ပူစီဆိုသည်မှာ
Vol. 8 Ch. 746
ရွှီရှန်၏ ပြောင်ပြောင်တင်းတင်းပြောစကားများကြောင့် ပိုင်ရှောင်ချန်းမှာ ခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ်ခံစားနေရတော့သည်။ သူသည် မဟာတံတိုင်းကြီး၏ စစ်ဦးစီးမှူးတစ်ယောက်၊ သရဲကြီးမြို့တော်၏ အမှုဆောင်ချုပ်တစ်ဦး၊ မြေရိုင်းဒေသ၏ နာမည်ကြီး လူသိများသော ကျင့်ကြံသူတစ်ယောက်၊ လက်ရွေးစင်ရာကျော်များစွာကို ပြန်ပေးဆွဲလာခဲ့သူတစ်ယောက်၊ နတ်အဆင့်ကျင့်ကြံသူများကို ယှဥ်ပြိုင်တိုက်ခိုက်လာသူတစ်ယောက်၊ နတ်ဘုရားတစ်ပိုင်းအဆင့်ဘုရင်များကိုပင် ပါးရိုက်ဖူးသည့်လူတစ်ယောက်ဖြစ်နေသော်လည်း အချစ်ရေးအချစ်ရာကိစ္စများနှင့် ကြုံတွေ့လျှင်မူ လမ်းပျောက်နေရသည်။
ယနေ့ကို သူ မည်သို့ကျော်ဖြတ်ရမည်မှန်းပင် မသိတော့ပေ။ ထို့အပြင် ရွှီရှန်နှင့် ချင်းမေ့ယွမ်တို့အကြားတွင် ပဋိပက္ခများ ပို၍ကြီးမားလာတော့မည်ဖြစ်ကြောင်း သူက သေချာသိနေတော့သည်။
သူသည် ခက်ခက်ခဲခဲနှင့် ညနေအထိအောင် သူတို့နှစ်ယောက်အား အာရုံလွှဲနိုင်ခဲ့ပြီးနောက် ဆိုင်ကိုပိတ်လိုက်လေသည်။ ရွှီရှန်နှင့် ချင်းမေ့ယွမ်တို့ ထွက်ခွာသွားသောအခါ သူသည် ပူဆွေးသောကနှင့်နာကျည်းမှုများ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် မျက်နှာကျက်ကိုကြည့်ကာ ကျန်ရစ်ခဲ့တော့သည်။
" အင်းလေ၊ ငါကိုက အချစ်သူတော်စင် ပိုင်ရှောင်ချန်းဖြစ်နေတာကိုး "
သူသည် သူ့ကိုယ်သူ ပေးအပ်ခဲ့သည့် ဘွဲ့ထူးကိုပြန်လည်တွေးတောကာ ညည်းညူနေတော့သည်။ သို့သော်လည်း ယခုတွင်မူ သူသည် မည်သည့်အရာဆက်လုပ်ရမည်ကိုပင် မသိတော့ပေ။
သူသည် ဝမ်းနည်ပူဆွေးစွာနှင့် ရင်ဘတ်ကိုပုတ်ကာ ဆက်၍ညည်းညူလိုက်ပြန်တော့သည်။
" ဘာလို့ ဒီလိုတွေဖြစ်နေရတာလဲကွာ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုံးကလည်း စုန့်ကျင်းဝမ်နဲ့ ဟိုရှောင်မေ့တို့က ငါ့ကို မသတ်ရုံတမယ်ပဲ... အခု မြေရိုင်းဒေသထဲကိုရောက်တော့လည်း သေသေချာချာ ဂရုတစိုက်နေတဲ့ ကြားထဲက ငါကိုယ်က တော်လွန်းနေတော့လဲ မိန်းမလှလေးတွေကို ဆွဲဆောင်မိနေပြန်ရော။ ငါ...ငါ့ရဲ့ မျက်နှာလောက်တောင် မခန့်ညားတဲ့ ငါ့တပည့်ပိုင်ဟောက်ရဲ့ မျက်နှာကို သုံးထားတာတောင်မှကွာ၊ ဘာလို့လဲ။ ဘာလို့လူတိုင်းက ငါ့ကိုချစ်နေကြတာလဲ။ နတ်မင်းကြီးတို့၊ ကျွန်တော့်ကို တကယ်ပဲ ဒီလို ဆက်ဆံတော့မှာလား "
