အခန်း (၃၄၈)
Vol. 35 Ch. 348
နောင်တစ်နေ့ မနက်စောစောတွင် လင်းရန်က စားသောက်ဆိုင်သို့ စောစီးစွာ သွားခဲ့ပြီး သူမ၏ ပထမဆုံး အလုပ်ခွင်နေ့ကို စတင်ခဲ့လေတော့သည်။
လင်းရန်က သူမ အတော်လေး စောစီးစွာရောက်လာသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဆိုင်သို့ ရောက်သည့်အချိန်တွင် အားဟွားနှင့် လီမေ့တို့မှာ ရောက်နှင့်နေကြပြီဖြစ်ကာ ဆိုင်အတွင်း သန့်ရှင်းရေးလုပ်ခြင်းနှင့် ဟင်းသီးဟင်းရွက်များကို သယ်ယူခြင်းများဖြင့် အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့လိုက်ရလေ၏။
လင်းရန်သည် နံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်ရာ ရှစ်နာရီခွဲသာ ရှိသေးကြောင်း တွေ့လိုက်ရသည်။
ဤလူနှစ်ဦးက အမှန်တကယ်ပင် ဝီရိယရှိကြသူများလားဟူသည်ကို သူမ မသိသော်လည်း အနည်းဆုံးတော့ အလုပ်စတင်သည့် ပထမဆုံးနေ့တွင် သူတို့၏ သရုပ်ပြမှုက အတော်ပင် တက်ကြွနေပုံရသည်။
လင်းရန် ရောက်ရှိလာသည်ကို မြင်လျှင် လီမေ့ ခေတ္တမျှ အံ့သြသင့်သွားပြီးနောက် အံ့သြတကြီးဖြင့် မေးမြန်းလိုက်လေ၏။
“စားဖိုမှူးရှောင်လင်း၊ ဘာလို့ ဒီလောက်တောင် စောစောရောက်လာတာလဲ”
သူမ ယခင်က အလုပ်လုပ်ခဲ့ဖူးသော နိုင်ငံပိုင်စားသောက်ဆိုင်တွင် စားဖိုမှူးခေါင်းဆောင်များက မနက် ဆယ်နာရီကျော်မှသာ ရောက်လာလေ့ရှိကြပေသည်။
ဆိုရလျှင် ဆိုင်ကို ပုံမှန်အားဖြင့် နေ့လယ် (၁၁)နာရီဝန်းကျင်မှသာ တရားဝင်ဖွင့်လှစ်လေ့ရှိပြီး မနက်ပိုင်းတွင် လက်ထောက်စားဖိုမှူးနှင့် အထွေထွေလုပ်သားကသာ အလုပ်ရှုပ်နေရတတ်ပေ၏။
တစ်ယောက်က စားဖိုမှူး အသုံးပြုမည့် ဟင်းခတ်အမွှေးအကြိုင်များနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ပြင်ဆင်ပေးရပြီး၊ ကျန်တစ်ယောက်က တခြားသော အထွေထွေကိစ္စရပ်များကို ကိုင်တွယ်ရလေသည်။
အတိုချုပ်ပြောရလျှင် စားဖိုမှူး ရောက်လာပြီးနောက်တွင် သူက ဟင်းလျာမျိုးစုံကို ချက်ပြုတ်ရန်သာ လိုအပ်ပြီး ကျန်ရှိသောအရာများကို ကိုင်တွယ်ရန် မလိုအပ်ပါချေ။
ထို့ကြောင့် လင်းရန် ဤမျှစောစော ရောက်လာသည်ကို မြင်သည့်အတွက် လီမေ့ အံ့သြသွားခြင်း ဖြစ်ပေသည်။
သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် လင်းရန်မှာ ငယ်ရွယ်သေးသူဖြစ်၍ ဝါရင့်စားဖိုမှူးကြီးများ၏ အကျင့်စရိုက်များကို မတတ်မြောက်သေးခြင်းကြောင့်သာ ဤမျှစောစော လာခြင်းဖြစ်ပေလိမ့်မည်ဟု သူမ တွေးမိလိုက်လေသည်။
ထိုသို့ တွေးမိလိုက်သည့်အချိန် လီမေ့က လင်းရန်အပေါ် ပို၍ပင် အထင်ကြီးလေးစားသွားမိတော့၏။
သူမသည်က လုပ်သက်ရင့်မှုကို အခြေခံကာ နေ့စဉ်နှင့်အမျှ မာန်တက်နေတတ်သော ထိုလူမျိုးများကို အမှန်တကယ်ပင် စက်ဆုပ်ရွံရှာလှပေသည်။
လင်းရန်က ထိုစကားကို ကြားလျှင် အပြုံးတစ်ခုနှင့် ရှင်းပြလိုက်လေသည်။
“လူတိုင်း ဒီအချိန်ဆို အလုပ်လုပ်နေကြပြီလို့ ထင်လို့ ကျွန်မလည်း လာခဲ့တာ၊ ရှင်တို့နှစ်ယောက်က ကျွန်မထက်တောင် စောနေမယ်လို့ မထင်ထားဘူး ပင်ပန်းနေကြပြီလား”
သူမ၏ စကားလုံးများက ချိုသာလွန်းသောကြောင့် လီမေ့၏ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်သွားခဲ့ရလေသည်။
“ပင်ပန်းစရာ ဘာတွေများရှိမှာလဲ လူတိုင်းက စားသောက်ဆိုင်အတွက် လုပ်နေကြတာပဲလေ”
လီမေ့နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းရန်က အခြေအနေများကို စစ်ဆေးရန် မီးဖိုချောင်သို့ သွားခဲ့လေသည်။ ဤအချိန်ဆိုလျှင် အစားအသောက်ကုန်ကြမ်း ပို့ဆောင်သူက ကုန်ပစ္စည်းအားလုံးကို ပို့ဆောင်ပြီးနေလောက်ပေပြီ။
ထို့ကြောင့်တွင် ယနေ့ မည်သည့်ဟင်းချက်ပစ္စည်းများ ရရှိထားကြောင်းကို သူမ အရင်စစ်ဆေးရမည် ဖြစ်၏။
ထို့နောက်မှသာ ယနေ့ ဆိုင်၏ ဟင်းမီနူးကို စီစဉ်နိုင်မည် မဟုတ်ပါလား။
ယခုခေတ်ကာလ နိုင်ငံပိုင်စားသောက်ဆိုင်များတွင် ဧည့်သည်များက ကြိုက်နှစ်သက်ရာကို မှာယူစားသောက်သည့်စနစ်က ခေတ်မစားသေးပါချေ။
ဆိုင်ဘက်မှ နေ့စဉ် ဟင်းလျာများကို ကြိုတင်စီစဉ်ထားလေ့ရှိပြီး၊ လာရောက်သော ဧည့်သည်များက ဟင်းစာရင်းပေါ်ရှိ ဟင်းလျာများကို ကြည့်ကာ သူတို့စားချင်သည်ကို ရွေးချယ်ရုံသာ လုပ်နိုင်သည်။
သူမသည် မီးဖိုချောင်သို့သွားကာ ဘေးနားရှိ ဟင်းသီးဟင်းရွက်များကို ကြည့်ရှုပြီးနောက် စိတ်ကူးတစ်ခု ရရှိသွားခဲ့လေသည်။
သို့သော် မီးဖိုချောင်အတွင်း လှည့်လည်ကြည့်ရှုသည့်အချိန်တွင် ဟင်းရွက်လှီးဖြတ်ခြင်းနှင့် အကြိုပြင်ဆင်ခြင်းများကို စတင်လုပ်ဆောင်ရမည့် ဝမ်လိန်က ရောက်ရှိမနေသေးကြောင်း တွေ့ရှိလိုက်ရ၏။
