← Chapters

လူကောင်း

Vol. 10 Ch. 95

လူကောင်း

Vol. 10 Ch. 95

အဖွားကုသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး မေးလိုက်သည်။

“ဘာလို့ သူ့ကို သဘောကျတာလဲ...”

နျိုနျို ခေါင်းလေး စောင်းလိုက်ပြီး ပြောလိုက်သည်။

“အစ်မကြီးချွေ့အာက သမီး ထင်းကောက်တုန်းက ကူညီဖူးတယ်... သမီးက ထင်းကောက် နှေးတယ်လေ... အိမ်ပြန်နောက်ကျရင် အစားမကျွေးဘူး...”

ညစာစားပွဲဝိုင်းသည် ရုတ်တရက် တိတ်ဆိတ်သွားလေ၏။

ကလေးက နားမလည်သော်လည်း လူကြီးများက နားလည်လိုက်ကြသည်။ ထင်းကောက်နှေးလို့ အိမ်ပြန်နောက်ကျရင် ထမင်းမကျွေးဘူး ဆိုတာက တကယ်တော့ ကျန်းမိသားစုက နျိုနျိုကို ထမင်းမကျွေးချင်လို့ အကြောင်းပြချက် ရှာခြင်းသာ ဖြစ်ပေသည်။

နျိုနျို ပြုံးလိုက်ပြီး ပြောလိုက်သည်။

“အခုတော့ အဲ့ဒါတွေ စိတ်ပူစရာ မလိုတော့ဘူး... ဘယ်လောက် နောက်ကျကျ အိမ်ပြန်ရောက်ရင် ဗိုက်မဆာတော့ဘူး... ဒါပေမဲ့ အစ်မကြီးချွေ့အာကို သဘောကျတုန်းပဲ... သူက အရမ်း ကောင်းတာ...”

အစ်ကိုကြီးကုသည် ဇနီးသည်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။

ချန်ချွန်းဟွာ တစ်ခုခုကို သဘောပေါက်သွားပုံ ရသည်။ သူမ တူကို ကောက်ကိုင်လိုက်ပြီး တို့ဖူးတစ်တုံးကို ယူကာ နျိုနျို၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“နျိုနျို... မြန်မြန်စား... စိတ်မပူနဲ့... မတ်လေးနဲ့ နင့်ဦးလေးကြီး ရှိနေသရွေ့... ဘယ်သူမှ နင့်ကို အငတ်မထားစေရဘူး...”

ဒီတစ်ခါတော့ တစ်ဝိုင်းလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ချန်ချွန်းဟွာကို အံ့သြတကြီး ကြည့်နေကြလေ၏။

တခြားလူ ပြောရင် ပုံမှန် ဖြစ်သော်လည်း ချန်ချွန်းဟွာ ပြောလိုက်တာက ပုံမှန် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ထမင်းစားပွဲဝိုင်းတွင် နျိုနျိုကို မျက်စောင်းထိုးတတ်သူများမှာ ချန်ချွန်းဟွာနှင့် လျူအာနီတို့သာ ဖြစ်ကြသည်။

မရီးသည် သူများကလေးက ကိုယ့်အိမ်က ရိက္ခာကို ပိုစားတာ မကြိုက်ဘူး ဆိုသည့် သဘောထားမျိုး အမြဲ ရှိခဲ့သည်။

ယခု ချန်ချွန်းဟွာက နျိုနျိုအတွက် ဟင်းထည့်ပေးနေသည်ကို မြင်ရသည်မှာ နေအနောက်အရပ်က ထွက်လာသလို ဖြစ်နေလေသည်။

ကုတာ့ယာသည် နျိုနျိုကို ချစ်သော်လည်း ဒီကိစ္စကို ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး မနေနိုင်ဘဲ ပြောလိုက်သည်။

“အမေ... အမေ နေမကောင်းဘူးလား... အရင်တုန်းက အမေ အမုန်းဆုံး...”

စကားမဆုံးခင်မှာပင် ကုတာ့ယာ အဆိတ်ခံလိုက်ရသည်။

“အား... နာတယ်... နာတယ်...”

ကုတာ့ယာ အော်ဟစ်လိုက်သည်။

ချန်ချွန်းဟွာက ဆူပူလိုက်၏။

“နင် ပေါက်ကရတွေ ပြောမနေနဲ့... ဒီအိမ်မှာ ငါ အချစ်ဆုံးကလေးက နျိုနျိုပဲ... သူက သနားစရာ ကောင်းတာ...”