သူက ကောင်းကင်ဘုံကို အသနားခံနေပါသော်လည်း မည်သူမှပင် ကြားမည်မဟုတ်ဟု ခံစားနေရတော့သည်။
ဘေးနားတွင်မူ ပိုင်ဟောက်မှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေတော့သည်။ သူသည် စိတ်ဓာတ်ကျကာ ကူရာမဲ့နေသည့်ပုံစံဖြင့် မျက်နှာကိုလက်ဖြင့်ပွတ်ကာ သူ၏ဆရာကို စကားသွားပြောသင့်၊မပြောသင့် တွေးတောနေတော့သည်။ အဆုံးတွင် သူ၏ ဆရာမှာ အလွန်ထူးဆန်းနေသည့်အတွက် မည်သည့်စကားမှ သွားမပြောခြင်းမှာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
" ငါက တကယ်ပဲ ထူးချွန်လွန်းနေတာလား " ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ ရေရွတ်လိုက်တော့သည်။
“ ငါ့ရဲ့ ရုပ်ရည်ကလည်း မတူတော့ဘူး။ အရင်ကနဲ့ မတူညီတဲ့ အချိန်နဲ့နေရာကိုလည်း ရောက်နေပြီ။ ငါ့ရဲ့ အနိုင်မခံအရှုံးမပေးလိုတဲ့စိတ်ရယ်၊ ငါ့အသက်ဝိညာဥ်ရယ်ကိုပဲ အားကိုးပြီး ရှေ့ဆက်လှမ်းနေရတာ။ ကြည့်ရတာ အဲဒါကြောင့်ပဲ မိန်းမလှလေးတွေအများကြီးက ငါ့ကို အရူးအမူးဖြစ်နေကြတယ် ထင်ပါရဲ့ "
" မဟုတ်မှလွဲရော ပိုင်ရှောင်ချန်းဆိုတဲ့ ငါက အထွတ်အထိပ်ထိ ရောက်သွားတာများလား။ ဘာလုပ်ရပါ့ကွာ၊ ငါအရမ်းတော်လွန်းနေတာက ငါ့အပြစ်မှမဟုတ်ပဲ "
သူက ခေါင်းခါရင်း မတ်တတ်ရပ်လျှက် ညည်းညူနေစဥ် ပိုင်ဟောက်မှာ နောက်ဆုံးတွင် စကားဝင်မပြောပဲ မနေနိုင်တော့ပေ။
" ဆရာ " သူက မေးလိုက်သည်။
" ဆရာ့ကိုယ်ဆရာ အပြစ်တင်နေတာရော ဟုတ်ရဲ့လား။ ကြွားများကြွားနေတာလားဗျာ "
ထိုအခါ ပိုင်ရှောင်ချန်းမှာ ချာကနဲလှည့်လိုက်ပြီး သူ၏တပည့်ကို စိုက်ကြည့်လိုက်လေသည်။
" တပည့်ရာ၊ ဒီမှာ ဆရာ တကယ်နာကျည်းနေရတာ မမြင်ဘူးလားကွ။ အိမ်း၊ မင်းက နားမလည်သေးလို့ပါကွာ။ ဒီလိုမျိုး စိတ်ရှုပ်စရာကိစ္စတွေကို ဆရာ သာမန်လူသားကမ္ဘာမှာရှိစဥ်ကတည်းက ကြုံတွေ့လာခဲ့ရတာကွ။ ရွာထဲက ကောင်မလေးတွေအကုန်လုံးက ဆရာ့ကိုဆို အသဲစွဲပဲ။ ပူစီတို့၊ စုတ်ဖွားတို့၊ ပန်းကလေးတို့ ပေါ့ကွာ။ သူတို့က ဆရာ့နောက်ကို မရပ်မနားလိုက်နေလို့ ဆရာ့မှာ သူတို့ကို ဆက်တိုက်ငြင်းခဲ့ရတာ "
