အခန်း (၃၅၉)
Vol. 36 Ch. 359
ဝမ်လိန်တစ်ယောက် လင်းရန်ကို စိတ်ထဲတွင် ကျိန်ဆဲနေမိသော်လည်း မျက်နှာပေါ်တွင်တော့ည ကျေးဇူးတင်သည့် အပြုံးတစ်ခုကို ဖိအားပေး၍ ဖန်တီးလိုက်ရလေသည်။
“ရဲဘော်ရှောင်လင်း ပြောတာ အမှန်ပဲ.. ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပဲလေ၊ ဒီလိုမျိုး ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ..
ကျွန်တော်က စားသောက်ဆိုင်ရဲ့ ဂုဏ်သိက္ခာကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာထက်တောင် ပိုပြီး တန်ဖိုးထားပါတယ်!”
သူ၏ သစ္စာရှိမှုကို ပြသပြီးနောက် ဝမ်လိန်က ဤပြဿနာကို ဖြေရှင်းရန်အတွက် အံကြိတ်၍ ရှေ့သို့ ထွက်လိုက်ရလေသည်။
“ကောင်းပြီ .. ကျွန်တော် ထင်တာတော့ ဒီရဲဘော်နှစ်ယောက်က သူတို့ပြောသလို မှားယွင်းပြီး ပြောမိတာ ဖြစ်မှာပါ.. သူတို့လည်း အခြေအနေကို ရှင်းပြပြီးပြီဆိုတော့၊ ဒီတစ်ကြိမ်တော့ ဒီအတိုင်းပဲ ထားလိုက်ကြရင် မကောင်းဘူးလား
အခုလည်း မစောတော့ဘူးဆိုတော့၊ ဒီထက်ပိုပြီး အချိန်ဆွဲနေရင် အိမ်ပြန်နောက်ကျပါလိမ့်မယ်”
သူ့ထံတွင် ယခုအချိန်၌ တခြားရွေးချယ်စရာ မရှိတော့ပါချေ။
သူက ဆိုင်ထဲရှိ တခြားသူများကို ထိုလူနှစ်ဦးကို လွှတ်ပေးရန်သာ အစွမ်းကုန် တိုက်တွန်းနေရတော့သည်။
သို့မဟုတ်ပါက ပိုမို၍ ရှုပ်ထွေးလာခဲ့လျှင် ထိုသူနှစ်ဦးက သူ့ကိုပါ ဖော်ထုတ်လိုက်မည်ကို အမှန်တကယ်ပင် စိုးရိမ်နေမိပေပြီ။
“ရဲဘော်ဝမ်လိန် ပြောတာ အမှန်ပဲ.. အချိန်လည်း နောက်ကျနေပြီဆိုတော့၊ ရဲသားရဲဘော်တွေဆီကို စောစောမသွားရင် သူတို့ အလုပ်ဆင်းသွားကြလိမ့်မယ်
ဒီတော့ရဲဘော်ရှောင်ကျောက်... ကျွန်မတို့ ရဲစခန်းကို တန်းတန်းမတ်မတ်ပဲ သွားကြရအောင်လား”
ဝမ်လိန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။
ဒါက ဘာကို ဆိုလိုတာလဲ။ သူက ထိုသို့ ပြောခဲ့ခြင်း မဟုတ်ပါချေ။
သူက ထိုလူနှစ်ဦးကို လွှတ်ပေးစေလိုကြောင်း ရှင်းလင်းစွာ ပြောခဲ့ခြင်း ဖြစ်ပေသည်။
မည်သည့်အချိန်က ရဲစခန်းသို့ အမြန်ဆုံးသွားသင့်သည်ဟု ပြောခဲ့ပါသနည်း။
ထိုလူနှစ်ဦးမှာ ရင်တထိတ်ထိတ်ဖြင့် ရှိနေကြပြီး တခြားသူများ၏ စကားကို နားထောင်ရန် စိတ်မရှိကြပါချေ။
သူတို့သည်က အမြန်ဆုံး ထွက်ခွာခွင့်ရရန်သာ ဆန္ဒရှိနေကြခြင်း ဖြစ်ပေသည်။
သို့သော် လင်းရန်၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အနေဖြင့် ဝမ်လိန်အား မျက်လုံးအပြူးသားဖြင့်သာ ငေးကြည့်လိုက်ကြလေသည်။
ထို့နောက် သူတို့က အလောတကြီး မေးမြန်းလိုက်သည်။
“ဝမ်လိန်.. မင်း ဘာကို ဆိုလိုတာလဲ၊ မင်းက ဘာလို့ ဒီကောင်မလေးကို ကူညီပြီး ငါတို့ကို ဒုက္ခပေးဖို့ ကူညီနေရတာလဲ!”
