အတူတူ
Vol. 10 Ch. 97
ကျန်းယွင်နန်သည် အစ်မဖြစ်သူနှင့် ငြင်းခုံရမလား၊ ကိုယ့်စိတ်တိုင်းကျ လုပ်ရမလား ဆိုတာကို ခဏတာ တွန့်ဆုတ်နေလေသည်။
သူမသည် မိဘအိမ်တွင် ရှိစဉ်က အဖြစ်အပျက်များကို ပြန်သတိရသွားသည်။ သူမ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူ ရောဂါဖြင့် ဆုံးပါးသွားပြီး မကြာခင်မှာပင် အဖွားစိုင် ရောက်ရှိလာခဲ့သည်။
မိထွေး ရောက်လာသည်နှင့် ဖခင်ဖြစ်သူက ပထွေးလို ဖြစ်သွားခဲ့သည်။
အဖွားစိုင်က ကျန်းကွမ်ကျုံးကို မွေးပြီးနောက် ဖခင်ဖြစ်သူ၏ မျက်လုံးထဲတွင် သူမ မရှိတော့ပေ။
ကျန်းဟွေးနန်က ညီမဖြစ်သူ တိတ်ဆိတ်နေသည်ကို တွေ့သောအခါ အပြစ်ရှိလို့ဟု ထင်မှတ်လိုက်သည်။ ဒီနှစ်အတွင်း ခံစားခဲ့ရသော မကျေနပ်ချက်များကို ဖွင့်ထုတ်ရန် အားတက်လာပြီး ပြောလိုက်သည်။
“ငါတို့က ညီအစ်မတွေလေ... ငါ့မောင်က နင့်မောင်ပဲ... ညီမလေး... မောင်လေး ဒီလောက် ဒုက္ခရောက်နေတာကို... နင့်ယောက်ျားကို မကူညီခိုင်းဘဲ နေရက်တယ်... မိသားစု သံယောဇဉ် မရှိဘူး...”
ကျန်းယွင်နန် ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“နင် ပြောတာ မှန်တယ်...”
ထိုစကားကို ကြားသောအခါ ကျန်းဟွေးနန်က အသာစီး ရပြီဟု ထင်လိုက်သည်။ ခေါင်းကို မော့လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။
“ညီမလေး... အမှားသိရင် ပြင်လို့ရပါတယ်... နင့်ယောက်ျားကို အခုပဲ မြို့ဝန်ရုံး သွားခိုင်းလိုက်…”
ကျန်းယွင်နန်သည် နျိုနျိုကို အဘိုးကုထံ ပို့လိုက်ပြီး အခြားကလေးများကိုပါ အနောက်သို့ သွားပုန်းခိုင်းလိုက်သည်။ ထို့နောက် သတိပေးခြင်း မရှိဘဲ ဘေးနားရှိ တံမြက်စည်းကို ဆွဲယူကာ ကျန်းဟွေးနန်ကို ရိုက်နှက်လိုက်လေတော့သည်။
ကျန်းဟွေးနန်သည် ခင်ပွန်းသည်၏ နောက်ကျောတွင် ဝင်ပုန်းချင်သော်လည်း ရွှီဝူက တာဝန်ယူတတ်သူ မဟုတ်သဖြင့် နောက်ဆုတ်နေလေသည်။
ဘာပဲဖြစ်ဖြစ် ကျန်းယွင်နန်သည် မိသားစု သံယောဇဉ်ကို ငဲ့ကွက်သောအားဖြင့် ကျန်းဟွေးနန်ကို တံမြက်စည်းနှင့် တစ်ချက်သာ ရိုက်ပြီး စစ်နတ်ဘုရားမကဲ့သို့ ရွှီဝူကို လိုက်လံ ရိုက်နှက်လေသည်။
ရွှီဝူက တံမြက်စည်းကို တားချင်သော်လည်း ကျန်းယွင်နန်က မြန်ဆန်ပြီး ရက်စက်စွာ လှုပ်ရှားသဖြင့် အရှက်မရှိ ထွက်ပြေးရလေသည်။
“နင် ရူးနေပြီလား... မိသားစုကို ဒီလို လုပ်ရလား... ဘယ်သူမှ နင့်ကို မဆုံးမဘူးလား...”