ပိုင်ရှောင်ချန်းမှာ သူ၏အတိတ်အကြောင်းကို နားကျည်းမှုများပြည့်နှက်နေသည့် မျက်နှာဖြင့် ပြန်ပြောင်းပြောဆိုနေတော့သည်။
ပိုင်ဟောက်မှာမူ ဘေးနားတွင်ရပ်ကာ အနည်းငယ် ဆွံ့အနေရတော့သည်။ အကြောင်းတစ်ခုခုကြောင့် ပူစီဆိုသောနာမည်မှာ ကြောင်တစ်ကောင်၏အမည်နှင့်တူနေပြီ စုတ်ဖွားမှာ ခွေးတစ်ကောင်၏ အမည်နှင့်တူနေတော့သည်။ သို့သော် မည်သို့သော မိသားစုမျိုးက သူတို့၏သမီးကို ပန်းကလေးဆိုသည့်အမည်ကို ပေးလိမ့်မည်နည်းဟု သူက မတွေးနိုင်လောက်အောင်ဖြစ်နေတော့သည်။
ပိုင်ဟောက်တွေးတောနေသည့် အရာကို ပိုင်ရှောင်ချန်းက လုံးဝသတိမထားမိသဖြင့် ဆက်ပြောလိုက်သေးသည်။
" အစတုံးက မသေမျိုးလမ်းစဥ်ကိုလိုက်မယ်ဆိုရင် ကောင်မလေးတွေ ဆရာ့ကိုသဘောကျတဲ့ ကျိန်စာကနေ ဆရာလွတ်မယ်လို့ ထင်ထားတာကွ။ ဒါပေမဲ့ ဘာဆက်ဖြစ်လဲသိလား။ ချက်ချင်းပဲ ဟိုရှောင်မေ့က ဆရာမှဆရာဖြစ်သွားပြီး တုတုလေးကပါ ဆရာ့ကိုချစ်တယ်လို့ ပြောလာပါရော။ နောက်ဆုံး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ရောက်တော့လဲ စုန့်ကျင်းဝမ်က ဆရာ့ကို သဘောကျသွားပြန်ရော "
" ဆရာဘာဆက်လုပ်ရမှာလဲကွာ။ အဲဒီအရာတွေကို ဆရာကလိုချင်တာမဟုတ်ဘဲ။ နောက်ဆုံး ဆရာက အဲဒီအရာတွေ အားလုံးကိုထားခဲ့လိုက်ရတယ်။ ဒါပေမဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်ရောက်တော့ အမျိုးသမီးကျင့်ကြံသူ အယောက်ထောင်သောင်းများစွာက ဆရာ့ကို ရည်းစားစာတွေလာပေးလိမ့်မယ်လို့ ဘယ်လိုလုပ်တွေးမိမှာလဲ "
" ဘာလို့လဲ တပည့်ရာ ဘာလို့လဲ။ ကောင်းကင်ဘုံကြီးက ဘာလို့ဆရာ့ကို အရမ်းတော်အောင်ဖန်ဆင်းခဲ့ရတာလဲ။ ဘာအကြောင်းပြချက်ရှိလို့လဲကွာ "
ပိုင်ရှောင်ချန်းမှာ စပြောစဥ်က လက်ရှိအခြေအနေကြောင့် စိတ်ညစ်နေရသည့်ပုံစံပေါ်နေခဲ့သည်။ သို့သော် သူစကားပြောသည်မှာ ပိုကြာလာလေလေ သူသည် အမှတ်တရများကို ပြန်လည်စမြုံပြန်နေသည်နှင့် ပို၍တူလာလေလေ ဖြစ်နေတော့သည်။
