← Chapters

အခန်း (၃၅၃)

Vol. 36 Ch. 353

အခန်း (၃၅၃)

Vol. 36 Ch. 353

ညနေပိုင်းတွင် မြို့တော်အစိုးရရုံးမှ ဝန်ထမ်းများအားလုံး အိမ်သို့ပြန်သွားကြပြီဖြစ်၍ စားသောက်ဆိုင်သို့ လာရောက်သူကလည်း နည်းပါးလာခဲ့သည်။

ထို့အတွက် လင်းရန်တို့မှာလည်း အားလပ်ချိန် ရရှိနေခဲ့ပေသည်။

ဆိုင်ထဲ လူမရှိသည်ကိုအခွင့်ကောင်းယူက ရှောင်ကျောက်က ဆိုင်ထဲရှိ ဝန်ထမ်းလေးဦးလုံးကို လျင်မြန်စွာ စုစည်းလိုက်ပြီး နေ့လယ်က ကိစ္စကို မေးမြန်းလိုက်လေသည်။

ထိုစကားကို ကြားလျှင် လီမေ့နှင့် အားဟွားတို့မှာ လင်းရန်နှင့် ဝမ်လိန်တို့အား မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြပေ၏။

နေ့လယ်က ဘာတွေဖြစ်ခဲ့တာလဲ။ ဆိုင်ထဲမှာရှိတဲ့ စားဖိုမှူးနှစ်ယောက်ရဲ့ကြားမှာ ပြသနာတွေ ဖြစ်ခဲ့တာပဲ မဟုတ်ဘူးလား။

ဆိုရလျှင် ပြသနာဖြစ်သည်ဟု ပြောခြင်းထက် လင်းရန်က ဝမ်လိန်၏ လုပ်ငန်းခွင်အတွင်းမှ အမှားများကို ထောက်ပြလိုက်ခြင်းသာ ဖြစ်ပေသည်။

လင်းရန် လျင်မြန်စွာပင် နေ့လယ်က ဖြစ်ပျက်ခဲ့သည်များကို မည်သည်ကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်လည်ပြောပြလိုက်လေသည်။

သူမ ပြောပြချက်မှာ ရှောင်ကျောက် ရုံးတွင် ကြားခဲ့ရသည်နှင့် ထပ်တူပင် ဖြစ်နေသောကြောင့် ရှောင်ကျောက်က ခေါင်းညိတ်ပြီး အခြေအနေကို သဘောပေါက်သွားခဲ့သည်။

ထို့နောက် သူက ဝမ်လိန်ကို ကြည့်ပြီး မေးမြန်းလိုက်သည်။

“ရဲဘော်ဝမ်လိန်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားဘက်က ထပ်ဖြည့်ပြောချင်တာ ရှိသေးလား”

ဝမ်လိန်တွင်လည်း ထပ်မံဖြည့်စွက်လိုသည့်စကားများ သေချာပေါက်ရှိနေခဲ့သည်။

ထိုသည်က သူကိုယ်တိုင်အတွက် ဆင်ခြေပေးရန်ပင် ဖြစ်ပေသည်။

သို့ဖြစ်၍ သူ နေ့လယ်ကတည်းက ကြိုတင်စဉ်းစားထားသော ဆင်ခြေကို တိုက်ရိုက်ပင် ပြောဆိုလိုက်လေတော့သည်။

“ရဲဘော်ရှောင်ကျောက်.. ဒီကိစ္စအတွက် ကျွန်တော့်ကိုတော့ အပြစ်မပြောသင့်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံး အလုပ်စတဲ့နေ့ပဲ ရှိသေးတာလေ၊

ခင်ဗျားတို့ ဌာနမှာ လူဘယ်လောက်ရှိတယ်ဆိုတာလည်း ကျွန်တော် မသိတော့ ဟင်းအမယ်ပြင်ဆင်မှုက နည်းနည်းလောက် လွဲချော်သွားတာပါ

