← Chapters

အခန်း (၃၅၈)

Vol. 36 Ch. 358

အခန်း (၃၅၈)

Vol. 36 Ch. 358

“မင်း .. မင်း ... မင်းကတော့ ရူးနေပြီပဲ၊ ဘာလို့ ရဲစခန်းကို သွားမှာလဲ .. ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ ရဲသားရဲဘော်တွေကို သွားပြီး ဒုက္ခပေးနေစရာ လိုလို့လား?”

“ဟုတ်တယ်... မင်းဘက်က အမှားလုပ်မိရင် ဝန်ခံလိုက်ရင် ပြီးတာပဲမဟုတ်ဘူးလား၊ ငါတို့လည်း ဘယ်သူ့ကိုမှ မပြောပါဘူး..

အခု မင်းက ငါတို့ကို မလွှတ်ပေးဘူးဆိုတော့.. မင်းက မိန်းကလေးဖြစ်ပြီး ဘာအရည်အချင်းမှ မရှိတဲ့အပြင် စိတ်ထားကလည်း အပ်ပေါက်လောက်ပဲ ရှိတာကိုး

ငါတို့က မင်းရဲ့ အားနည်းချက်ကို ထောက်ပြရုံလေးပဲ မဟုတ်လား .. ဒီလောက်ထိ ပြဿနာရှာနေရင် နောက်ပိုင်းမှာ မင်း ဘယ်တော့မှ လူကြီးလူကောင်းဖြစ်လာမှာ မဟုတ်ဘူး!”

ထိုလူများမှာ ရဲစခန်းသို့ ရောက်ရှိသွားမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေကြသောကြောင့် လေသံများက စတင်ပြောင်းလဲလာခဲ့ပေသည်။

အစပိုင်းတွင် ရှောင်ကျောက်ဘက်မှ သူတို့ကို ဖြေရှင်းချက်ပေးရမည်ဟု ဆိုခဲ့သော်လည်း ယခုအချိန်တွင်တော့ လင်းရန်က သူတို့ကို တောင်းပန်လျှင်ပင် လုံလောက်ပြီဟု ပြောဆိုနေကြချေပြီ။

ဤသည်မှာလည်း ပြောရုံသာ လွယ်ကူခြင်း ဖြစ်ပေသည်။ အကယ်၍ လင်းရန်ဘက်မှ အမှန်တကယ် တောင်းပန်လိုက်ပါက ထိုဆံပင်က သူမ၏ ဆံပင်ဖြစ်ကြောင်း တိုက်ရိုက်ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား။

သူမက အရူးမှ မဟုတ်တာ!

ထို့အစား သူမက ရဲစခန်းသို့ သွားရန် ရွေးချယ်လိုက်သည်က သူမ၏ ရှေ့မှ လူနှစ်ဦးက လုံးဝ မရိုးသားကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ပေသည်။

သို့ဖြစ်၍ သူမက ရဲစခန်းသို့ သွားရောက်ကာ ရဲသားရဲဘော်များအား ကိုင်တွယ်ခိုင်းလိုသည်ဟု ပြောဆိုခြင်းကြောင့် ဤကိစ္စမှာ နောက်ဆုံးတွင် ထိုအဆင့်အထိ ရောက်ရှိသွားမည် မဟုတ်ကြောင်းကို သူမ ကောင်းကောင်း သိရှိထားသောကြောင့် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤစကားကို ပြောလိုက်ရုံဖြင့်ပင် သူမ၏ အရှေ့မှ လူနှစ်ဦးကို ထိတ်လန့်သွားစေကာ လေသံပြောင်းသွားအောင် လုပ်ဆောင်နိုင်ခဲ့ချေပြီ။

အကယ်၍ သူမကသာ ဆက်လက်ပြီး အတင်းအကျပ် လုပ်ဆောင်ပါက ထိုလူနှစ်ဦးအနေဖြင့် နောက်ဆုံးတွင် စိတ်ဓာတ်ကျဆင်းသွားကာ အမှန်တရားကို ဖွင့်ပြောလာပေလိမ့်မည်။

