← Chapters

အခန်း (၃၅၂)

Vol. 36 Ch. 352

အခန်း (၃၅၂)

Vol. 36 Ch. 352

ဝမ်လိန်အနေဖြင့် သူ နာရီဝက်ခန့် အလျင်အမြန် ပြင်ဆင်ထားခဲ့သော ဟင်းချက်အမယ်တချို့ ကျန်ရှိနေသေးမည်ဟု ထင်မှတ်ထားခဲ့သည်။

သိာ့သော်လည်း သူ လှမ်းကြည့်လိုက်သည့်အချိန်တွင် ထိုနေရာက လုံးဝ ပြောင်ရှင်းနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရလေ၏။

သူ ပြင်ဆင်ထားသမျှ ဟင်းအမယ်တွေအားလုံး ကုန်သွားပြီလား။

ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။

လင်းရန်က ခုနတုန်းကအထိ သူမရဲ့ အံ့အားသင့်ဖွယ် ဟင်းလျာတွေကိုပဲ ချက်နေခဲ့တာ မဟုတ်ဘူးလား။

ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် လင်းရန် မတိုင်မီက သူ့ကို ခိုင်းစေခဲ့သည်ကို ပြန်စဉ်းစားမိသည့်အချိန်တွင် ဝမ်လိန်တစ်ယောက် ထိတ်လန့်သွားရတော့သည်။

သွားပြီ။

သူ တကယ်ကြီး လုံလောက်အောင် မပြင်ဆင်ခဲ့တာပဲ။

နေပါဦး။

သူမက လူတိုင်းကို အမှန်အတိုင်း ပြောပြမယ်လို့ ပြောသွားတာလား။

သူမက ဟင်းအမယ်တွေကို လုံလုံလောက်လောက် မပြင်ဆင်ထားမိဘူးလို့ ပြောနေမှာလား။

ထိုသို့ တွေးမိသည်နှင့် ဝမ်လိန်တစ်ယောက် ပို၍ပင် ပြာယာခတ်သွားရလေသည်။

သူက လင်းရန်၏နောက်မှ ထမင်းစားခန်းထဲအထိ အမြန်လိုက်သွားခဲ့သော်လည်း လိုက်ကာကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ဟင်းလျာရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသော ဧည့်သည်များကို လင်းရန်က အားနာသည့် လေသံဖြင့် ပြောဆိုနေသည်ကို ကြားလိုက်ရလေသည်။

“လူတိုင်းကို တောင်းပန်ပါတယ်၊ ကျွန်မတို့ဆိုင်မှာ မီးဖိုချောင်ဘက်မှာ လက်ထောက်စားဖိုမှူး ပြင်ဆင်ထားတဲ့ ဟင်းရန်အမယ်တွေ ကုန်သွားတဲ့အတွက် အခုမှ ရောက်လာတဲ့ ဧည့်သည်တွေရဲ့ ဟင်းလျာတွေက ခဏလောက်တော့ ကြာသွားနိုင်ပါတယ်၊

ကျွန်မအနေနဲ့ အခုချက်ချင်း အမြန်ဆုံးပြင်ဆင်ပြီးမှ ချက်ပေးမှာဖြစ်လို့ အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်”

“တောင်းပန်တဲ့အနေနဲ့ အခုစောင့်ဆိုင်းနေရတဲ့ ဧည့်သည်တွေကိုကျွန်မရဲ့ ကိုယ်ပိုင်ငွေနဲ့ပဲ မုန့်အပိုတစ်ခုစီ လက်ဆောင်ပေးပါရစေ၊ အားလုံးပဲ စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

မူလက ထိုဧည့်သည်များမှာ သူတို့ မှာယူထားသော ဟင်းများက မချက်ရသေးကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားကြရပေသည်။

လူတိုင်းက တစ်မနက်လုံး အလုပ်လုပ်ထားရသည့်အတွက် ဗိုက်ဆာလောင်စွာဖြင့် လာရောက်စားကြခြင်းဖြစ်ပေ၏။