ယမန်နေ့က မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ပြန်လည်တွေးမိပြီး ဝမ်လိန်က သူမကို ပညာပြရန်အတွက် တမင်လုပ်ဆောင်နေခြင်းလားဟူ၍ လင်းရန် ခန့်မှန်းမိလိုက်လေသည်။
သို့သော် ထိုသူမှာ စားသောက်ဆိုင်တွင် ဆက်လက်အလုပ်လုပ်ရဦးမည် ဖြစ်ရာ၊ ရန်သူကို တစ်ထောင်သတ်၍ သူကိုယ်သူ ရှစ်ရာခန့် ထိခိုက်စေမည့် ဤကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုလိမ့်မည် မဟုတ်ပါချေ။
သူ မလာခြင်းမှာ ပျင်းရိခြင်းကြောင့်သာ ဖြစ်လိမ့်မည်။
အမှန်တရားမှာလည်း လင်းရန် ခန့်မှန်းသည့်အတိုင်းပင် ဖြစ်ပေသည်။ ဝမ်လိန်သည််က ဤအချိန်တွင် ဆိုင်သို့ရောက်ကာ ဟင်းလျာများနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်ထားရမည် ဖြစ်သော်လည်း ဤဆိုင်မှာ ဆိုင်အသစ်ဖြစ်ပြီး ယခုကာလမှာလည်း စမ်းသပ်ဖွင့်လှစ်သည့် ကာလသာ ဖြစ်သည်ဟု တွေးထားပေသည်။
လာရောက်စားသောက်သူများမှာလည်း မြို့တော်အစိုးရမှ လူတစ်စုသာ ဖြစ်ပေလိမ့်မည်ဖြစ်ကာ ဟင်းလျာအနည်းငယ်ကိုသာ ပြင်ဆင်ရမည်ဖြစ်၍ သူက ဤမျှစောစောသွားရန် မလိုအပ်ဟု တွေးထားခဲ့သည်။
ထို့ကြောင့် သူက အိမ်တွင် ကိုးနာရီကျော်အထိ အေးအေးဆေးဆေး အိပ်စက်နေခဲ့ပြီးနောက်မှသာ တစ်ခုခု စားသောက်ပြီး စားသောက်ဆိုင်သို့ တရွေ့ရွေ့ လာခဲ့လေတော့သည်။
ဟိုတယ်သို့ လာရာလမ်းတွင် သူက လင်းရန်ကဲ့သို့သော မိန်းကလေးက ရောက်ရှိဦးမည် မဟုတ်ဟုပင် တွေးတောနေခဲ့သေး၏။ အကယ်၍ သူသာ အရင်ရောက်ရှိသွားပါက သူမအား ဆုံးမသြဝါဒ ပေးရပေမည်။
သို့သော် သူ ဆယ်နာရီကျော်တွင် ဆိုင်သို့ ရောက်ရှိသွားပြီးနောက် ဆိုင်တွင်ရှိနေသော ကျန်ရှိသည့် ဝန်ထမ်းသုံးဦးလုံးက ရောက်ရှိနေကြပြီဖြစ်ကာ ဆိုင်ထဲရှိ ခုံတန်းလျားများပေါ်တွင် ထိုင်ကာ သဟဇာတဖြစ်စွာ စကားပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရလေတော့သည်။
ဒီလူတွေက ဘာကို ဆိုလိုတာလဲ။
သူရဲ့နောက်ကွယ်တွင် သူတို့ဘာသာ အစည်းအဝေး တစ်ခု လုပ်နေကြတာလား။
သူ မလာခင်ကတည်းက သူတို့က စကားဖောင်ဖွဲ့နေကြပြီဆိုတော့ သူ့ရဲ့အတင်းအဖျင်းတွေကို ပြောနေကြတာလား။
