အခန်း (၃၄၁)
Vol. 35 Ch. 341
စုန့်လူကြီးမင်းအနေဖြင့် ကိစ္စများက ဤမျှနှင့် အဆုံးသတ်သွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း နောက်တစ်နေ့တွင် ကျန်းကျွင့်က ထပ်မံရောက်ရှိလာပြန်၏။
ယခုတစ်ကြိမ်တွင်တော့ သူထံတွင် ဒဏ်ရာများပင် ရရှိထားသည်ကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရလေသည်။
ရှောင်ဖူတစ်ယောက် ထိုအခြေအနေကို မြင်လျှင် အလွန်အမင်း ထိတ်လန့်သွားရလေ၏။ ကျန်းကျွင့်တစ်ယောက် ဤမျှအထိ စုတ်ပြတ်သတ်နေသည်ကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။
သို့သော် ယမန်နေ့က စုန့်လူကြီးမင်း၏ မှာကြားချက်ရှိနေသောကြောင့် ကျန်းကျွင့်ကမြေပြင်ပေါ်တွင် ဒူးထောက်တောင်းပန်နေပါသော်လည်း ရှောင်ဖူက တံခါးဖွင့်မပေးခဲ့ပါချေ။
သို့သော်လည်း သူက မနေနိုင်ဘဲ ကျန်းကျွင့်တွင် မည်သည့်အရာများဖြစ်ပျက်ခဲ့သနည်းဟု မေးမြန်းမိလိုက်လေသည်။
ကျန်းကျွင့်မှာ ရှောင်ဖူက သူ့ကို ကူညီတော့မည်ဟု ထင်မှတ်ကာ မည်သည်ကိုမျှ ဖုံးကွယ်မထားတော့ချေ။ သူက သူ၏ နောက်ဆုံးကယ်တင်ရှင်ကို ရှာဖွေနေသည့်အလား လက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့် ပြဿနာအရပ်ရပ်ကို အသေးစိတ် ပြောပြလေတော့သည်။
သူ ပြောပြသည်များကို ကြားလိုက်ရသည့်အချိန်မှ ကျန်းကျွင့်အနေဖြင့် တခြားသူများထံတွင် အမှန်တကယ် အကြွေး တင်နေခြင်းဖြစ်ကြောင်း ရှောင်ဖူ သိရှိသွားခဲ့ရ၏။ ထိုအကြွေးမှာလည်း နည်းပါးခြင်းမရှိဘဲ စုစုပေါင်း ယွမ်တစ်ထောင်ကျော်ပင် ဖြစ်ပေသည်။
အဓိကအချက်မှာ ကျန်းကျွင့် အိမ်ရာဝင်းမှ ထွက်ခွာသွားသည်က ရက်အနည်းငယ်သာ ရှိသေးခြင်းပင်။ ဤမျှတိုတောင်းသော အချိန်အတွင်း မည်သို့သော ကိစ္စရပ်များကို ပြုလုပ်ခဲ့သောကြောင့် ဤမျှအထိ ငွေကုန်ကြေးကျ များသွားရသနည်း။
ရှောင်ဖူအနေဖြင့် မူလက ကျန်းကျွင့်က ဤမျှတိုတောင်းသော အချိန်အတွင်း ငွေအမြောက်အမြား သုံးစွဲနိုင်သည်ကို သဘောထားကြီး၍ လက်ဖွာလွန်းသည်ဟု တွေးမိခဲ့သည်။
သို့သော်လည်း ကျန်းကျွင့် ဆက်လက်ပြောပြသည်များကို နားထောင်ပြီးနောက် အကြောင်းစုံကို သိလိုက်ရသည့်အချိန်တွင် ဒေါသထွက်လွန်းသောကြောင့် သက်ပြင်းသာ ချမိတော့၏။
ဤသည်မှာ သဘောထားကြီး၍ လက်ဖွာခြင်း မဟုတ်ဘဲ အသိတရားမဲ့ခြင်းသာ ဖြစ်ပေသည်။ တုံးအမိုက်မဲရုံတင်မကဘဲ ယုတ်ညံ့လွန်းလှပေသည်။
သူ ဘာတွေဖြစ်နေတာလဲ။
သူက အမှန်တကယ်ပင် လောင်းကစားသွားလုပ်ခဲ့ပေသည်။ ထို့အပြင် လောင်းကစားတွင် ရှုံးနိမ့်ခဲ့သောကြောင့် ဤမျှကြီးမားသော အကြွေးနွံထဲသို့ နစ်ဝင်သွားခြင်း ဖြစ်ပေ၏။