ဒါပေမဲ့ စိတ်မပူပါနဲ့၊ ဒီနေ့ အတွေ့အကြုံရသွားပြီဆိုတော့ နောက်ပိုင်းကျရင် ဒီလိုမျိုး ပြဿနာ ထပ်မဖြစ်စေရဘူးလို့ ကျွန်တော် အာမခံပါတယ်

အစပိုင်းမှာတော့ အရာအားလုံးက ခက်ခဲတတ်တာ ပုံမှန်ပါပဲ ဟားဟား”

ဝမ်လိန်၏ စကားများမှာ အပေါ်ယံကြည့်လျှင် ကြီးမားသော ပြဿနာရှိပုံမပေါ်ပါချေ။

သို့သော်လည်း ရှောင်ကျောက်သည်ကား ခေါင်းဆောင်များ၏ ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခြင်း ခံထားရသူဖြစ်၍ အရည်အချင်းမရှိသူတစ်ဦး မဟုတ်ပေ။

အကယ်၍ သူသာ ဝမ်လိန်၏ စကားနောက်သို့ ဤမျှအလွယ်တကူ ပါသွားမည်ဆိုပါက ဤကဲ့သို့သော အရေးကြီးသည့် တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်ပါမည်နည်း။

“ခင်ဗျားပြောတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ရဲဘော်ဝမ်လိန်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ခင်ဗျားရဲ့ အမှားကြောင့် ဖြစ်ရတာပဲ

ခင်ဗျားအနေနဲ့ အပြင်ကိုထွက်ပြီး လူတွေကို တောင်းပန်ဖို့တောင် စိတ်မကူးခဲ့ဘူးလား”

ဘာ?

အပြင်ထွက်ပြီး တခြားလူတွေကို တောင်းပန်ရမယ် ဟုတ်လား။

ဝမ်လိန် ကြောင်အမ်းသွားရလေသည်။ သူ့အနေဖြင့် အပြင်ဘက်ရှိ လူများ၏ ပြစ်တင်ဝေဖန်မှုကို သေလောက်အောင် ခံထားရပြီးပေပြီ။

ထိုအချိန်မျိုးတွင် အဘယ်ကြောင့် အပြင်သို့ထွက်ပြီးရ တောင်းပန်ရဲပါမည်နည်း။

ထို့အပြင် လင်းရန်က ထိုကိစ္စကို ဖြေရှင်းရန်အတွက် အရှေ့သို့ ထွက်သွားပြီးဖြစ်၍ သူ ထပ်မံပြောဆိုနေရန် မလိုအပ်တော့ဟုလည်း ယူဆထားပေသည်။

ဝမ်လိန်အနေဖြင့် စိတ်ထဲမှ ထိုသို့ တွေးတောနေသော်လည်း အပြင်သို့ ထုတ်မပြောဝံ့ပါချေ။

မည်သို့ပင်ဖြစ်စေ ရှောင်ကျောက်က သူ့ဘက်မှ တောင်းပန်ခြင်းမပြုခဲ့သည့်အပေါ် အနည်းငယ် မကျေမနပ်ဖြစ်နေသည်ကို မြင်တွေ့နေရသည် မဟုတ်ပါလား။

ထိုသို့ မြင်လိုက်ရသည့်အချိန်တွင် ဝမ်လိန်က ချက်ချင်းပင် နောင်တရသရ့် အမူအရာကို ဖော်ပြလိုက်ပြီး နောင်တရစွာဖြင့် ပြောဆိုလိုက်လေသည်။

“ဒါက ကျွန်တော့်ရဲ့အမှားပါပဲ၊ အဲဒီအချိန်တုန်းက ကျွန်တော် အရမ်းရှက်နေမိလို့ အပြင်ကို မထွက်ရဲခဲ့တာ၊ ကျွန်တော်က ဒီလောက်တောင် အသက်ကြီးနေပြီဆိုပေမဲ့ ဒီလိုမျိုး အမှားအယွင်းတွေ ဖြစ်ခဲ့ရတယ်၊

လူတိုင်းအတွက် တကယ်ကို အားနာမိပါတယ် ဟင်း...”

