အခန်း (၃၄၉)
Vol. 35 Ch. 349
349)
စားဖိုမှူးနှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါက လင်းရန်မှာ ချဉ်းကပ်ရလွယ်ကူပြီး အလုပ်အပေါ်တွင်လည်း လေးနက်မှုရှိနေခဲ့သည်။
ဤဝမ်လိန်ကတော့ နှစ်ပေါင်းများစွာ လက်ထောက်တစ်ယောက်အဆင့်တွင်သာ လုပ်လာခဲ့ရသည်က ထိုက်တန်လွန်းပေသည်။
နာရီဝက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဝမ်လိန်က ဟင်းခတ်အမယ်များကို လှီးဖြတ်ပြင်ဆင်ပြီးသည်နှင့် ပထမဆုံးသော ဖောက်သည်မှာလည်း ဆိုင်ထဲသို့ ရောက်ရှိလာခဲ့လေသည်။
ထိုဧည့်သည်မှာ တခြားသူမဟုတ်ဘဲ ယမန်နေ့က သူတို့အား အလုပ်ခန့်ထားရန် စီစဉ်ပေးခဲ့သော ရဲဘော်ရှောင်ကျောက်ပင် ဖြစ်ပေသည်။
“ရဲဘော်ကျောက်.. ဘယ်ကနေ လာတာလဲ”
စားပွဲထိုးတစ်ဦးဖြစ်သည့် လီမေ့ ရှေ့ဆုံးမှထွက်၍ ဧည့်သည်ကို ကြိုဆိုလိုက်လေသည်။ ရဲဘော်ရှောင်ကျောက်က ပြုံးပြလျက် ရှင်းပြလိုက်၏။
“ဟားဟား.. ဒီမှာ တခြားကိစ္စရှိလို့ မဟုတ်ပါဘူး၊ ထမင်းလာစားဖို့သက်သက်လာတာ ၊ ဒီနေ့ ဆိုင်မှာ ဘယ်လိုဟင်းတွေ ရနိုင်မလဲဆိုတာ ကြည့်ပါရစေဦး”
ထိုသို့ပြောပြီးနောက် ရှောင်ကျောက်က နံရံပေါ်ရှိ ဟင်းစာရင်းကို လှမ်းကြည့်လိုက်လေသည်။ ဟင်းစာရင်းတွင် ရေးထားသော ဟင်းလျာအရေအတွက်မှာ တခြားစားသောက်ဆိုင်များနှင့် များစွာကွာခြားမှုမရှိဘဲ ဆယ်မျိုးပင် မပြည့်ပါချေ။
ဝက်သားနီချက်၊ ဝက်သားနှစ်ပြန်ကြော်၊ ငရုတ်ပွနှင့် ဝက်သားကြော် စသည့် အတွေ့ရများသော ဟင်းလျာတချို့အပြင် သတ်သတ်လွတ်ဟင်း အနည်းငယ်၊ စွပ်ပြုတ်နှစ်မျိုးနှင့် ခေါက်ဆွဲနှစ်မျိုးတို့ ရှိနေပေသည်။
သို့သော် ဤအသုံးများသော ဟင်းလျာများအပြင် ညာဘက်အစွန်ဆုံးတွင် “နေ့စဥ် အကန့်အသတ်ရှိ အံ့အားသင့်ဖွယ်ဟင်းလျာ” ဟု ရေးသားထားသော ကော်လံတစ်ခုလည်း ပါရှိနေပေသေးသည်။
ထိုသည်က ဟင်းတစ်မျိုးမျိုး ဖြစ်ပုံရသော်လည်း မည်သည့်ဟင်းဖြစ်သည်ကိုတော့ အောက်ဘက်တွင် ရေးသားထားခြင်း မရှိပါချေ။
စာရွက်ပေါ်တွင် ရေးထားသည့်အတိုင်း အမှန်တကယ်ပင် အံ့အားသင့်စရာ ဖြစ်နေခြင်းလား။
ဤအချက်က ရှောင်ကျောက်၏ စပ်စုလိုစိတ်ကို အောင်မြင်စွာ ဆွဲဆောင်လိုက်နိုင်သည့်အတွက် သူက ဟင်းနှစ်မျိုး မှာယူလိုက်လေသည်။
တစ်မျိုးမှာ ဝက်သားနှစ်ပြန်ကြော်ဖြစ်ပြီး ကျန်တစ်မျိုးမှာတော့ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော “နေ့စဥ် အကန့်အသတ်ရှိ အံ့အားသင့်ဖွယ်ဟင်းလျာ” ပင် ဖြစ်ပေသည်။