သိုဖြစ်၍ ဟင်းလျာများက အသင့်မဖြစ်သောကြောင်း ကြားလိုက်ရကာ မည်မျှအထိ စောင့်ရမည်ကိုပင် မသိရသည့်အတွက် မကျေနပ်ခဲ့ကြပေ။

သို့သော်လည်း လင်းရန်က လူကိုယ်တိုင် ထွက်လာပြီး တောင်းပန်သည့်အပြင် မုန့်လက်ဆောင်ဖြင့်ပါ တုံ့ပြန်လိုက်သည့်အချိန်တွင်တော့ လူတိုင်း၏ စိတ်ထဲတွင် များစွာ အဆင်ပြေသွားခဲ့ကြသည်။

ထို့အပြင် ယခုအခြေအနေမှာ စားဖိုမှူးရှောင်လင်း၏ အမှားမဟုတ်ဘဲ မီးဖိုချောင်တွင် ကူညီရသောသူက ဟင်းလျာအမယ်များကို လုံလောက်အောင် မပြင်ဆင်ထားခြင်းကြောင့်သာ ဖြစ်ပုံရပေသည်။

အဓိက တရားခံဖြစ်သူသည်ကား ထွက်လာပြီး မတောင်းပန်သည့်အပြင် အနောက်ဘက်တွင် ပုန်းအောင်းနေခဲ့သည်။ ဤသည်က အမှန်တကယ်ပင် တာဝန်မဲ့လှပေသည်။

ဤခေတ္တမျှအတွင်း လူတိုင်းက လက်ထောက်စားဖိုမှူးကိုသာ အပြစ်တင်ကြတော့၏။

ဝမ်လိန်အနေဖြင့် လူတိုင်းက သူ့အား ပြစ်တင်ပြောဆိုနေကြသည်ကို ကြားလိုက်ရသည့်အချိန်တွင် ကြောက်လန့်တုန်လှုပ်သွားပြီး အနောက်သို့ပင် ပြန်ဆုတ်လိုက်မိလေသည်။

သူက မီးဖိုချောင်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် မျက်နှာပျက်စွာဖြင့် လင်းရန်ကို ကျိန်ဆဲတော့သည်။

ဒီမိန်းမပျက်လေး..

သူမက ငါ့ကို ဒီလိုမျိုး အရှက်ခွဲလိုက်တယ်ပေါ့လေ!

သူမက ဘာလို့ ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ!

ပြီးတော့ သူမက လက်ထောက်စားဖိုမှူးက ဟင်းကို လုံလောက်အောင် မပြင်ဆင်ထားဘူးလို့ ပြောရအောင် ဒီနေ့မှာ လူတွေဒီလောက်အများကြီး လာစားမယ်ဆိုတာကို သူက ဘယ်လိုလုပ်ပြီးသိမှာလဲ။

ဒါက ပထမဆုံး အလုပ်စတဲ့နေ့ပဲ ရှိသေးတာလေ။

သူက ဘယ်လောက်ပဲ တော်နေပါစေ ဖောက်သည် ဘယ်နှစ်ယောက်လာမလဲဆိုတာကိုတော့ ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ!

ထိုသို့ တွေးမိလိုက်သည့်အချိန်တွင် ဝမ်လိန်တစ်ယောက် ဆင်ခြေတစ်ခုကို ချက်ချင်း ရှာတွေ့သွားလေသည်။

ဟမ့်! လင်းရန်က စကားပြော ကောင်းရင်တောင် ငါ့မှာလည်း ငါ့အကြောင်းပြချက်နဲ့ငါ ရှိတာပဲ!