လင်းရန်က ဤအခွင့်အရေးကို အရယူလိုက်ပြီး အံ့အားသင့်သွားသည့်အမူအရာဖြင့် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ချဲ့ကားထားသော ဟန်ပန်ဖြင့် ပြောဆိုလိုက်လေသည်။
“ရှင်တို့က ရဲဘော်ဝမ်လိန်ကို တကယ်ကြီး သိနေကြတာလား၊ ဒါက ဘယ်လိုဖြစ်ရတာလဲ!”
“ငါ သူတို့ကို မသိဘူး!”
ဝမ်လိန်က ထိုစကားကို ကြားလျှင် မည်သည်ကိုမျှ စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် ငြင်းဆိုလိုက်လေတော့၏။
နှမြောစရာကောင်းသည်မှာ မတိုင်မီကပင် ထိုသူတို့က သူ၏အမည်ကို ခေါ်ဆိုခဲ့ကြပြီးဖြစ်၍ ယခုတွင် ငြင်းဆိုနေခြင်းမှာ အလွန်ပင် နောက်ကျသွားခဲ့ချေပြီ။
ရှောင်ကျောက်က ဤသည်ကို မြင်ချိန်တွင် ဆက်လက်ပြီး မစောင့်ဆိုင်းတော့ဘဲ ဝမ်လိန်ဘက်သို့ မျက်နှာအမူအရာတင်းမာစွာဖြင့် ကြည့်လိုက်လေသည်။
“ရဲဘော်ဝမ်လိန်.. ခင်ဗျား ဒီကိစ္စအတွက် ကျွန်တော့်ကို ရှင်းပြချက်တစ်ခု သေချာပေါက် ပေးရလိမ့်မယ် ၊ မဟုတ်ရင်တော့ ကျွန်တော်တို့ အားလုံး ဒီနေ့ ရဲစခန်းကို သွားကြတာပေါ့!”
သူ့အနေဖြင့် အစကတည်းက ဝမ်လိန်ကို သံသယဝင်ခဲ့သော်လည်း၊ မည်သို့ပင်ဖြစ်စေ ထိုသူက အသက်သုံးဆယ်ကျော်၊ လေးဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်နေသောကြောင့် ဤမျှအထိ ဦးနှောက်မရှိသော ကိစ္စမျိုးကို လုပ်လိမ့်မည်မဟုတ်ဟု ယူဆထားခဲ့မိသည်။
ထို့ကြောင့်လည်း မတိုင်မီကအထိ ဝမ်လိန်ကို ထုတ်ဖော်ပြောဆိုရန် မစဉ်းစားခဲ့ပေ။
သို့သော် ဝမ်လိန်၏ ဥာဏ်ရည် နှင့် စိတ်ထားကျဉ်းမြောင်းမှုကို သူ အထင်ကြီးမိခဲ့မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
ဝမ်လိန်က ဆက်လက်ငြင်းဆိုရန် ပြင်နေသည်ကို မြင်ရသည့်အချိန်တွင် ရှောင်ကျောက်က အမှန်တကယ်ပင် ဒေါသထွက်သွားရလေသည်။
“ခင်ဗျား ဝန်မခံဘူးပေါ့လေ၊ ဟုတ်ပြီ.. အားဟွား၊ ရဲတွေကို သွားခေါ်လိုက်”
အားဟွားအနေဖြင့် မည်သည့်အရာများ ဖြစ်နေသည်ကို သေသေချာချာနားမလည်ပါသော်လည်း၊ သူ၏ အားသာချက်မှာ ခိုင်းသည့်အတိုင်း လုပ်ဆောင်တတ်ခြင်းပင် ဖြစ်ပေသည်။
သို့ဖြစ်၍ ရှောင်ကျောက် အမိန့်ပေးလိုက်သည်နှင့် သူက ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး တံခါးကိုဖွင့်ကာ ရဲကိုသွားခေါ်ရန် ပြင်ဆင်ခဲ့လေသည်။
“မသွားပါနဲ့ဦး၊ မသွားပါနဲ့.. ကျွန်တော် ပြောပါ့မယ်၊ ကျွန်တော် ပြောပါ့မယ်!”