လင်းရန်က စိတ်ဓာတ်ရေးရာအရ အနိုင်ယူရန် လောင်းကြေးထပ်လိုက်ခြင်း ဖြစ်ပေသည်။

“ကျွန်မက ဘာမှ မလုပ်ထားဘူး၊ ဘာလို့ တောင်းပန်ရမှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မနဲ့ ရှင်တို့ကြားမှာ အမြင်ချင်း မတူကြဘူး၊ ဘယ်သူကမှလည်း တစ်ဖက်လူကို နားဝင်အောင် မပြောနိုင်ကြဘူး

ဒါကြောင့် ဒီကိစ္စကို ရဲသားရဲဘော်တွေကိုပဲ ခေါ်ပြီး ကိုင်တွယ်ခိုင်းလိုက်ကြရအောင် ..ဘာပဲဖြစ်ဖြစ်ကျွန်မ လင်းရန်ကတော့ လိပ်ပြာလုံတယ်၊

စုံစမ်းစစ်ဆေးပြီးရင် ရဲသားရဲဘော်တွေက ကျွန်မအတွက် တရားမျှတမှုကို သေချာပေါက် ဖော်ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်တယ်!”

လင်းရန် ထိုလူနှစ်ဦး၏ စွပ်စွဲမှုကို ခံရသောကြောင့် နာကျည်းဝမ်းနည်းနေရသော အမူအရာမျိုးကို တမင်တကာ လုပ်ဆောင်လိုက်ကာ၊ လက်သီးကို တင်းကြပ်စွာ ဆုပ်လျက် အရှုံးမပေးသော အကြည့်ဖြင့် ထိုလူနှစ်ဦးအား စိုက်ကြည့်လိုက်လေ၏။

ဤသည်က ထိုလူနှစ်ဦးအား ပိုမို ထိတ်လန့်သွားစေတော့သည်။

ရဲစခန်းမှ ရဲဘော်များဆိုသည်မှာ မည်သူနည်း။

သူတို့သည်က “ခေတ်သစ် ပေါင်ချိန်” များပင် ဖြစ်ကြသည်။ သူတို့က အမှုတစ်ခုကို မှားယွင်းစွာ ဆုံးဖြတ်ပါမည်က လုံးဝ မဖြစ်နိုင်ပါချေ။

ထို့ကြောင့် အကယ်၍ သူတို့သာ အမှန်တရားကို သိရှိသွားပါက သူတို့နှစ်ဦးစလုံး ဘဝပျက်သွားမည် မဟုတ်ပါလား။

ထိုသို့ တွေးမိလိုက်သည့်အချိန် သူတို့နှစ်ဦးမှာ အလွန်အမင်း ကြောက်လန့်သွားကြရလေသည်။

နောက်ဆုံးတွင် သူတို့၏ ရင်ထဲ၌ ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။

ထိုလူနှစ်ဦးက ဤကိစ္စကိုလက်လျှော့ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုသူနှစ်ဦးအနက် တစ်ဦးက အံကိုကြိတ်လျက် လင်းရန်အား ကြည့်ကာ ပြောဆိုလိုက်လေသည်။

“ကောင်းပြီ... ငါတို့ မှားသွားတယ်.. အဲဒီဆံပင်က မင်းဆံပင်မဟုတ်ဘူး၊ မင်းရဲ့ဆံပင် မဟုတ်ဘူး... ဟုတ်ပြီလား!”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ မှားသွားတာပါ.. ဒါက ငါ့မိန်းမရဲ့ ဆံပင် ဖြစ်နေမှာပေါ့၊ ငါတို့က သတိမထားမိဘဲ ပန်းကန်ပေါ်ကို ကျသွားတာနေမှာ၊

အခု အားလုံး ရှင်းသွားပြီဆိုတော့ ကိစ္စက ပြီးသွားပြီ၊ ငါတို့ အရင်သွားတော့မယ်.. အဟမ်း... အချိန်ကလည်း နောက်ကျနေပြီဆိုတော့၊ နောက်ကျမှပြန်ရင် မှောင်သွားလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ထိုလူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းငုံ့လျက် ဆိုင်ထဲမှ ထွက်ပြေးရန် ကြံစည်ကြလေသည်။

ထိုအချိန်တွင်လင်းရန် သူမ၏ အနောက်၌ ရပ်နေသော အားဟွားအား လျင်မြန်စွာ ပြောလိုက်လေသည်။

“အားဟွား... တံခါးပိတ်လိုက်လိုက်!”

