အခန်း (၃၄၅)
Vol. 35 Ch. 345
ဆိုင်၏ အထွေထွေဝန်ထမ်းတစ်ဦးအနေဖြင့် အားဟွားထံ၌ အမှန် လုပ်ဆောင်စရာများစွာ ရှိပေသည်။ ဟင်းချက်ခြင်းနှင့် ဧည့်သည်များကို ဧည့်ခံခြင်းမှလွဲ၍ ကျန်ရှိသောအရာအားလုံးကို သူ လုပ်ဆောင်ရပေလိမ့်မည်။
ဥပမာအားဖြင့် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းခြင်း၊ စားပွဲ၊ ကုလားထိုင်နှင့် ခုံတန်းလျားများကို နေရာချခြင်း၊ ပန်းကန်ဆေးခြင်းနှင့် စားပွဲသုတ်ခြင်း၊ ဟင်းသီးဟင်းရွက် အမျိုးမျိုးကို သယ်ယူခြင်းနှင့် တံခါး၊ ပြတင်းပေါက်များကို ပိတ်ခြင်း စသည်တို့ပင် ဖြစ်ပေသည်။
သေချာပေ၏။ ထို့အတွက် ဆိုင်၏သော့မှာလည်း သူ၏လက်ထဲတွင် ရှိပေသည်။ သူက မည်သူထက်မဆို အလုပ်သို့ စောစော လာရမည်ဖြစ်သကဲ့သို့၊ အလုပ်မှ နောက်ဆုံးမှ ပြန်ရမည့်သူလည်း ဖြစ်ပေလိမ့်မည်။
သို့သော် သူ၏ တက်ကြွနေသော အမူအရာကို ကြည့်ခြင်းအားဖြင့် ဤအလုပ်များကို ပင်ပန်းသည်ဟု ထင်လိမ့်မည် မဟုတ်ပါချေ။
သူတို့နှစ်ဦး ဆိုင်မှ အတူထွက်လာခတိန်တွင် လင်းရန်နှင့် အားဟွားတို့က စကားအနည်းငယ် ပြောဆိုဖြစ်ကြလေသည်။ သူမအနေဖြင့် ထိုသူ၏အကြောင်းကို မေးမြန်းရန်ပင် မလိုဘဲ ထိုအူကြောင်ကြောင်ကောင်လေးက သူဘာသာသူ အလုံးစုံရှင်းပြနေခဲ့သည်။
သူ၏ ပြောဆိုချက်များကို ကြားလိုက်ရသည့်အချိန်တွင် လင်းရန်တစ်ယောက် အလွန်ပင် အံ့အားသင့်သွားရလေသည်။
အားဟွားတွင် ကြီးမားသော နောက်ခံနောက်ခံ ရှိနေလေ၏။
သူက တကယ်တမ်းတွင် အတွင်းရေးမှူး၏ မြေးဖြစ်နေခဲ့သည်။
ယခင်အပတ်က လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ အတွင်းရေးမှူး၏အိမ်သို့ သွားရောက်ချက်ပြုတ်ချိန်တွင် သက်ဆိုင်ရာ ဝန်ထမ်းတချို့သာ ရှိနေသောကြောင့် သူ့အား မတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။
သူက တခြားသော ဌာနဆိုင်ရာရုံးများတွင် အလုပ်မလုပ်ဘဲ အဘယ်ကြောင့် နိုင်ငံပိုင်ဟိုတယ်တွင် အထွေထွေလုပ်သားအဖြစ် လာရောက်လုပ်ကိုင်သနည်းဟူသော အကြောင်းရင်းမှာ သူ၏ ရိုးသားလွန်းသော စရိုက်ကြောင့်ပင် ဖြစ်ပေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက နည်းပညာဆန်သော တခြားအလုပ်များကို လုပ်ကိုင်ရန်အတွက် အလွန်ပင် ထုံထိုင်းလွန်းလှသောကြောင့် မလုပ်ကိုင်နိုင်ခြင်း ဖြစ်ပေ၏!
