← Chapters

အခန်း (၃၄၃)

Vol. 35 Ch. 343

အခန်း (၃၄၃)

Vol. 35 Ch. 343

လင်းရန်၊ အဘွားလင်းနှင့် တခြားသူများမှာ အနားသို့မချဉ်းကပ်ဘဲ အဝေးမှရပ်ကြည့်နေခဲ့ကြပြီး သူတို့၏မျက်နှာပေါ်တွင်လည်း ဂုဏ်ယူဝင့်ကြွားသော အပြုံးများ ရှိနေကြလေသည်။

“ရန်ရန်... ကြည့်စမ်း၊ အခု နင့်အဖေက ဘယ်လောက်တောင် အစွမ်းထက်နေလဲဆိုတာ၊ သူက စက်ရုံတောင် ဖွင့်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ငါ့သားက ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး”

အဘွားအိုက သူမ၏ ဒုတိယသား လင်းကျန်းအန်းကို အပြုံးတစ်ခုနှင့် ချီးကျူးပြီးနောက်၊ တခြားသော သားနှစ်ဦးအကြောင်းကိုလည်း ထည့်သွင်းပြောဆိုရန် မမေ့ခဲ့ပါချေ။

“လောင်တာ့ကတော့ အခု အဆင်ပြေသွားပါပြီ၊ သူက နင့်အဖေနဲ့အတူ အလုပ်လုပ်ပြီး အဆင်ပြေလာပြီ ဒါပေမဲ့ မင်းရဲ့ တတိယဦးလေးကတော့ အနာဂတ်က ဘယ်လိုဖြစ်လာမယ်ဆိုတာတောင် မသိနိုင်တော့ဘူး”

သားသုံးယောက်အနက် တတိယဦးလေးတစ်ဦးသာ တပ်မဟာတွင် တာဝန်များကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ လုပ်ကိုင်နေဆဲဖြစ်ပေသည်။

တပ်မဟာရှိ လူအများစုမှာလည်း ဤကဲ့သို့ပင် လုပ်ကိုင်နေကြသည်ဖြစ်သော်လည်း၊ ယခုအချိန် ကျန်ရှိသော ညီအစ်ကိုနှစ်ဦးတွင် တခြားရွေးချယ်စရာ လမ်းစများ ရှိနေပြီဖြစ်ရာ သူတစ်ဦးတည်းသာ ထိုနေရာတွင် ကျန်ရစ်နေသည်မှာ အနည်းငယ် အနေရခက်စရာ ဖြစ်နေချေပြီ။

အဘွားလင်းအနေဖြင့် ဤသို့ပြောဆိုခြင်းမှာ တခြားအဓိပ္ပာယ်မျိုး မရှိပါချေ။

ဥပမာအားဖြင့် လင်းရန်အား သူမ၏ဖခင်ထံသို့ တတိယဦးလေးကို ကူညီရန် ပြောခိုင်းခြင်းမျိုး မဟုတ်ဘဲ၊ သူမ၏ စိတ်ထဲရှိသည့်အတိုင်း ခံစားချက်ဖြင့်သာ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

မည်သည့်ကလေးမဆို သူတို့၏ကံကြမ္မာမှာ သူတို့နှင့်သာ သက်ဆိုင်သည်ဟု သူမ သေသေချာချာ နားလည်ထားပြီးဖြစ်၍ သူမအနေဖြင့် ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

သူမ၏ အသက်အရွယ်အရ အိမ်မှုကိစ္စအချို့ကို ကူညီပေးရုံနှင့် ပျော်ရွှင်မှုကို ခံစားရုံသာ တတ်နိုင်တော့ပေသည်။

လင်းရန်သည်လည်း အဘွားလင်းက စကားစပ်မိ၍သာ ပြောဆိုခြင်းဖြစ်ကြောင်း သိရှိသော်လည်း၊ မည်သို့ပြန်ပြောရမည် သို့မဟုတ် မည်သို့သောအကြံဉာဏ် ပေးရမည်ကို မသိရှိပါချေ။