ပိုင်ဟောင်မှာမူ ခြောက်ကပ်ကပ်ပြုံးလိုက်တော့သည်။ သူ့ဆရာ၏စကားအများစုကို သူမယုံပေ။ သို့သော်လည်း သူ၏ဆရာမှာ ထိုသို့မယုံမကြည်ဖြစ်နေသည့် သူ့မျက်နှာအမူအရာကို စောင့်ဆိုင်းနေကြောင်း သူလုံးဝမသိခဲ့ပေ။ သူ၏မျက်နှာပေါ်တွင် မယုံမကြည်ဖြစ်နေသည့် အရိပ်အယောင်ပေါ်လာသည်နှင့် ပိုင်ရှောင်ချန်းက သူ၏အိတ်ကိုပုတ်လိုက်သောအခါ တဖျပ်ဖျပ်မြည်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာတော့သည်။
ထို့နောက် ထောင်ပေါင်းများစွာသော ရောင်စုံရည်းစားစာများ သူ၏အိတ်ထဲမှ ဒလဟောထွက်လာပြီး ကြမ်းပြင်ပေါ်တွင် တောင်အသေးစားလေးတစ်လုံးကဲ့သို့ ဖြစ်သွားတော့သည်။ ထိုရည်းစားစာ အများစုကို အသဲပုံသဏ္ဍာန် ခေါက်ထားသည်။
" မြင်ပြီလား "
ပိုင်ရှောင်ချန်းက သူ၏လေသံထဲမှ ဝင့်ကြွားမှုကြီးကို နာကျည်းမှုဖြင့် ဖုံးကွယ်ကာ ဆိုလိုက်တော့သည်။
ပိုင်ဟောက်မှာ အလွန်အံ့အားသင့်သွားရသည့်အတွက် ပါးစပ်အဟောင်းသားဖြစ်သွားရပြီး အာခေါင်ခြောက်သွားရတော့သည်။ သူသည် ဂယောင်ခြောက်ခြားဖြင့် ထိုရည်းစားစာအားလုံးကို မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်နေတော့သည်။
သူ့တပည့်၏ မျက်နှာပေါ်ရှိ အံ့သြနေသော အမူအရာကြောင့် ပိုင်ရှောင်ချန်းမှာ အားရသွားပြီး ထိုရည်းစားစာများကို ဂရုတစိုက်ပြန်၍ သိမ်းဆည်းလိုက်ကာ ၎င်းတို့ကို အနာဂတ်တွင် ထပ်၍အသုံးပြုနိုင်သေးကြောင်း တွေးတောနေတော့သည်။ သူ၏တပည့်မှာ သူ့အား တအံ့တသြကြည့်နေသည်ဆိုသည့် ခံစားချက်ကြီးမှာ သူ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်နေစေပြီး သူ့ကိုယ်သူ အလွန် အံ့သြဖွယ်ကောင်းကြောင်းတွေးမိကာ ကျေနပ်နေတော့သည်။
သူက ပိုင်ဟောက်ကိုလျစ်လျူရှုလိုက်ပြီး ဖြေမဆည်နိုင်သည့်အမူအရာဖြင့် တစ်ခဏမျှ မတ်တတ်ရပ်ကာ အခန်းထဲသို့ မှိုင်တွေညှိုးငယ်စွာဖြင့် ဝင်သွားတော့သည်။ သူသည် အချိန်ကြာမြင့်စွာ တွေးတောနေပါသော်လည်း မည်သို့ဆက်လုပ်ရမည်ကို မသိတော့ဖြင့် အဆုံးတွင် သက်ပြင်းကာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်အကြောင်းကိုသာ ပြန်၍ တွေးတောနေလိုက်တော့သည်။
