အခန်း (၃၄၂)
Vol. 35 Ch. 342
မြို့တော်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကာလအတွင်း လင်းကျန်းအန်းအနေဖြင့် များစွာသင်ယူနိုင်ခဲ့ပေသည်။
ဥပမာအားဖြင့် သူတို့၏တောင်ပေါ်ရှိ ဆေးဖက်ဝင်အပင်များမှာ အမှန်တကယ် ကောင်းမွန်သော်လည်း၊ ထိုအပင်များက သဘာဝအတိုင်း နှစ်ရှည်လများ ကြီးထွားလာခြင်းကြောင့်သာမက တခြားအကြောင်းရင်းတစ်ခုလည်း ရှိနေပေသေးသည်။
ထိုသည်မှာ မြေဆီလွှာနှင့် ရာသီဥတု အခြေအနေများက ဆေးဖက်ဝင်အပင်များ ကြီးထွားရန်အတွက် အလွန်ပင် သင့်လျော်နေခြင်းကြောင့် ဖြစ်ပေ၏။
သို့ဖြစ်ရာ အကယ်၍ သူတို့အနေဖြင့် တောင်ပေါ်တွင် ဆေးဖက်ဝင်အပင်တချို့ကို လူလုပ်စိုက်ပျိုးနည်းဖြင့် စမ်းသပ်စိုက်ပျိုးမည်ဆိုပါက ရလဒ်ကောင်းများ ရရှိနိုင်မည် မဟုတ်ပါလား။
ဤအဆိုပြုချက်ကို မြို့တော်ဆေးရုံမှ ဆရာဝန်များကလည်း ထောက်ခံခဲ့ကြပြီး၊ လင်းကျန်းအန်းထံမှ ကျေနပ်ဖွယ်ရာ အဖြေတစ်ခုကို သူတို့အားလုံး မျှော်လင့်နေကြပေသည်။
မည်သို့ပင်ဖြစ်စေ သဘာဝအတိုင်း ကြီးထွားလာခြင်းမှာ လူလုပ်စိုက်ပျိုးခြင်းကဲ့သို့ မမြန်ဆန်နိုင်ပါချေ။
ဆေးဖက်ဝင်သည့် အာနိသင်မှာလည်း များစွာကွာခြားမှုမရှိပါက လူလုပ်စိုက်ပျိုးခြင်းကိုသာ ပိုမိုဦးစားပေးသင့်သည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ယခုရက်ပိုင်းအတွင်း ချွန်းဖန်းတပ်မဟာတစ်ခုလုံးမှာ အလွန်ပင် အလုပ်ရှုပ်နေကြလေ၏။
အဆောက်အအုံ ပြုပြင်တည်ဆောက်ခြင်းမှာ ကြီးမားသော ကိစ္စရပ်တစ်ခုဖြစ်ပြီး သူမ၏ဖခင်မှာလည်း ထိုအထဲတွင် အဓိကကျသော ပုဂ္ဂိုလ်ဖြစ်နေသည့်အတွက် လင်းရန်အနေဖြင့်လည်း အိမ်သို့ပြန်ကာ ကူညီပေးရပေမည်။
ထို့ကြောင့်သတင်းရရှိပြီးသည်နှင့် သူမက ဇာတိမြေသို့ အမြန်ဆုံး ပြန်လာခဲ့လေသည်။
သူမသည်က အဆောက်အအုံ မတည်ဆောက်တတ်သော်လည်း နေ့စဉ် အိမ်တွင် ဟင်းချက်ပေးနိုင်ပေသည်။
အဖေလင်းကဲ့သို့ ကြိုးစားအားထုတ်နေကြသူများအတွက် ပိုမိုကောင်းမွန်သော အစားအသောက်နှင့် အားဆေးများကို စားသုံးနိုင်စေရန် အနည်းဆုံးတော့ ကူညီပေးနိုင်သည်။
ထို့ကြောင့် အဖေလင်းက နေ့စဉ် အိမ်ပြန်လာသည့်အချိန်တွင် ယခင်ကထက် ပင်ပန်းမှုများစွာ လျော့နည်းသွားခဲ့လေသည်။
ယနေ့တွင် လင်းရန်သည် သူတို့အတွက် ကြာစေ့နှင့် ပဲစွပ်ပြုတ်ကို ချက်ပြုတ်ပေးထားသောကြောင့် လန်းဆန်းစေပြီး ရေငတ်ပြေစေပေသည်။
မကြာသေးမီက ရာသီဥတုမှာ စတင်အေးလာပြီဖြစ်သော်လည်း ပင်ပန်းသောအလုပ်များကို လုပ်ကိုင်နေကြသည့် အဖေလင်းတို့မှာ လုံးဝ အေးသည်ဟု မခံစားရပါချေ။