ဤစကားကို ပြောလိုက်သူမှာ ဝမ်လိန်၏ သူငယ်ချင်းနှစ်ဦးထဲမှ တစ်ဦးပင် ဖြစ်ပေသည်။ ဝမ်လိန်က အမိဖမ်းမိသွားပြီဖြစ်ကြောင်းကို မြင်ရသည့်အချိန် သူက ဆက်လက်ဖုံးကွယ်ထားရန် အစီအစဉ် မရှိတော့ပါချေ။
မည်သို့ပင်ဖြစ်စေ ကိစ္စမှာ ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ လျှို့ဝှက်ချက်မှာလည်း မကြာမီ ပေါက်ကြားသွားမည်သာ ဖြစ်ပေသည်။
ထို့ကြောင့် အခွင့်ကောင်းယူကာ အမှန်အတိုင်း ပြောပြလိုက်ခြင်းက သူတို့အတွက် ထွက်ခွာခွင့်ရရန် ပိုမိုလွယ်ကူပေလိမ့်မည်။
ဤကိစ္စ ပေါ်ပေါက်သွားသည့်အချိန်တွင် ဝမ်လိန်နှင့် သူတို့၏ ဆက်ဆံရေးက သေချာပေါက် ပျက်ပြားသွားမည်ဖြစ်သော်လည်း သူတို့တွင် တခြားနည်းလမ်း မရှိတော့ပါချေ။
သူစိမ်းတစ်ယောက်အတွက်နှင့် သူကိုယ်ကိုယ် အနစ်နာခံရန်မှာ မဖြစ်နိုင်ပေ။
သို့ဖြစ်၍ ထိုသူနှစ်ဦးထဲမှ တစ်ဦးက ဝမ်လိန်၏ မယုံကြည်နိုင်သော အကြည့်များကြားမှ အမှန်အတိုင်း ဖွင့်ဟလိုက်လေသည်။
“ဒါက ဝမ်လိန်ပါ၊ သူက ကျွန်တော်တို့ကို ပြောခဲ့တာ...”
ထိုသူက ပြောဆိုလိုက်သည်နှင့် ကိစ္စ၏ အမှန်တရားက ပေါ်ပေါက်လာခဲ့လေသည်။
သူက ကိုယ့်ကိုယ်ကိုယ် လုံးဝ သန့်စင်သွားစေရန်အတွက် နောက်ထပ် စကားတစ်ခွန်းကိုပင် ထပ်မံဖြည့်စွက်လိုက်သေး၏။
“ဒီကိစ္စက ကျွန်တော်တို့နဲ့ တကယ် မပတ်သက်ပါဘူး.. ဝမ်လိန်ကိုယ်တိုင်က ကျွန်တော်တို့ဆီ လာခဲ့တာပါ ..
သူက လင်းရန်ကို စားဖိုမှူးလုပ်ဖို့ မထိုက်တန်ဘူး၊ သူကိုယ်တိုင်ပဲ စားဖိုမှူးဖြစ်သင့်တယ်လို့ ထင်နေတာ
ပြီးတော့ မနေ့က လူအများကြီးရှေ့မှာ သူ့ကို အရှက်ရအောင် တမင်လုပ်ခဲ့တယ်လို့လည်း ပြောသေးတယ်..