သို့သော် ဤကိစ္စကြီးမှာ လျစ်လျူရှုလိုက်ရုံနှင့် ကွယ်ပျောက်သွားမည် မဟုတ်ပေ။ နောက်နေ့တွင် ရွှီရှန်နှင့် ချင်းမေ့ယွမ်တို့မှာ ပြန်ရောက်လာတော့သည်။ ရွှီရှန်မှာပို၍ ပွင့်ပွင့်လင်းလင်းရှိပြီး အတွင်းထဲထိဝင်လာကာ ပိုင်ရှောင်ချန်း၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ အကယ်၍ သူတစ်ချက်လှုပ်ပါက သူမက သူ့အတိုင်း လိုက်၍လှုပ်နေတော့သည်။ သူမသည် သူ့အားပိုင်ဆိုင်ကြောင်း လူအားလုံးကို ကြေငြာနေသည့်အလား။ ထို့အပြင် ရံဖန်ရံခါ ချင်းမေ့ယွမ်အား ခြိမ်းခြောက်သည့် အကြည့်များဖြင့် ကြည့်နေသေးသည်။
ချင်းမေ့ယွမ်မှာ မျက်နှာအမူအရာပျက်နေပြီး တစ်ခါတရံတွင် စကားနာထိုးနေတော့သည်။ ရွှီရှန်မှာ သူမကို နှုတ်ရေးတွင် မယှဥ်နိုင်သဖြင့် ပြန်၍ကျိန်ဆဲကာ တိုက်ခိုက်ရန် ခုန်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ အကြိမ်တိုင်းတွင် သူမကို နောက်သို့ ပြန်ဆွဲနေရပြီး တချိန်လုံး ထိတ်ထိတ်လန့်လန့်နှင့် တုန်ရီနေရတော့သည်။
ပိုင်ဟောက်မှာလည်း အလွန်စိုးရိမ်ပူပန်နေတော့သည်။ သို့သော် သူသည် ခံစားချက်မဲ့သည့် ဝိညာဥ်ကျေးကျွန်တစ်ယောက်အဖြစ် ဟန်ဆောင်နေရသည်ဖြစ်၍ ထိုအမျိုးသမီးနှစ်ယောက်အကြားက ကိစ္စများကို ဝင်၍မစွက်ဖက်ရဲပေ။
" ကဲ " သူက တွေးနေတော့သည်။
" ကြည့်ရတာ ရွှီရှန်ကလည်း ဆရာ့ ဇနီးဖြစ်မဲ့ပုံပဲ " ထို့နောက် သူသည် ဝိညာဥ်ကျေးကျွန်တစ်ယောက်၏ အသက်မဲ့သောမျက်နှာအမူအရာကို မပျက်အောင် ထိန်းသိမ်းကာနေလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်ကို အာရုံစိုက်လိုစိတ်မရှိပဲ ဤအမျိုးသမီးနှစ်ယောက်အကြား ရန်မဖြစ်အောင် ထိန်းနေရသဖြင့် ဆံပင်များပင်ဖြူလာသည့်အလား ခံစားနေရတော့သည်။ သူသည် ဤဆိုင်ကလေးကို စိတ်ရောကိုယ်ပါနှစ်၍ တည်ထောင်ခဲ့ရသည်ဖြစ်ပြီး ဤနှစ်ယောက်သာ အတွင်းထဲတွင် ရန်ထဖြစ်ပါက အပျက်အစီးများမည်မဟုတ်ပါလော။ သူသည် နောက်ထပ်ရက်အနည်းငယ်မျှ ဤကဲ့သို့ငြိမ်းချမ်းအောင် ထိန်းထားနိုင်ပါသော်လည်း ဤပုံစံအတိုင်းသာ ဆက်၍သွားနေမည်ဆိုပါက....