ထို့အစား သူတို့မှာ ပူအိုက်ပင်ပန်းနေကြဆဲပင်။ ထို့ကြောင့် အလုပ်ခေတ္တရပ်နားကာ ပဲစွပ်ပြုတ်တစ်ပန်းကန်ခန့် သောက်လိုက်ရသည်မှာ မည်မျှအထိ ကျေနပ်စရာကောင်းသည်ကိုတော့ ပြောနေရန်ပင် မလိုတော့ပါချေ။
လင်းကျန်းအန်းက အလုပ်ခေတ္တနားကာ ပဲစွပ်ပြုတ် သောက်နေချိန်တွင် သူ၏ရှေ့မှ တစ်ဝက်ခန့် ပြီးစီးနေပြီဖြစ်သော စက်ရုံအဆောက်အအုံကို ကြည့်ရင်း နှလုံးသားထဲတွင် ကျေနပ်အားရမှုနှင့် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေပေသည်။
သူက လင်းရန်အား လှမ်းကြည့်လိုက်ပြီးနောက် ဂုဏ်ယူသော လေသံဖြင့် ပြောလိုက်လေ၏။
“ရန်ရန်.. နောက်ပိုင်းကျရင် စက်ရုံရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာပြီဆိုတော့ အဖေက မင်းကို ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်နိုင်အောင် သေချာပေါက် လုပ်ပေးမယ်”
လင်းကျန်းအန်းက အဘယ်ကြောင့် ဤမျှအထိ ကြိုးစားအားထုတ်နေရပါသနည်း။ သူကိုယ်တိုင်အတွက်မဟုတ်ဘဲ မိသားစုအတွက်သာ ဖြစ်ပေသည်။
စုန့်ဝေ့က သူ့အား ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သူ အမြဲတစေမှတ်မိနေခဲ့သည်။
“မင်းဆိုတဲ့ လင်းကျန်းအန်းကတော့ တစ်သက်လုံး လယ်သမားပဲ ဖြစ်နိုင်တယ်”
ထိုစကားလုံးတို့က သူ ပင်ပန်းနွမ်းနယ်သည့်အချိန်တိုင်းတွင် သူ့အား သတိပေးနှိုးဆော်နေပြီး အံကိုတင်းတင်းကြိတ်ကာ ဆက်လက်ကြိုးစားနိုင်ရန် အားအင်ဖြစ်စေခဲ့သည်။
ကံကောင်းစွာဖြင့် သူ၏ ကြိုးစားအားထုတ်မှုများမှာ ထိရောက်မှု ရှိနေပေ၏။
ယခုအချိန်တွင် စက်ရုံကို တည်ထောင်နိုင်ခဲ့ချေပြီ။ အကယ်၍ နောက်ပိုင်းတွင် လူလုပ်ဆေးပင်စိုက်ပျိုးခြင်း၏ ရလဒ်များ ကောင်းမွန်ပါက လုပ်ငန်းကို ထပ်မံချဲ့ထွင်ရန်နှင့် တခြားသော ဆေးရုံ၊ ဆေးဆိုင်များသို့ သွားရောက်ချိတ်ဆက်ရန်ပင် ရွေးချယ်ကောင်း ရွေးချယ်နိုင်သည်။
လင်းရန်တစ်ယောက် ထိုစကားကို ကြားလျှင်မရယ်မောဘဲ မနေနိုင်တော့ပါချေ။ ထို့နောက် သူမက မျက်လုံးများကို ပင့်ကြည့်လျက် လင်းကျန်းအန်းအား လက်မထောင်ပြလိုက်လေသည်။
“အဖေ... အဖေက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ”
လင်းကျန်းအန်းက သူမ၏ ချီးကျူးမှုကို ခံရသည့်အခါ အနည်းငယ် ရှက်ရွံ့ သွားရလေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ရှိ လူများ သတိမပြုမိခင်မှာပင် လင်းရန်အား တီးတိုး ပြောပြလေ၏။
“တကယ်တော့ စက်ရုံနာမည်ကို စဉ်းစားတုန်းက အဖေ တခြားနာမည်ကောင်း တစ်ခုလည်း တွေးမိသေးတယ် မင်း သေချာပေါက် ကြိုက်မှာ!”