ဝမ်လိန်က စကားပြောနေရင်းဖြင့် ခေါင်းကိုငုံ့ကာ မျက်ရည်သုတ်နေသကဲ့သို့ ဟန် ဆောင်လိုက်လေသည်။

သူ့၏ ဤကဲ့သို့အမူအရာကို မြင်တွေ့ရသည့်အချိန်တွင် ရှောင်ကျောက်အနေဖြင့်လည်း မည်သည့်ကိုမျှထပ်မပြောနိုင်တော့ပါချေ။

နောက်ဆုံးတွင်မူ ဝတ်ကျေတန်းကျေ ခေါင်းညိတ်ပြလိုက်ပြီး နောက်ပိုင်းတွင် ပိုမိုဂရုစိုက်ရန်သာ မှာလိုက်တော့သည်။

ဝမ်လိန်တစ်ယောက် ဤကိစ္စကပြီးသွားပြီဟု ထင်မှတ်ကာ စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ်နေခဲ့သည်။

ဤကဲ့သို့သော ကိစ္စရပ်မျိုးမှာ လှည့်စားရန် လွယ်ကူကြောင်းကို သူ သိရှိသွားပြီဖြစ်၍ နောက်ပိုင်းတွင် ဤသို့သော အခြေအနေမျိုးနဲ့ ကြုံတွေ့လာပါကလည်း မည်သို့ ကိုင်တွယ်ရမည်ကိုလည်း သူ သိသွားခဲ့ချေပြီ။

သို့သော် သူ မသိရှိသည့်အချက်မှာ ဆိုင်ထဲမှ ဝန်ထမ်းများ အားလုံး အလုပ်ဆင်းသွားကြသည့်အချိန်တွင် ရှောင်ကျောက်က လင်းရန်အား သီးသန့်ခေါ်ယူကာ ယနေ့ ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို စကားပြောဆိုခဲ့ခြင်းကိုပင် ဖြစ်ပေသည်။

မျှတစွာ ပြောရလျှင် ယနေ့ကိစ္စမှာ လင်းရန်၏ အမှား လုံးဝ မဟုတ်ပါချေ။ သူမ ယနေ့ စတင်လိုက်သော “အံ့အားသင့်ဖွယ်ဟင်းလျာ” ကြောင့်ဖြစ်စေ၊ ဟင်းအမယ်ရရှိမှု နောက်ကျနေသည့် ပြဿနာကို ဖြေရှင်းခဲ့ပုံကပင်ဖြစ်စေ သူမ၏ စွမ်းဆောင်ရည်မှာ အလွန်ပင် ကောင်းမွန်ပေသည်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ သူတို့၏ စားသောက်ဆိုင်သည်က အဖွဲ့အစည်းတစ်ခုတည်း ဖြစ်နေခြင်းပင်။ အောင်မြင်မှုနှင့် ကျရှုံးမှုမှာ အတူတကွ ဒွန်တွဲနေပေသည်။

ထို့ကြောင့် ဝမ်လိန်က ကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်လျှင်ပင် လင်းရန်အနေဖြင့် ဧည့်သည်အများအပြား၏ ရှေ့တွင် ဝမ်လိန်၏ အမှားကို မပြောသင့်ပါချေ။

ဤသို့ ဖြစ်ပျက်ခဲ့ပါက ဝမ်လိန် အရှက်ရသွားမည့်ကိစစမှာ သေးငယ်သော ကိစ္စသာဖြစ်ဖြစ်။ နောက်ကွယ်တွင်ရှိနေသည်မှာ ထိုသူက နောက်ပိုင်းတွင် သေချာပေါက် ရန်ငြိုးထားလာတော့မည်ဖြစ်ကာ တခြားသော ကိစ္စရပ်များတွင် အစွမ်းကုန် ပြန်လည်ကလဲ့စားချေရန် ကြိုးပမ်းလာပေလိမ့်မည်။

ရှောင်ကျောက်က လင်းရန် ဤသို့လုပ်ဆောင်ရခြင်းမှာ သူမက ငယ်ရွယ်လွန်းသောကြောင့် ကိစ္စရပ်များကို သေချာစွာ မစဉ်းစားမိခြင်းကြောင့်ဟု ယူဆထားပေသည်။