ကုတာ့ယာသည် အဆိတ်ခံထားရသဖြင့် ပြန်မပြောရဲတော့ပေ။ ခေါင်းလေးစောင်းပြီး မိခင်ဖြစ်သူကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေလေ၏။

ချန်ချွန်းဟွာသည် ဒီရက်ပိုင်းအတွင်း စဉ်းစားနေခဲ့သည်။ ဒုတိယအိမ်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်တာ မဟုတ်ပါလား။ ဒုတိယအိမ်က နျိုနျိုကို အချစ်ဆုံး ဖြစ်သည်။ သူမလည်း နျိုနျိုကို ချစ်ပြရမည်။ နျိုနျိုကို ပျော်အောင် ထားနိုင်သရွေ့ ကုမင်တာ့က သူမ၏ သားကြီးအတွက် လမ်းစ ကောင်းကောင်း ရှာပေးမည်မှာ သေချာသည်။

ချန်ချွန်းဟွာ ထိုသို့ တွေးပြီး နျိုနျိုကို ထပ်မံ ပြုံးပြလိုက်သည်။

ပုံမှန်အချိန်တွင် ရုန့်ရင်းကြမ်းတမ်းသော မျက်နှာသည် ရုတ်တရက် ပြုံးလိုက်သောအခါ နွေဦးရာသီ ရောက်လာသလို ကြည်နူးစရာ မကောင်းဘဲ ညသန်းခေါင်တွင် သရဲတစ္ဆေ ပြုံးပြသလို ဖြစ်နေလေသည်။

နျိုနျို ကြောက်လန့်သွားပြီး ခန္ဓာကိုယ်လေး တုန်ယင်သွားသည်။ တူကို ကိုင်ထားသော လက်များပင် တုန်နေ၏။

သမီးဖြစ်သူ ကြောက်လန့်နေသည်ကို မြင်သောအခါ ကျန်းယွင်နန် အမြန် နှစ်သိမ့်လိုက်သည်။

“စားလိုက်ပါ သမီး... အစ်မကြီးက သမီးကို ချစ်လို့ ထည့်ပေးတာပါ...”

နျိုနျို ခေါင်းငုံ့ပြီး ပန်းကန်ထဲမှ တို့ဖူးတုံးကို ကြည့်လိုက်သည်။ တူကို ကိုင်ပြီး ပါးစပ်ထဲ အတင်း ထည့်လိုက်ကာ ငိုမဲ့မဲ့ဖြင့် ပြောလိုက်သည်။

“သမီး စားပါ့မယ်... သမီး စားပါ့မယ်...”

ချန်ချွန်းဟွာသည် သူမ ရခဲလှစွာသော လူကောင်းလုပ်ချင်စိတ်ကြောင့် ကလေးကို ပို၍ အဝေးသို့ တွန်းပို့လိုက်မိမှန်း မသိလိုက်ပေ။

ဒီတစ်နပ်လုံး နျိုနျိုသည် ခေါင်းငုံ့ပြီး ပန်းကန်ထဲမှ ထမင်းကိုသာ စားနေတော့သည်။ ကျန်းယွင်နန်က ရံဖန်ရံခါ ဟင်းထည့်ပေးသောကြောင့်သာ စားရခြင်း ဖြစ်ပြီး ကိုယ့်ဘာသာ ဟင်းမခပ်ရဲတော့ပေ။

ထမင်းစားပြီးနောက် အဖွားကုက ညီလေးကုကို ပြောလိုက်သည်။

“သူက ကိုယ်နဲ့မဆိုင်တဲ့ နျိုနျိုအပေါ်တောင် ဒီလောက် ကောင်းတာဆိုတော့... အဲ့ဒီမိန်းကလေးရဲ့ စိတ်ထားက မဆိုးလောက်ပါဘူး... နောက်ကျရင် အိမ်ထဲ ရောက်လာရင် ရှောင်ယာနဲ့ ရှောင်ပေါင်ကို ကောင်းကောင်း ဆက်ဆံမှာပါ... မင်း သဘောတူရင် မင်္ဂလာကိစ္စ စီစဉ်လိုက်တော့မယ်...”

ညီလေးကု ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် အမေ့သဘောပါ...”

အဖွားကု သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။

“အခုတော့ အမေ့သဘောပါ တဲ့... နောက်ကျရင် လူရောက်လာမှ နောင်တရတယ် ဘာညာ လာမပြောနဲ့... အဲ့ဒါဆိုရင် လွန်သွားပြီ...”

ညီလေးကု ကမန်းကတန်း ပြောလိုက်သည်။

“အမေ... လူကောင်းရင် ပြီးတာပါပဲ... ကျွန်တော် အခု အေးအေးဆေးဆေးပဲ နေချင်တော့တယ်...”