“နှမြောစရာကောင်းတာက အဲဒီနာမည်က အခုအချိန်မှာ မသင့်တော်သေးဘူးလို့ အဖေ ထင်မိတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီစက်ရုံက ကွန်မြူနတီနဲ့ ပူးပေါင်းတည်ထောင်ထားတာဆိုတော့ ကိုယ်ပိုင်ဆန်လွန်းတဲ့ နာမည်ပေးဖို့ မကောင်းဘူးလေ
ဒါပေမဲ့ စိတ်မပူနဲ့ ရန်ရန်... တစ်ချိန်မှာ အဖေကိုယ်တိုင် အားလုံးကို ဆုံးဖြတ်လာနိုင်ရင် ဒီစက်ရုံနာမည်ကို သေချာပေါက် ပြောင်းပစ်မယ်!”
အဖေလင်း ပြောသည့် စကားမှာ အတော်ပင် ယုတ္တိရှိလှပေသည်။
လင်းရန်သည်လည်း စပ်စုလိုစိတ် ပြင်းပြလာခဲ့ရ၏။
“အဖေ... အဖေပြောတဲ့ နာမည်ကောင်းဆိုတာက ဘာလဲ”
အဖေလင်း ဤမျှအထိ သဘောကျနေသည်ဖြစ်၍ သာမန်နာမည်မျိုးတော့ သေချာပေါက် ဖြစ်နိုင်မည် မဟုတ်ပါချေ။
ထို့နောက် အဖေလင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်ကို သူမ ကြားလိုက်ရလေသည်။
“ချစ်သမီးလေး ရန်ရန်(အိုက်လု ရန်ရန် ) ဆေးဖက်ဝင်အပင်များ စက်ရုံလို့ ခေါ်ရင်ရော ဘယ်လိုလဲ၊ နားထောင်လို့ မကောင်းဘူးလား”
ချစ်သမီးလေး ရန်ရန်..?
လင်းရန် ထိုနာမည်ကို ကြားလိုက်ရသည့်အခိုက်တွင် အံ့သြမင်သက်သွားရလေသည်။
သူမအနေဖြင့် ထိုနာမည်မှာ ထူးခြားသောပုံစံရှိလွန်းသည်ဟု ပြောဆိုရန် ပြင်လိုက်သော်လည်း စကားစပြောမည့်အချိန်မှာပင် ရုတ်တရက် ကြောင်အမ်းသွားခဲ့ရ၏။
နေပါဦး... ဒီနာမည်က ဘာလို့ ရင်းနှီးနေရတာလဲ။
ချစ်ရသော သမီးလေး ရန်ရန်...
အိုက်လု .. ရန်ရန် ?
ဟင်းချက်သူတစ်ဦးဖြစ်သော သူမအနေဖြင့် ဆေးဝါးကုမ္ပဏီတစ်ခု၏ နာမည်ကို မှတ်မိနေရခြင်းမှာ အိုက်လုကုမ္ပဏီက အလွန်ကျော်ကြားလှခြင်းကြောင့်သာမကဘဲ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ဖူးသော ဟာသတစ်ခုကြောင့်လည်း ဖြစ်ပေသည်။
ထိုဟာသမှာ အိုက်လုကုမ္ပဏီသည်က အမှန်တကယ်တွင် နာမည်တစ်ကြိမ် ပြောင်းခဲ့ဖူးပြီး၊ မူလနာမည်မှာအိုက်လု ရန်ရန် ဖြစ်သည်ဟု ဆိုကြ၏။
လူတိုင်းက သူဌေးကြီးတွင် ရန်ရန်ဟု အမည်ရသော သမီးတစ်ဦး ရှိနေနိုင်ကြောင်း ပြောခဲ့ကြသည်။
သို့မဟုတ်ပါက ကုမ္ပဏီနာမည်ကို အဘယ်ကြောင့် အိုက်လု ရန်ရန်ဟု ပေးထားပါမည်နည်းဟူ၍ ခန့်မှန်းနေခဲ့ကြသည်။
နောက်ပိုင်းတွင် ရှယ်ယာရှင်အတော်များများက ထိုနာမည်မှာ အဆင့်မမီဟု ယူဆခဲ့ကြသည့်အတွက် “အိုက်လု” ဟု ပြောင်းလဲခဲ့ရခြင်း ဖြစ်ပေသည်။
သို့ဖြစ်လျှငင် ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုလား..