သို့ဖြစ်၍ နောက်ဆုံးတွင် သူ၏မိသားစုက နည်းလမ်းအမျိုးမျိုးဖြင့် စဉ်းစားပြီးနောက် ဤကဲ့သို့သော အထွေထွေလုပ်သားအလုပ်ကို လုပ်ကိုင်ခြင်းက ပို၍ကောင်းမွန်လိမ့်မည်ဟု သဘောတူခဲ့ကြလေသည်။
မည်သို့ပင်ဖြစ်စေ သူက တခြားအရာများကို မလုပ်နိုင်သော်လည်း ပင်ပန်းဆင်းရဲသော အလုပ်များကိုတော့ လုပ်နိုင်သည် မဟုတ်ပါလား။
ထို့အပြင် အရေးကြီးဆုံးအချက်မှာ သူက အမိန့်နာခံတတ်ခြင်းပင် ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း စားသောက်ဆိုင်ကဲ့သို့သော နေရာမျိုးတွင် အချင်းချင်း အကွက်ချ တိုက်ခိုက်ခြင်းမျိုး မရှိနိုင်ပါချေ။
ထို့ကြောင့် သူ၏စရိုက်နှင့် ဤနေရာတွင် အလုပ်လုပ်ရန်မှာ အလွန်ပင် သင့်တော်လှပေသည်။
လင်းရန်တစ်ယောက် အားဟွားက အဘယ်ကြောင့် ဤသတင်းအချက်အလက်အားလုံးကို သူမထံသို် ထုတ်ပြောနေသနည်းဟု သံသယဝင်နေချိန်တွင်ပင် အားဟွားသည် ခေါင်းကို ကုတ်လျက် ရယ်မောလိုက်လေသည်။
“ဟီးဟီး .. တကယ်တော့ ကျွန်တော် စားဖိုမှူးရှောင်လင်းကို သိနေတာ ကြာပါပြီ၊ ကျွန်တော့်အဘိုးက စားဖိုမှူးရှောင်လင်းရဲ့ ဟင်းလက်ရာက အရမ်းကောင်းတယ်လို့ ခဏခဏ ပြောပြဖူးတယ်”
ထို့အပြင် သူ၏အဘိုးက စားဖိုမှူးရှောင်လင်းမှာ အလွန်တော်သောသူတစ်ဦးဖြစ်ကြောင်း၊ အကယ်၍ ဆိုင်တွင် မည်သို့လုပ်ရမည်ကို မသိပါက စားဖိုမှူးရှောင်လင်းအား မေးမြန်းနိုင်ကြောင်းလည်း ပြောထားခဲ့သေးပေသည်။
အတိုချုပ်ပြောရလျှင် သူမနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားပြီး သူမ၏နောက်ကိုသာ လိုက်ပါက သေချာပေါက် ကောင်းမွန်ပေလိမ့်မည်ဟု ပြောထားခြင်းသာဖြစ်ပေသည်။
လင်းရန်အနေဖြင့် အတွင်းရေးမှူး၏ သူမအပေါ် ယုံကြည်မှုက ဤမျှအထိ ကောင်းမွန်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် အတော်လေး ပျော်ရွှင်သွားခဲ့ရလေ၏။
သို့သော်လည်း အဘိုးဖြစ်သူက မြေးဖြစ်သူကို ထိုကဲ့သို့ မှာကြားထားသည့်အတွက် သူမအနေဖြင့်လည်း သူ့ကိုကူညီစောင့်ရှောက်ပေးရန် ငြင်းပယ်၍မဖြစ်တော့ပေ။
သို့ဖြစ်၍ သူမက အားဟွားကို ပြောလိုက်လေသည်။
“နောက်ပိုင်းကျရင် ငါတို့တွေ အလုပ်ကိုအစွမ်းကုန် ကြိုးစားပြီး လုပ်ကြတာပေါ့၊ ကျန်တဲ့ကိစ္စတွေကတော့ အဆင်ပြေသွားမှာပါ ၊ ကောင်းပြီ ကြိုးစားထားလိုက်၊ ငါ နင့်ကို ယုံကြည်တယ်”