သို့သော် အဖေလင်း၏ စရိုက်အရ တတိယဦးလေးတို့ဘက်မှ ကြီးမားသောအမှားမျိုး မကျူးလွန်သရွေ့ သူတို့ကို လက်တွဲကူညီရန် ငြင်းပယ်လိမ့်မည် မဟုတ်သည်မှာ သေချာပေ၏။

မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ဤကိစ္စများကို ဂရုစိုက်နေရန် မလိုအပ်ပါချေ။ သူမက ယခုအချိန်တွင် အလုပ်နှင့် ဘဝကို ကောင်းမွန်စွာ ရှင်သန်ရန်နှင့် သူမ၏ အသက်မွေးဝမ်းကျောင်း အစီအစဉ်များကိုသာ စဉ်းစားရန် လိုအပ်ပေသည်။

ဤဖြစ်ရပ်ကြောင့် လင်းရန်က ဇာတိမြေတွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ပြီးနောက် မြို့ထဲသို့ ပြန်လာခဲ့လေသည်။

မြို့သို့ ပြန်ရောက်ပြီးနောက်တွင် သူမက စားဖိုမှူးရှုန်းနှင့်အတူ ပညာဆက်လက်သင်ယူခဲ့၏။ ငြိမ်းချမ်းသော ဘဝတွင်လဝက်ခန့် ကုန်ဆုံးပြီးနောက် တစ်နေ့တွင် စားဖိုမှူးရှုန်းက လင်းရန်အား ရုတ်တရက် မေးမြန်းလိုက်လေသည်။

“ရှောင်လင်း၊ မင်း တရားဝင်အလုပ်တစ်ခု လုပ်ချင်လား”

တရားဝင်အလုပ်ဟုတ်လား။

လင်းရန် ခေတ္တမျှ မင်သက်သွားပြီးနောက် အလေးအနက် စတင်စဉ်းစားလေတော့သည်။

သူမ ယခုအချိန်တွင် စားဖိုမှူးရှုန်းနှင့်အတူ အလုပ်လုပ်နေခြင်းမှာ ပညာသင်ရင်း အလုပ်လုပ်နေခြင်းသာ ဖြစ်ပေသည်။ စားဖိုမှူးရှုန်း၏ အလုပ်မှာ ထူးခြားပြီး အတည်တကျမရှိသောကြောင့် သူမက အချိန်အတော်များများကို ပညာသင်ယူရင်းသာ ကုန်ဆုံးစေခဲ့၏။

သို့သော် စားဖိုမှူးရှုန်းနှင့်အတူ ဟင်းချက်ရန် အချိန်အများကြီး မရသော်လည်း၊ အပြင်သို့ ထွက်ရသည့် အကြိမ်တိုင်းတွင် များစွာသော အတွေ့အကြုံများကို ရရှိခဲ့ပေ၏။

ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် စားဖိုမှူးရှုန်းနှင့်အတူ ဟင်းချက်ရန် လိုက်သွားခဲ့ခြင်းကြောင့်သာ စုန့်လူကြီးမင်းကို တွေ့ရှိခဲ့ပြီး၊ စုန့်ရှီးယန်တို့နှင့် ပြန်လည်ဆုံတွေ့နိုင်အောင် အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့အပြင် ယခင်ကလည်း စားဖိုမှူးရှုန်းကြောင့်ပင် မြို့နယ်ပါတီကော်မတီအတွင်းရေးမှူးနှင့် တခြားသူများကို သိကျွမ်းခွင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။

ယေဘုယျအားဖြင့် သူမတွင် ယခုအချိန်၌ အဆက်အသွယ်ကောင်းများစွာ ရှိနေပြီဖြစ်ပြီး၊ ထိုအရာများမှာလည်း စားဖိုမှူးရှုန်းကြောင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။