သေချာပေါက် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ရပေမည်။
သို့မဟုတ်ပါက သူမ၏ အဖေနှင့် ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင်ကြီးတို့က တူညီသော စက်ရုံနာမည်ကို အဘယ်ကြောင့် ပေးချင်နေကြရမည်နည်း။
ထို့အပြင် နှစ်ဦးလုံးမှာလည်း ဆေးဖက်ဝင်အပင် လုပ်ငန်းနယ်ပယ်မှ ဖြစ်နေကြသည် မဟုတ်ပါလား။
ဤသည်မှာ သေချာပေါက် တိုက်ဆိုင်မှုကြီးတစ်ခုသာ ဖြစ်ရပါလိမ့်မည်။
သို့သော် သူမ မှတ်မိနေသေးသည်။
ယခင်ဘဝက အင်တာနက်ပေါ်တွင် ထိုသူဌေးကြီး၏ သမီးနှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်မျှ မရှိခဲ့ပေ။
ထိုအမျိုးသမီးလေးက အမှန်တကယ် မတည်ရှိခဲ့ခြင်းကြောင့်လား သို့မဟုတ် ထိုမျိုးဆက်၏ အင်တာနက်အသုံးပြုသူများက သတင်းစုံစမ်းရာတွင် သိပ်မတော်ကြခြင်းကြောင့်လားဟူသည်ကို သူမ မသိရှိပါချေ။
သို့သော် အကယ်၍ အဖေလင်းကသာ အမှန်တကယ်ပင် ထိုသူဌေးကြီးဖြစ်ခဲ့လျှင် သူဌေးကြီး၏ သမီးအကြောင်းကို အင်တာနက်အသုံးပြုသူများ အဘယ်ကြောင့် ရှာမတွေ့ခဲ့ကြသနည်းဟူသည်ကို လင်းရန် နားလည်နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ထို “လင်းရန်” မှာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းကပင် သူမ၏ခင်ပွန်းသည်၏ ရိုက်နှက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ရာအမှန်တကယ် ရှာဖွေလိုလျှင်ပင် ရှာတွေ့နိုင်မည် မဟုတ်တော့ပေ။
ထိုအကြောင်းကို တွေးမိလိုက်သည့်အချိန် လင်းရန်၏ စိတ်အခြေအနေမှာ ရုတ်တရက် ရှုပ်ထွေးသွားရလေတော့သည်။
သူမအနေဖြင့် မူလက သူမကိုယ်သူမ သာမန်ကူးပြောင်းလာသူတစ်ဦးဟုသာ ထင်မှတ်ခဲ့ပြီး သူမ ရရှိထားသည့် ဇာတ်ညွှန်းမှာလည်း လွတ်လပ်၍ ကြိုးစားအားထုတ်ရမည့် ဇာတ်ညွှန်းမျိုးဟုသာ ယူဆခဲ့မိသည်။
ယခုကဲ့သို့ အနာဂတ်သူဌေးကြီးတစ်ဦး၏ သမီးဖြစ်လာနိုင်ပြီး ထိပ်တန်းချမ်းသာသည့် ဒုတိယမျိုးဆက်အဖြစ် အသွင်ပြောင်းသွားနိုင်သည်ဟု ပြောပြလာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပါချေ။
ဤအံ့သြဖွယ်ရာက အမှန်တကယ်ပင် ရုတ်တရက်ကြီး ရောက်ရှိလာခဲ့ပေသည်။
လင်းရန်မှာ ကြီးမားသော တုန်လှုပ်မှုအတွင်း နစ်မျောနေချိန်တွင် လင်းကျန်းအန်းလည်း နောက်ဆုံး၌ သူမ၏ အခြေအနေက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပြီး စိုးရိမ်တကြီးဖြင့် မမေးဘဲ မနေနိုင်တော့ပေ။
“ရန်ရန်.. ဘာဖြစ်လို့လဲ၊ တစ်နေရာရာက နေလို့မကောင်းလို့လား၊ အိမ်ကို အရင်ပြန်နှင့်ပါလား”
လင်းကျန်းအန်း၏ အသံကြောင့် လင်းရန် သတိပြန်ဝင်လာခဲ့ပြီးနောက် လင်းကျန်းအန်းအား ကြည့်လိုက်ချိန်တွင် သူမ၏ မျက်ဝန်းများမှာ ရုတ်တရက် ရှုပ်ထွေးကာ ငေးမောနေမိလေသည်။
ထိုသူဌေးကြီးမှာ သူမ၏ဖခင် အမှန်တကယ် ဟုတ်၊ မဟုတ်ကို သူမ မသေချာသေးပါသော်လည်း အကယ်၍သာ ဟုတ်ခဲ့လျှင်...
