အခန်း (၃၄၆)
Vol. 35 Ch. 346
စုန့်စစ်ယွီက နိုင်ငံပိုင်စားသောက်ဆိုင်အသစ် ဖွင့်လှစ်တော့မည့် သတင်းကို ယမန်နေ့ကမှသာ သူမ၏ဦးလေး ဝမ်လိန်ထံမှ ကြားသိခဲ့ရခြင်း ဖြစ်ပေသည်။
ထိုသတင်းမှာ အတွင်းလူများသာ သိရှိကြသည့် သတင်းဟု သိခဲ့ရသည်။
သူမ၏ဦးလေးမှာလည်း မြို့တော်အစိုးရတွင် အလုပ်လုပ်နေသော ဆွေမျိုးတစ်ဦး ရှိနေခြင်းကြောင့်သာ ဤသတင်းကို သိရှိခဲ့ခြင်း ဖြစ်ပေ၏။
ဝမ်လိန်သည်က တခြားကိစ္စများတွင် မည်သို့ပင်ဖြစ်နေလျှင်ပင် သူ၏ ဟင်းချက်အတတ်ပညာနှင့် ပတ်သက်၍ အတော်လေး နာမည်ကျော်ကြားသူ ဖြစ်ပေသည်။
သူက တခြားသော နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခုတွင် လက်ထောက်စားဖိုမှူးအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်၏။
မူလက သူ့အနေဖြင့် ယခုတစ်ကြိမ် စားသောက်ဆိုင်အသစ် ဖွင့်လှစ်ချိန်တွင် သူ၏ လုပ်သက်နှင့် အတွေ့အကြုံများကို အခြေခံကာ စားဖိုမှူးခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခံရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် သူ သွားရောက်စုံစမ်းသည့်အချိန်တွင် စားဖိုမှူးခေါင်းဆောင်နေရာအတွက် လူရွေးချယ်ပြီးသား ဖြစ်နေသည်ကို သိလိုက်ရလေ၏။
နောက်ဆုံးတွင် သူက လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်ခဲ့ရပြီး ငွေကြေးများလည်း ကုန်ကျခဲ့ရချေပြီ။
အကယ်၍ သူသာ လက်လျှော့လိုက်ပါက သူ၏အတွက် အလွန် နစ်နာဆုံးရှုံးသွားမည်မဟုတ်ပါလား။
ထို့ကြောင့် သူက စားသောက်ဆိုင်အသစ်တွင် လက်ထောက်စားဖိုမှူးအဖြစ် ဆက်လက်လုပ်ကိုင်ရန်သာ သဘောတူလိုက်ရခြင်း ဖြစ်ပေသည်။
ယနေ့ လင်းရန်နှင့် မဆုံတွေ့မီအထိပင် သူ့ထံမှ ဤအခွင့်အရေးကို ရရှိသွားသည့် စားဖိုမှူးက မည်သူ ဖြစ်ကြောင်းကို အလွန်အမင်း သိချင်နေခဲ့ပေသည်။
ဤစားသောက်ဆိုင်အသစ်၏ ထူးခြားမှုကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ သေချာပေါက် အလွန်တော်ပြီး နာမည်ကျော်ကြားသော စားဖိုမှူးကြီးတစ်ဦး ဖြစ်ရမည်ဟု သူ ယူဆထားခဲ့၏။
အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် သူ၏စိတ်ထဲတွင်လည်း သက်သာရာရနိုင်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူက ဤလုပ်ငန်းခွင်အတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း အမြဲတစေ သူတပါး၏ လက်အောက်တွင်သာ ကူညီပေးခဲ့ရသူဖြစ်ပြီး စားဖိုမှူးခေါင်းဆောင် တစ်ခါမျှ မဖြစ်ဖူးခဲ့ပါချေ။