အဲဒီအတွက် သူ အမှတ်လျှော့ခံရလို့ နောက်တစ်ယောက်ကိုလည်း သူ့လိုပဲ အမှတ်လျှော့ခံရအောင် လုပ်ချင်နေတာ”
“ဒီကိစ္စက ကျွန်တော်တို့နဲ့ တကယ် မဆိုင်ပါဘူး.. မင်းတို့ တိုင်ချင်ရင် ဝမ်လိန်ကိုပဲ တိုင်ကြပါ..
ကျွန်တော် အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီဆိုတော့... ကျွန်တော် သွားလို့ရပြီလား?”
ထိုသူက စကားပြောပြီးနောက် လင်းရန်၊ ရှောင်ကျောက်နှင့် တခြားသူများဆီသို့ နှိမ့်ချသော အမူအရာဖြင့် ကြည့်လိုက်လေသည်။
ထိုအကြည့်များထဲတွင် ယခင်ကကဲ့သို့ မာန်တက်နေသော အရိပာအယောင်များ အစအနပင် မရှိတော့ပါချေ။ သူကလင်းရန်တို့ရှေ့တွင် ဒူးထောက်ကာ အသနားခံရန်ပင် အဆင်သင့်ဖြစ်နေပုံရသည်။
နောက်တစ်ယောက်သည်ကားသူ၏အဖော်ဖြစ်သူက အရာအားလုံးကို တစ်ဆက်တည်း ရှင်းပြလိုက်သည်ကို မြင်တွေ့ရသည့်အချိန်တွင် တစ်စုံတစ်ခု ပြောဆိုရန် ပြင်လိုက်သော်လည်း ဝမ်လိန်၏ စိတ်ဓာတ်ကျနေသော မျက်နှာကို မြင်လိုက်ရသောကြောင့် နောက်ဆုံးတွင် ပါးစပ်ကိုပိတ်နေလိုက်လေသည်။
အခြေအနေများမှာ ဤသို့ဖြစ်သွားပြီဖြစ်၍ ပြန်လည်ပြင်ဆင်ရန် နည်းလမ်းမရှိတော့သည့်အတွက်ကြောင့် ဤအတိုင်း လက်ခံလိုက်ရုံသာရှိပေသည်။
နောက်ပိုင်းကျရင် ဝမ်လိန်ရဲ့အိမ်ကိုသွားပြီး အလကားစားရမယ့် အခွင့်အရေးတော့ မရှိတော့ဘူးပဲ၊ ဟင်း...။
သူတို့နှစ်ဦးက မျှော်လင့်တကြီး ကြည့်နေကြချိန်မှာပင် ရှောင်ကျောက်က သူတို့အား လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အားဟွားအား ပြောလိုက်လေသည်။
“အားဟွား... တံခါးဖွင့်ပေးလိုက်”
“ဟမ့်... ငါ မင်းတို့ကို အခွင့်အရေးပေးလိုက်တာနော်.. နောက်တစ်ခါသာ မကောင်းတာလုပ်ဖို့ ကြံစည်ရဲရင် ငါ လုံးဝ ခွင့်မလွှတ်ဘူး!”
အားဟွားက ထိုသူနှစ်ဦးအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် တံခါးကိုဖွင့်ကာ သူတို့အား ထွက်သွားခွင့်ပေးလိုက်လေသည်။
ထိုလူနှစ်ဦး ထွက်သွားသည်ကို ကြည့်ပြီးနောက် သူက တံခါးကို ပြန်လည်ပိတ်လိုက်၏။
ဤအချိန်တွင် အားဟွား၏ ဥာဏ်ရည်မှာ ရှားရှားပါးပါးပင် အလုပ်လုပ်လာခဲ့ချေပြီ။ မည်သို့ပင်ဖြစ်စေ ဝမ်လိန်၏ ကိစ္စမှာ မပြီးပြတ်သေးသောကြောင့် တံခါးကို ပြန်ပိတ်ထားရမည် မဟုတ်ပါလား။
ဆိုရိုးတစ်ခု ရှိသည်:
“ခွေးကို တံခါးပိတ်ပြီး ရိုက်နှက်ရမည်”
“မင်း.. မင်းတို့... ငါက..”