အားဟွားသည်လည်း ဤတစ်ကြိမ်တွင် အလွန်ပင် လက်သွက်လွန်းပေသည်။ သူက “ကောင်းပြီ” ဟု ပြန်ပြောလိုက်ပြီးနောက် တံခါးဝသို့ ချက်ချင်းပြေးသွားကာ တံခါးချပ်နှစ်ခုကို ဒုန်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်လေသည်။

“ဟေး... မင်းတို့ ဘာလုပ်တာလဲ.. ဒါက နားလည်မှုလွဲတာပါလို့ ငါတို့ ပြောပြီးပြီမဟုတ်ဘူးလား”

ထိုလူနှစ်ဦးမှာ သူတို့၏ ထွက်ပေါက်တံခါးကြီးက မျက်စိရှေ့တွင် ပိတ်သွားသည်ကို မြင်ရသည့်အချိန် ကြောင်အမ်းသွားကြရလေသည်။

သူတို့အနေဖြင့် ယခုအချိန်တွင် ပြဿနာထပ်ရှာရန် လုံးဝဆန္ဒမရှိတော့ပါချေ။ အဘယ်ကြောင့် သူတို့ကို ထွက်ခွာခွင့်ပင် မပေးရပါသနည်း။

“ဒီကိစ္စက သေချာမရှင်းရသေးဘဲနဲ့ ရှင်တို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး ထွက်သွားလို့ရမှာလဲ၊ ကျွန်မက ကျွန်မရဲ့ ဂုဏ်သိက္ခာကို လာပြီး ညှိုးနွမ်းအောင် လုပ်တာကို အမုန်းဆုံးပဲ

လူဆိုတာ ဂုဏ်သိက္ခာနဲ့ အသက်ရှင်နေကြတာ.. ဒါကြောင့် ရှင်တို့အနေနဲ့ ဒီကိစ္စကို သေသေချာချာမရှင်းပြနိုင်ရင် ကျွန်မတို့ဆီက ထွက်သွားနိုင်မှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် လင်းရန်က ရှောင်ကျောက်ဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။

“ရဲဘော်ရှောင်ကျောက်... ကျွန်မရဲ့ ဂုဏ်သိက္ခာကို သန့်စင်အောင် လုပ်ချင်တဲ့ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုကို နားလည်ပေးနိုင်တယ်မလား “

ရှောင်ကျောက်နှင့်လင်းရန်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။ ရှောင်ကျောက်က လင်းရန်၏ အဓိပ္ပာယ်အပြည့်ရှိနေသော မျက်လုံးများမှတစ်ဆင့် သူမ၏ အစီအစဉ်ကို ရိပ်မိလိုက်လေသည်။

ထို့ကြောင့် သူက လင်းရန်ကိုကူညီရန်ဆုံးဖြတ်ခဲ့သည်။

“သေချာတာပေါ့၊ လင်းရန်က ငါတို့စားသောက်ဆိုင်ရဲ့ စားဖိုမှူးပဲလေ၊ တကယ်လို့ သူမရဲ့ ဂုဏ်သိက္ခာသာ ပျက်စီးသွားရင် ဘယ်သူက ငါတို့ဆိုင်ကို လာစားရဲတော့မှာလဲ

ဒါကြောင့် ဒီကိစ္စကို သေချာပေါက် ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရမယ်!”

“တကယ်လို့ မရဘူးဆိုရင်လည်း ကျွန်မ ရဲသားရဲဘော်တွေဆီကို သွားလိုက်မယ်”

လင်းရန် ရဲစခန်းသို့ သွားရန် လုံးဝရည်ရွယ်ချက်မရှိဘဲ ဤလူနှစ်ဦးအား ခြောက်လှန့်နေခြင်းသာ ဖြစ်ကြောင်းကို ရှောင်ကျောက် ရိပ်မိခဲ့သည်။

ဤနည်းလမ်း၏ အကျိုးသက်ရောက်မှုကလည်း အမှန်တကယ်ပင် ကောင်းမွန်လွန်းပေသည်။ ထိုလူနှစ်ဦး၏ လေသံများက ချက်ချင်းပြောင်းသွားသည်ကို တွေ့လိုက်ရသည်မဟုတ်ပါလား။

ခေတ္တမျှကြာလျှင် ဤလူနှစ်ဦးက အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖွင့်ပြောလာပေလိမ့်မည်ဟု သူ ခန့်မှန်းလိုက်မိပေသည်။

“မဖြစ်ဘူး!”