သို့ဖြစ်၍ ခေတ္တမျှ ပြာယာခတ်သွားပြီးနောက် ဝမ်လိန်က လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။

အပြင်ဘက်တွင် လူတိုင်းက သူ့ကို ဝိုအပြစ်တင်နေကြသောကြောင့် သူက အပြင်သို့ လုံးဝမထွက်တော့ပါချေ။

တာဝန်ရှိသူမှ လာရောက်မေးမြန်းသည့်အချိန်တွင်မှသာ သူ့ဘက်က အခြေအနေကို ပြန်လည်ရှင်းပြမည်ဟု ဆုံးဖြတ်လိုက်သည်။

ဤကဲ့သို့သော အမှားအယွင်းလေးတစ်ခုကြောင့် သူတို့က သူ့အား အလုပ်မှ နှင်ထုတ်လိမ့်မည်ဟု သူ မယုံကြည်ပါချေ။

သို့ဖြစ်၍ လင်းရန် မီးဖိုချောင်သို့ ပြန်ရောက်လာသည့်အချိန်တွင် ဝမ်လိန်မှာ လှောင်ပြောင်လိုသည့်အရိပ်အယောင်ဖြင့် အလုပ်လုပ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူမက သူ့အား တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်ကိုမျှထပ်မပြောတော့ဘဲ မေးရုံသာ မေးလိုက်၏။

“ဟင်းအမယ်တွေ ဘယ်လောက်အထိ ပြင်ဆင်ပြီးပြီလဲ”

ဝမ်လိန်တစ်ယောက် သူမက ဖြစ်ပျက်သမျှကို သူ့အား ရှင်းပြခြင်းပင်မရှိဘဲ မည်သည့်အရာကိုမျှ မဖြစ်ခဲ့သကဲ့သို့ ပြုမူနေသည်ဟု မြင်လျှင် သူ၏ရင်ထဲမှ လင်းရန်အပေါ် စက်ဆုပ်ရွံရှာမှုများက ပိုမိုနက်ရှိုင်းလာခဲ့လေသည်။

အကယ်၍ သူသာ လင်းရန် အပြင်ဘက်တွင် ပြောဆိုခဲ့သည်များကို ကိုယ်တိုင် မကြားခဲ့ပါက သူမ၏ လှည့်ကွက်များအောက်တွင် တစ်သက်လုံး အမှောင်ကျနေရပေလိမ့်မည်။

ဤအောက်တန်းကျသော လူယုတ်မာက လူကွယ်ရာတွင် ကိစ္စရပ်များကို မည်သို့လုပ်ဆောင်ရမည်ကို အမှန်တကယ်ပင် ကောင်းကောင်းသိပေသည်။

“ပြင်ဆင်နေပါပြီ၊ အရင်ကြော်နှင့်လို့ ရပါတယ်”

ဝမ်လိန်က ဝတ်ကျေတန်းကျေ ပြန်လည်ဖြေကြားပြီးနောက်တွင် မထိန်းနိုင်တော့ဘဲ ဆက်လက်မေးမြန်းလိုက်ပြန်သည်။

“ရဲဘော်ရှောင်လင်း.. ခုန အပြင်ကိုထွက်သွားတုန်းက ဘာတွေပြောခဲ့တာလဲ၊ ‘အမှန်အတိုင်းပြောမယ်’ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ငါ နားမလည်လို့ပါ”

ဝမ်လိန်သည်ကား ထိုအကြောင်းကို တမင်တကာ မေးမြန်းနေခြင်းဖြစ်ပေသည်။ လင်းရန်အနေဖြင့် ဤလိမ်ညာမှုကို မည်သို့ဖုံးကွယ်မည်ကို သူကြည့်လိုခဲ့သည်။

ထို့အပြင် သူမကို တိုက်ရိုက်ဖော်ထုတ်ပြီး ဆက်လက်လိမ်ညာနိုင်ဦးမည်လားဟု စမ်းသပ်ချင်နေခဲ့သည်။

သို့သော် လင်းရန်က ထိုကိစ္စကို ဖုံးကွယ်ရန် လုံးဝမစဉ်းစားဘဲ အပြင်ဘက်၌ ဖြစ်ပျက်ခဲ့သည်များကို တိုက်ရိုက်ပင် ပြောပြလာမည်ကိုတော့ ဝမ်လိန် လုံးဝမထင်မှတ်ထားခဲ့ပါချေ။