သူ ရှာဖွေထားသော သူငယ်ချင်းနှစ်ဦးက သူ့အား စွန့်ပစ်ကာ ထွက်ပြေးသွားကြရုံသာမကဘဲ မထွက်ပြေးမီတွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖွင့်ချသွားကြသည်ကို မြင်ရသည့်အချိန်တွင် ဝမ်လိန်တစ်ယောက် မည်သို့ပြောနိုင်ဦးမည်နည်း။
သူ့အနေဖြင့် အသနားခံရန်သာ တတ်နိုင်တော့ပေသည်။
“ကျွန်တော် မှားသွားပါတယ်.. ကျွန်တော် တကယ် မှားသွားတာ.. ခနလောက် စိတ်ဖောက်သွားမိတာပါ..
ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး.. ရှောင်ကျောက်... ရှောင်လင်း... ကျွန်တော့်ရဲ့ အသက်အရွယ်ကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးကြပါဦး နောက်တစ်ခါ ဒီလိုမျိုး ထပ်ပြီး မမှားစေရပါဘူး!”
သူ မည်မျှပင် အသနားခံစေကာ အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။
မူလကတည့်က သူ၏ ယမန်နေ့က စွမ်းဆောင်ရည်က ရှောင်ကျောက်အား မကျေမနပ် ဖြစ်စေခဲ့ပြီးဖြစ်၍ ယနေ့ ဖြစ်ရပ်မှာ သူ၏ သည်းခံနိုင်စွမ်းကို လုံးဝ ကျော်လွန်သွားခဲ့ချေပြီ။
ဝမ်လိန်က အလုပ်ဝင်သည့် ဒုတိယမြောက်နေ့မှာပင် ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်ရဲခဲ့ပေသည်။
အကယ်၍ ဤတစ်ကြိမ်သာ ခွင့်လွှတ်လိုက်ပါက သူက ဤဆိုင်၌ မည်သည့် စည်းကမ်းစနစ်မျှ မရှိဟု အမှန်တကယ်ပင် ထင်မှတ်သွားပေလိမ့်မည်။
ထို့အပြင် နောက်ပိုင်းတွင် သူက ပို၍ပင် ဆိုးရွားလာနိုင်ပေသည်။
ထိုသို့ တွေးမိလိုက်သည့်အချိန် ရှောင်ကျောက်၏ အကြည့်များမှာ ပို၍ပင် အေးစက်လာခဲ့လေသည်။
“ရဲဘော်ဝမ်လိန်..ပုံမှန်အခြေအနေအရဆိုရင်တော့ တစ်ပတ်ကြာမှ ခင်ဗျားကို ဆက်ထား၊ မထားဆိုတာ ကျွန်တော် ဆုံးဖြတ်ရမှာ..
ဒါပေမဲ့ ခင်ဗျားရဲ့ မနေ့ကနဲ့ ဒီနေ့ စွမ်းဆောင်ရည်တွေက အရမ်းကို စိတ်ပျက်ဖို့ကောင်းလွန်းတဲ့အတွက် ခင်ဗျား ဒီမှာ ဆက်နေဖို့ မလိုတော့ဘူးလို့ ကျွန်တော် တိုက်ရိုက် ကြေညာလိုက်မယ်
အခု ခင်ဗျား စားသောက်ဆိုင်မှာ အလုပ်လုပ်နေတာကို ရပ်နားလိုက်တော့၊ ခင်ဗျားရဲ့ နေရာမှာ အစားထိုးဖို့ တခြားလက်ထောက်စားဖိုမှူးတစ်ယောက်ကို ကျွန်တော်တို့ ရှာပါ့မယ်”
ထိုသို့ပြောပြီးနောက် ရှောင်ကျောက်မှာ စိတ်မကျေနပ်နိုင်သေးဘဲ ဝမ်လိန်အား ခနဲ့လိုသည့် လေသံဖြင့် ထပ်မံ ပြောဆိုလိုက်ပြန်သည်။
“ကျွန်တော်တို့ရဲ့ ဒီဆိုင်လေးကတော့ ခင်ဗျားလို ဗုဒ္ဓမျိုးကို မထားနိုင်တော့ဘူး!”