မနှစ်သက်ခြင်း
Vol. 10 Ch. 96
ကုရှောင်ယာ၏ အတွေးက ရိုးရှင်းလေသည်။ လျူအာနီသည် မိခင်အရင်း ဖြစ်သော်လည်း သူမကို မချစ်ရုံသာမက ကြက်သီးထစရာကောင်းသော မျက်လုံးများဖြင့် ကြည့်လေ့ရှိသည်။ ညီလေးကုက ရှောင်ယာကို ကောင်းတာတစ်ခုခု ပေးတိုင်း လျူအာနီက ပြန်ယူသွားတတ်သည်။
ကုရှောင်ပေါင်ကို ပေးလိုက်သည် သို့မဟုတ် သူမ၏ မိဘအိမ်သို့ ပို့လိုက်သည်သာ လုပ်လေ့ရှိသည်။
ယခု ကုရှောင်ယာသည် စားချင်တာစား၊ လုပ်ချင်တာလုပ် တားမည့်သူ မရှိသဖြင့် လွတ်လပ်ပေါ့ပါးနေလေသည်။
ဒီနေ့သည် လပြက္ခဒိန် နှစ်သစ်ကူး လေးရက်မြောက်နေ့ ဖြစ်ပြီး လာသင့်သော ဆွေမျိုးများ အားလုံး ပြန်သွားကြပြီ ဖြစ်ရာ ကလေးငါးယောက်သည် ခြံဝင်းထဲတွင် ကစားနေကြလေ၏။
အဘိုးကုသည် ရှားရှားပါးပါး နောက်ဖေးခြံဝင်းမှ ထွက်လာပြီး အိမ်ရှေ့အမိုးအောက်တွင် ထိုင်နေသည်။ လက်ထဲတွင် သစ်တုံးတစ်တုံးကို ကိုင်ထားပြီး တစ်ခုခု ထုလုပ်ရန် ပြင်ဆင်နေပုံရသည်။ ရံဖန်ရံခါ ကလေးများကို ပြုံးလျက် ကြည့်နေတတ်လေသည်။
“အစ်မကြီးချောင်အာက အိမ်မှာ သကြားလုံး
လုပ်ထားတယ်တဲ့... ပိုက်ဆံပါရင် သွားလဲလို့ ရတယ်... သွားလဲကြမလား...”
ကုတာ့ယာက မောင်နှမများကို တိုးတိုးလေး မေးလိုက်သည်။
နှစ်သစ်ကူး ကာလတွင် ကလေးများ မုန့်ဖိုရထားကြသည်။ သိပ်မများလှပေ။ လူကြီးတစ်ယောက်လျှင် ကြေးပြား တစ်ပြားနှစ်ပြားလောက်သာ ပေးသဖြင့် ကလေးတစ်ယောက်စီ၏ ပိုက်ဆံအိတ်ထဲတွင် ကြေးပြား ဆယ်ပြားခန့် စုမိနေကြသည်။
အရင်နှစ်များက ကုရှောင်ယာနှင့် ကုရှောင်ပေါင်တို့သည် ပိုက်ဆံကို ကိုယ်တိုင် မကိုင်ရပေ။ ဒီနှစ်တွင် လျူအာနီ မရှိတော့သလို ညီလေးကုကလည်း ပြန်ယူဖို့ မေ့နေသဖြင့် သူတို့က အချမ်းသာဆုံး ဖြစ်နေကြလေသည်။
“သွားမယ်... သမီး ဝယ်ချင်တယ်...”
ကုရှောင်ယာက အရင်ဆုံး သဘောတူလိုက်သည်။ သကြားလုံး၏ အရသာကို တွေးမိပြီး သွားရည်ကျမတတ် ဖြစ်နေ၏။
ကုကျောက်လည်း ခေါင်းကို တွင်တွင်ညိတ်လိုက်သည်။
“နျိုနျို... နင် ဝယ်မှာလား...”
တာ့ယာက မေးလိုက်သည်။
ကလေးတိုင်း ဝယ်ချင်ကြသော်လည်း နျိုနျိုက ခဏတာ တုံ့ဆိုင်းပြီးနောက် ခေါင်းခါလိုက်လေသည်။
“ဘာလို့ မဝယ်တာလဲ... သကြား မကြိုက်လို့လား...”
ကုတာ့ယာက မေးလိုက်သည်။
“သကြား ကြိုက်ပါတယ်... ဒါပေမဲ့ ပိုက်ဆံ စုထားချင်လို့...”