သူမက အဘယ်ကြောင့် လိမ်ရပါမည်နည်း။

ထိုသို့လိမ်ညာခြင်းမှာ ဝမ်လိန်၏ အရှက်ကို ဖုံးကွယ်ပေးရန်အတွက်သာ မဟုတ်ပါလား။

“အိုး...ကျွန်မက ကျွန်မပြောတဲ့ စကားတွေက အသံကျယ်ကျယ်နဲ့ ပြောတာဆိုတော့ ရဲဘော်ဝမ်လိန် ကြားပြီးပြီလို့ ထင်နေတာ၊ မကြားသေးဘူးဆိုရင်လည်း ထပ်ပြောပြပါ့မယ်

ခုနတုန်းက အပြင်ဘက်မှာ ကျွန်မ ပြောနေတာက တခြားကိစ္စမဟုတ်ဘူး၊ ရှင်ပြင်ဆင်ထားတဲ့ ဟင်း အမယ်တွေက မလောက်ဘူးဆိုတဲ့အကြောင်းနဲ့၊ အဲဒီအတွက်ကြောင့် ဧည့်သည်တွေက အစားအသောက်တွေကို မြန်မြန်မစားရတဲ့အကြောင်းကို ပြောပြလိုက်တာ”

ဝမ်လိန်တစ်ယောက် ထိုစကားကို ကြားလျှင် ကြောင်အမ်းသွားရလေ၏။

သူ လင်းရန်အား မျက်လုံးများပြူးကျယ်စွာဖြင့် စိုက်ကြည့်နေမိပေသည်။ သူမက ဤမျှအထိ မျက်နှာပြောင်တိုက်ကာ ထိုအကြောင်းကို ပြောပြရဲလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။

သူမက သူ့ကို ရန်စမိမှာကို တကယ်ကြီး မကြောက်တာလား။

“ရဲဘော်ဝမ်လိန်..ကျွန်မပြောတာကို ရှင်းရှင်းလင်းလင်း မကြားရသေးဘူးလား၊ နောက်တစ်ခေါက် ထပ်ပြောပေးရမလား”

ဝမ်လိန် သတိပြန်ဝင်လာပြီးနောက် လင်းရန်၏ “ရဲဘော်ဝမ်လိန်ကတော့ နားသိပ်မကောင်းရှာဘူးပဲ” ဟူသောကူကယ်ရာမဲ့သည့်ညအမူအရာကို မြင်လိုက်ရသည့်အချိန်တွင် ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်သွားရတော့သည်။

ယခုအချိန်တွင်တော့ ဤမိန်းကလေး လင်းရန်က သူထင်ထားသည်ထက် ကိုင်တွယ်ရ ပိုမိုခက်ခဲကြောင်းကို သူ သေချာပေါက် သိရှိသွားခဲ့ချေပြီ။

သူမ၏ မျက်နှာပြောင်တိုက်နိုင်မှုနှင့် ပတ်သက်၍ ပြောရလျှင် သူ တွေးထင်ထားသည့် အသက်နှစ်ဆယ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ အရှက်အကြောက်မျိုး လုံးဝမရှိပါချေ။

ကောင်းပြီလေ။ သူမက ဒီလောက်အထိ ရိုင်းပျနေမှတော့ သူ့ဘက်ကလည်း ညှာတာနေတော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးတွင် ဝမ်လိန်က လင်းရန်အား အဓိပ္ပာယ်အပြည့်ရှိသော စကားတစ်ခွန်းကိုသာ ပြောနိုင်ပါတော့သည်။

“ကောင်းပြီ၊ ဒီတစ်ခေါက် ဖြစ်ခဲ့တာကို ငါ မှတ်ထားလိုက်မယ်!”