လဝက်ခန့်အကြာသို့ရောက်သော် ပိုင်ရှောင်ချန်းမှာ ရူးသွပ်လုမတတ်ဖြစ်နေပြီး ရွီရှန်နှင့် ချင်းမေ့ယွမ်တို့အကြား တင်းမာမှုမှာလည်း အဆိုးဆုံးအခြေအနေသို့ ရောက်နေပြီဖြစ်သည်။
တစ်ရက်တွင် ထို ပဋိပက္ခမီးတောင်ကြီးမှာ ထ၍ပေါက်ကွဲလာတော့သည်။
" မိန်းမပျက် ချင်းမေ့ယွမ် နင်ဘာပြောလိုက်တယ် "
" တခြားလူတွေက နင့်ရဲ့ရာထူးအခြေအနေကြောင့် နင့်ကို ကြောက်ရင်ကြောက်လိမ့်မယ်။ ဒါပေမဲ့ငါ့အမြင်မှာတော့ နင်က တိုက်ဖို့ခိုက်ဖို့ကလွဲပြီး အခြားဘာမှမသိတဲ့ ငတုံးမလေးတစ်ယောက်ပဲ "
သူတို့နှစ်ယောက်မှာ တိုက်ခိုက်တော့မည့်အလား တစ်ယောက်နှင့်တစ်ယောက် ဒေါသတကြီးနှင့်မျက်နှာချင်းဆိုင်နေကြစဥ် ဆိုင်ထဲရှိ ဝိညာဥ်ကျင့်ကြံသူများမှာ နောက်သို့ဆုတ်ကာ ပွဲကြည့်ရန်ဆုံးဖြတ်လိုက်ကြတော့သည်။ လမ်းသွားလမ်းလာအနည်းငယ်ပင် သူတို့ကိုသတိထားမိသွားပြီး လည်ပင်းများဆန့်ကာ ဖြစ်ပျက်နေသည်များကိုအကဲခတ်လိုက်ကြသည်။ ပိုင်ရှောင်ချန်း၏ ဆိုင်တွင် စိတ်လှုပ်ရှားစရာကောင်းသည့်ဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းကို လူများမှာ ကျင့်သားရနေကြပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ နောက်ခန်းထဲသို့ရောက်နေပြီး ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို စမ်းသပ်နေသည်။ အပြင်ဘက်ရှိ ရန်ဖြစ်နေသည့်အသံများကို ကြားလိုက်ရသောအခါ သူသည်ကြောက်လန့်လွန်းလှသဖြင့် တုန်ရီသွားပြီး အော်ငိုချင်စိတ်များပင် ပေါ်လာတော့သည်။ သို့သော် သူသည် အပြင်သို့ပြေးထွက်သွားပြီး ရွှီရှန်နှင့် ချင်းမေ့ယွမ်တို့အကြားတွင်ရပ်ကာ ရန်ပွဲကိုဖြေရှင်းရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏စကားတစ်ခွန်းမှ အရာမထင်ပဲ ထိုအမျိုးသမီးနှစ်ယောက်၏အသွင်မှာ တိုက်ခိုက်တော့မည့်ပုံစံ ပေါက်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ လဝက်တိတိ သည်းခံနေခဲ့သည်ဖြစ်သောကြောင့် ယခုတွင်မူ သူ ဆက်၍ သည်းမခံနိုင်တော့ပေ။
" တော်လောက်ပြီ "
သူက မိုးခြိမ်းသံကဲ့သို့သောအသံဖြင့် အော်ဟစ်လိုက်တော့သည်။ ဖောက်သည်များနှင့် အခြားကြည့်ရှုနေကြသူများမှာ မည်သည့်ဖြစ်ရပ်များ ဆက်ဖြစ်မည်နည်းဟုတွေးကာ စိတ်ဓာတ်များတက်ကြွနေကြသည်။
ပိုင်ရှောင်ချန်း၏ အသံကြောင့် ရွှီရှန်နှင့် ချင်းမေ့ယွမ်တို့နှစ်ယောက်စလုံးမှာ အံ့အားသင့်သွားရသဖြင့် သူ့ဘက်သို့လှည့်ကြည့်လိုက်ကြတော့သည်။
သူက အသက်ပြင်းပြင်းရှူကာ ရွှီရှန်ဘက်သို့ အရင်လှည့်လိုက်ပြီး မေးလိုက်လေသည်။