အဖွားကုသည် အောင်သွယ်တော်ကို ပြန်ခေါ်ပြီး ခြေမသန်တဲ့သူရဲ့ အိမ်ကို ကမ်းလှမ်းရန် စေလွှတ်လိုက်သည်။ ကျန့်ချွေ့အာသည် ဒီနှစ် ၂၁ နှစ် ရှိပြီဖြစ်၍ သူမ၏ မိသားစုက အခြားသူများထက် ပို၍ စိတ်လောနေလေသည်။

ညီလေးကုက ဒုတိယအိမ်ထောင် ဖြစ်သော်လည်း သူက ရိုးသားပြီး အိမ်နှင့် လယ်ယာမြေ ပိုင်ဆိုင်ထားသည်။ ကုမိသားစုက နာမည်ကောင်း ရှိပြီး မိသားစု ခွဲဝေထားပြီး ဖြစ်သည်။ ကျန့်ချွေ့အာ ရောက်လာလျှင် အိမ်ထောင်ဦးစီး ဖြစ်လာမည် ဖြစ်ပေသည်။

လျူအာနီနှင့် လမ်းခွဲခဲ့သည့် ကိစ္စက ရွာထဲတွင် အတော်လေး ဂယက်ရိုက်ခဲ့သည်။ တစ်ရွာလုံးက လျူမိသားစု မှားကြောင်း သိထားကြသည်။ ကျန့်မိသားစုက ခဏတာ တုံ့ဆိုင်းပြီးနောက် သဘောတူလိုက်လေသည်။

မင်္ဂလာပွဲက တတိယအိမ်ထက် ပိုမြန်နေသည်။ လျူမိသားစုက နှစ်မကုန်ခင်လေးမှာ တင်တောင်းငွေ ရလိုက်ပြီး လျူအာနီကို အမြန် ပြန်ပေးစားလိုက်ခြင်း ဖြစ်သည်။ သူမကို မိဘအိမ်တွင် နှစ်သစ်ကူးခွင့်ပင် မပေးခဲ့ပေ။

လျူအဖွားကြီးကလည်း တော်ပေသည်။ မူလက တင်တောင်းငွေ ၁၅ တုံးဟု ကတိပြုထားသော်လည်း ၂၂ တုံး ရအောင် ဈေးဆစ်နိုင်ခဲ့သည်။

လျူယောက်အာက အိမ်မှာ သောင်းကျန်းနေသော်လည်း လျူမိသားစုမှ အခြားညီအစ်ကိုများက သူ့ကို အလိုမလိုက်ဘဲ ပိုက်ဆံ အပိုထပ်မပေးကြပေ။

သူ့မင်္ဂလာပွဲက စရိတ်စက ကြီးလွန်းသဖြင့် အခြားချွေးမများက မကျေမနပ် ဖြစ်ပြီး လျူမိသားစုသည် တစ်နှစ်ပတ်လုံး ရန်ပွဲများဖြင့် ကုန်ဆုံးခဲ့ရလေသည်။

ကုမိသားစုဘက်တွင်တော့ အတော်လေး ငြိမ်းချမ်းနေသည်။

အိမ်ကြီးမှ လင်မယားနှစ်ယောက် အမှန်တရားကို သိမြင်သွားပြီး ဒုတိယအိမ်ကို အစွမ်းကုန် မျက်နှာလိုမျက်နှာရ လုပ်နေကြသည်။ ညီလေးကုကလည်း လျူအာနီ မရှိတော့သဖြင့် ပြဿနာ မရှာနိုင်တော့ပေ။

သေချာ ပြန်စဉ်းစားကြည့်လျှင် အဖွားကုနှင့် ကုမင်တာ့တို့သည် ဒီနှစ် နှစ်သစ်ကူးသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း အငြိမ်းချမ်းဆုံး နှစ်တစ်နှစ် ဖြစ်သည်ဟု ခံစားမိကြလေ၏။

“ဒီမုန့်တွေက ဈေးကြီးတယ်... နည်းနည်း ချွေတာစားကြ...”

ချန်ချွန်းဟွာက နှမြောတသသော မျက်နှာဖြင့် ကလေးသုံးယောက်ကို မုန့်ဝေပေးလိုက်သည်။

ကုတာ့ယာက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အမေ... သမီးကို တစ်ခု ပိုပေးပါ... သမီး နျိုနျိုနဲ့ ခွဲစားမလို့...”

ထိုစကားကို ကြားသောအခါ ချန်ချွန်းဟွာသည် မျက်လုံးထဲတွင် မလိုလားမှုများ ပြည့်နှက်နေသော်လည်း နောက်ထပ် တစ်ခု ထပ်ယူပြီး သမီးဖြစ်သူကို ပေးလိုက်လေသည်။

ကုယွင်နှင့် ကုကျင်းတို့သည် ထိုစကားကို ကြားသောအခါ မျက်လုံးများ လှည့်စားလိုက်ပြီး ပြိုင်တူ ပြောလိုက်ကြသည်။

“သားတို့လည်း အာယန် အာကျောက်တို့နဲ့ ခွဲစားချင်တယ်... သားတို့ကိုလည်း တစ်ခု ပိုပေးပါ...”