မည်သည့်ဟင်းမဖြစ်ကြောင်းကို သူမကိုယ်တိုင်ပင် မသိသော ဤ “အံ့အားသင့်ဖွယ်ဟင်းလျာ” ကို အမှန်တကယ် မှာယူသူရှိနေသည်ကို မြင်ရသည့်အချိန်တွင် လီမေ့တစ်ယောက် အံ့သြသင့်သွားရလေ၏။
လင်းရန်က ဤအံ့အားသင့်ဖွယ်ဟင်းလျာဟု ခေါ်ဆိုသော အစီအစဉ်ကို သူမတို့အား စတင်မိတ်ဆက်ချိန်က လီမေ့အနေဖြင့် ဤအကြံဉာဏ်အပေါ် အကောင်းမမြင်ခဲ့ပါချေ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ မည်သည့်ဟင်းမျိုးဖြစ်ကြောင်း မသိရပေ။ သို့ဖြစ်၍ လူတစ်ယောက်သည် ဤဟင်းကို မှာယူရန် အမှန်တကယ်ပင် စွန့်စားပါမည်လား။
စားသောက်ဆိုင်တွင် သုံးစွဲရသော ငွေကြေးမှာ နည်းပါးသည်မဟုတ်ကြောင်းကို သိထားရပေမည်။
ဟင်းတစ်ပွဲချင်းစီက အမှန်တကယ် စျေးကြီးလွန်းသည်။
အထူးသဖြင့် ဤ “အံ့အားသင့်ဖွယ်ဟင်းလျာ” ၏ ဈေးနှုန်းမှာ အသားဟင်းများနှင့် တူညီနေခဲ့သည်။
မည်သူကများ ရှင်းလင်းစွာ ရေးထားသော ဟင်းလျာများကို မမှာဘဲ ဤကဲ့သို့ ဆန်းကြယ်သောအရာကို မှာယူလောက်အောင် မိုက်မဲပါမည်နည်း။
သို့သော် လီမေ့ တစ်ခုကို မေ့လျော့နေပုံရပေသည်။ ထိုသည်က သူတို့၏စားသောက်ဆိုင်သို့ လာရောက်မည့် ဖောက်သည်များမှာ အခြေခံအားဖြင့် ငွေကြေးချမ်းသာသူများသာ ဖြစ်ကြပေသည်။
လင်းရန်က ဤသို့လုပ်ဆောင်ရာတွင် ထိုအချက်ကို သဘာဝကျစွာပင် ထည့်သွင်းစဉ်းစားခဲ့သည်။
ထို့အပြင် အကယ်၍ ဤစားသောက်ဆိုင်ကိုသာ တခြားနိုင်ငံပိုင်စားသောက်ဆိုင်များနှင့် တူညီသေည ဆိုင်တစ်ဆိုင်အဖြစ် ဖန်တီးမည်ဆိုပါက မြို့၏ “မျက်နှာစာ” အဖြစ် မည်သို့ ဂုဏ်ယူနိုင်ပါမည်နည်း။
သို့ဖြစ်၍ သူမအနေဖြင့် လူအများ မှတ်မိသွားစေမည့် လုံလောက်သော ထူးခြားဆန်းသစ်မှုတစ်ခုကို စဉ်းစားခဲ့ရခြင်း ဖြစ်ပေသည်။
ရှောင်ကျောက် ဟင်းမှာယူပြီးနောက် လီမေ့က မီးဖိုချောင်ပြတင်းပေါက်သို့ အပြေးအလွှားသွားကာ မှာယူထားသော ဟင်းနှစ်မျိုးအကြောင်း လင်းရန်အား ပြောပြလိုက်လေသည်။
အထူးသဖြင့် ဖောက်သည်မှာယူလိုက်သော အံ့အားသင့်ဖွယ်ဟင်းလျာအကြောင်း ပြောဆိုရာတွင် လီမေ့၏ လေသံ၌ စပ်စုလိုစိတ်ကို ဖုံးကွယ်ထား၍ မရပါချေ။
“စားဖိုမှူးရှောင်လင်း... ဒီနေ့ရဲ့ အံ့အားသင့်ဖွယ်ဟင်းလျာက ဘာလဲဟင်”
ထိုစကားကို ကြားလျှင် လင်းရန်က အနည်းငယ်မျှသာ ပြုံးပြလိုက်လေသည်။
“ခဏနေရင် အစ်မ သိရမှာပေါ့”
ကြည့်ရသည်မှာ ဤဟင်းလျာက အမှန်တကယ်ပင် အံ့အားသင့်စရာ ဖြစ်ပုံရပေသည်။