ဒါက သူမ ပထမဆုံးအကြိမ် မုန့်ဖိုး ကိုယ်တိုင် ကိုင်ရခြင်းပင်။ အရင်တုန်းက ကျန်းမိသားစုတွင် ရှိစဉ်က ကျင်းပေါင်က ကလေးအရွယ်မှာတင် မုန့်ဖိုးရနေသည်ကို မြင်ပြီး အားကျခဲ့ဖူးလေသည်။
“ပိုက်ဆံစုပြီး ဘာလုပ်မလို့လဲ...”
ကုတာ့ယာ နားမလည်ပေ။
နျိုနျို ငယ်သေးသော်လည်း အန္တရာယ်ကို ကြိုတင် ကာကွယ်တတ်သည့် အသိစိတ် ရှိသည်။
“ပိုက်ဆံစုထားရင် လိုအပ်တဲ့အချိန် သုံးလို့ရတယ်လေ...”
ကုတာ့ယာ ပိုပြီး နားမလည်တော့ပေ။
“ဘာလိုအပ်စရာ ရှိလို့လဲ...”
နျိုနျိုက လေးနက်စွာ ပြောလိုက်သည်။
“မေမေ ပြောတယ်... လက်ထဲမှာ ပိုက်ဆံရှိရင် မကြောက်ရဘူးတဲ့... တစ်နေ့နေ့ ထမင်းစားစရာ မရှိရင် စုထားတဲ့ ပိုက်ဆံနဲ့ ပေါက်စီ ဝယ်စားလို့ ရတယ်တဲ့... မေမေ ပြောတာ ဘယ်တော့မှ မမှားဘူး...”
ကုတာ့ယာက ပြောလိုက်သည်။
“အိမ်မှာ အဆင်ပြေနေတာပဲ... ဘယ်လိုလုပ် ထမင်းစားစရာ မရှိဘဲ နေမှာလဲ...”
ဘေးနားမှ ကုကျောက်သည် ပုရွက်ဆိတ်များကို ထိုင်ကြည့်နေရင်း ရုတ်တရက် မော့ကြည့်ကာ မေးလိုက်သည်။
“ပေါက်စီ ဟုတ်လား... ဘယ်မှာလဲ... ငါ သကြားလုံးနဲ့ စားမယ်...”
ကုတာ့ယာသည် ခေါင်းထဲတွင် အစာနဲ့ ပိုးမွှားအကြောင်းသာ ရှိသော ဝမ်းကွဲမောင်လေးကို ပြောစရာစကား မရှိသလို ကြည့်လိုက်လေသည်။
“နျိုနျို သကြားလုံး မဝယ်ရင်... ငါလည်း မဝယ်တော့ဘူး... ငါလည်း ပိုက်ဆံ စုထားမယ်... ဘာလို့လဲဆိုတော့ ငါနဲ့ နျိုနျိုက အချစ်ဆုံး သူငယ်ချင်းတွေလေ... သူငယ်ချင်းဆိုတာ တူတူ လုပ်ရတယ်...”
ကုရှောင်ယာက ရုတ်တရက် ပြောလိုက်သည်။
ကုတာ့ယာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
“ငါကမှ နျိုနျိုရဲ့ အချစ်ဆုံး သူငယ်ချင်း... နျိုနျို သကြားလုံး မဝယ်ရင် ငါလည်း မဝယ်ဘူး...”
သူမက နျိုနျိုနှင့် ပိုရင်းနှီးကြောင်း သက်သေပြရန်အတွက် မုန့်တစ်ဖဲ့ ထုတ်ပြီး နျိုနျိုလက်ထဲ ထည့်ပေးလိုက်သည်။
“နျိုနျိုနဲ့ ငါက နင့်ထက် ပိုရင်းနှီးတယ်... ငါက သူ့ကို မုန့်ကျွေးတယ်... နင်က မကျွေးဘူး... နင်က ခိုးစားတယ်... ကပ်စေးနည်းတယ်...”
နှစ်ယောက်သား ရန်ဖြစ်နေကြသည်ကို မြင်သောအခါ ကုကျောက် စိတ်လောလာသည်။
“သကြားလုံး ဝယ်ဦးမှာလား...”
ကုတာ့ယာ လှည့်ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။
“မဝယ်တော့ဘူး... ပိုက်ဆံ စုတော့မယ်... အာကျောက်... နင် ပြောကြည့်... ငါနဲ့ နျိုနျို ဘယ်သူက ပိုရင်းနှီးလဲ...”