ဤကဲ့သို့သော အခြေအနေမျိုးနှင့်ပင် စုန့်လူကြီးမင်းထံ အကူအညီတောင်းရန် သူ မည်သို့ မျက်နှာပြရဲပါသနည်း။
အကူအညီပေးရမယ် ဟုတ်လား။ သူ ဖောက်ထားသမျှ အပေါက်တွေကို လိုက်ဖာပေးရမှာလား။
သူ စဉ်းစားသည့်ပုံက ရှက်စရာကောင်းလွန်းပေသည်။
သို့ဖြစ်၍ ရှောင်ဖူက ကျန်းကျွင့် မည်သို့လှည့်စားခံရသည် သို့မဟုတ် သူ မည်မျှပင် အပြစ်ကင်းစင်သည်တို့ကို ဆက်လက်နားမထောင်လိုတော့ဘဲ သူ့အား မောင်းထုတ်လိုက်လေတော့သည်။
သူက လှည့်စားခံရသည်ဖြစ်စေ၊ ထောင်ချောက်ထဲသို့ ဆင်းမိသည်ဖြစ်စေ၊ အကယ်၍ သူသာ ကိုယ်တိုင်ကိုယ်ကျ ထိုနေရာသို့ မသွားခဲ့ပါက တစ်စုံတစ်ယောက်က သူ့အား အတင်းအကျပ် ဖမ်းဆီးကာ လောင်းကစားခိုင်းပါမည်လား။
သို့ဖြစ်၍ အကြောင်းစုံကို ခြုံငုံကြည့်လျှင် ကျန်းကျွင့်မှာ သူပြုသမျှကို ဝဋ်ပြန်လည်ခံစားနေရခြင်းသာ ဖြစ်ပေသည်။
ရှောင်ဖူက ဖြစ်ပျက်သမျှကို သိရှိပြီးနောက် စုန့်လူကြီးမင်းအား အကြောင်းစုံကို အတိအကျ ပြန်လည်တင်ပြရန်လည်း မမေ့ခဲ့ပါချေ။
စုန့်လူကြီးမင်းလည်း ကျန်းကျွင့်တွင် ဖြစ်ပျက်သမျှကို သိရှိသွားသည့်အချိန် အရာအားလုံးကို ရှင်းလင်းစွာ နားလည်သွားခဲ့လေသည်။
သူက အဘယ်ကြောင့် ဤမျှအလောတကြီး ပြန်လာကာ အကူအညီတောင်းရသနည်း၊ အဘယ်ကြောင့် အရှက်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဤမျှအထိ စုတ်ပြတ်သတ်နေရသနည်းဟူသည်မှာ အံ့သြစရာ မရှိတော့ချေ။
သူက အမှန်တကယ်ပင် လမ်းဆုံးသွားသောကြောင့် ဖြစ်ပေလိမ့်မည်။
နှမြောစရာပင်။ အမှန်တကယ်ပင် နှမြောစရာကောင်းပေသည်။
ဤအရာအားလုံးမှာ သူကိုယ်တိုင် ကျူးလွန်ခဲ့သော အမှားများသာ ဖြစ်၍သူအနေဖြင့် သူ့ကို ထပ်မံကူညီနိုင်စွမ်း မရှိတော့ပါချေ။
မည်သို့ပင်ဖြစ်စေ ကျန်းကျွင့် ယခင်က ပြောခဲ့သည်မှာ မှန်ကန်ပေသည်။
သူ ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ စုန့်လူကြီးမင်း သူ့အား ကောင်းမွန်စွာ ဆုံးမသွန်သင်နိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်ပေသည်။
သို့ဖြစ်ရာ ဤအခြေအနေမျိုးတွင် သူအနေဖြင့် ပါဝင်ပတ်သက်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။
အကယ်၍ သူက ထပ်မံကူညီပေးမည်ဆိုပါက ကျန်းကျွင့်ကို အမှန်တကယ်ပင် ဒုက္ခပေးနေခြင်းသာ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချကာ သူ့ဘာသာသူ ကြီးပြင်းပြောင်းလဲလာအောင်သာ လွှတ်ထားလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