ဧည့်သည်၏ စားပွဲပေါ်သို့ ရောက်ရှိမည့် အချိန်အထိ မည်သူကမျှ မည်သည့်အရာဖြစ်ကြောင်းကို သိနိုင်မည် မဟုတ်ပါချေ။
နောက်ဆုံးတွင် လီမေ့က စပ်စုလိုစိတ်အပြည့်ဖြင့်သာ ပြန်လည်ထွက်သွားခဲ့ရလေတော့သည်။
မီးဖိုချောင်အတွင်း ရှိနေသော ဝမ်လိန်လည်း သူတို့နှစ်ဦး ပြောဆိုနေသည်ကို ကြားရသည့်အချိန်တွင် ရှုပ်ထွေးသွားရ၏။
အံ့အားသင့်ဖွယ်ဟင်းလျာ ဟုတ်လား။
ထိုသည်က မည်သည့်ဟင်းလျာအမျိုးအစားနည်း။ သူ မည်သည့်အတွက်ကြောင့် တစ်ခါမျှ မကြားဖူးခဲ့ရပါသနည်း။
ဤသည်မှာ လင်းရန်၏ ထူးခြားသော လက်ရာတစ်ခု ဖြစ်နေသည်လား။
ထိုသို့ သိရှိလိုက်ရသည့်အချိန်တွင် ဝမ်လိန်က လင်းရန်အား မသိမသာ လှမ်းကြည့်လိုက်မိလေသည်။
သူမ၌ သူမ၏ကိုယ်ပိုင် ထူးခြားသည့် အတတ်ပညာများ ရှိနေသေးပုံရသည်။
ထိုသည်က မည်သည့်အရာဖြစ်ကြောင်းကို သူ စောင့်ကြည့်ရပေမည်။ သို့မှသာ လင်းရန်အား မည်သို့ ကိုင်တွယ်ရမည်ကို သူ သိရှိနိုင်မည် မဟုတ်ပါလား။
မကြာမီမှာပင် လင်းရန်က ဝက်သားနှစ်ပြန်ကြော်ကို ကျွမ်းကျင်စွာ ကြော်နေသည်ကို သူ မြင်တွေ့လိုက်ရ၏။
အသားနှင့် ကြက်သွန်မြိတ်များကို မွှေးကြိုင်လာသည်အထိ ဆီသတ်ပြီးနောက် ပဲငပိအနက်ဆော့စ်အနည်းငယ် ထည့်လိုက်သည့်အချိန်တွင် ဝက်သားနှစ်ပြန်ကြော်၏ မွှေးပျံ့သော ရနံ့မှာ ချက်ချင်းပင် ထွက်ပေါ်လာခဲ့လေသည်။
အနည်းငယ် လိပ်တက်နေသော ဝက်သားသုံးထပ်သားနှင့် စိမ်းစိုသော ကြက်သွန်မြိတ်များ၊ ထူးခြားသော ပဲငပိဆော့စ်တို့ ပေါင်းစပ်ထားသည့် ဤဟင်းတစ်ပွဲတည်းနှင့်ပင် ထမင်းဖြူအမြောက်အမြားကို ကုန်စင်သွားစေနိုင်ပေသည်!
လင်းရန် ဟင်းကြော်နေစဉ်အတွင်း သူ၏တံတွေးကို သူ မနည်းမျိုချခဲ့ရသည်ကိုတော့ ဝမ်လိန်အနေဖြင့် မည်သည့်အချိန်တွင်မျှ ဝန်ခံလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း ဝက်သားနှစ်ထပ်ကြော်ခြင်းမှာ လွယ်ကူလွန်းပြီး ဟင်းချက်အတတ်ပညာကို နှစ်ရက်ခန့် သင်ယူဖူးသူတိုင်းပင် လုပ်ဆောင်နိုင်သည်ဖြစ်၍ ဤသည်မှာ ထည့်ပြောစရာကောင်းလောက်သော အရာမဟုတ်ပါချေ။
သူ ပို၍ စပ်စုလိုနေသည်မှာ လင်းရန်၏ ထူးခြားသော ဟင်းလျာဖြစ်သည့် ထိုအံ့အားသင့်ဖွယ်ဟင်းလျာကိုသာ ဖြစ်ပေသည်။
မကြာမီမှာပင် လင်းရန်က ခရမ်းချဉ်သီးနှစ်လုံးနှင့် ငရုတ်ပွသီးတို့ကို ယူလိုက်သည်ကို သူ မြင်တွေ့လိုက်ရ၏။
ထို့နောက် သူမက ဝက်သားသုံးထပ်သား အနည်းငယ်ကို ယူကာ ခရမ်းချဉ်သီးများကို လေးထောင့်ကွက်လေးများအဖြစ် လှီးဖြတ်လိုက်ပြီး၊ ငရုတ်ပွသီးများကိုလည်း အပိုင်းငယ်လေးများအဖြစ် လှီးလိုက်လေသည်။