ကျန်းဟွေးနန် ဒေါသထွက်ပြီး ခုန်ဆွခုန်ဆွ ဖြစ်နေသည်။
ထိုအချိန်တွင် ချန်ချွန်းဟွာ အိမ်ထဲမှ ထွက်လာလေသည်။
ကျန်းဟွေးနန်သည် ဒါက မရီးကြီးဖြစ်ကြောင်း သိလိုက်သည်။ သူတို့နှစ်ယောက် ဆက်ဆံရေး မကောင်းသည်ကိုလည်း မှတ်မိနေသည်။ ကယ်တင်ရှင်ကို တွေ့လိုက်ရပြီဟု ထင်မှတ်ပြီး အမြန် ပြောလိုက်သည်။
“မရီးကြီး... သူ့ကို မြန်မြန် ထိန်းပေးပါဦး...”
ချန်ချွန်းဟွာသည် သူမ ပြောတာကို မကြားသလို ရေရွတ်လိုက်သည်။
“တစ်ယောက်တည်းနဲ့ လူလေးယောက်ကို လိုက်ရိုက်နေတာ... ဟိုဘက်က ဘာမှ မလုပ်နိုင်ကြဘူး...”
ချန်ချွန်းဟွာသည် လက်ရှိ သူမ ဘာလုပ်ရမလဲ ဆိုတာကို မှတ်မိနေသည်။ ဒုတိယအိမ်နှင့် အတူ အသားစားရဖို့အတွက် ချန်ချွန်းဟွာ တုံ့ဆိုင်းမနေခဲ့ပေ။ ဘေးနားမှ သူမ၏ တံမြက်စည်းကို ဆွဲယူလိုက်ပြီး စစ်မြေပြင်သို့ ဝင်ရောက်ကာ ကျန်းဟွေးနန်၏ မိသားစုကို ရိုက်နှက်ရင်း အော်ဟစ်လိုက်သည်။
“ဘယ်သူက ငါ့ညီမလေးကို အနိုင်ကျင့်ရဲတာလဲ...”
ကျန်းဟွေးနန်သည် ဒီလို ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ မှတ်မိတာ မှားနေသလားဟု တွေးမိလိုက်သည်။
ချန်ချွန်းဟွာက ကျန်းယွင်နန်အတွက် အသက်ပေးမတတ် ဖြစ်နေသည်။
ဘယ်သူက သူတို့ လင်ညီမ မတည့်ဘူးလို့ ပြောတာလဲ။ ဒါက မတည့်တဲ့ ပုံစံလား။
“အစ်ကို… အစ်ကို... ညီမလေး ရူးနေပြီ... လာထိန်းပါဦး...”
ကျန်းဟွေးနန်သည် ချန်ချွန်းဟွာ၏ လိုက်ရိုက်မှုကို ခံရပြီး ကြွက်တစ်ကောင်လို ခေါင်းအုပ် ထွက်ပြေးရင်း အိမ်ထဲသို့ လှမ်းအော်လိုက်သည်။
အဖွားကု ထွက်လာပြီး သားသုံးယောက် နောက်မှ လိုက်လာကြသည်။
“ဘာလို့ ရန်ဖြစ်နေကြတာလဲ... ဒါ ဒုတိယမရီးရဲ့ ညီမ မိသားစု မဟုတ်ဘူးလား... နှစ်သစ်ကူး နှုတ်ဆက်လာတာ မဟုတ်ဘူးလား...”
