တောင်းပန်ခြင်း
Vol. 10 Ch. 92
ထိုစကားကို ကြားသောအခါ ညီလေးကု ရပ်တန့်သွားသည်။
ချန်ချွန်းဟွာသည် မီးလောင်ရာ လေပင့်သည့်အတိုင်း ပြောလိုက်သည်။
“အနာဂတ်ကို ဘယ်သူ တပ်အပ် ပြောနိုင်မှာလဲ... အရင်ပို့ထားတဲ့ ပိုက်ဆံတွေကို ပြန်တောင်းတာက ပိုကောင်းပါတယ်...”
ညီလေးကုက လျူအာနီကို ကြည့်လိုက်သည်။
လျူအာနီသည် ခင်ပွန်းသည်ကို ကြည့်ပြီး မိဘများ၏ အကျင့်စရိုက်ကို တွေးမိကာ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“ကျွန်မ... ကျွန်မ အရင် ပြန်သွားပြီး ကြိုးစားကြည့်ပါ့မယ်... ယောက်ျား... ကျွန်မ ရှင်နဲ့ မကွဲချင်ဘူး... ကွာရှင်းစာချုပ် မရေးပါနဲ့နော်...”
ညီလေးကု ဘာမှ ပြန်မပြောပေ။
သို့သော် လျူအာနီ ထွက်သွားသောအခါ သူသည် ကုမင်တာ့ထံသို့ တန်းတန်းမတ်မတ် သွားလေ၏။
ကုမင်တာ့ အံ့သြသွားသည်။
အဖွားကုက တည့်တိုး ပြောလိုက်သည်။
“သားလတ်... ရေးပေးလိုက်... ကွာရှင်းစာချုပ်တင် မကဘူး... စွန့်ပစ်စာချုပ်ပါ ရေးပေးလိုက်... ကြိုတင် ပြင်ဆင်ထားတာ ကောင်းတယ်...”
ကုမင်တာ့သည် နာကျင်နေသော ညီလေးကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ကုမင်တာ့က မေးလိုက်ပြန်သည်။
“ငွေ အစိတ်ကိုကော... ပြန်လိုချင်သေးလား...”
ညီလေးကု လန့်သွားပြီး မေးလိုက်သည်။
“ဒုတိယအစ်ကို... အဲ့ဒီပိုက်ဆံ ပြန်ရနိုင်လို့လား...”
“မင်း လိုချင်ရင် နည်းလမ်း စဉ်းစားပေးလို့ ရတယ်...”
ကုမင်တာ့က ပြောလိုက်သည်။
ညီလေးကုက မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်။
“လိုချင်တာပေါ့... အဲ့ဒါ ကျွန်တော်တို့ပိုက်ဆံလေ... နောင်ကျရင် ရှောင်ပေါင် မိန်းမယူဖို့ သိမ်းထားရမှာ... ရှောင်ယာ အိမ်ထောင်ကျရင်လည်း တင်တောင်းငွေ ပြင်ဆင်ပေးရဦးမယ်... လျူမိသားစုက ဘာကိစ္စနဲ့ ယူသွားပြီး မိန်းမယူရမှာလဲ...”
ကုမင်တာ့ ခေါင်းညိတ်လိုက်ပြီး စာချုပ်နှစ်စောင် ရေးပေးကာ အပြင်ထွက်သွားလေသည်။
တတိယအိမ်ကိစ္စ ပြီးသွားသောအခါ အဖွားကုသည် သူမ၏ အခန်းထဲသို့ ပြန်ရောက်လာပြီး ထိုင်လိုက်သည်။
ချန်ချွန်းဟွာက အပြုံးတစ်ခုဖြင့် ရောက်လာပြန်သည်။
“အမေ... ဒုတိယမောင်လေးက ကျွန်မတို့ အိမ်ကြီးအတွက် ဘာတွေ ပေးလိုက်လဲ... မြန်မြန် ခွဲပေးပါ...”