တချို့သော ရှုထောင့်များမှကြည့်လျှင် လူမှုဆက်ဆံရေး အဆက်အသွယ်များမှာ ဟင်းချက်သည့် အတတ်ပညာထက်ပင် ပို၍ တန်ဖိုးရှိနိုင်ပေသည်။

ထို့ကြောင့် ယခုအချိန်တွင် စားဖိုမှူးရှုန်းက သူအား ဤသို့ရုတ်တရက် မေးမြန်းလာသည်က ကောင်းမွန်သော အခွင့်အရေးတစ်ခု ထပ်မံရရှိ၍ဖြစ်ကြောင်းကို လင်းရန် ချက်ချင်း ရိပ်မိလိုက်လေသည်။

သူမ၏ လက်ရာမှာလည်း ယခင်ကထက် များစွာ တိုးတက်လာပြီဟု သူမ ခံစားရပေသည်။

အကယ်၍ အခွင့်အရေးရှိပါက သူမကိုယ်တိုင် ကြိုးစားကြည့်ချင်ပေသည်။

နောက်ဆုံးတွင် လင်းရန်လည်း ထပ်မံတွန့်ဆုတ်မနေတော့ဘဲ ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။

“အဘိုးရှုန်း၊ အဆင်ပြေမဲ့ အခွင့်အရေးရှိရင် ကျွန်မ သွားချင်ပါတယ်”

“ဟားဟား... မင်းကတော့ ငြင်းမှာမဟုတ်ဘူးလို့ ငါ ထင်သားပဲ အထူးသဖြင့် မင်းက ငယ်သေးတာပဲလေ၊ အခွင့်အရေးကောင်းရှိတုန်း စမ်းကြည့်သင့်တာပေါ့ ဟုတ်တယ်မလား ဒါက မင်းရဲ့ အနာဂတ် တိုးတက်မှုအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်”

စားဖိုမှူးရှုန်းက ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီးနောက် လင်းရန်အား အလုပ်ကိစ္စကို ပြောပြလေတော့သည်။

မကြာသေးမီက သူတို့၏မြို့ထဲ၌ ကဏ္ဍစုံတွင် တိုးတက်မှုများ ရှိလာခဲ့ပေသည်။ ထို့အပြင် တခြားသော ပြည်နယ်၊ မြို့များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုများပြားလာသောကြောင့် မြို့ထဲသို့ လူသူအဝင်အထွက် ပိုမိုများပြားလာခဲ့၏။

လူဦးရေ တိုးတက်လာသည့်အချိန်တွင် လိုအပ်ချက်များစွာ ရှိလာခဲ့ချေပြီ။ ဥပမာအားဖြင့် နိုင်ငံပိုင် စားသောက်ဆိုင် အရေအတွက်မှာ နည်းပါးလွန်းသောကြောင့် လူအများအပြားမှာ စားသောက်ဆိုင်များသို့ သွားရောက်စားသောက်ရန် နေရာ လုံးဝမရှိကြပါချေ။

သို့သော် ယခုခေတ်ကာလတွင် ခရီးသွားနေသူများအနေဖြင့် ကောင်းမွန်စွာ စားသောက်နိုင်မည့် တစ်ခုတည်းသော နေရာမှာ နိုင်ငံပိုင် စားသောက်ဆိုင်များသာ ဖြစ်ပေသည်။

မြို့ထဲတွင် သိကျွမ်းသူ သို့မဟုတ် သူငယ်ချင်းရှိသည့် လူနည်းစုမှာ အခြေအနေ ပိုကောင်းနိုင်ပေသည်။

စားသောက်ဆိုင်များတွင် လူအလွန်များသောကြောင့် မစားနိုင်ပါက သူငယ်ချင်း၊ မိတ်ဆွေများ၏ အိမ်သို့သွားကာ အတူတူ စားသောက်နိုင်ကြသေးသည်။