ညီလေးကု နားမလည်နိုင် ဖြစ်နေသည်။
အဖွားကုသည် စစ်ပွဲကို တစ်ချက်ကြည့်လိုက်ပြီး သားဖြစ်သူ၏ သံသယကို မဖြေရှင်းပေးပေ။ ခေါင်းငုံ့ပြီး လက်နက် ရှာဖွေလိုက်ရာ တုတ်ရှည် အချို့ကို တွေ့လိုက်ရသည်။
ညီလေးကုသည် မိခင်ဖြစ်သူ ကမ်းပေးသော တုတ်ရှည်ကို ကြည့်ပြီး မေးလိုက်သည်။
“အမေ... ဘာဖြစ်လို့လဲဆိုတာ မမေးတော့ဘူးလား... တကယ်လို့ ငါတို့ မှားနေရင် ဘယ်လိုလုပ်မလဲ...”
အဖွားကုသည် သားငယ်ကို စူးစူးရှရှ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ မေးနေသေးတယ်... သူ့မိသားစု ဖြစ်နေတာက အကြီးမားဆုံး အကြောင်းပြချက်ပဲ...”
ထိုစကားကို ကြားပြီးနောက် ညီလေးကု ခဏတာ စဉ်းစားလိုက်ပြီး ခေါင်းကို တွင်တွင်ညိတ်လိုက်သည်။
“ထားလိုက်တော့... ဂရုမစိုက်တော့ဘူး...”
ပြောပြီးနောက် တုတ်ကို ယူကာ စစ်ပွဲထဲသို့ ဝင်ရောက်သွားလေသည်။
ကျန်းဟွေးနန်သည် မူလက ကုမိသားစုထဲတွင် အကျိုးအကြောင်း သိတတ်သူ တစ်ယောက်လောက် ပါလာပြီး ဝင်တားပေးလိမ့်မည်၊ အနည်းဆုံးတော့ ထိုင်ပြီး စကားပြောခွင့် ရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သူမက ဒီအခွင့်အရေးကို ယူပြီး ကုမင်တာ့ကို ကျန်းကွမ်ကျုံးကိစ္စ ကူညီဖြေရှင်းပေးရန် ဖိအားပေးချင်ခဲ့သည်။ စကားမဆုံးခင်မှာပင် မုန်တိုင်းလို တိုက်ခိုက်ခံလိုက်ရသည်။
ကုမိသားစု၏ ရိုက်သတ်ခြင်းကို မခံရစေရန် ကျန်းဟွေးနန်သည် ခင်ပွန်းနှင့် သားများကို ခေါ်ပြီး ထွက်ပြေးရလေတော့သည်။
ကျန်းဟွေးနန်သည် မိဘအိမ်သို့ အသက်လုပြီး ပြေးလာခဲ့ရသည်။ နောက်က ဘယ်သူမှ လိုက်မလာတာ သေချာမှ ရပ်တန့်လိုက်သည်။
“လိုက်မလာကြဘူး... တော်ပါသေးရဲ့...”
ရွှီဝူသည် ခါးကို ကိုင်းပြီး အမောဖြေနေသည်။
“မင်းအစ်မက အရင်တုန်းက အရမ်း နူးညံ့တာလေ... ဘာလို့ ရုတ်တရက်ကြီး ဒီလို ဖြစ်သွားတာလဲ...”
ကျန်းဟွေးနန် မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“နင်က သူ့ကို လွမ်းနေတုန်းပဲလား...”
ရွှီဝူက သူမကို အမြန် ချော့မော့လိုက်သည်။
သားကြီးက အမောမပြေသေးသော်လည်း ပေါက်ကရ အတွေးများကို မရပ်တန့်နိုင်ပေ။
ဆယ်နှစ်သား ကလေးသည် ဖခင်၏ အပြောအဆို၊ အပြုအမူများကြောင့် စိတ်ကူးယဉ်မှုများ ရှိနေသည်။
“အမေ... နျိုနျိုက အရင်ကထက် အများကြီး ပိုဖြူပြီး ပိုနုလာတယ်... ရေတောင် ထွက်ကျမတတ်ပဲ... အဒေါ့်ကို တောင်းဆိုပြီး သားမိန်းမ ပေးလုပ်ပါလား...”
သားငယ်က ဘာအဓိပ္ပာယ်လဲ နားမလည်သော်လည်း အစ်ကိုနှင့် အပြိုင်အဆိုင် ပြောလိုက်သည်။
“သားမိန်းမ လုပ်မယ်... သားမိန်းမ လုပ်မယ်... ဘာလို့ အစ်ကိုက ရမှာလဲ...”