အဖွားကု မျက်နှာထား တင်းမာသွားသည်။ သူမသည် လျူအာနီကို မကျေနပ်သလို ချန်ချွန်းဟွာကိုလည်း ဘယ်နေရာမှ ကြိုက်နှစ်သက်ခြင်း မရှိပေ။
လျူအာနီက မိဘအိမ်ကို ဦးစားပေးပြီး ချန်ချွန်းဟွာက အိမ်ကြီးကိုသာ ဦးစားပေးသည်။ သူမက တစ်မိသားစုလုံး အိမ်ကြီးကို ထောက်ပံ့စေချင်သည်။ သူမတွင် ကျေးဇူးကန်းသော စိတ်ဓာတ် ရှိပြီး ဘယ်လောက်ပေးပေး မကျေနပ်နိုင်ပေ။
“နင်က ကွယ်ရာမှာ ဒုတိယအိမ်ကို မကောင်းပြောနေပြီးတော့... အခု ပစ္စည်းလာယူရတာ မရှက်ဘူးလား...”
အဖွားကုက မေးလိုက်သည်။
ချန်ချွန်းဟွာသည် မျက်နှာပြောင်တိုက်ရာတွင် နှစ်ယောက်မရှိပေ။ သူမက ပြောလိုက်သည်။
“အမေကလည်း... ဘယ်သူက အတင်းပြောလို့လဲ... ကျွန်မ ဘယ်တော့မှ အဲ့လိုမလုပ်ပါဘူး...”
အဖွားကုက သူမကို မျက်စောင်းထိုးလိုက်ပြီး သူမပြောခဲ့သည်များကို အတိအကျ ပြန်ပြောပြလိုက်သည်။
“ဒုတိယအိမ်က ကောင်စုတ်က ကံကောင်းလို့ ဒီတစ်ခါ စာမေးပွဲ အောင်တာပါ... နောက်တစ်ခါ ဘာဖြစ်မလဲ မသိဘူး... တဖြည်းဖြည်းနဲ့ ကျရှုံးမယ့်နေ့ ရောက်လာဦးမှာပါ တဲ့...”
အစ်ကိုကြီးကုက အရင်ဆုံး မကျေမနပ် ဖြစ်သွားပြီး ဆူပူလိုက်သည်။
“မင်းက ငါ့ညီကို ကွယ်ရာမှာ ကျိန်ဆဲရဲတယ်ပေါ့...”
ချန်ချွန်းဟွာသည် ဒုတိယအိမ်မှ အခွင့်အရေး ယူချင်သော်လည်း ဒုတိယအိမ်အပေါ် မနာလိုဝန်တိုစိတ်ကို မထိန်းချုပ်နိုင်သော လူမိုက်တစ်ယောက် ဖြစ်လေသည်။
အဘွားအိုက ကုမင်တာ့ကို ကြည့်ပြီး ပြောလိုက်သည်။
“သားကြီး... မင်း သူ့ကို ခေါ်ပြီး ဒုတိယအိမ်ကို သွားတောင်းပန်...”
အစ်ကိုကြီးကု မပျော်ရွှင်တော့ပေ။
“သူ ကွယ်ရာမှာ ပြောတာလေ... ကျွန်တော်က ဘာလို့ လိုက်သွားရမှာလဲ...”
အစ်ကိုကြီးကုက သားအကြီးဆုံး ဖြစ်သဖြင့် ညီဖြစ်သူကို မတောင်းပန်ချင်ပေ။
အဘွားအိုက ပြောလိုက်သည်။
“ကောင်းပြီလေ... ဒါဆို သားလတ်ပေးတဲ့ လက်ဆောင်တွေကို သူ့ကို ပြန်ပေးလိုက်တော့မယ်...”
အဘွားအို၏ သဘောထားက ရှင်းလင်းနေသည်။ သူမသည် အိမ်ကို ငြိမ်းချမ်းစေချင်သည်။ အနည်းဆုံးတော့ အပေါ်ယံ ငြိမ်းချမ်းမှု ရချင်သည်။
အစ်ကိုကြီးကု မျက်လုံးပြူးသွားပြီး ဝမ်းနည်းသလို ပြောလိုက်သည်။
“အမေ... အမေက သားလတ်ကို တကယ် တန်ဖိုးထားတာပဲ... သူ့ကို နည်းနည်းလေးတောင် မနစ်နာစေချင်ဘူး...”
အဘွားအိုသည် အရင်တုန်းက သားသုံးယောက်ကို တန်းတူ ဆက်ဆံခဲ့သည်။ သားသုံးယောက်ကြား ကိစ္စများကို သူတို့ဘာသာ ဖြေရှင်းစေခဲ့သည်။ ဒီတစ်ခါ ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်။
အဘွားအိုသည် သားကြီးကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းညီက ငွေရော လူရော ပင်ပန်းခံထားရတာ... နောက်ဆုံးကျတော့ အကောင်းပြောမခံရဘူး... ဘာလို့လဲ... သူက အလားအလာရှိပြီး စာတတ်လို့ မင်းတို့အတွက် ပေးဆပ်ရမှာလား... သူ မင်းတို့ကို ဘာမှ အကြွေးမတင်ဘူး...”