သို့ဖြစ်ရာ စုန့်လူကြီးမင်းက ဤကိစ္စကို ကြားသိပြီးနောက်တွင် မည်သည့် စိတ်သောကမျှ ထပ်မံမထားရှိတော့ပါချေ။
ကျန်းကျွင့်သည်ကား သူ၏ နောက်ဆုံးမျှော်လင့်ချက်လေး ပျက်စီးသွားပြီးနောက် ငှားထားသောအိမ်သို့ ပြန်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
ထိုနေရာသို့ ရောက်သည့်အချိန်တွင် သူ့အား အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသော အစ်ကိုပေါင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေတော့သည်။
“ညီလေးကျန်း ဘာတွေဖြစ်နေတာလဲ၊ ငွေရပြီလား”
ကျန်းကျွင့်တစ်ယောက် ယခုအချိန်တွင် အစ်ကိုပေါင်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ယင်လာခဲ့ချေပြီ။
အထူးသဖြင့် အစ်ကိုပေါင်၏မျက်နှာတွင် သူနှင့်စတင်တွေ့ဆုံစဉ်ကအတိုင်းပင် ရိုးသားလွန်းသော အပြုံးမျိုး ရှိနေသည်ကို မြင်လိုက်ရသည့်အခိုက်တွင်၊ သူ့အနေဖြင့် အတိတ်သို့ ပြန်သွားပြီး သူ့ကိုယ်သူ ပါးရိုက်ပစ်ချင်စိတ်များ ဖြစ်သွားရလေသည်။
ဤလူမှာ မိစ္ဆာတစ်ကောင်ဖြစ်ကြောင်းသိသာလွန်းသည်ကို အဘယ်ကြောင့် ရိုးသားသူတစ်ဦးဟု ထင်မှတ်ခဲ့မိပါသနည်း။
နှမြောစရာကောင်းသည်မှာ ယခုအချိန်၌ အရာအားလုံး နောက်ကျသွားခဲ့ပေပြီ ။
“ပေါင်... အစ်ကိုပေါင်... ကျွန်တော့်ကို အချိန်နည်းနည်းလောက် ထပ်ပေးပါဦး ကျွန်တော် ငွေကို သေချာပေါက် စုဆောင်းပြီး အမြန်ဆုံး ပြန်ဆပ်ပါ့မယ်! ကျွန်တော့်ကို လွှတ်ပေးပါဦး ၊ ကျွန်တော် တကယ်ပဲ တခြားနည်းလမ်း မရှိတော့လို့ပါ...”
“ငွေမရှိဘူး ဟုတ်လား..အင်း ငွေမရှိရင်လည်း ကိုင်တွယ်ရတာ လွယ်ပါတယ် ငါ အရင်က ပြောခဲ့သလိုပဲ၊ ကိုယ့်အကြွေးကို ကိုယ်တိုင် ပြန်ဆပ်ရမှာပေါ့၊
ငါ့အတွက် အလုပ်လုပ်ပေးရင်း အကြွေးဆပ်ပေါ့ကွာ၊ အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက် လုပ်ပေးလိုက်ရင် အကြွေးက ကြေသွားမှာပါ သိပ်ပြီးတော့ မကြာပါဘူး”
သူ့အတွက် အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက် အလုပ်လုပ်ပေးရမည်ဆိုပါက သူ အိုမင်းသွားသည်အထိ အလုပ်လုပ်ပြီး ဘဝတစ်လျှောက်လုံးကို ဤနေရာတွင်သာ ကုန်ဆုံးရတော့မည် မဟုတ်ပါလား။
ကျန်းကျွင့်က ငြင်းပယ်လိုသော်လည်း အစ်ကိုပေါင်၏ လက်ထဲတွင် သူကိုယ်တိုင် လက်မှတ်ထိုးပြီး လက်ဗွေနှိပ်ထားသော အကြွေးစာချုပ် ရှိနေပေသည်။
အကယ်၍ ရဲစခန်းသို့ သွားတိုင်လျှင်ပင် ထိုအကြွေးစာချုပ်မှာ အစစ်အမှန် ဖြစ်နေပေလိမ့်မည်။