အထူးသဖြင့် လင်းရန်ပင်။
သူမက ဤအချိန်အတောအတွင်း ကျန်ရှိသော လူနှစ်ဦးအား စည်းရုံးသိမ်းသွင်းပြီး သူ့အား ဝိုင်းပယ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ရပေမည်။
ထိုသို့ တွေးမိလိုက်သည့်အချိန်တွင် ဝမ်လိန် အနည်းငယ် စိုးရိမ်စိတ်ဝင်လာတော့၏။ ကြည့်ရသည်မှာ သူ ထိုမိန်းကလေးကို အထင်သေးမိခဲ့ပုံရပေသည်။ သူမက တည်ငြိမ်စွာ နေသည်ဟု ထင်ရသော်လည်း နှလုံးသားထဲတွင် အတွေးအခေါ်များစွာ ရှိနေသည် မဟုတ်ပါလား။
မဖြစ်သေးချေ။ သူမအား အမြန်ဆုံး ဖယ်ရှားပစ်နိုင်မည့် နည်းလမ်းကို ရှာဖွေရပေမည်။
သို့မဟုတ်ပါက ယနေ့မနက် အခြေအနေကို ကြည့်ခြင်းအားဖြင့် နောက်တွင် ဤဆိုင်၌ သူ၏ဘဝမှာ အလွန်ပင် ခက်ခဲလာနိုင်ပေသည်။
အတွေးများစွာက သူ၏ဦးနှောက်ထဲ၌ လျှပ်စစ်စီးသကဲ့သို့ ဖြတ်ပြေးသွားပြီးနောက် ဝမ်လိန်က သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ကာ သူတို့၏ စကားဝိုင်းထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းလိုက်လေသည်။
“အိုး.. မင်းတို့အားလုံး ရောက်နေကြပြီပဲ၊ ဘာတွေ ပြောနေကြတာလဲ”
ဝမ်လိန် ရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့သုံးဦး၏ စကားဝိုင်းက ချက်ချင်းပင် ရပ်တန့်သွားခဲ့လေ၏။
ဝမ်လိန်၏ အမြင်တွင်တော့ သူတို့၏ ထိုတုံ့ပြန်မှုမှာ သူ့အကြောင်းကို မကောင်းပြောနေကြခြင်းဖြစ်ကြောင်း ပို၍ ထင်ရှားစေသည်ဟု ယူဆလိုက်မိသည်။
သို့သော် သူ တစ်ဖက်မှ ပြန်မစဉ်းစားပါချေ။ သူကိုယ်တိုင်က စကားစတင်ပြောဆိုလာခြင်းဖြစ်၍ အကယ်၍ လင်းရန်တို့ကသာ စကားမဖြတ်ဘဲ သူတို့ဘာသာ ဆက်ပြောနေပါက ဝမ်လိန်မှ သူ့အား အရေးမစိုက်ဘဲ ရိုင်းပျသည်ဟု ထပ်မံကဲ့ရဲ့ဦးမည် မဟုတ်ပါလား။
လီမေ့က စကားဖြတ်လိုက်ပြီးနောက် ဝမ်လိန်အား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။
“ရဲဘော်ဝမ်... ရောက်ပြီလား”
ဝမ်လိန်က ခေါင်းညိတ်ပြလိုက်ပြီး လက်မလျှော့သေးဘဲ ထပ်မေးလိုက်ပြန်၏။
“ခုနက ဘာတွေ ပြောနေကြတာလဲ”
လီမေ့က ပြုံးလျက် ရှင်းပြလိုက်လေသည်။
“ဘာမှ မဟုတ်ပါဘူး၊ လူကြီးမိဘတွေအပေါ် သိတတ်ကြတဲ့ အကြောင်းလေးတွေ ပြောဖြစ်နေကြတာပါ”
ဟမ့်!