ထိုစကားကို ကြားလျှင် အားဟွားသည်လည်း ချက်ချင်းပင် လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး ကျယ်လောင်စွာ ပြောလာတော့သည်။
“ကောင်းပြီ၊ အတူတူ ကြိုးစားကြတာပေါ့”
သူတို့နှစ်ဦးသည် စကားပြောရင်း လျှောက်လာခဲ့ကြပြီး ခေတ္တအကြာတွင် မြို့တော်ခန်းမနှင့် မလှမ်းမကမ်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့လေ၏။
အားဟွားက သူ၏အဘိုးအား တွေ့ဆုံရန်အတွက် အနောက်ဘက်ရှိ မြို့တော်အစိုးရ ဝန်ထမ်းအိမ်ရာဝင်းသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။
သို့သော်လည်း လင်းရန်ကတော့ အိမ်သို့ရောက်ရန် အနည်းငယ်ခန်း လမ်းလျှောက်ရဦးပေမည်။
သူမသည် လမ်းကွေ့တစ်ခုသို့ ရောက်ရှိပြီး ဖြတ်လမ်းမှတစ်ဆင့် အိမ်သို့ပြန်ရန် ပြင်လိုက်ချိန်တွင် အနည်းငယ် ဝေးကွာသော တစ်နေရာ၌ ရင်းနှီးသော လူရိပ်တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။
ထိုသူမှာ သူတို့ထက်စော၍ ထွက်ခွာသွားသော ဝမ်လိန်ပင် ဖြစ်နေခဲ့သည်။
ဝမ်လိန်က လမ်းကြားလေးတစ်ခု၏ ဘေးတွင် ရပ်လျက် တစ်စုံတစ်ဦးနှင့် စကားပြောနေလေ၏။
သူ၏ အနောက်ဘက်ကို ကြည့်လျှင် သူနှင့် စကားပြောနေသူမှာ အမျိုးသမီးရဲဘော်တစ်ဦး ဖြစ်ပုံရပေသည်။
ဝမ်လိန်က သူ၏တူမအား သွားကြည့်မည်ဟု ပြောဆိုခဲ့သည်ကို ပြန်လည်သတိရမိသောကြောင့် လင်းရန်က ထိုအမျိုးသမီးမှာ သူ၏တူမ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်မိသည်။
သို့သော် သူမသည်က ဝမ်လိန် သို့မဟုတ် သူ၏တူမအပေါ် စိတ်ဝင်စားမှုမရှိသောကြောင့် ဝမ်လိန်အား မမြင်ချင်ယောင်ဆောင်ကာ တခြားလမ်းမှ ပတ်သွားရန်သာ ကြံစည်လိုက်၏။
သို့သော် သူမ နောက်သို့ပြန်လှည့်မည့်အချိန်တွင်ပင် ဝမ်လိန်နှင့် မျက်နှာချင်းဆိုင် ရပ်နေသော တူမဖြစ်သူမှာ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သောကြောင့် သူမ၏ မျက်နှာတစ်ခုလုံးကို ကောင်းစွာ မြင်တွေ့လိုက်ရလေ၏။
ထိုတူမဖြစ်သူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့် ခဏ၌ လင်းရန်တစ်ယောက် ခေတ္တမျှ တိတ်ဆိတ်သွားရကာ သက်ပြင်းကိုသာ ချလိုက်မိတော့၏။
ဒါက ဝဋ်ကြွေးဆိုးများလား။
ထိုတူမဖြစ်သူမှာ တခြားသူမဟုတ်ဘဲ သူမ မတွေ့ရသည်မှာ ကြာပြီဖြစ်သော စုန့်စစ်ယွီပင် ဖြစ်ချေသည်။
လွန်ခဲ့သော တစ်လခန့်က လမ်းကြားထဲရှိ အိမ်တစ်လုံး၏ တံခါးဝတွင် စုန့်စစ်ယွီနှင့် ဆုံတွေ့ခဲ့သည်။