သို့ဖြစ်၍ သူက သူမကို အခြေအနေများအား ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီး လုပ်ငန်းခွင် အတွေ့အကြုံတချို့ကို မျှဝေပေးခဲ့လေသည်။

လင်းရန်အနေဖြင့် နားထောင်နေရင်း စိတ်လှုပ်ရှားမိပြီး တစ်ဖက်တွင်လည်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေသည်။

သူမ အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူမနှင့် စုန့်စစ်ယွီတို့၏ ပတ်သက်မှုနှင့်၊ စုန့်စစ်ယွီနှင့် ဝမ်လိန်တို့၏ ဆက်ဆံရေးတို့ကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်ပြီး တိုက်ရိုက်ပင် ဝန်ခံလိုက်လေသည်။

“ရဲဘော်ရှောင်ကျောက် .. တကယ်တော့ ဒီနေ့ ဝမ်လိန်နဲ့ ကျွန်မကြားမှာ ပြဿနာ မရှိခဲ့ရင်တောင် နောက်ပိုင်းမှာ ကျွန်မတို့အနေနဲ့ ငြိမ်းချမ်းစွာ အတူလက်တွဲနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး”

သို့ဖြစ်၍ ဖြစ်ချင်ရာဖြစ်ဆိုသည့် သဘောဖြင့်သာ လုပ်ဆောင်လိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။ ထိုအပေါ်ယံ မျက်နှာဖုံးကို ဆုပ်ကိုင်ထားရသည်က အတော်လေး ကသိကအောက် ဖြစ်စေသည်မဟုတ်ပါလား။

ရှောင်ကျောက်က သူတို့နှစ်ဦး၏ကြားတွင် ဤကဲ့သို့သော ပတ်သက်မှုမျိုး ရှိနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့သောကြောင့် စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားရလေသည်။

ဤသို့ ကြည့်မည်ဆိုပါက နောက်ပိုင်းတွင်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးက လင်းရန် ပြောသကဲ့သို့ ပြသနာများ ဖြစ်ပွားရန် အလားအလာ များပြားနေပေသည်။

လုပ်ဖော်ကိုင်ဖက်များကြားတွင် ဆွေမျိုးသားချင်း ပတ်သက်မှုနှင့် ဆိုးရွားသော ဆက်ဆံရေးများက အကြီးမားဆုံးသော တားမြစ်ချက်ပင် ဖြစ်သည်။

အကယ်၍ သူသာ ဤအချက်ကို ကြိုတင်သိရှိခဲ့ပါက လင်းရန်နှင့် ဝမ်လိန်တို့ကို အတူတကွ ထားလိမ့်မည် မဟုတ်ပါချေ။

ရှောင်ကျောက်က စိတ်ထဲတွင် သက်ပြင်းချလိုက်မိသော်လည်း ယခုအချိန်တွင် သူတို့နှစ်ဦးက အတူတကွ အလုပ်လုပ်နေကြပေပြီ။

အကယ်၍ တစ်စုံတစ်ဦးကသာ ကြီးမားသော အမှားမျိုးကို မကျူးလွန်ပါက သူ့အနေဖြင့် အကြောင်းပြချက်မရှိဘဲ အလုပ်မှ ထုတ်ပစ်ရန်မှာ သေချာပေါက် မဖြစ်နိုင်တော့ပါချေ။

ရှောင်ကျောက်က သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်နေချိန်တွင် လင်းရန်၏ နောက်ထပ် စကားတစ်ခွန်းကြောင့် နောက်ပိုင်းတွင် ဝမ်လိန်အား ပိုမို၍ စောင့်ကြည့်ရမည်ဟူသော သူ၏ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာသွားခဲ့လေတော့သည်။