ဤနေရာသို့ ရောက်လာပြီးနောက် နောက်ထပ် နှစ်အနည်းငယ် ကြာသည့်အချိန်တွင် တစ်ဖက်လူအနားယူမည့်အချိန်တွင် စားဖိုမှူးခေါင်းဆောင်၏ရာထူးက သူထံသို့ ရောက်ရှိလာနိုင်သည် မဟုတ်ပါလား။
သို့သော် အသက်ကြီးသည့်စားဖိုမှူးကြီးဟု သူ ထင်မှတ်ထားသောသူမှာ အသက်နှစ်ဆယ်ကျော် အရွယ်သာရှိသေးသည့် ဆံပင်ဝါ*နှင့် မိန်းကလေးတစ်ဦး ဖြစ်နေမည်ကိုတော့ မထင်မှတ်ခဲ့ပါချေ။
အရေးကြီးဆုံး အချက်မှာ ထိုမိန်းကလေးက လင်းရန် ဖြစ်နေခဲ့သည်။
“ဦးလေး..ဦးလေး လူမမှားဘူးဆိုတာ သေချာရဲ့လား၊ စားဖိုမှူးအသစ်က တကယ်ပဲ လင်းရန် ဟုတ်လို့လား”
စုန့်စစ်ယွီတစ်ယောက် ယခုအချိန်ထိ မယုံကြည်နိုင်သေးဘဲ ဝမ်လိန်အား ထပ်မံမေးမြန်းနေမိ၏။
ဝမ်လိန်က စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။
“ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ၊ ငါ့ရဲ့ အမြင်အာရုံက ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ငါ့ရှေ့မှာ ရပ်နေတဲ့ အဲဒီသောက်မလေးကိုတော့ ငါ လုံးဝ မှားစရာ မရှိဘူး!
မင်းကရော... အရင်တုန်းက ဒီအကြောင်းတွေကို ငါ့ကို ဘာလို့ မပြောခဲ့တာလဲ၊ သူကဘာတွေဖြစ်နေတာလဲ”
ဝမ်လိန် ပြောသည့် စကားများကြောင့် စုန့်စစ်ယွီအလွန်ပင် ရှုပ်ထွေးသွားရလေသည်။
“ကျွန်မလည်း မသိဘူး၊ ကျွန်မ သိသလောက်က သူ ဟိုတလောက မြို့ထဲကို ပြောင်းလာပုံရပြီး အဆင့်အတန်း မြင့်တဲ့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားပုံရတယ် ဆိုတာကိုပဲ..”
ကျန်ရှိသော အကြောင်းအရာများကို သူမ မသိတော့ပါချေ။
မည်သို့ပင်ဖြစ်စေ လင်းရန်သည်က သူမ တစ်ချိန်က နေထိုင်ခဲ့သော လမ်းကြားထဲ၌ နေထိုင်နေခဲ့ကြောင်းကို သိရှိခဲ့သော်လည်း ထိုအချိန်က သူမအနေဖြင့် မိထွေးတစ်ဦးအဖြစ် အလုပ်ရှုပ်နေခဲ့သည် မဟုတ်ပါလား။
လင်းရန်၏ အကြောင်းများကို စုံစမ်းရန်အတွက် သူမ၏ထံတွင် အားလပ်ချိန် မရှိနိုင်ပါချေ။
နောက်ပိုင်းတွင် ရှောင်ဟူနှင့် သူ၏မိသားစုက သူမ၏နောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်ခဲ့ကြသောကြောင့် လင်းရန်၏ ကိစ္စရပ်များကို အာရုံစိုက်ရန် စိတ်ဆန္ဒမရှိတော့ပေ။