ကုကျောက်က သူမကို ကြည့်ပြီး ပြောလိုက်သည်။
“ဘယ်သူ ပိုရင်းနှီးရင်းနှီး ငါ ဂရုမစိုက်ဘူး... ငါကတော့ သကြားလုံး ဝယ်စားမှာပဲ...”
ကုတာ့ယာကလည်း စိတ်ကြီးသူ ဖြစ်သည်။
“စားချင်ရင် ကိုယ့်ဘာသာ ဝယ်စား... လာမအော်နဲ့...”
ကုကျောက်သည် ရန်ဖြစ်နေသူများကို ဂရုမစိုက်တော့ဘဲ ခြေလှမ်းကျဲကျဲဖြင့် အပြင်သို့ ပြေးထွက်သွားလေသည်။
“ကိုယ့်ဘာသာပဲ ဝယ်စားမယ်...”
ခြံဝင်းတံခါးဝမှ ထွက်လိုက်သည်နှင့် လူတစ်ယောက်ကို ဝင်တိုက်မိပြီး ထိုလူက ကုကျောက်ကို ပွေ့ချီလိုက်လေသည်။
နျိုနျိုသည် အစ်ကိုဖြစ်သူ ပြေးထွက်သွားသည်ကို မြင်သောအခါ အမြန် လိုက်သွားသည်။
“ကိုကိုလတ်...”
နျိုနျို အပြင်ရောက်သည်နှင့် ကြောက်လန့်ပြီး မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်သွားသည်။
ကြောက်နေသော်လည်း သတ္တိမွေးပြီး အော်ဟစ်လိုက်သည်။
“ငါ့အစ်ကိုကို လွှတ်လိုက်... လူဆိုးကြီး...”
ရွှီဝူသည် နျိုနျို ဖြစ်နေသည်ကို မြင်သောအခါ ကုကျောက်ကို မြေကြီးပေါ် ချပေးလိုက်ပြီး နျိုနျိုထံသို့ လျှောက်လာလေသည်။
နျိုနျို ကြောက်လန့်ပြီး ငိုလိုက်သည်။
“ဒီဘက်ကို မလာနဲ့...”
ကုကျောက် မြေကြီးပေါ် ရောက်သည်နှင့် ညီမလေး၏ ကြောက်လန့်တကြား အသံကို ကြားလိုက်ရသဖြင့် ယုန်တစ်ကောင်လို ရွှီဝူကို ဝင်တိုက်လိုက်သည်။
“ငါ့ညီမနားက ထွက်သွား...”
ကလေးများ၏ အော်ဟစ်သံကြောင့် အိမ်ထဲမှ လူကြီးများ သတိထားမိသွားကြသည်။
ကျန်းယွင်နန် အမြန် ပြေးထွက်လာပြီး ရွှီဝူကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
မကြာခင်မှာပင် သူမ၏ အစ်မ ကျန်းဟွေးနန်သည် ရွှီဝူ၏ နောက်မှ ထွက်ပေါ်လာသည်။ လက်တစ်ဖက်တွင် ပစ္စည်းတစ်ခု ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သားငယ်ကို ဆွဲထားသည်။ သားကြီးက အနောက်မှာ ကျန်ရစ်နေသည်။
“နင်က နောက်ဘဝပြန်မွေးဖို့များ လောနေတာလား... ဘာလို့ အဲ့လောက် မြန်မြန် လျှောက်ရတာလဲ... ငါ့ကို ပစ္စည်း ကူသယ်ပေးရကောင်းမှန်း မသိဘူး...”
ကျန်းဟွေးနန်က ညည်းတွားလိုက်သည်။
ရွှီဝူသည် ထိုစကားကို မကြားသလို ကျန်းယွင်နန်ကို ကြည့်ပြီး ပြောလိုက်သည်။
“မတွေ့တာ ကြာပြီ... မရီးက ပိုလှလာတယ်... နျိုနျိုတောင် ဖြူဖွေးနုနယ်လာတာပဲ... ကိုက်စားချင်စရာလေး...”
ကျန်းယွင်နန်သည် နျိုနျိုကို နောက်ကျောတွင် ဝှက်ထားလိုက်ပြီး အစ်မနှင့် ယောက်ဖကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“ဒီကို ဘာလာလုပ်တာလဲ...”
ထိုစကားကို ကြားသောအခါ ကျန်းဟွေးနန် မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်သည်။
“ညီမလေး... နှစ်သစ်ကူးမှာ လာလည်တာကို မျက်နှာပျက်နေတာလား...”
