမ်းလျှောက်မပြန်လိုပါချေ။ ထို့ကြောင့် သူက လက်ကို ဝှေ့ရမ်းပြလျက် ပြောလိုက်လေ၏။

“မင်းတို့ အရင်သွားနှင့်ကြလေ၊ ငါ လုပ်စရာလေးတစ်ခု ကျန်သေးလို့”

“ ..ကျွန်တော်တို့ အလုပ်တောင် မစရသေးဘူး ဦးလေးဝမ်၊ အခုကတည်းက စပြီး အလုပ်ရှုပ်နေပြီလား”

အားဟွားက ဝမ်လိန်အား ဝေခွဲမရသော အမူအရာဖြင့် ကြည့်လိုက်လေသည်

ဝမ်လိန် ကြောင်အမ်းသွားရလေ၏။ သူ၏ ဆိုလိုရင်းကို ဤကဲ့သို့ လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့မိပါချေ။

သူက အလုပ်ကိစ္စနဲ့ပဲ အလုပ်ရှုပ်နေရမှာလား။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနှင့် အလုပ်မရှုပ်နိုင်ဘူးလား။

ဒီကောင်လေးက တကယ့်ကိုအရူးပဲ။

ဝမ်လိန်က စိတ်ထဲမှ မျက်လုံးလှန်ပြလိုက်မိတော့၏။

“ငါ့တူမဆီ သွားကြည့်မလို့၊ ငါက အလုပ်ကိစ္စနဲ့ပဲ အလုပ်ရှုပ်နေရမယ်လို့ ဘယ်သူက ပြောလို့လဲ”

ထိုစကားကို ကြားမှသာ အားဟွားက သဘောသွားသည့်အမူအရာဖြင့် ပြောလိုက်လေသည်။

“ဦးလေးဝမ် အရေးကြီးနေရင် အရင်သွားနှင့်လေ၊ မဟုတ်ရင် ဦးလေးရဲ့တူမလေးက စောင့်ရင်းနဲ့ စိတ်ပူနေဦးမယ်”

ဝမ်လိန် : “...”

ဤကလေး ပြောလိုက်သည့် စကားလုံးတိုင်းက အဘယ်ကြောင့် သူ့ကို ဤမျှအထိ စိတ်အနှောင့်အယှက် ဖြစ်စေရသနည်း။

မူလက သူ့အနေဖြင့် လင်းရန်နှင့် စကားအနည်းငယ် ပြောချင်နေသေးသော်လည်း ဤတုံးအသော ကောင်လေး၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူနှင့် လင်းရန်အား အခွင့်အရေး ပေးမည့်ပုံမပေါ်ပါချေ။ ထို့ကြောင့် နောက်ဆုံးတွင် ဝမ်လိန် ထိုနေရာမှ တိုက်ရိုက်ပင် ထွက်ခွာသွားခဲ့လေတော့သည်။

ဝမ်လိန် ထွက်သွားပြီးနောက် အားဟွားက လင်းရန်ကို သူနှင့်အတူ ပြန်ရန် ထပ်မံဖိတ်ခေါ်ပြန်သည်။

လင်းရန်သည်လည်း စဉ်းစားကြည့်ပြီးနောက် ငြင်းပယ်ခြင်းမပြုဘဲ အားဟွားနှင့်အတူ ဆိုင်တံခါးပိတ်ကာ အပြင်သို့ ထွက်လာခဲ့လေ၏။

All Chapters