ဝက်သားများကိုတော့ ပါးပါးလျလျနှင့် ရှည်ရှည်လေးများ လှီးဖြတ်လိုက်ပြီးနောက် ဒယ်အိုးကို ဆီပူတိုက်ကာ စတင်ချက်ပြုတ်လေတော့သည်။
သို့သော် လင်းရန် ပြင်ဆင်ထားသည့်အရာများကို ဝမ်လိန် ကြည့်လိုက်ပြီနောက် မျက်မှောင်များမှာ ကြုတ်သွားခဲ့ရလေသည်။
ဤဟင်းမှာ ခရမ်းချဉ်သီးနှင့် ငရုတ်သီးတို့ ပါဝင်နေသည်လား။
ဤအရာများက မည်သို့ အရသာရှိနိုင်ပါမည်နည်း။
ဝမ်လိန်ဘက်မှ မည်မျှပင် ထူးဆန်းသည်ဟု ထင်မှတ်နေပါစေ လင်းရန်ကတော့ စတင်ချက်ပြုတ်နေပေပြီ။
ပထမဦးစွာ သူမက ပုံမှန်အတိုင်း ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို မွှေးကြိုင်လာသည်အထိ ဆီသတ်လိုက်လေသည်။
ထို့နောက် မတိုင်မီက လှီးဖြတ်ထားသော ခရမ်းချဉ်သီးလေးထောင့်ကွက်လေးများနှင့် ငရုတ်ပွသီးများကို ထည့်လိုက်၏။
ထိုပါဝင်ပစ္စည်းနှစ်မျိုးကို ထည့်လိုက်သည်နှင့်တစ်ပြိုင်နက် ချို၊ ချဉ်၊ စပ်ရောနှောသည့် ရနံ့တစ်ခုက ချက်ချင်းပင် လွင့်ပျံ့လာခဲ့လေ၏။
ရလဒ်အနေဖြင့် ထိုအရောအနှော၏ ရနံ့မှာ တော်တော်လေး ကောင်းမွန်လွန်းပေသည်။ ဝမ်လိန် ထင်မှတ်ထားသကဲ့သို့ ထူးဆန်းသော ရနံ့မျိုး လုံးဝမရှိဘဲ ထိုအစား အတော်လေး မွှေးကြိုင်နေခဲ့သည်။
ထို့နောက် လင်းရန်က အိုးထဲတွင်ရှိနေသော ပါဝင်ပစ္စည်းများကို ခေတ္တမျှ တည်ထားသည်ကို သူ မြင်တွေ့ရပြန်သည်။
သူမက တခြားအိုးတစ်လုံးကို ယူကာ အသားလွှာပါးပါးလေးများကို ရေနွေးပူဖြင့် ခေတ္တမျှ ပြုတ်လိုက်ပြီး၊ အသားကျက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြန်ဆယ်ယူလိုက်လေသည်။
အသားလွှာများကို ပြုတ်ပြီးနောက်၊ သူမက မုန်ညင်းထုပ် အနည်းငယ်ကို ရေနွေးဖျောကာ ပန်းကန်အောက်ခြေတွင် ခင်းကျင်းလိုက်ပြီး၊ အပေါ်မှ အသားလွှာများကို တင်လိုက်လေသည်။
ဒါလေးပဲလား။
မုန်ညင်းထုပ်နဲ့ အသားပြုတ်ပဲလား။
ဒါဆိုရင် မုန်ညင်းထုပ်နဲ့ ဝက်သားကြော်ပဲ ချက်လိုက်ပါတော့လား။
ဆီပြန်နေတဲ့ အသားကြော်ဟင်းကမှ စားရတာ အားရကျေနပ်စရာ ကောင်းဦးမယ်မဟုတ်ဘူးလား။
ကြည့်ရတာ လင်းရန်က ငယ်ရွယ်လွန်းတဲ့အတွက် တစ်နေ့လုံး လက်တွေ့မကျတဲ့ အရာတွေကိုပဲ လျှောက်တွေးနေပုံရတယ်။
ဝမ်လိန်က ဤမြင်ကွင်းကို မြင်ရသည့်အချိန်တွင် လင်းရန်၏ အံ့အားသင့်ဖွယ်ဟင်းလျာကို စိတ်မဝင်စားတော့ပါချေ။