သို့သော်လည်း အလုပ်ကိစ္စ သို့မဟုတ် စီးပွားရေးကိစ္စဖြင့် မြို့သို့လာရောက်သူများမှာ ရွေးချယ်စရာ မရှိပါချေ။

သူတို့သည်က တန်းစီ၍စောင့်ဆိုင်းရသည် သို့မဟုတ် ဆာလောင်စွာဖြင့်သာ သူတို့၏အလုပ်များကို ပြီးစီးအောင် ဆောင်ရွက်ကြရလေတော့သည်။

ဤမြို့သို့ လာရောက်ကြသော အပြင်လူ အတော်များများထံမှ ထိုကိစ္စကို ကြားသိနေရသောကြောင့် အစည်းအဝေးအပြီးတွင် မြို့တော်ခေါင်းဆောင်များက နောက်ထပ် နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခု ထပ်မံဖွင့်လှစ်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြလေသည်။

ထိုစားသောက်ဆိုင်မှာ မြို့တော်ခန်းမ၏ ဘေးကပ်လျက်တွင် တည်ရှိပေ၏။ အဘယ်ကြောင့်ဆိုသော် မြို့ထဲသို့ အလုပ်ကိစ္စဖြင့် လာရောက်ကြသော တခြားစီးပွားရေးသမားများအတွက် အဆင်ပြေစေရန် ရည်ရွယ်ထားခြင်းကြောင့်ဖြစ်ပေသည်။

သို့ဖြစ်၍ တိတိကျကျ ပြောရလျှင် ဤနိုင်ငံပိုင်ဟိုတယ်မှာ မြို့တော်အစိုးရဝန်ထမ်းများနှင့် အပြင်မှလာသော အလုပ်လုပ်ကိုင်သူများကို ဝန်ဆောင်မှုပေးရန်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဤနိုင်ငံပိုင်ဟိုတယ်တွင် အလုပ်လုပ်ကိုင်နိုင်ခြင်းသည်က ခိုင်မာသော အလုပ်အကိုင် ရရှိရုံသာမက တခြားသော အားသာချက်ကြီးတစ်ခုလည်း ရှိနေပေသေးသည်။

ဤသည်မှာ မြို့တော်အစိုးရ ဝန်ထမ်းများနှင့် ရင်းနှီးကျွမ်းဝင်ခွင့်ရလာနိုင်ပြီး ထိုမှတစ်ဆင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ခြင်းပင် ဖြစ်ပေသည်။

ရှေးစကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။

“နန်းတွင်း၌ လူရှိလျှင် အလုပ်လုပ်ရသည်မှာ လွယ်ကူသည်” ဟူ၏။

ဤကဲ့သို့သော ဌာနများတွင် ကောင်းမွန်သော ဆက်ဆံရေးရှိပါက သတင်းအချက်အလက် အတော်များများကို တခြားသူများထက် ပိုမိုမြန်ဆန်စွာ သိရှိနိုင်ပေသည်။

သို့ဖြစ်၍ နောက်ထပ်နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်မည့် သတင်းထွက်လာသည်နှင့် အဖက်ဖက်မှ လူများက စားပွဲထိုး၊ အစားအသောက် ပို့ဆောင်သူ၊ မီးဖိုချောင်ကူညီသူ စသည့် ရာထူးနေရာ အမျိုးမျိုးအတွက် လိုက်လံစုံစမ်းခဲ့ကြတော့သည်။

ရာထူးနေရာ လေးငါးခုမျှသာ ရှိသော်လည်း ‌နေရာအားလုံးက ပစ်မှတ်ထားခြင်းကို ခံလိုက်ရပေပြှ။

မည်သူမျှ မယူဝံ့သော ရာထူးနေရာတစ်ခုသာ ကျန်ရှိပေသည်။ ထိုနေရာမှာ စားသောက်ဆိုင်သစ်၏ စားဖိုမှူးခေါင်းဆောင်ရာထူးပင် ဖြစ်၏။