ဤအတောအတွင်း သူမက စိတ်နေစိတ်ထားနှင့် အခြေအနေများကို ပြန်လည်ပြုပြင်ခဲ့ပြီးနောက် ထွက်ပေါက်အသစ်တစ်ခုကို ဆက်လက်ရှာဖွေရန် အသင့်ဖြစ်အောင်လုပ်ဆောင်ခဲ့သည်။
ထို့နောက်တွင်မှသာ အပြင်သို့ ပြန်လည်ထွက်လာခဲ့ပြီး သူမ၏ မိခင်ဘက်မှ ဆွေမျိုးများကို ပြန်လည်ရှာဖွေကာ ယခုကဲ့သို့ ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။
“မင်းကတော့... ဒီလိုကိစ္စတွေကိုတောင် ဘာလို့ နားမလည်ရတာလဲ မင်းနဲ့ မင်းရဲ့အမေက တစ်ပုံစံတည်းပဲ၊ ဘာတစ်ခုမှလည်း ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ကြဘူး”
စုန့်စစ်ယွီသည်ကား ဝမ်လိန်မှ သူမ၏မိခင်ကို မကောင်းပြောလာကြောင်းကို ကြားရသည့်အချိန်တွင် အလွန်မကျေမနပ် ဖြစ်သွားခဲ့သော်လည်း မည်သည်ကိုမျှမပြောနိုင်ပါချေ။
ယခုအချိန်တွင် သူ့ထံမှ အကူအညီတောင်းခံစရာ ရှိနေသေးသောကြောင့် ဤဒေါသကို မျိုသိပ်ထားလိုက်ရုံသာ တတ်နိုင်တော့ပေသည်။
“ဦးလေး၊ တကယ်တော့ သူမမှာ ဘယ်လိုအခွင့်အရေးကောင်းတွေပဲ ရှိနေပါစေ၊ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့အဖေက အခု အင်ဂျင်နီယာမဟုတ်တော့ဘဲ စက်ရုံက သာမန်ဝန်ထမ်းတစ်ယောက် ဖြစ်သွားပြီလေ
လင်းရန်က တစ်ခုခုကို လုယူချင်တယ်ဆိုရင်တောင် လုယူစရာ ဘာမှမရှိတော့ဘူး၊ ကျွန်မကလည်း သူ ဘာပဲလုပ်လုပ် ဘာလို့ ဂရုစိုက်နေရမှာလဲ”
သူမက ထိုသို့ပြောဆိုလိုက်သော်လည်း “ပိန်သွားသည့် ကုလားအုတ်က မြင်းထက်တော့ ကြီးနေသေးသည်” ဟူသော စကား ရှိသည်မဟုတ်ပါလား။
သူမ၏ ဖခင်အနေဖြင့် လက်ရှိအခြေအနေမှာ မည်မျှပင် ဆိုးရွားနေပါစ လွန်ခဲ့သော နှစ်လခန့်ကမှ စတင်ခဲ့ခြင်းသာ ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုသူမှာ စက်ရုံတွင် နာမည်ကျော် အင်ဂျင်နီယာတစ်ဦး ဖြစ်ခဲ့ပြီး ငွေကြေး အမြောက်အမြားကိုလည်း စုဆောင်းထားနိုင်ခဲ့ပေသည်။
သူ၏ ဘဏ်စုငွေမှာပင် ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းအထိ ရှိနေနိုင်သည်။
ထိုအကြောင်းကို တွေးမိလိုက်သည့်အချိန်တွင် ဝမ်လိန်၏ စိတ်များက ထပ်ပြီး လှုပ်ရှားလာခဲ့ရသည်။
အကယ်၍ စုန့်ဝေ့တွင် ငွေကြေးအနည်းငယ်မျှ မရှိခဲ့ပါက သူ့အနေဖြင့် ဤအဆက်အသွယ် သိပ်မရှိလှသော တူမဖြစ်သူ စုန့်စစ်ယွီနှင့် ဆုံတွေ့ရန် အချိန်ပေးလိမ့်မည် မဟုတ်ပါချေ။
သို့သော် သူ၏ အတွေးများကို အပြင်သို့ ထုတ်မပြောရဲသောကြောင့် စုန့်စစ်ယွီအား ဝေဝေဝါးဝါးဖြင့်သာ သတိပေးလိုက်လေသည်။