သူ့အနေဖြင့် လင်းရန် ယခုလေးတင် ပြောလိုက်သော စကားကို မှတ်ထားခြင်းလား သို့မဟုတ် ဤရန်ငြိုးကို မှတ်ထားခြင်းလားဟူသည်ကိုတော့ ဝမ်လိန်ကိုယ်တိုင်သာ သိပေလိမ့်မည်။

သို့သော် ခြေသလုံးနှင့် စဉ်းစားကြည့်ရုံမျှဖြင့်ပင် ထိုသူက သူမအပေါ် အမုန်းတရားများကြီးမားသွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။

နှမြောစရာကောင်းစွာဖြင့် လင်းရန်သည်ကား အပြင်သို့ထွက်၍ ထိုကိစ္စကို ပြောဆိုရန် ဆုံးဖြတ်ကတည်းက ဤအခြေအနေကို ကြိုတင်တွက်ဆထားပြီးဖြစ်ပြီး သေချာပေါက် ကြောက်ရွံ့ခြင်း မရှိပါချေ။

ဆိုရလျှင် စုန့်စစ်ယွီနှင့် သူမ၏ ပတ်သက်မှုကို ကြည့်လျှင်လည်း သူမနှင့် ဝမ်လိန်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် ဝမ်လိန်၏ နောက်ကျောဘက်မှ ချောင်းမြောင်းတိုက်ခိုက်မှုကို စောင့်ဆိုင်းနေမည့်အစား မျက်နှာဖုံးကိုခွာ၍ အစောတည်းက အဖြူအမည်း သဲသဲကွဲကွဲ ဖြစ်သွားခြင်းက ပိုမိုကောင်းမွန်ပေသည်။

နောက်ပိုင်းတွင်တော့ ဝမ်လိန်က လက်သွက်သွက်ဖြင့် အလုပ်လုပ်လာသောကြောင့် အပြင်ဘက်မှ ဧည့်သည်များသည်လည်း အစားအသောက် ရရှိရန် အကြာကြီး မစောင့်ဆိုင်းခဲ့ရတော့ပေ။

သို့သော် ထိုသတင်းက မွန်းလွဲပိုင်းတွင်ပင် ပျံ့နှံ့သွားခဲ့ပြီး ရှောင်ကျောက်၏ နားထဲသို့ပင် ရောက်ရှိသွားခဲ့သည်။

ရှောင်ကျောက်က မွန်းလွဲပိုင်းတွင် ကိစ္စရှိသောကြောင့် ဆယ့်တစ်နာရီလောက်ကတည်းက ဆိုင်သို့ လာရောက်စားသောက်ခဲ့ခြင်း ဖြစ်ပေသည်။

သူ၏ စကားကို နားထောင်ပြီးနောက်တွင် လူတိုင်းက ဆိုင်သို့သွားစားပြီနောက် အဆင်ပြေပြေ ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မွန်းလွဲပိုင်းတွင် သူ ပြန်ရောက်လာသည့်အချိန်တွင် နေ့လယ်စာစားချိန်၌ တစ်စုံတစ်ခု မှားယွင်းခဲ့သည့်စကားများကို မထင်မှတ်ဘဲ ကြားသိလိုက်ရလေသည်။

သူသည်က ခေါင်းဆောင်များ၏ ခန့်အပ်မှုအရ စားသောက်ဆိုင်ကို စီမံခန့်ခွဲရန် တာဝန်ရှိသူ ဖြစ်ပေသည်။

သူက့အနေဖြင့် စားသောက်ဆိုင်အား မကြာခင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိစေချင်ခဲ့သော်လည်း တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပါချေ။

သို့ဖြစ်၍ ညနေပိုင်း အလုပ်ဆင်းပြီးသည်နှင့် ရှောင်ကျောက်က စားသောက်ဆိုင်သို့ အပြေးအလွှား လာရောက်ကာ နေ့လယ်ဘက်က မည်သည့်အရာများဖြစ်ခဲ့သည်ကို မေးမြန်းလေတော့သည်။

All Chapters