အစ်ကိုကြီးကု ပါးစပ်ဟပြီး တစ်ခုခု ပြောချင်သော်လည်း ပြန်ချေပရန် အကြောင်းပြချက် မရှာတွေ့ပေ။
အဘွားအိုက ဆက်မေးလိုက်သည်။
“သားကြီး... မင်းမိန်းမ လုပ်တာတွေ ပြောတာတွေက မင်းနဲ့ မဆိုင်ဘူးလို့ ထင်နေတာလား...”
အစ်ကိုကြီးကု တိတ်ဆိတ်နေသည်။
အဘွားအို နှာခေါင်းရှုံ့လိုက်၏။
“လင်နဲ့မယား လျှာနဲ့သွားပဲ... မတည့်ရင်တောင် တစ်သက်လုံး အတူနေရမှာ... သူလုပ်တာ မင်းလုပ်တာပဲ... ဘာပဲဖြစ်ဖြစ် ငါကတော့ ဒီလိုပဲ မြင်တယ်... မင်း ချန်ချွန်းဟွာကို ကောင်းကောင်း မထိန်းနိုင်ရင်... နောက်ကျရင် မင်းတို့လင်မယား သားလတ်နဲ့ ဝေးကွာသွားဖို့ပဲ ရှိတယ်...”
“ငါက သားလတ်ကို မျက်နှာလိုက်တယ်လို့ မင်း ထင်နေတာလား... မင်းနဲ့ သားငယ်က ငါ့ကို အိုစာမင်းစာ ပေးလို့လား... ငါက ဘာကိစ္စ မင်းတို့ကို မျက်နှာလိုက်ရမှာလဲ...”
အစ်ကိုကြီးကုသည် ရင်ဘတ်ကို အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် သားအရင်း ဖြစ်နေသဖြင့် ရိုက်ပြီးရင် ပြန်ချော့ရဦးမည်။ အဘွားအိုက ပြောလိုက်သည်။
“မင်းတို့အိမ်က ကုကျင်းရဲ့ အနာဂတ်က သေချာနေပြီ... သားကြီး ကုယွင်ကျတော့ ဘယ်လိုလဲ... သူလည်း မငယ်တော့ဘူး... မင်းတို့လင်မယား သူ့အတွက် ဘာမှ မစီစဉ်ပေးဘူးလား... နောက်ကျရင် မင်းတို့လိုပဲ မိုးရွာရင် အမိုးမလုံတဲ့ ဘဝမျိုး ရောက်စေချင်တာလား...”
“အမေ... ကုယွင်အတွက် အစီအစဉ် ရှိလို့လား...”
အစ်ကိုကြီးကုက မေးလိုက်သည်။
လယ်ထဲဆင်းရသည့် ဒုက္ခကို အစ်ကိုကြီးကုထက် ဘယ်သူမှ ပိုနားမလည်ပေ။ လယ်ဧက အနည်းငယ်ကို လပေါင်းများစွာ ပင်ပန်းခံ စိုက်ပျိုးပြီးနောက် အခွန်ဆောင်လိုက်လျှင် တစ်မိသားစုလုံး စားဖို့ မနည်း ရုန်းကန်ရသည်။ ရာသီဥတု မကောင်းလျှင် ထမင်းတောင် ဝအောင် မစားရပေ။
တခြား ထွက်ပေါက်ရှိလျှင် သူ့သားကို သူ့လမ်းစဉ်ဟောင်းအတိုင်း မလျှောက်စေချင်ပေ။
“ငါ့မှာ အစီအစဉ် မရှိပါဘူး... ဒါပေမဲ့ သူ့ဒုတိယဦးလေးမှာ နည်းလမ်း ရှိကောင်းရှိနိုင်တယ်... မင်းသာ သူဆိုရင်... ကွယ်ရာမှာ အတင်းပြောနေတဲ့ မိဘတွေရဲ့ သားသမီးကို ကူညီချင်ပါ့မလား...”