ထိုလူနှစ်ဦးမှာ သူတို့ဘက်မှ တောင်းပန်ပြီးဖြစ်သော်လည်း ဤလူတစ်စုမှာ လွှတ်မပေးကြသေးဘဲ ဤမျှအထိ အလေးအနက် လုပ်နေကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါချေ။

သို့သော် ယခုအချိန်တွင် မည်သို့လုပ်ရပါမည်နည်း။ သူတို့က နှစ်ယောက်တည်းဖြစ်ပြီး တစ်ဖက်က လေးယောက်ရှိနေပေသည်။

အကယ်၍ သူတို့ကသာ အမှန်တကယ် ထွက်ခွာခွင့်မပေးပါက သူတို့တွင် တခြားရွေးချယ်စရာ မရှိပါချေ။

ထို့အပြင် ဤအတိုင်းသာ ဆက်လက် အချိန်ဆွဲနေပါက သူတို့ အမှန်တကယ်ပင် ရဲစခန်းသို့ ရောက်သွားနိုင်ပေသည်။

နောက်ဆုံးတွင် ထိုလူနှစ်ဦးမှာ အလွန်အမင်း ပြာယာခတ်သွားသောကြောင့် အေးမြသော ဆောင်းဦးရာသီတွင်ပင် ချွေးများ ထွက်လာကြကာ ဂဏာမငြိမ် ဖြစ်လာကြတော့၏။

သူတို့က ဤပြဿနာကို ဖြေရှင်းပေးရန်အတွက် ဝမ်လိန်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

သူတို့အနေဖြင့် ဝမ်လိန်အား ကူညီရန် သဘောတူခဲ့ကြသော်လည်း ထိုသူ့အတွက်ကြောင်း ရဲစခန်းအထိ သွားပြီး ကိုယ့်ကိုယ်ကိုယ် အနစ်နာခံရန်တော့ လုံးဝလုပာဆောင်မည်မဟုတ်ပေ။

သူတို့က အသိမိတ်ဆွေများသက်သက်သာ ဖြစ်ကြသည် မဟုတ်ပါလား။ ဤမျှအထိ ပေးဆပ်ရန်အတွက်က တန်ဖိုးကြီးမားလွန်းလွန်းပေသည်။

ဝမ်လိန်သည်ကား ထိုသူနှစ်ဦးမှ သူ့ကို တပြိုင်နက်တည်း လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာခဲ့ရလေသည်။

ငါ့ကို မကြည့်ကြနဲ့။

မင်းတို့ ငါ့ကို ကြည့်နေရင် အားလုံး ပေါ်ကုန်တော့မှာ!

သို့သော်လည်း ဝမ်လိန်က ထိုသူတို့ကို အမြန်လှည့်သွားကြရန် မျက်ရိပ်ပြ၍ အပြင်းအထန် ကြိုးပမ်းနေချိန်တွင် ဘေးဘက်မှလင်းရန်၏ တည်ငြိမ်အေးဆေးသောလေသံ ထွက်ပေါ်လာခဲ့လေသည်။

“ဒီရဲဘော်နှစ်ယောက်က ဘာလို့ ကျွန်မတို့ရဲ့ ရဲဘော်ဝမ်လိန်ကို လှမ်းကြည့်နေကြတာလဲ၊ ဒီဆံပင်က ရဲဘော်ဝမ်ရဲ့ ဆံပင်လို့ သံသယဝင်နေကြလို့လား?”