" ရွှီရှန်၊ နင်ငါ့ရဲ့ ဘယ်အချက်ကိုကြိုက်တာလဲ၊ အခုပြော "
သူမသည် အစပိုင်းတွင် ဒေါသထွက်နေသဖြင့် တရှူးရှူးတရှဲရှဲ ဖြစ်နေသော်လည်း ပိုင်ရှောင်ချန်း၏ စကားကြောင့် သူမ၏ မျက်နှာမှာ နီမြန်းသွားရပြီး သူမက ရှက်ရွံ့နေသည့်အမူအရာဖြင့် ခေါင်းငုံ့လိုက်တော့သည်။
" ကြည့်နေတဲ့လူတွေ အများကြီးလေကွာ "
သူမက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
ပိုင်ရှောင်ချန်းမှာ ခေါင်းများခဲလာပြီး ရွှီရှန်ကိုပခုံးမှကိုင်ကာ သူမ၏မျက်ဝန်းထဲသို့ စေ့စေ့ကြည့်လိုက်ပြီး ဆိုလိုက်တော့သည်။
" ပြောစမ်းပါ။ ငါ့ရဲ့ဘယ်အချက်ကို သဘောကျတာလဲ။ ငါအဲဒီအချက်ကို သေချာပေါက် ပြောင်းမယ်ကွာ "
ဘေးနားမှကြည့်နေသူများမှာ ထိုစကားကိုကြားလိုက်ရသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ကြတော့သည်။
ရွှီရှန်၏ မျက်လုံးများပြူးကျယ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ မိမိကိုချစ်နေသည့် ကောင်မလေးတစ်ယောက်အား ထိုသို့မဆက်ဆံသင့်ကြောင်း ရုတ်တရက်တွေးမိလိုက်တော့သည်။ သို့သော်ထိုအချိန်တွင် ရွှီရှန်မှာ ရုတ်တရက် ပြုံးလိုက်တော့သည်။
" အဲဒီလိုပုံစံကို ကျွန်မ သိပ်သဘောကျတာပဲရှင် "
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
သူမသည် ထိုသို့ဆိုရင်း လက်ကိုမြှောက်လိုက်သဖြင့် သူမပခုံးပေါ်တင်ထားသည့် သူ၏လက်မှာ အောက်သို့ကျသွားတော့သည်။ ထိုအခါ သူမသည် သူ့ကိုဆုပ်ကိုင်ကာ ခန္ဓာကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး သူ၏နားထဲသို့တိုးတိုးလေး ပြောလိုက်တော့သည်။
“ အခုကစပြီး ရှင့်ကို ကျွန်မပိုင်ပြီ "
ထို့နောက်သူမသည်နောက်သို့ဆုတ်ကာ ချောင်းဟန့်လိုက်သည်။ ပိုင်ရှောင်ချန်းမှာမူ တကယ်ပင် ငိုချလိုက်ချင်စိတ်များပေါက်နေတော့သည်။ ရွှီရှန်က သူ့ကိုအနိုင်ယူလိုက်ပြီဖြစ်သည်။ ထို့နောက် သူက ချင်းမေ့ယွမ်ဘက်သို့ လှည့်လိုက်သောအခါ သူမ၏မျက်နှာပေါ်ရှိ ပဟေဠိဆန်သောအပြုံးကြောင့် ပို၍ပင် လန့်ဖျန့်သွားရတော့သည်။
အဆုံးတွင် သူက သက်ပြင်းချကာ ဆိုလိုက်တော့သည်။
" နင်တို့တွေ ရန်ဖြစ်ချင်သပဆို ဆိုင်အပြင်မှာဖြစ်ကြ "
ဤကဲ့သို့သော အချစ်ရေးကိစ္စများနှင့်ပတ်သတ်လာလျှင် သူ အမြဲတမ်း ကူရာကယ်ရာမဲ့ရသည်။ ထို့နောက် သူသည် တွေဝေငေးငိုင်စွာြဖင့် နောက်အခန်းသို့ပြန်ရန် လှည့်သွားပြီး ရန်ပွဲမှာ မည်မျှကြမ်းသည်ဖြစ်ပါစေ အပြင်သို့ထပ်မံထွက်လာမည်မဟုတ်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။