သို့ဖြစ်၍ သူ ထွက်ပြေးသွားလျှင်ပင် သို့မဟုတ် တစ်သက်လုံး လူမမြင်အောင် ပုန်းနေလျှင်ပင်၊ ကမ္ဘာ့အဆုံးအထိ ပြေးသွားလျှင်ပင် အကြွေးဆပ်ရန်အတွက် လိုက်လံနှောင့်ယှက်ခြင်း ခံရမည်သာ ဖြစ်ပေသည်။
ကျန်းကျွင့် ထိုကဲ့သို့သော နေ့ရက်မျိုးကို စိတ်ပင်မကူးရဲတော့ပါချေ။ သို့ဖြစ်ရာ နောက်ဆုံးတွင် သူသည်က မျက်ရည်စက်လက်ဖြင့်သာ သဘောတူလိုက်ရလေတော့သည်။
“ကောင်းပါပြီ.. ကျွန်တော် အလုပ်လုပ်ပေးပါ့မယ်၊ အလုပ်လုပ်ပေးပါ့မယ်”
သူ့အနေဖြင့် အစ်ကိုပေါင်ကို ကူညီပေးကာ တခြားသော ညီအစ်ကိုများကဲ့သို့ ရန်ဖြစ်သော ကိစ္စရပ်များ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်ရမည်ဟု ထင်မှတ်ထားသည်။
သို့သော် နောက်တစ်နေ့တွင်ပင် တရားမဝင် ကျောက်မီးသွေးတွင်းတစ်ခုသို့ ဦးတည်နေသော ကားတစ်စီးပေါ်သို့ တိုက်ရိုက် တင်ဆောင်ခြင်း ခံလိုက်ရပြီး ထိုနေရာတွင် တစ်သက်လုံး နေထိုင်သွားရကာ မည်သည့်အချိန်တွင်မျှ ပြန်ထွက်လာခွင့် ရတော့မည် မဟုတ်ကြောင်းကိုတော့ သူ လုံးဝ မထင်မှတ်ထားလောက်ပါချေ။
…
ကျန်းကျွင့်အား ပို့ဆောင်လိုက်သည့်အကြောင်းကို စုန့်ကျယ်က ချက်ချင်းပင် သိရှိခဲ့သော်လည်း သိရှိပြီးနောက်တွင် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပါချေ။
မည်သို့ပင်ဖြစ်စေ ကျန်းကျွင့်က အစ်ကိုပေါင်နှင့် ပတ်သက်မိကတည်းက ဤကဲ့သို့သော နိဂုံးမျိုး ရရှိလိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့ပြီးသား ဖြစ်ပေသည်။
ယနေ့မှစ၍ ထိုသူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ကျူးလွန်ခဲ့သော အမှားများအတွက် အကြွေးဆပ်ရန် ကျောက်မီးသွေးတွင်းများတွင် ဘဝတစ်လျှောက်လုံး ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်သွားရပေလိမ့်မည်။
လင်းရန်က စုန့်ရှီးယန်၏ စာကို ရက်အနည်းငယ်အကြာတွင်မှ လက်ခံရရှိခဲ့လေသည်။
စာထဲတွင် သူက ကျန်းကျွင့်၏ အကြောင်းကို လင်းရန်အား ထည့်သွင်းပြောပြခဲ့လေ၏။
လင်းရန် ထိုသတင်းကို ကြားသိရချိန်တွင် သက်ပြင်းတစ်ချက်ကိုသာ ချလိုက်မိတော့သည်။
အကယ်၍ ကျန်းကျွင့်သာ မကောင်းမှုများကို ဤမျှအထိ မကျူးလွန်ခဲ့ပါက သို့မဟုတ် စုန့်လူကြီးမင်းအပေါ် အနည်းငယ်မျှ ပို၍ ကြင်နာခဲ့ပါက သူ၏နိဂုံးမှာ ဤကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။
သို့ဖြစ်၍ ဤလောကတွင် ဝဋ်ကြွေးဆိုသည်မှာ အမှန်တကယ်ပင် ရှိပေသည်။ လူအများ လုပ်သမျှကို ကောင်းကင်က စောင့်ကြည့်နေသည် မဟုတ်ပါလား။