ချန်ချွန်းဟွာ မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။

“နင်တို့ မျောက်လောင်းနှစ်ကောင်... ငါ မသိဘူးများ မှတ်နေလား... အာယန်က နေ့တိုင်း စာပဲဖတ်နေတာ... အပြင်မထွက်ဘူး... နင်တို့က အာကျောက် ငယ်လို့ဆိုပြီး အတူတူ မဆော့ကြဘူးမလား...”

ကုယွင်နှင့် ကုကျင်းတို့သည် မုန့်မရမှန်း သိလိုက်သောအခါ အစ်မဖြစ်သူကို မျက်နှာပြောင်ပြပြီး ပြောလိုက်သည်။

“အမေက မျက်နှာလိုက်တယ်...”

ချန်ချွန်းဟွာ ရိုက်မလို့ လုပ်လိုက်သော်လည်း သားနှစ်ယောက်က မီးခိုးငွေ့လို လျင်မြန်စွာ ထွက်ပြေးသွားကြကုန်၏။

ကုတာ့ယာသည် မုန့်ကို ကိုင်ပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း ချန်ချွန်းဟွာက ဆွဲထားလိုက်သည်။

“ဆော့ဖို့ပဲ စဉ်းစားမနေနဲ့... နျိုနျိုကို နင့်အစ်ကို ကောင်းကြောင်းတွေ များများ ပြောပြ... သိလား...”

ချန်ချွန်းဟွာက သမီးကို ဆွဲပြီး မှာကြားလိုက်သည်။

ကုတာ့ယာက ဟန်ဆောင်ပြီး ခေါင်းညိတ်လိုက်သည်။

“သိပါတယ်...”

ကုမိသားစုတွင် ကလေးအများအပြား ရှိသော်လည်း အမြဲတမ်း အတူတူ မဆော့ကြပေ။ ဥပမာ ကုယွင်လို အသက်ကြီးသော ကလေးများသည် ကုကျောက်လို ကလေးငယ်များ သို့မဟုတ် ကုတာ့ယာလို မိန်းကလေးများကို ခေါ်ဆော့လေ့ မရှိပေ။

သို့သော် ကလေးငယ်များတွင် ထိုခွဲခြားမှု မရှိပေ။ ကုကျောက်၊ နျိုနျို၊ တာ့ယာနှင့် ရှောင်ယာတို့သည် အတူတူ ဆော့ကစားလေ့ ရှိကြသည်။

“အခုထိ အမေအသစ် မရောက်လာသေးဘဲနဲ့... ငါတို့က သူ့ကို နေ့တိုင်း ခေါ်သွားနေရမှာလား...”

ကုတာ့ယာက ရှောင်ယာ့နောက်မှ မောင်လေး ကုရှောင်ပေါင်ကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကုရှောင်ပေါင်သည် သုံးနှစ်သာ ရှိသေးပြီး ခြေထောက်လေးတွေ တိုနေသဖြင့် သူ့ကို စောင့်ရတာ ကြာသောကြောင့် သူတို့ မခေါ်ချင်ကြပေ။

ထိုစကားကို ကြားသောအခါ ကုရှောင်ပေါင်က နှာခေါင်းလေး ရှုံ့လိုက်ပြီး ပြောလိုက်သည်။

“အစ်မက သားအပေါ် မကောင်းဘူး... အဖေ့ကို တိုင်ပြောမယ်...”

သို့သော် ကလေး၏ ခြိမ်းခြောက်မှုကို တခြားကလေးများက ဂရုမစိုက်ကြပေ။ ကုတာ့ယာက သူ့အနား လျှောက်သွားပြီး ပြောလိုက်သည်။

“အဖေ့ကို သွားတိုင်လိုက်... နောက်ဆို ငါတို့ နင့်ကို မခေါ်တော့ဘူး...”

ကုရှောင်ပေါင် ကြောက်လန့်သွားပြီး မတိုင်ရဲတော့ပေ။ ထို့ကြောင့် စကားလွှဲလိုက်သည်။

“အဒေါ်ဝမ်ပြောတယ်... မိထွေးတွေက လူဆိုးတွေတဲ့... သား မိထွေး မလိုချင်ဘူး...”

ကုရှောင်ယာက သူ့ကို ပေါ့ပေါ့ပါးပါး ရိုက်လိုက်သည်။

“နင် ဘာမှ နားမလည်ဘဲနဲ့... နျိုနျိုက သူ လူကောင်းပါလို့ ပြောတယ်... ဒါဆို သူက လူကောင်း ဖြစ်မှာပေါ့...”

All Chapters