“ရဲဘော်ရှောင်ကျောက်.. ကျွန်မထင်တာတော့ နောက်ပိုင်းကျရင် ကျွန်မတို့ဆိုင်ရဲ့ ဝန်ထမ်းတွေအတွက် အလုပ်တက်ချိန်ကို တိတိကျကျ သတ်မှတ်သင့်တယ်လို့ ထင်တယ်၊

မဟုတ်ရင် တချို့က ခုနစ်နာရီ၊ ရှစ်နာရီလောက်ကတည်းက စောစောရောက်နေကြပြီး တချို့ကတော့လည်း ဆယ်နာရီခွဲထိုးတဲ့အထိ ရောက်မလာကြဘူးလေ

ကျွန်မတို့က ဌာနတစ်ခုအနေနဲ့ အလုပ်လုပ်နေတာဆိုတော့ စည်းကမ်းမရှိရင် ပုံစံမကျသလို ဖြစ်နေပါလိမ့်မယ်”

“ဆယ်နာရီခွဲအထိ ရောက်မလာသေးဘူး ဟုတ်လား.. မင်းပြောချင်တာက...”

ဆယ်နာရီခွဲအထိ ရောက်မလာသေးသည့်သူ ရှိနေသည်ဟူသော စကားကို ကြားလိုက်ရသည့်အချိန်တွင် ရှောင်ကျောက်မှာ အလွန်ပင် ထိတ်လန့်သွားရလေသည်။

မည်သူက ဤမျှအထိ ပျင်းရိနေကြောင်းကို သူ မေးမြန်းရန် ပြင်လိုက်သည်။

သို့သော်လည်း လင်းရန်၏ အမူအရာကို ကြည့်ရုံမျှဖြင့် ပထမဆုံး အလုပ်စတင်သည့်နေ့မှာပင် ဤမျှအထိ နောက်ကျမှ လာရောက်သည့်သူက မည်သူဖြစ်ကြောင်းကို သူ မမေးဘဲနှင့်ပင် ခန့်မှန်းမိလိုက်ချေပြီ။

မူလကပင် သူ့အနေဖြင့် ယနေ့ ဝမ်လိန်၏ စွမ်းဆောင်ရည်အပေါ် အနည်းငယ်သာ မကျေမနပ် ဖြစ်နေခဲ့သော်လည်း ယခုအချိန်တွင်တော့ လင်းရန်၏စကားကြောင့် ဝမ်လိန်က အမှန်တကယ်ပင် ဆိုးရွားလွန်းလွန်းကြောင်း ခံစားလိုက်ရ၏။

အနည်းဆုံး အလုပ်အပေါ်တွင် ထားရှိသော သဘောထားနှင့် ပတ်သက်လျှင် သူ၏ အပြုအမူက အလွန်ပင် ညံ့ဖျင်းလှပေသည်။

“ကောင်းပါပြီ... ဒီကိစ္စကို ကျွန်တော် သိပြီ၊ မနက်ဖြန်မနက်ကျရင် ကျွန်တော်ကိုယ်တိုင် လာခဲ့ပြီး အလုပ်ချိန်နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို သတ်မှတ်ပေးပါ့မယ်”

ရှောင်ကျောက်အနေဖြင့် ဤကိစ္စကို မနေ့ကနှင့် ယနေ့တွင် ထည့်သွင်းမပြောခဲ့သည်မှာ လက်ရှိ ဝန်ထမ်းလေးဦးမှ နှစ်ဦးမှာ တခြားစားသောက်ဆိုင်များတွင် အလုပ်လုပ်ဖူးသော ဝါရင့်အတွေ့အကြုံရှိသူများ ဖြစ်ကြသည်ဟု တွေးတောထားခဲ့သောကြောင့်သာ ဖြစ်ပေသည်။

ကျန်ရှိသော လူငယ်နှစ်ဦးနှင့် ပတ်သက်လျှင်လည်း သူတို့သည်က သူနှင့် ရင်းနှီးသူများဖြစ်ကြပြီး သူတို့၏ အလုပ်အပေါ် ထားရှိသော စိတ်ဓာတ်ကို သိရှိထားသောကြောင့် စိုးရိမ်ပူပန်မှု မရှိခဲ့ပေ။

All Chapters