ထိုအချိန်က သူမအနေဖြင့် စုန့်မိသားစုမှ ထွက်ခွာပြီးနောက် ထိုနေရာ၌ ယာယီတည်းခိုနေကြောင်းနှင့် သူတပါးသော ကလေး၏ မိထွေးတစ်ဦး ဖြစ်လာခဲ့သော်လည်း ကလေးအဖေထံမှ စွန့်ပစ်ခြင်းကို ခံခဲ့ရကြောင်း သိရှိခဲ့ရသည်။
နောက်ပိုင်းတွင်တော့ သူမအား ထပ်မံမတွေ့ရတော့ပါချေ။
သို့သော် ဤသည်မှာ သူမအနေဖြင့် ယခင်က တခြားမြို့သို့ သွားရောက်နေခဲ့ရခြင်းကြောင့်လည်း ဖြစ်ပေ၏။
ပြန်ရောက်လာပြီးနောက်တွင်လည်း သူမ၏ ဇာတိမြေ၌ စက်ရုံတည်ဆောက်ရေးအတွက် ကြိုးပမ်းနေခဲ့ရသည်။
ထို့နောက်တွင်လည်း မြို့ထဲ၌ ပညာဆက်လက်သင်ယူနေခဲ့ရသောကြောင့် စုန့်စစ်ယွီ၏ ကိစ္စများကို အာရုံစိုက်ရန် အမှန်တကယ်ပင် အချိန်မရှိခဲ့ပေ။
ယခုအချိန် စုန့်စစ်ယွီအား ရုတ်တရက် ထပ်မံမြင်တွေ့လိုက်ရပြီးနောက် လင်းရန်အနေဖြင့် ဘဝခြားသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
သို့ပါသော်လည်း စုန့်စစ်ယွီမှာ အမှန်တကယ်ပင် ဇွဲကောင်းလွန်းသည်ကိုတော့ သူမအနေဖြင့် ချီးကျူးရန်လိုအပ်ပေသည်။
အကယ်၍ သူမသာလျှင် ယခင်က ထိုကဲ့သို့သော ကိစ္စများနှင့် ကြုံတွေ့ခဲ့ရပါက လူကြားထဲသို့ ထွက်လာရဲလိမ့်မည်မဟုတ်ဘဲ ငြိမ်သက်စွာသာ နေထိုင်နေမိပေလိမ့်မည်။
အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံနှင့်ပင် အရှက်ရစရာ ဖြစ်နေသည် မဟုတ်ပါလား။
ယခုအချိန် စုန့်စစ်ယွီ၏ အမူအရာနှင့် အခြေအနေကို ကြည့်ခြင်းအားဖြင့် သူမ၏ ဘဝမှာ ထင်သလောက် ဆိုးရွားပုံမရပါချေ။
သူမက အိမ်အသစ်တစ်ခု ထပ်မံရှာဖွေတွေ့ရှိသွားသည်လား သို့မဟုတ် သူမ၏ဖခင် စုန့်ဝေ့ထံသို့ ပြန်သွားသည်လားတော့ မသိပေ။
သို့သော် ထိုကိစ္စများကို ဘေးဖယ်ထားလျှင် လင်းရန်အား အအံ့သြဆုံးဖြစ်စေသည့် အချက်မှာ ဝမ်လိန်က စုန့်စစ်ယွီ၏ ဦးလေး အမှန်တကယ် ဖြစ်နေခဲ့ခြင်းကိုပင် ဖြစ်ပေ၏။
ဝမ်လိန်က သူမ၏ မှတ်ဉာဏ်ထဲတွင် မရှိနေသည်ကတော့ အံ့သြစရာ မရှိပါချေ။
မည်သို့ပင်ဖြစ်စေ စုန့်စစ်ယွီ၏ မိခင်ဘက်မှ ဆွေမျိုးများမှာ သူမနှင့် လီရှို့လီတို့ကို သေလောက်အောင် မုန်းတီးကြမည်မှာ အသေအချာပင်။
သူတို့က အစ်မဖြစ်သူ၏ အိမ်နှင့် ယောကျ်ားကို လုယူခဲ့သည်ဟု ယူဆထားကြပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် ဆွေမျိုးသားချင်းများက သူတို့အား လာရောက်တွေ့ဆုံရန် လုံးဝ မဖြစ်နိုင်ပါချေ။