လင်းရန်က ထိုအကြောင်းကို ပြောနေရင်းဖြင့် သူမ၏ အကြည့်တို့က ဝမ်လိန်၏ ခေါင်းပေါ်ရှိ ထိပ်ပြောင်နေသော နေရာလေးဆီသို့ နှစ်ကြိမ်ခန့် ဝေ့ဝိုက်သွားခဲ့လေသည်။

ဝမ်လိန်၏ နဖူးပေါ်တွင် ချွေးစက်ကြီးများ ပေါ်လာသည်ကို မြင်လိုက်ရသည့်အချိန် သူမက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောခဲ့လေ၏။

“ဒါပေမဲ့ ရဲဘော်ဝမ်လိန်ရဲ့ ဆံပင်က နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ထပ်ထားရင်တောင် ဒီအရှည်မျိုးကို ရောက်မှာ မဟုတ်ဘူးနော်၊ ရှင်တို့ လူမှားပြီး ရွေးချယ်မိတာပဲ”

လင်းရန်က ထိုသို့ပြောလိုက်သည်နှင့် ရှောင်ကျောက်နှင့် တခြားသူများသည်လည်း ဝမ်လိန်အား လှမ်းကြည့်လိုက်ကြလေသည်။

ရှောင်ကျောက်တို့က သူ့အား စိုက်ကြည့်နေသည်ကို မြင်ချိန်တွင် ဝမ်လိန်က လက်ကို အပြင်းအထန် ဝှေ့ရမ်းပြလိုက်ပြီးနောက် ချက်ချင်းပင် ရှင်းပြလိုက်လေသည်။

“လင်းရန်.. မင်း ဘာတွေ လျှောက်ပြောနေတာလဲ ၊ ငါ ဘာမှ မလုပ်ထားပါဘူး .. သူတို့ ငါ့ကို ဘာလို့ ကြည့်နေကြတာလဲဆိုတာ ငါလည်း မသိဘူး.. ငါက အပြစ်ကင်းတဲ့သူပဲ!”

လင်းရန်က သူ့စကားကို ယုံကြည်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“အင်း.. ကျွန်မထင်တာတော့ ရဲဘော်ဝမ်လိန်က ကျွန်မကို မနှစ်သက်ဘူးဆိုရင်တောင်မှ ဒီလိုမျိုး ကိစ္စတွေကိုတော့ လုပ်မှာ မဟုတ်ပါဘူး

ဘာလို့လဲဆိုတော့ ကျွန်မကို စားဖိုမှူးရာထူးကနေ ဖယ်ရှားနိုင်မလားဆိုတာကို အသာထားဦး၊ အရင်ဆုံး ဆိုင်ရဲ့ သန့်ရှင်းရေးကို အကြောင်းပြပြီး ရန်သူကို တိုက်ခိုက်ရင်းနှင့် ကိုယ့်ဘက်ကို အထိနာစေမဲ့ ဒီလိုမျိုး တုံးအတဲ့ နည်းလမ်းမျိုးကို ရဲဘော်ဝမ်လိန်က စဉ်းစားမှာ မဟုတ်လောက်ပါဘူး”

လင်းရန်၏ စကားတို့က သူ့ဘက်မှ ရပ်တည်၍ပြောဆိုပေးနေသကဲ့သို့ ရှိနေသော်လည်း ဝမ်လိန်တစ်ယောက် အတော်လေးပင် အဆင်မပြေဖြစ်လာရသည်။

သူမက ဘာကို ပြောချင်နေတာလဲ။ သူမက ငါ့ကို တုံးအတယ်လို့ ပြောနေတာ မဟုတ်လား။

ဒီအစီအစဉ်ကို သူတို့ အားလုံး ပူးပေါင်းပြီး စဉ်းစားခဲ့ကြတာလေ။ ဘာများမှားနေလို့လဲ!

တကယ်လို့ ဒီကောင်မလေးက အခုလို ဇွတ်တိုးပြီး မကြောက်မရွံ့လုပာမလာခဲ့ရင် သူ့ရဲ့အစီအစဉ်က အောင်မြင်သွားတာ ကြာလှပြီ!

ဒီကောင်မလေးကတော့ သူ့ကို ဒေါသထွက်အောင် တကယ် လုပ်နိုင်တာပဲ!

All Chapters