လင်းရန်က သူမဘာသာ အလုပ်ရှုပ်နေပြီး သူနှင့်လည်း မပတ်သက်တော့သည့်အတွက် သူက အနောက်ဘက်တံခါးသို့ သွားကာ ပျင်းရိစွာဖြင့် ဆေးလိပ်တစ်လိပ်ကိုသာ သောက်နေလိုက်တော့သည်။
ဝမ်လိန် ထွက်သွားသည်ကို လင်းရန်က မျက်လုံးထောင့်မှ သတိပြုမိလိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်မိလေ၏။
ကံကောင်းစွာဖြင့် ထွက်သွားခဲ့ချေပြီ။ သို့မဟုတ်ပါက သူမ၏ ပညာရပ်များကို သူ ခိုးယူသွားမည်ကို စိုးရိမ်နေရပေလိမ့်မည်။
ဤဟင်းလျာကို ဖန်တီးရန်က အလွန်အမင်း မခက်ခဲလွန်းပါချေ။
တွေးတောစဉ်းစားတတ်သူဖြစ်ပါက ကိုယ်တိုင် တွေးတောလုပ်ဆောင်နိုင်သည်။ သို့သော်လည်း မည်သူကမျှ မလုပ်ဆောင်ဖူးသောကြောင့် ဝမ်လိန်ကို အလကားသက်သက် ပညာမရစေချင်ခြင်းသာ ဖြစ်ပေသည်။
ဝမ်လိန် ထွက်သွားပြီးနောက် လင်းရန်၏ လှုပ်ရှားမှုများက ပိုမိုမြန်ဆန်လာခဲ့လေသည်။
အသားလွှာနှင့် မုန်ညင်းထုပ်များကို ပန်းကန်ထဲတွင် ခင်းကျင်းပြီးသည့်အချိန်တွင် ချဉ်စပ်ဟင်းရည်မှာလည်း အသင့်ဖြစ်လုနီးပါး ဖြစ်နေချေပြီ။
သူမက အိုးအဖုံးကိုဖွင့်၍ ကြည့်ရှုပြီးနောက် အရသာကို ပြုပြင်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်အချို့ ထပ်မံထည့်လိုက်သည်။
ထို့နောက် အိုးထဲရှိ ချဉ်စပ်ဟင်းရည်များကို မုန်ညင်းထုပ်နှင့် အသားလွှာများ ခင်းထားသော ပန်းကန်လုံးကြီးထဲသို့ ခပ်ထည့်လိုက်လေတော့သည်။
ချက်ချင်းပင် အဆင့်မြှင့်တင်ထားသော “ဝက်သားလွှာ ချဉ်စပ်ဟင်းရည် ” တစ်ပွဲ အသင့်ဖြစ်သွားခဲ့ချေပြီ။
နောက်ပိုင်းမျိုးဆက်များတွင် “အမဲသားလွှာချဉ်စပ်ဟင်းရည် ” ဟူသော အလွန်ကျော်ကြားသည့် ဟင်းလျာတစ်မျိုး ရှိပေသည်။
ယခုအချိန်တွင် လင်းရန်ထံ၌ အမဲသားမရှိသောကြောင့် ဝက်သားလွှာကိုသာ အစားထိုး အသုံးပြုခဲ့ခြင်း ဖြစ်၏။ အနည်းငယ် ကွာခြားမှု ရှိနိုင်သော်လည်း အရသာမှာတော့ များစွာ ကွာခြားလိမ့်မည် မဟုတ်ပါချေ။
ဤဟင်းလျာကို ယနေ့၏ အံ့အားသင့်ဖွယ် “ ဘလိုင်းဘောက်စ်”ဟင်းလျာအဖြစ် အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်းဆိုသည်က အောက်ပါအကြောင်းများကြောင့် ဖြစ်ပေ၏။
မကြာသေးမီက ရာသီဥတုတို့က စတင်အေးလာပြီဖြစ်ကာ၊ ဤချဉ်စပ်ဟင်းရည်၏ ချဉ်စပ်၍ ပူသောအရသာက ခန္ဓာကိုယ်ကို နွေးထွေးစေနိုင်သည်။
ဤသို့ အေးစိမ့်လှသော ဆောင်းဦးရာသီတွင် ချဉ်စပ်ဟင်းရည်တစ်ပန်းကန် သောက်လိုက်ရခြင်းမှာ တစ်နေ့လုံးအတွက် သေချာပေါက် နွေးထွေးမှုကို ပေးစွမ်းနိုင်ပေလိမ့်မည်။