သူမနှင့် လီရှို့လီတို့က ဝမ်မိသားစုဝင်များ၏ အခြေအနေကို မသိရှိကြသော်လည်း စုန့်စစ်ယွီကတော့ ကြားခံလူအဖြစ် ရှိနေသောကြောင့် ဝမ်မိသားစုဝင်များအနေဖြင့် သူမနှင့် လီရှို့လီတို့၏ အခြေအနေကို သေချာပေါက် သိရှိနေကြပေလိမ့်မည်။
ဤအချက်ကို သတိပြုမိလိုက်ပြီးနောက် လင်းရန်အနေဖြင့် စားသောက်ဆိုင်တွင် ရှိနေချိန်က ဝမ်လိန်ဘက်မှ သူမအပေါ် အကြောင်းရင်းမရှိဘဲ ရန်လိုနေခဲ့သည့် အကြောင်းပြချက်ကို သိရှိသွားရသည်။
သူမက ငယ်ရွယ်သည့်အသက်အရွယ်တွင် စားဖိုမှူးခေါင်းဆောင် ဖြစ်လာနိုင်ခြင်းကြောင့်သာမကဘဲ စုန့်စစ်ယွီနှင့် ပတ်သက်မှုများကြောင့်လည်း ဖြစ်နိုင်ပေ၏။
သို့သော် သူက စုန့်စစ်ယွီ၏ ဦးလေးအရင်း ဖြစ်နေလျှင်ပင် ဆိုင်ထဲတွင်တော့ သူတို့သည်က အတူတကွ အလုပ်လုပ်ကြရမည့် လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ပေသည်။
အကယ်၍ ထိုသူသာ သူ၏ ပုဂ္ဂိုလ်ရေး မုန်းတီးမှုများကို အလုပ်ထဲသို့ ဆွဲသွင်းရဲပါက သူမဘက်မှလည်း တိုင်ကြားစာ တင်ရန် ဝန်လေးနေမည် မဟုတ်ပါချေ။
နောက်ဆုံးတွင် လင်းရန်က ဝမ်လိန်နှင့် စုန့်စစ်ယွီတို့၏ နောက်ကျောကို တစ်ချက်ကြည့်ပြီးနောက် တိတ်တဆိတ် ထွက်ခွာလာခဲ့လေသည်။
သို့ရာတွင် တစ်ဖက်မှ ဝမ်လိန်နှင့် စုန့်စစ်ယွီတို့ကတော့ သူတို့နှစ်ဦး ဆုံတွေ့နေသည်ကို လင်းရန် မြင်တွေ့သွားခဲ့ကြောင်းကို မသိရှိခဲ့ကြပါချေ။
စုန့်စစ်ယွီအနေဖြင့် သူမ၏ဦးလေးနှင့် မဆုံတွေ့မီအထိ လင်းရန်က သူမ၏ဦးလေး လက်ရှိအလုပ်လုပ်နေသော စားသောက်ဆိုင်သို့ ရောက်ရှိနေကြောင်းကို လုံးဝ မသိရှိခဲ့ပါချေ။
သူမသည်က ဝမ်လိန်နှင့် ဆုံတွေ့ချိန်သို့ရောက်မှသာ သူထံမှ နိမိတ်မကောင်းသော လေသံဖြင့် ပြောဆိုလာသည်ကို ကြားလိုက်ရပေသည်။
“မင်းရဲ့ အမှိုက်လိုညီမက ဘာလို့ အသစ်ဖွင့်တဲ့ စားသောက်ဆိုင်မှာ အလုပ်လာလုပ်နေတာလဲ၊ သူ ဘယ်ကို သွားနေခဲ့တာလဲ၊
အရင်က ဘာတွေလုပ်ခဲ့တာလဲ၊ သူ့ရဲ့ အဖေအရင်းက ကျေးလက်က လယ်သမားတစ်ယောက်ပဲ မဟုတ်ဘူးလား”
ဝမ်လိန်က စုန့်စစ်ယွီထံသို့ ထိုအကြောင်းများကို ပြောပြပြီးနောက် ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်လေသည်။
သို့သော် စုန့်စစ်ယွီမှာလည်း ဤကိစ္စကို လုံးဝ မသိရှိထားခဲ့ဘဲ အလွန်အမင်းထိတ်လန့်သွားခဲ့ရ၏။