အဘွားအိုက မေးလိုက်သည်။
အစ်ကိုကြီးကု နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
အဘွားအိုသည် သူ့ကို ကြည့်ပြီး သူနှင့် ချန်ချွန်းဟွာတို့သည် တစ်အိုးတည်း ထွက်သည့် ပဲများ ဖြစ်ကြောင်း ပို၍ ခံစားလိုက်ရသည်။ ချန်ချွန်းဟွာက ဒုတိယအိမ်ကို မနာလို ဖြစ်နေသလို အစ်ကိုကြီးကုလည်း မနာလို မဖြစ်ဘူးလို့ ပြောလို့မရပေ။
“ကုကျင်းအတွက်ဆိုရင် ဦးလေးချန်ကို သွားတောင်းဆိုရဲပြီးတော့... ကုယွင်ကျတော့ မလုပ်ပေးနိုင်ဘူးလား... ကိုယ်က ဘာမှ မလုပ်ပေးဘဲနဲ့ ညီဖြစ်သူက ကိုယ့်အပေါ် ကောင်းရမယ်လို့ ထင်နေတာလား... မတ်တပ်ရပ်ပြီး တောင်းစားချင်နေတာလား... သေချာ စဉ်းစားကြည့်... သူများတွေကို မျက်နှာလုပ်ရတာထက် ကိုယ့်ညီအရင်းကို ပျော်အောင် လုပ်ရတာ ပိုလွယ်တယ်…”
အဘွားအိုသည် ပြောစရာရှိတာ ပြောပြီးနောက် လက်ဝှေ့ယမ်းကာ လင်မယားနှစ်ယောက်ကို မောင်းထုတ်လိုက်သည်။
လင်မယားနှစ်ယောက် အခန်းပြန်ရောက်သောအခါ ချန်ချွန်းဟွာက အမှားကို မသိသေးဘဲ ဆက်ပြောနေသည်။
“အဘွားကြီးက တကယ် မျက်နှာလိုက်တာ... ဒုတိယအိမ်ရဲ့ အနာဂတ်ကို ကြည့်ပြီး ကျွန်မတို့အိမ်ကြီးကို အထင်သေးနေတာ...”
“တော်တော့...”
အစ်ကိုကြီးကုက ဇနီးသည်၏ စကားကို ဖြတ်ပြောလိုက်သည်။
အဘွားအို၏ စကားများက သူ့ကို အမှန်တရား တစ်ခု သိမြင်စေခဲ့သည်။
မိသားစု ခွဲပြီးနောက် အမေက အိမ်ထောင်ဦးစီး မဟုတ်တော့သဖြင့် အမေ မျက်နှာလိုက်သည် မလိုက်သည်က အရေးမကြီးတော့ပေ။
သို့သော် သူ့ညီ ကုမင်တာ့သည် မိသားစုတွင် အစွမ်းအစ အရှိဆုံးသူ ဖြစ်လာလေပြီ။ နောင်လာမည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲချင်လျှင် ညီဖြစ်သူကို ကောင်းကောင်း ဆက်ဆံရမည်။
ကိုယ့်အသုံးမကျမှုကို ကိုယ်တိုင် သိမြင်လာရခြင်းလောက် ဝမ်းနည်းစရာ ကောင်းတာ မရှိပေ။
အစ်ကိုကြီးကု အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဇနီးသည်ကို ပြောလိုက်သည်။
“ငါ မင်းနဲ့အတူ လိုက်ပြီး ဒုတိယအိမ်ကို သွားတောင်းပန်မယ်...”
နေ့ဝက်အတွင်းမှာပင် ကုမိသားစု တစ်ခုလုံး ပြောင်းလဲသွားလေသည်။
ကုမင်တာ့ အပြင်က ပြန်လာသည်နှင့် အိမ်ကြီးမှ လင်မယားနှစ်ယောက်က ဘယ်ညာ ဝိုင်းရံလိုက်ကြသည်။
“ဒုတိယမောင်လေး... မရီးက စေတနာဆိုး မရှိပါဘူး... အရင်တုန်းက စကားမှားတာတွေ ရှိခဲ့ရင် ခွင့်လွှတ်ပါ... ဒီနေရာကနေ တောင်းပန်ပါတယ်...”