လင်းရန်က စာကို ဖတ်ပြီးနောက် ကျန်းကျွင့်၏ အကြောင်းကို လျင်မြန်စွာပင် မေ့ဖျောက်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ယခုရက်ပိုင်းအတွင်း သူမသည်လည်း အတော်လေး အလုပ်များနေသည် မဟုတ်ပါလား။
မကြာသေးမီက သူမ အလုပ်များနေရခြင်းမှာ သူမ၏ ဟင်းချက်သည့် အသက်မွေးဝမ်းကျောင်းကြောင့်မဟုတ်ဘဲ အဖေဖြစ်သူ၏ ကိစ္စရပ်များကြောင့် ဖြစ်ပေသည်။
လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ စုန့်လူကြီးမင်း၏ နေအိမ်သို့ သွားရောက်နေခဲ့သော ဆယ်ရက်နီးပါး ကာလအတွင်း သူမ၏ အဖေမှာ ဇာတိမြေတွင် ကြီးကျယ်သော ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ချေပြီ။
ထိုကြီးကျယ်သော ကိစ္စရပ်မှာ အစိုးရဌာနများ၏ အကူအညီဖြင့် အဖေလင်းနှင့် ကွန်မြူနတီတို့ ပူးပေါင်း၍ ချွန်းဖန်း ဆေးဖက်ဝင်အပင်များ စက်ရုံကို တည်ထောင်လိုက်ခြင်းပင် ဖြစ်ပေသည်။
စက်ရုံ၏ အတိုင်းအတာမှာ သေးငယ်ပြီး မြို့ပေါ်ရှိ ဝန်ထမ်းထောင်ချီ၊ ရာချီရှိသော စက်ရုံကြီးများနှင့် မနှိုင်းယှဉ်နိုင်ပါသော်လည်း ဤသည်မှာ သူတို့၏ ကွန်မြူနတီတစ်ခုလုံး၊ တစ်မြို့နယ်လုံး၊ တစ်ခရိုင်လုံးတွင် တပ်မဟာအမည်ဖြင့် ပထမဆုံး ဖွင့်လှစ်သည့် စက်ရုံဖြစ်ပေသည်။
ထို့အပြင် နိုင်ငံတော်မှလည်း ခွင့်ပြုချက် ရရှိထားပြီးဖြစ်၍ သူတို့၏ ကွန်မြူနတီနှင့် တပ်မဟာအတွက် အမှန်တကယ်ပင် ဂုဏ်ယူစရာ ဂုဏ်ထူးဆောင်ကိစ္စတစ်ခု ဖြစ်ပေသည်။
လူတိုင်းက ဤကိစ္စတွင် ယခင်ကထက် ပိုမိုတက်ကြွနေကြလေသည်။
သူတို့က လိုအပ်သော လက်မှတ်များနှင့် အရည်အချင်းစစ်ဆေးချက်များကို လျင်မြန်စွာ ရယူနိုင်ခဲ့ကြပြီးနောက် စက်ရုံတည်ဆောက်ရေးကို အရှိန်အဟုန်ဖြင့် စတင်ခဲ့ကြတော့သည်။
အားလုံးက တညီတညွတ်တည်း ဆွေးနွေးပြီးနောက် စက်ရုံတည်နေရာကို တောင်ခြေတွင် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤသည်မှာ လူတိုင်း ဆေးဖက်ဝင်အပင်များကို အချိန်မရွေး သွားရောက်ပြုစုနိုင်ရန် လွယ်ကူစေသကဲ့သို့၊ ဆေးဖက်ဝင်အပင်များကို သီးခြားစိုက်ပျိုးရန်အတွက်လည်း ပိုမိုအဆင်ပြေစေသောကြောင့် ဖြစ်ပေသည်။
စက်ရုံဖွင့်လှစ်ရာ၌ လုပ်ငန်းပမာဏ ချဲ့ထွင်ရန်နှင့် စနစ်တကျ လည်ပတ်ရန် ရည်ရွယ်ချက်အပြင် လူတိုင်းတွင် တခြားသော ရည်ရွယ်ချက်တစ်ခုလည်း ရှိနေပေသေးသည်။
ထိုသည်မှာ ဆေးဖက်ဝင်အပင်များကို လူလုပ်စိုက်ပျိုးနည်းဖြင့် စတင်စိုက်ပျိုးရန်ပင် ဖြစ်ပေသည်။