ကျန်းဟွေးနန်သည် ယနေ့ ကျန်းယွင်နန် တံမြက်စည်းကိုင်ပြီး စစ်နတ်ဘုရားမ ပူးကပ်သလို ဖြစ်နေသည်ကို တွေးမိပြီး တုန်လှုပ်သွားသည်။
“ဘယ်သူမှ မစဉ်းစားနဲ့... ထပ်စဉ်းစားရင် နင့်အဒေါ် အရူးမရဲ့ ရိုက်သတ်တာ ခံရလိမ့်မယ်...”
ရွှီဝူက အလုပ်ကိစ္စကို သတိရသွားပြီး ပြောလိုက်သည်။
“ကုမိသားစုက ဒီပုံစံဆိုရင်... ကုမင်တာ့ကို ရှာလို့မရတော့ဘူး...”
ကျန်းဟွေးနန် ခြေဆောင့်လိုက်ပြီး မေးလိုက်သည်။
“ဒါဆို မောင်လေး ဘယ်လိုလုပ်မလဲ... ရန်လျူကို ငွေတွေအများကြီး ပေးထားတာ... ဘာသံမှ မကြားရဘူး... ပိုက်ဆံထပ်တောင်းဖို့ပဲ သိတယ်...”
ရွှီဝူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ရန်လျူကလွဲရင်... ငါတို့မှာ မြို့ဝန်ရုံးကလူတွေနဲ့ သိကျွမ်းဖို့ တခြားလမ်း မရှိဘူး... ပိုက်ဆံထပ်ပေးရင် အဆင်ပြေလောက်ပါတယ်...”
ကျန်းဟွေးနန်နှင့် ကျန်းကွမ်ကျုံးသည် အမေတူ မောင်နှမအရင်း ဖြစ်ကြပြီး ဆက်ဆံရေး ကောင်းမွန်ကြသည်။ မောင်ဖြစ်သူအတွက် စိတ်မချနိုင်ပေ။
“အမေ့လက်ထဲမှာ ပိုက်ဆံ သိပ်မရှိတော့ဘူး ထင်တယ်... တကယ်ပဲ ကျင်းပေါင်ကို ရောင်းပြီး ပိုက်ဆံ ရှာတော့မှာလား...”
ကျန်းဟွေးနန်က မသေချာစွာ မေးလိုက်သည်။
ရွှီဝူက ပြောလိုက်သည်။
“ဘာခံစားနေရမှာလဲ... တူအရင်းမှ မဟုတ်တာ... ရောင်းချင် ရောင်းပစ်လိုက်ပေါ့... မင်းမောင် ထောင်ကျနေတာ... အိမ်မှာ တောသားမျိုးစေ့ကို ကျွေးထားပြီး ပျော်နေမှာ မဟုတ်ဘူး...”
“အမေက ကျင်းပေါင်ကို မွေးထားတာ နှစ်တွေကြာပြီ... တကယ်လို့ မောင်လေးက ကျင်းပေါင်ကို မကယ်နိုင်ဘဲ ကျင်းပေါင်လည်း မရှိတော့ရင်... အမေ့အတွက် အိုစာမင်းစာ ကျွေးမယ့် ယောကျ်ားသား တစ်ယောက်မှ မရှိတော့ဘူး...”
ကျန်းဟွေးနန်က စိုးရိမ်တကြီး ပြောလိုက်သည်။
ရွှီဝူက ယောက္ခမ၏ အိုစာမင်းစာ ကိစ္စကို ထည့်မပြောဘဲ စကားလွှဲလိုက်သည်။
“မပူပါနဲ့... ငါ ရန်လျူကို မေးထားတယ်... ပိုက်ဆံရရင် ကောင်းကောင်း လုပ်ပေးမယ်တဲ့... ယောက်ဖ သေချာပေါက် ပြန်လွတ်လာမှာပါ...”