သို့ဖြစ်၍ သူမ စဉ်းစားပြီးနောက် လင်းကျန်းအန်းအား ပြတ်သားစွာ ပြောလိုက်လေသည်။
“အဖေ... ကျွန်မကို ကတိပေးပါဦး၊ အဖေ သေချာပေါက် ကြိုးစားအားထုတ်ရမယ်”
အဖေက ကောင်းကင်ဘုံသို့ပင် ရောက်ရှိသွားနိုင်ခြင်းမျိုးဖြစ်လာနိုင်ပေလိမ့်မည်။
လင်းကျန်းအန်းက သူ၏သမီးဖြစ်သူမှာ အဘယ်ကြောင့် ထူးဆန်းသွားရသနည်းဟူသည်ကို မသိပါသော်လည်း သူမက မည်သည်ကိုမျှထုတ်မပြောသောကြောင့် သူလည်း ထပ်မမေးတော့ပါချေ။
လင်းရန်က သူ့အား ကြိုးစားရန် ပြောသည့်ကိစ္စမှာတော့ ပြောနေရန်ပင် မလိုတော့ပါချေ။ သူက သေချာပေါက် အစွမ်းကုန် ကြိုးစားမည်သာ ဖြစ်ပေသည်။
“စိတ်မပူပါနဲ့ ရန်ရန်၊ အဖေက သမီးနဲ့ အဘွားကို ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်နိုင်အောင် သေချာပေါက် လုပ်ပေးမှာပါ”
ထို့နောက် လင်းရန်က ပစ္စည်းများကို ယူဆောင်ကာ ပြန်သွားခဲ့လေသည်။
လင်းရန်၏ အားပေးမှုကြောင့် လင်းကျန်းအန်းမှာလည်း ကြက်သွေးထိုးပေးခံလိုက်ရသကဲ့သို့ တက်ကြွလာပြီး မိုးချုပ်သည်အထိ ဆက်လက်အလုပ်လုပ်ခဲ့လေတော့သည်။
ထိုတက်ကြွမှုဖြင့်ပင် လူတစ်စုက စက်ရုံတည်ဆောက်ရေးလုပ်ငန်းကို ခန့်မှန်းထားသည်ထက် များစွာ စောစီးစွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြလေသည်။
စက်ရုံ တည်ဆောက်ပြီးစီးသည့်နေ့တွင် တပ်မဟာ၊ ကွန်မြူနတီနှင့် မြို့နယ်ခေါင်းဆောင်များပင် ရောက်ရှိလာကြ၏။
လူတစ်စုမှာ စက်ရုံတံခါးဝတွင် ရပ်လျက် ယခုအချိန် ဗလာဖြစ်နေသော်လည်း အနာဂတ်တွင် ပြည့်စုံလာမည့် စက်ရုံကို ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြုံးနေခဲ့ကြလေသည်။
လင်းကျန်းအန်းသည်က ခေါင်းဆောင်များနှင့်အတူ နှစ်ပတ်ခန့် လှည့်လည်ကြည့်ရှုပြီးနောက် အနာဂတ် စက်ရုံအတွက် သူ၏အစီအစဉ်များကို ရှင်းပြခဲ့ပြီး ခေါင်းဆောင်များအားလုံး၏ အသိအမှတ်ပြုခြင်းနှင့် ချီးကျူးခြင်းကို ခံခဲ့ရလေသည်။