“စစ်ယွီ... ဘာပဲဖြစ်ဖြစ် မင်းက မင်းအဖေရဲ့ သမီးအရင်းဆိုတာကို အမြဲမှတ်ထားရမယ်၊ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အပြင်လူတွေဆီကို ပေးလိုက်ရမဲ့ အကြောင်းပြချက် မရှိဘူး၊ နားလည်လား”
စုန့်စစ်ယွီကလည်း လိုက်လျောညီထွေရှိစွာပင် ပြန်လည်ဖြေလိုက်သည်။
တကယ်တမ်းတွင် သူမသည်က စုန့်ဝေ့၏ ပိုင်ဆိုင်မှုများကို အနည်းငယ်မျှပင် စိတ်မဝင်စားကြောင်းကိုတော့ ထုတ်မပြောခဲ့ပါချေ။
မည်သို့ပင်ဖြစ်စေ အနာဂတ်တွင် သူမ ပိုင်ဆိုင်ရမည့်အရာများက သူထံတွင် ရှိသည့်ငွေကြေးထက် များစွာ ပိုမိုများပြားလာပေလိမ့်မည်။
သူမ မြင်တွေ့ဖူးသော စည်းစိမ်ဥစ္စာများမှာလည်း လူအများ၏ စိတ်ကူးထက်ပင် ကျော်လွန်ပေသည်။
သို့သော် ဤအခိုက်အတန့်တွင် ဝမ်လိန်အား အမှန်အတိုင်း ပြောပြလိမ့်မည် မဟုတ်ပါချေ။
စုန့်စစ်ယွီက လိမ္မာပါးနပ်စွာ ပြန်လည်ဖြေကြားပြီးနောက် သူမ၏ ရည်ရွယ်ချက်ကို ထပ်မံ၍ ပြောဆိုလာခဲ့လေသည်။
သူမသည် ဝမ်လိန်အား ကြည့်ပြီး ပြောလိုက်လေသည်။
“ဦးလေး..လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်မ အကူအညီတောင်းထားတဲ့ ကိစ္စကို စုံစမ်းပေးပြီးပြီလား”
စုန့်စစ်ယွီက ထိုအကြောင်းကို စပြောလိုက်သည်နှင့် ဝမ်လိန်က ရယ်မောလိုက်လေ၏။
“အာ အဲဒီကိစ္စလား ၊ စစ်ယွီ .. ဦးလေးက မကူညီချင်လို့ မဟုတ်ပါဘူး ဒါပေမဲ့ အခုလောလောဆယ်တော့ မင်းအတွက် အဲဒီမှာ နေရာစီစဉ်ပေးဖို့ နည်းလမ်းမရှိသေးဘူးလို့ သူတို့က ပြောတယ် နောက်တစ်ခါ နေရာလွတ်ရရင် ငါ့ကို ဆက်သွယ်ပေးမယ်တဲ့”
နောက်တစ်ခါ... နောက်တစ်ခါဆိုတာက ဘယ်အချိန်လဲ။
အတိအကျသိနိုင်အောင် အချိန်တစ်ခုတော့ ပေးရမယ် မဟုတ်ဘူးလား။
ဝမ်လိန်က ထိုသို့ပြောလိုက်သည့်အချိန်တွင် စုန့်စစ်ယွီတစ်ယောက် စိတ်မရှည်ဖြစ်သွားခဲ့ရသည်။
သူမက ဝမ်လိန်ကို စိုက်ကြည့်လိုက်မိသည်။
သို့သော်လည်း တစ်ဖက်လူက သူမအပေါ် စိတ်ရင်းမပါရှိသည်ကို မြင်နေရလျှင်ပင် ဝမ်လိန်အား အရေးယူရန်အတွက် သူမ၌ နည်းလမ်းမရှိပါချေ။
မည်သို့ပင်ဖြစ်စေ ယခင်က အကြောင်းအမျိုးမျိုးကြောင့် သူမ တည်ဆောက်ခဲ့သော ဆက်ဆံရေးများအားလုံးကပြိုကွဲပျက်စီးသွားခဲ့ရပေပြီ။
ဥပမာအားဖြင့် ဒါရိုက်တာရှုနှင့် ရှုကျစ်ဝမ်၊ ဟောက်ဖင်း.. ထို့နောက် လွန်ခဲ့သည့် အချိန်အနည်းငယ်က လောင်ကျောက်..