ကုမိသားစုအိမ်တွင် မိသားစုဝင်များ ဝိုင်းဝန်းပြီး နှောင့်ယှက်သူများကို မောင်းထုတ်လိုက်ပြီးနောက် အဖွားကုက မေးလိုက်သည်။
“ယွင်နန်... နင့်အစ်မနဲ့ ရန်ဖြစ်လိုက်တာလား... လက်ပါတဲ့အထိ ဖြစ်သွားပြီဆိုတော့... သူ ဘာပြောလို့လဲ...”
ကျန်းယွင်နန်သည် နျိုနျိုက ရွှီဝူကို ကြောက်ကြောင်း ထည့်မပြောခဲ့ပေ။ ပြောလိုက်လျှင် မကောင်းသော ဘက်သို့ တွေးမိပြီး သမီးဖြစ်သူကို ထိုကိစ္စများထဲ ပါဝင်ပတ်သက်စေမည် မဟုတ်ပေ။
“သူက သူ့ယောက်ျားကို မြို့ဝန်ရုံး သွားခိုင်းချင်နေတာ... ကျွန်မက လက်မခံတော့ သူက နားမထောင်ဘူး... နားငြီးလွန်းလို့ တံမြက်စည်းနဲ့ မောင်းထုတ်လိုက်တာ...”
ကျန်းယွင်နန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထိုရှင်းပြချက်ကို ကြားပြီးနောက် ကုမိသားစုဝင်များက ကျန်းယွင်နန် နည်းနည်း ကြမ်းတမ်းသည်ဟု ထင်လိုက်သော်လည်း အများကြီး မစဉ်းစားကြတော့ပေ။
ကုမင်တာ့ တစ်ယောက်သာ တစ်ခုခုကို အာရုံခံမိပြီး ဇနီးသည်ကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။
“မေမေက အရမ်း တော်တာပဲ... အဒေါ်ကြီးလည်း အရမ်း တော်တယ်... အကုန်လုံးက အရမ်း တော်ကြတာပဲ...”
နျိုနျို ရုတ်တရက် အော်ဟစ်လိုက်သည်။ မျက်နှာလေးပေါ်တွင် စိတ်လှုပ်ရှားသော အပြုံးများ ပေါ်လာပြီး လူကြီးများကို အားကျသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
ဦးလေးနှင့် ဝမ်းကွဲအစ်ကိုတို့ တံမြက်စည်းနှင့် အလိုက်ခံရပြီး အရိုက်ခံရသည်ကို မြင်လိုက်ရသောအခါ နျိုနျိုသည် ရင်ထဲမှ ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
နျိုနျို စလိုက်သည်နှင့် တခြားကလေးများလည်း လိုက်အော်ကြသည်။
ချန်ချွန်းဟွာသည် နျိုနျိုကို ရက်ပေါင်းများစွာ မျက်နှာလိုမျက်နှာရ လုပ်ခဲ့သော်လည်း ဒါက ပထမဆုံးအကြိမ် နျိုနျို ပြုံးပြခြင်း ဖြစ်သဖြင့် အနည်းငယ် ဝမ်းသာသွားလေသည်။
ကျန်းယွင်နန်က လှည့်ကြည့်ပြီး မရီးကို ခေါင်းညိတ်ပြလိုက်သည်။
ချန်ချွန်းဟွာသည် ဒုတိယအိမ်ကို မျက်နှာလုပ်သော အစီအစဉ် အောင်မြင်သည်ဟု ယူဆပြီး ပျော်ရွှင်နေသည်။ တပြိုင်နက်တည်းမှာပင် ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ရှေ့မှ မိသားစုဝင်များကို ကြည့်လိုက်သောအခါ ရွှေရောင်အလင်းတန်း နွေးနွေးလေး ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။
စိတ်အေးချမ်းမှု ရရှိသွားကြပြီး ကုကျောက် တစ်ယောက်သာ အော်ဟစ်ပြီးနောက် မူလ ရည်ရွယ်ချက်ကို မမေ့သေးပေ။
“မေ့တော့မလို့... သကြားလုံး သွားဝယ်ရဦးမယ်...”