ချန်ချွန်းဟွာက မျက်နှာငယ်လေးဖြင့် တောင်းပန်လိုက်သည်။
သူမသည် ချွေးမကောင်း တစ်ယောက် မဟုတ်သော်လည်း သားသမီးအတွက် ပေးဆပ်ရဲသော မိခင်တစ်ယောက် ဖြစ်ပေသည်။
အစ်ကိုကြီးကုလည်း ဘေးမှ ပြောလိုက်သည်။
“ညီလေး... ညီမလေး... အစ်ကိုကြီးက အသုံးမကျပါဘူး...”
မိခင်ဖြစ်သူ ကြိုးစားပြီးနောက် ဒီလိုရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု ကုမင်တာ့ မထင်ထားခဲ့ပေ။ သူသည် ညီအစ်ကို သံယောဇဉ်ကို အမြဲ တန်ဖိုးထားသည်။ အစ်ကိုကြီးနှင့် မရီးတို့က အမှားဝန်ခံလာမှတော့ ဆက်ပြီး အပြစ်ရှာနေမည် မဟုတ်ပေ။
အစ်ကိုကြီးကုသည် အစပိုင်းတွင် ပြောရခက်မည်ဟု ထင်ခဲ့သော်လည်း တကယ် ပြောလိုက်သောအခါ ညီဖြစ်သူက အလွယ်တကူ ခွင့်လွှတ်ပေးလိုက်သဖြင့် စိတ်သက်သာရာ ရသွားသည်။ သို့သော် ရင်ထဲတွင် ရှိခဲ့သော မနာလိုစိတ်များအတွက် ရှက်ရွံ့မိသွားလေသည်။
လျူအာနီသည် မိဘအိမ်သို့ နေ့ဝက်ကြာ ပြန်သွားခဲ့သော်လည်း နောက်ဆုံးတွင် လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။
သူမသည် ကွာရှင်းစာချုပ် ရေးထားသည့် ကိစ္စကို ဆူညံနေဆဲ ဖြစ်သည်။ လျူမိသားစုမှ ညီအစ်ကိုများကလည်း အိမ်သို့ ရောက်လာပြီး မောက်မာစွာ ပြောဆိုနေကြသည်။
“ငါ့အစ်မက ခင်ဗျားတို့အိမ်မှာ နွားလို ကျွဲလို လုပ်ပေးခဲ့တာ... ကုသိုလ်မရရင်တောင် ပင်ပန်းရကျိုးတော့ နပ်သင့်တယ်...”
လျူမိသားစုမှ ကောင်လေး စကားမဆုံးခင် ရပ်တန့်သွားသည်။
ကုမင်တာ့ ထွက်လာသောကြောင့် ဖြစ်လေသည်။
လျူမိသားစုမှ ညီအစ်ကိုများသည် ကုမင်တာ့ကို မြင်သည်နှင့် ကြောက်လန့်သွားကြသည်။ ရွာထဲတွင် ပတ်ပြေးပြီး အော်ဟစ်ခဲ့ရသည်ကို မှတ်မိနေကြသေးသည်။
“ပိုက်ဆံ လာပြန်ဆပ်ကြတာလား...”
ကုမင်တာ့က တမင် မေးလိုက်သည်။
ညီအစ်ကိုများ အကြည့်ချင်း ဆုံလိုက်ကြပြီး ဘာမှ မပြောရဲတော့ပေ။ နောက်လှည့်ပြီး အိမ်ပြန်ပြေးကြရာ လျူအာနီ တစ်ယောက်တည်း ကြောင်တောင်တောင် ကျန်ရစ်ခဲ့လေသည်။
ညီလေးကုက သူမကို ကြည့်ပြီး ပြောလိုက်သည်။
“ကွာရှင်းစာချုပ် မယူချင်ရင်... စွန့်ပစ်စာချုပ် ယူသွား...”
“ရှင် ကျွန်မကို စွန့်ပစ်လိုက်ရင်တောင် ပိုက်ဆံ ပြန်မရနိုင်ဘူး...”
လျူအာနီ အော်ပြောလိုက်သည်။
သူမက ညီလေးကုကို နိုင်ပြီဟု ထင်နေသည်။
သို့သော် ခဏအကြာတွင် လျူတာ့ရှန်သည် သေးထွက်ကျမတတ် ပြေးလာခဲ့လေသည်။
“အစ်မ... အစ်မ... အရာရှိတွေ အိမ်ရောက်နေတယ်... လူတွေ ဝင်ဖမ်းနေကြတယ်... ငါတို့က ကုမိသားစု ပိုက်ဆံကို ခိုးသွားတယ်တဲ့...”