ဆိုရလျှင် ဤစားသောက်ဆိုင်က သာမန်လူတန်းစား အများစုကို ဝန်ဆောင်မှုပေးသော တခြားစားသောက်ဆိုင်များနှင့်မတူဘဲ အဆင့်အတန်းမြင့်သော လူအုပ်စုကို ဦးတည်ထားသောကြောင့် ကဏ္ဍစုံတွင် သတ်မှတ်ချက်များမှာ သေချာပေါက် အလွန်မြင့်မားနေခဲ့သောကြောင့်သာ ဖြစ်ချေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူတို့မြို့၏ မျက်နှာစာဖြစ်သော စားသောက်ဆိုင်ဖြစ်သည့်အတွက် တာဝန်ယူရန်အတွက် ဟင်းချက်အတတ်ပညာတွင် ပိုမိုထူးချွန်သော စားဖိုမှူးတစ်ဦးကို ရှာဖွေရန် လိုအပ်ပေသည်။

စားဖိုမှူးရှုန်း၏ ဂုဏ်သတင်းအရ လူတချို့က သူ့ထံသို့ လာရောက်တောင်းဆိုကြပြီး ဤတာဝန်ကို ယူပေးရန် ကမ်းလှမ်းခဲ့ကြလေသည်။

အကယ်၍ စားဖိုမှူးရှုန်းသာ စားဖိုမှူးဖြစ်လာပါက ဆိုင်၏ ဟင်းလျာများနှင့် ဂုဏ်သတင်းအတွက် သူတို့ စိုးရိမ်နေရန် မလိုတော့ပါချေ။

တခြားပြည်နယ်များမှ လာရောက်လည်ပတ်သူများကိုပင် အံ့သြမှင်သက်သွားစေကာ မြို့အတွက် မျက်နှာပွင့်လန်းစေမည်မှာ အသေအချာပင် ဖြစ်ပေသည်။

သို့သော် စားဖိုမှူးရှုန်းသည်က ဘဝကို အေးဆေးစွာသာ နေထိုင်လိုသူဖြစ်ပြီး နေ့စဉ် အလုပ်သွားရန် အင်အား မရှိတော့သောကြောင့် ငြင်းပယ်လိုက်လေသည်။

သို့ပါသော်လည်း သူက လုံးဝ ငြင်းပယ်လိုက်ခြင်းမဟုတ်ဘဲ လင်းရန်ကိုအစားထိုး အကြံပြုခဲ့လေသည်။

လင်းရန်သည်က ယခင်က စားဖိုမှူးရှုန်းနှင့်အတူ လိုက်ပါခဲ့ဖူးသောကြောင့် မြို့တော်ရှိ ခေါင်းဆောင်တချို့နှင့် ရင်းနှီးပြီးသားဖြစ်နေခဲ့သည်။

ယခုအချိန် စားဖိုမှူးရှုန်းက လင်းရန်၏ လက်ရာမှာ သူ့ထက် မနိမ့်ကျကြောင်း ရင်ဘတ်ကိုပုတ်၍ အာမခံလိုက်သည့်အတွက် ခေါင်းဆောင်များသည်လည်း လင်းရန်အား စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

ယခုအချိန်တွင် စားဖိုမှူးရှုန်းနှင့် လင်းရန်တို့ သဘောတူညီမှုရပြီဖြစ်၍ သူမအနေဖြင့် သွားရောက်အစီရင်ခံနိုင်ပေပြီ။

ရက်အနည်းငယ်ကြာလျှင် စမ်းသပ်ဖွင့်လှစ်သည့် ကာလအတွင်း သူမအနေဖြင့် ကောင်းမွန်စွာ လိုက်လျောညီထွေရှိပြီး စားသောက်ဆိုင်တွင်လည်း ပြဿနာတစ်စုံတစ်ရာ မရှိပါက ဤကိစ္စက အတည်ဖြစ်သွားပေလိမ့်မည်။