ကျန်းယွင်နန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ပြီးခဲ့တဲ့ နှစ်သစ်ကူးတုန်းက ဘယ်သူက နောက်ဘယ်တော့မှ အဆက်အသွယ် မလုပ်တော့ဘူးလို့ ပြောခဲ့တာလဲ...”
ကျန်းဟွေးနန်သည် အရှက်မရှိဘဲ ပြောလိုက်သည်။
“စိတ်ဆိုးပြီး လျှောက်ပြောမိတာပဲလေ... ဘာလို့ အမှတ်သည်းခြေ ကြီးနေရတာလဲ... ညီအစ်မတွေပဲ... ဘာလို့ အငြိုးထားနေရတာလဲ...”
ကျန်းယွင်နန် ခေါင်းခါလိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
“ငါက အငြိုးကြီးတဲ့သူပဲ...”
ကျန်းဟွေးနန် မယုံနိုင်စွာ ပြောလိုက်သည်။
“နှစ်သစ်ကူး နေ့ကောင်းရက်မြတ်ကြီးမှာ... အစ်မအရင်းကို အိမ်ထဲ ပေးမဝင်ဘူး ဆိုတာ တကယ်လား...”
ကျန်းယွင်နန် အနည်းငယ် တွန့်ဆုတ်သွားသည်။
သို့သော် နောက်ကျောတွင် ပုန်းနေသော နျိုနျိုက ကျန်းယွင်နန်၏ အင်္ကျီစကို ရုတ်တရက် ဆွဲလိုက်သည်။
ကျန်းယွင်နန် ငုံ့ကြည့်လိုက်သည်။ သမီးလေး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ရွှီဝူနှင့် ကျန်းဟွေးနန်၏ သားကြီးကို တလှည့်စီ ကြည့်နေသည်။
ကျန်းယွင်နန်သည် ထုံထိုင်းသော မိခင်မျိုး မဟုတ်ပေ။ သမီးဖြစ်သူ၏ ပုံစံမမှန်မှုကို မြင်သောအခါ ဘေးသို့ ဆွဲခေါ်လိုက်ပြီး မျက်နှာလေးကို ပွတ်သပ်ပေးကာ တိုးတိုးလေး မေးလိုက်သည်။
“နျိုနျို... မေမေ့ကို အကုန် ပြောပြလို့ ရတယ်... သမီး ဘာကို ကြောက်နေတာလဲ...”
မိခင်ဖြစ်သူ၏ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် နျိုနျို စိတ်သက်သာရာ ရသွားသည်။
“သမီး အဒေါ်ကြီးတို့ မိသားစုကို မကြိုက်ဘူး... အဒေါ်ကြီးက သမီးကို ကြည့်ရင် ထူးဆန်းတယ်... ဝမ်းကွဲအစ်ကိုကလည်း ထူးဆန်းတယ်... လူကြီးတွေကို မကြိုက်တာက မကောင်းဘူးမလား...”
ကလေးမလေးက မော့ကြည့်ပြီး မေးလိုက်သည်။
ကျန်းယွင်နန်က သမီးကို အားပေးလိုက်သည်။
“နျိုနျို... ရင်ထဲက ရှိတာကို အမှန်အတိုင်း ပြောတာက အရမ်း ရဲရင့်တဲ့အလုပ်ပါ...”
ကလေးမလေး သက်ပြင်းချလိုက်သည်။
ကျန်းယွင်နန်က နူးညံ့စွာ မေးလိုက်သည်။
“သမီးလေး... ပြောပြပါဦး... ဦးလေးနဲ့ အစ်ကိုက ဘာတွေ ထူးဆန်းတာ လုပ်လို့လဲ...”
စဉ်းစားပြီးနောက် နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။
“သူတို့ သမီးပါးကို အမြဲ လာဆွဲတယ်...”
ကျန်းယွင်နန်၏ မျက်လုံးများ ချက်ချင်း မည်းမှောင်သွားလေသည်။
ကျန်းဟွေးနန်သည် ဒီအပြောင်းအလဲကို မသိဘဲ ဆက်လက် အော်ဟစ်နေသည်။
“မိသားစုကို ဒီလို ဆက်ဆံရလား... နင့်ယောက်ျားက ပညာရှိ ဖြစ်သွားတာနဲ့ ဆင်းရဲတဲ့ ဆွေမျိုးတွေကို အထင်သေးနေတာလား...”