ထိုလူများမှာ အမှန်တကယ်တွင် သူမအား အစိုးရဌာနတစ်ခုခုသို့ ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်မည့်သူများ ဖြစ်ကြသော်လည်း နှမြောစရာကောင်းစွာဖြင့် ထိုသူများအားလုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပေပြီ ။
ထိုမျှတင်မကသေးဘဲ သူမက ထိုလူများကိုပါ စော်ကားမိထားသောကြောင့် နောက်ပိုင်းတွင် ဤမြို့၌ အောင်မြင်မှုတစ်ခုခု ရရှိရန်မှာ လုံးဝ မဖြစ်နိုင်သေးပါချေ။
ရှုကျစ်ဝမ်ကဲ့သို့သော လူမျိုးမှာ သူမ၏ နောက်ကွယ်မှနေ၍ သေချာပေါက် နှောင့်ယှက်တိုက်ခိုက်နေပေလိမ့်မည်။
ထို့ကြောင့် ယခုအချိန် စုန့်စစ်ယွီအနေဖြင့် တခြားနည်းလမ်းတစ်ခုကိုသာ ရှာဖွေရန် ရှိတော့ပေသည်။
သူမသည်က တခြားသော ဝေးလံခေါင်ဖျားသည့် မြို့နယ်ဌာနများတွင် အချိန်အတန်ကြာ အတွေ့အကြုံယူကာ အလုပ်လုပ်ကိုင်ရန်၊ ထို့နောက်မှ သူ၏ အရည်အချင်းဖြင့် မြို့ကြီးများသို့ ပြန်လည်ပြောင်းရွှေ့လာရန် စီစဉ်ထားသည်။
ထိုသို့ဖြစ်မှသာ သူမ၏ ရာထူးနေရာမှာ ခိုင်မာလာမည်။
မည်သူက တိုက်ခိုက်ပါစေ သူမ၏ အခြေအနေကို လှုပ်ခါနိုင်လိမ့်မည် မဟုတ်ပါချေ။
သို့ဖြစ်၍ ယခုအချိန်တွင် စုန့်စစ်ယွီက ဝမ်လိန်မှ သူမအတွက် အဆက်အသွယ်တစ်ခုခု ရှာဖွေပေးကာ မြို့နယ်အလုပ်ဌာနတစ်ခုခုသို့ ပို့ဆောင်ပေးရန်သာ စောင့်ဆိုင်းနေရတော့သည်။
ဝမ်လိန်သည်က နိုင်ငံပိုင်စားသောက်ဆိုင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပေသည်။
ယခုတစ်ကြိမ် နိုင်ငံပိုင်စားသောက်ဆိုင်အသစ် ဖွင့်လှစ်မည့် သတင်းကို ကြိုတင်သိရှိနိုင်သည်ကိုကြည့်လျှင်ပင် သူထံတွင် အဆက်အသွယ်နှင့် ဆက်ဆံရေးတချို့ ရှိနေကြောင်းသိနိုင်သည်။
သို့သော် သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အလေးထားခြင်းက တခြားသူများ၏ကိစ္စကို အလေးထားလိမ့်မည်ဟု မဆိုလိုပါချေ။
ထိုသူမှာ သူ၏တူမအရင်း ဖြစ်နေလျှင်ပင် မရပေ။
ဝမ်လိန်က ထပ်မံ၍ အကြောင်းပြချက်များ ပေးနေသည်ကို မြင်လျှင် စုန့်စစ်ယွီက အံကိုတင်းတင်းကြိတ်လျက် ငွေအချို့ကို ထုတ်ယူကာ ဝမ်လိန်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်လေတော့သည်။
“ဦးလေး ဒါက ကျွန်မရဲ့ စေတနာလေးပါ ၊ ဦးလေး ကူညီပေးတာကို ကျေးဇူးတင်ပါတယ်၊ ကျွန်မအတွက် ဆက်ပြီး စုံစမ်းပေးပါဦး”