ဒါမျိုးကိုတော့ သရဲပဲ ယုံလိမ့်မယ်။
သူတို့ အမှန်အတိုင်း မပြောကြသည်ကို မြင်လျှင် ဝမ်လိန်၏ မျက်နှာပေါ်မှ အပြုံးမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရလေသည်။
သူက ခနဲ့သည့်စကားတချို့ ပြောရန် ပြင်လိုက်ချိန်မှာပင် တစ်ဘက်မှ လင်းရန်က တိုက်ရိုက်ပင် ပြောလာခဲ့၏။
သူမက ဝမ်လိန်အား အပြုံးတစ်ခုနှင့် ကြည့်ကာ ပြောလိုက်လေသည်။
“ရဲဘော်ဝမ်လိန်.. အခုက ဆယ်နာရီခွဲတောင် ရှိနေပြီ၊ ဆိုင်က နောက်ထပ် နာရီဝက်နေရင် ဖွင့်တော့မယ်၊
မီးဖိုချောင်ထဲက ပြင်ဆင်စရာတွေကို ရှင် နာရီဝက်အတွင်း အပြီးသတ်နိုင်မလား”
ဘာ..နာရီဝက်အတွင်း ဖွင့်တော့မယ် ဟုတ်လား။
လင်းရန် ပြောလိုက်သည့် စကားကြောင့် ဝမ်လိန် အမှန်တကယ်ပင် ထိတ်လန့်သွားရလေသည်။
ထို့နောက် သူက နောက်သို့ပြန် လှည့်၍ နံရံပေါ်မှ နာရီကို ကြည့်လိုက်လျှင် ဆယ့်တစ်နာရီ ထိုးရန် နာရီဝက်သာ လိုတော့သည်ကို တွေ့လိုက်ရသည်။
သူ ပထမ၌ အနည်းငယ် ထိတ်လန့်သွားသော်လည်း ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။
အဘယ်ကြောင့် ထိတ်လန့်နေရမည်နည်း။
ဤဆိုင်အသစ်တွင် တခြားဖောက်သည် များများစားစား ရှိဦးမည် မဟုတ်ချေ။
မြို့တော်အစိုးရမှ ဝန်ထမ်းအနည်းငယ်သာ ရှိမည်ဖြစ်၍ လိုအပ်သော ဟင်းလျာများနှင့် အမယ်များကို ဆယ်မိနစ်ခန့်အတွင်းပင် သူ ပြင်ဆင်နိုင်ပေသည်။
သို့ဖြစ်၍ လင်းရန်၏ စကားကို ဝမ်လိန်က တည်ငြိမ်စွာဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်လေသည်။
“ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ နာရီဝက်ဆိုတာ လုံလောက်ပါတယ်၊ ရဲဘော်ရှောင်လင်းအနေနဲ့ ငါ့အတွက် စိုးရိမ်မနေပါနဲ့”
လင်းရန် ထိုစကားကို ကြားလျှင် မည်သည့်ကိုမျှထပ်မပြောတော့ပါချေ။
မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် သူ့အား သတိပေးရန် တာဝန်ကျေခဲ့ပြီ ဖြစ်ပေသည်။ ဝမ်လိန် ဆက်လက်လုပ်ဆောင်မည့် ကိစ္စမှာ သူ၏ကိုယ်ပိုင်ကိစ္စသာ ဖြစ်ပေလိမ့်မည်။
အနည်းဆုံးတော့ မမျှော်လင့်ဘဲ တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင်ပင် အပြစ်က သူမ၏ ပုခုံးပေါ်သို့ ရောက်လာလိမ့်မည် မဟုတ်ပါချေ။
ဝမ်လိန်က အချိန်လုံလောက်သည်ဟု ပြောဆိုခဲ့သော်လည်း ဤကာလမှာ အကဲဖြတ်ခံနေရသော ကာလဖြစ်ကြောင်းကို သတိရမိသောကြောင့် စကားပြောပြီးသည်နှင့် ပြင်ဆင်မှုများ ပြုလုပ်ရန် မီးဖိုချောင်သို့ အလျင်အမြန် ထွက်သွားခဲ့လေတော့သည်။
သူ ထွက်သွားသည်နှင့် ဆိုင်အတွင်းရှိ လေထုက များစွာ ပိုမိုကောင်းမွန်လာခဲ့ပေသည်။
လီမေ့ နှုတ်ခမ်းကို တွန့်ချိုးလိုက်ပြီး စိတ်ထဲမှ မကျေမနပ် ရေရွတ်မိတော့၏။
ဆယ်နာရီခွဲမှ အလုပ်ကိုလာတာလား။
ဤကဲ့သို့ ပျင်းရိသော စိတ်ဓာတ်မျိုးနှင့်ဆိိလျှင် ထိုသူက ဤနေရာသို့ မည်သို့ဝင်လာသည်ကိုတော့ သူမ မသိတော့ပေ။
သူမ အစိုးရိမ်ဆုံးမှာ တစ်ချိန်ချိန်တွင် ဝမ်လိန်ကြောင့် သူတို့ပါ ရောပါသွားမည်ကိုပင် ဖြစ်ပေသည်။