စားဖိုမှူးရှုန်းမှ စကားပြောပြီးနောက်တွင် လင်းရန်အနေဖြင့် နိုင်ငံပိုင်စားသောက်ဆိုင်တွင် စားဖိုမှူးလုပ်ခြင်းက အနာဂတ်မရှိဟု ထင်မြင်သွားမည်ကို စိုးရိမ်နေသေးသောကြောင့် သူမအား လေးနက်စွာဖြင့် ထပ်မံပြောဆိုလိုက်လေသည်။

“ရှောင်လင်း... ဒီစားသောက်ဆိုင်က သာမန်စားသောက်ဆိုင် မဟုတ်ဘူး၊ ငါတို့ရဲ့ ဘိုးဘေးတွေကလည်း တည်းခိုခန်းစားသောက်ဆိုင် အသေးလေးတစ်ခုကနေတစ်ဆင့် နန်းတွင်းက ရောက်လာတဲ့ သံတမန်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး အဲဒီဆက်ဆံရေးကို အခြေခံပြီး နန်းတော်အထိ တစ်ဆင့်ချင်း တက်လှမ်းနိုင်ခဲ့တာကို မင်း သိထားရမယ်

အဲဒီနောက်မှာမှ သူက နာမည်ကျော် နန်းတွင်းစားဖိုမှူးကြီး ဖြစ်လာခဲ့တာ”

“ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ဟင်းချက်ထူးချွန်တဲ့သူတွေက အမြဲရှိနေမှာပဲ၊ ဒါပေမဲ့ အမည်မသိ ထမင်းချက်လေးဘဝကနေ နန်းတွင်းစားဖိုမှူးကြီး ဖြစ်လာခဲ့တာကတော့ ငါတို့ရဲ့ ဘိုးဘေးပဲ ရှိခဲ့တယ်

အောင်မြင်မှုနဲ့ ကျော်ကြားမှုကြားက ကွာခြားချက်ကို မင်း နားလည်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်”

“ဒါကြောင့် မင်းအနေနဲ့ အနာဂတ်မှာ အောင်မြင်မှုတစ်ခုခုကို ရယူချင်တယ်ဆိုရင် ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး”

စားဖိုမှူးရှုန်း၏ စကားများက လင်းရန်ကို အလွန်ပင် စိတ်လှုပ်ရှားသွားစေခဲ့သည်ဟု ဆိုနိုင်ပေသည်။

ဆိုရလျှင် စားဖိုမှူးရှုန်းဘက်မှ ဤသို့မပြောလျှင်ပင် အခြေအနေက မည်သို့ရှိနေကြောင်းကို သူမ သိရှိပြီးသားပင်။

ဤစားသောက်ဆိုင် သာမန်နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခု မဟုတ်သည်မှာ အသေအချာပင်။

ထို့အပြင် စားဖိုမှူးရှုန်း၏ တပည့်ဟူသော နာမည်အပြင် လင်းရန်အနေဖြင့် “xx နိုင်ငံပိုင်စားသောက်ဆိုင်၏ စားဖိုမှူး” ဟူသော ဂုဏ်ပုဒ်ကဲ့သို့သော အမှတ်တံဆိပ်များ ထပ်မံလိုအပ်နေပေသေးသည်။

ဤသည်မှာ အနာဂတ်တွင် သူမကိုယ်ပိုင်ဆိုင်ဖွင့်လှစ်မည့် လမ်းစအတွက် ခင်းကျင်းပေးနိုင် ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အလုပ်အကိုင် လျှော့ချမှုများ မဖြစ်ပေါ်မီအချိန်အထိ “နိုင်ငံပိုင်” ဟူသော စကားလုံးက အလွန်တန်ဖိုးကြီးမားလွန်းပေသည်။

ပြည်သူလူထု၏ အမြင်တွင်လည်း ဤနေရာ၌ အလုပ်လုပ်သူများသည်က အမှန်တကယ် အရည်အချင်းရှိသူများသာ ဖြစ်ကြသည် မဟုတ်ပါလား။

All Chapters