← Chapters

ရှောင်ချန်း၊ ထွက်သွားစမ်း

Vol. 8 Ch. 748

ရှောင်ချန်း၊ ထွက်သွားစမ်း

Vol. 8 Ch. 748

ညနက်နေပြီဖြစ်ပြီး လမင်းကြီးသည် ဗဟိုဧကရာဇ်မြို့တော်အထက် ကောင်းကင်ယံတွင် ထိန်ထိန်သာနေသည်။ အမျိုးမျိုးသော အဆောက်အအုံများထံမှ ထိုးထွက်နေသည့် မီးအိမ်အလင်းတန်းများနှင့် ပေါင်းစပ်လိုက်သည်တွင် နေ့အလင်းနှင့် တစ်ထပ်တည်းမဖြစ်သည့်တိုင် ကျင့်ကြံသူများအတွက် သဲသဲကွဲကွဲမြင်ရလောက်သည်အထိ ပြီးပြည့်စုံသေးသည်။

လူပေါင်းရာချီသည် ပိတ်ထားပြီဖြစ်သော ပိုင်ရှောင်ချန်း၏ဆိုင်ဆီသို့ ခပ်သုတ်သုတ်သွားနေကြ၏။ လောလောဆယ်တွင် ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်သည် အနောက်ခန်းထဲ၌ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်အချို့ကို အတူတကွဖန်တီးနေကြသည်။

ပိုင်ရှောင်ချန်းသည် လက်ရှိပြဿနာများ အားလုံးနီးပါးကို ဖြေရှင်းပြီးသွားလေပြီ။ မကြာသေးမီက ဖန်တီးခြင်းပေါင်းများစွာမှာ သူ မအောင်မြင်ခဲ့သည့်တိုင် ၎င်းတို့ကြောင့် သူ၏ ယုံကြည်ချက်များ တိုးပွားလာခဲ့သည်။

ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးရာတွင် သူရောက်ရှိခဲ့သော သဟဇာတမီးတောက်အဆင့်က သူ့ကို များစွာသော ဉာဏ်ကွန့်မြူးမှုများ ပေးခဲ့သည်။ သူသည် စွန်းရီဖန်၊ စီမာတာအိုတို့နှင့် နောက်ဆက်တွဲ ဆွေးနွေးခြင်းမှလည်း များစွာ အကျိုးထူးခဲ့သည်။ ထိုအချက်များကြောင့် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်လုပ်ဆောင်ခြင်းက မြောက်မြားစွာ တိုးတက်ခဲ့သည်။

အရေးအကြီးဆုံးအချက်ကား ပိုင်ဟောင်၏ အကူအညီဖြစ်သည်။ ဆရာတပည့်နှစ်ယောက်သည် ရုတ်တရက် ပေါ်ပေါက်လာသော ပြဿနာများအားလုံးကို ဆွေးနွေးပြီး အတူတကွ ဖြေရှင်းကြသည်။ ပိုင်ရှောင်ချန်းက လက်တွေ့ မီးတောက်ဖန်တီးခြင်းကို လုပ်ဆောင်စဥ် ပိုင်ဟောက်က သူမြင်သမျှ အမှားတိုင်းကို ထောက်ပြရန် အဆင်သင့် ဖြစ်နေလျက် မမှိတ်မသုန် အာရုံစူးစိုက်ကာ စောင့်ကြည့်နေခဲ့သည်။ ယခုအချိန်တွင် ပိုင်ရှောင်ချန်းမှာ အမှားမလုပ်သလောက်ဖြစ်နေလေပြီ။ သို့သော် ပိုင်ဟောက်က အလေးအနက် ရပ်ကြည့်နေဆဲဖြစ်သည်။

မီးတောက်ဖန်တီးရာတွင် သူ၏ ဆရာက အာရုံစူးစိုက်ပြီး လေးနက်သော အမူအရာဖြင့် အလွန်ကြိုးစားလုပ်နေသည့် မြင်ကွင်းက ပိုင်ဟောက်ကို စိတ်ထဲတွင် သက်ပြင်းချမိသွားစေသည်။

" ဆရာက တော်တော် အားကိုးရပုံမပေါ်ပေမယ့် မီးတောက်ဖန်တီးတာကိုတော့ တကယ် အလေးအနက်ထားသားပဲ။ ဒါက လူတော်တော်များများ မအောင်မြင်တဲ့ နယ်ပယ်တစ်ခုပဲ။ ဆရာရဲ့ ထိန်းချုပ်နိုင်စွမ်းကလဲ ဩချရလောက်တယ်။ သူက အရင်ဆုံး နားမလည်မချင်း လက်တွေ့ဖန်တီးဖို့ လုံးဝ မတွေးဘူး။ ပြီးတော့ သူက နောက်ဆုံးပြဿနာသေးသေးလေးတိုင်းကို အာရုံစိုက်ပြီး ဖြေရှင်းတယ်။ အဲဒါက တခြားလူတွေ မအောင်မြင်တဲ့ နေရာမှာ သူဘာကြောင့် အောင်မြင်ရလဲ ဆိုတဲ့ အကြောင်းရင်းထဲက တစ်ခုပဲ "

သူက တန်ဖိုးကြီးသော အကူအညီများစွာပေးသည်မှာ မှန်သော်လည်း ထိုအကူအညီများက အခြားလူတစ်ယောက်အတွက် သိပ်အသုံးဝင်လိမ့်မည်မဟုတ်ကြောင်း ပိုင်ဟောက် သိသည်။ သူ့ဆရာကဲ့သို့ အဆင့်နှင့် အရည်အချင်းရှိသော လူတစ်ယောက်အတွက်သာ အကျိုးထူးနိုင်သည်။

" ဆရာ၊ ဆရာ အာကာသအောက်လမ်းဆရာဖြစ်အောင် ကျွန်တော် သေချာပေါက် ကူညီပေးပါ့မယ် "

ပိုင်ဟောက်သည် သူ၏ ကျင့်ကြံခြင်းအပေါ် မစိုးရိမ်တော့ပေ။ ကမ္ဘာပေါ်တွင် အခြားသရဲကျင့်ကြံသူများရှိသည်လား သူမသေချာသော်လည်း သူသိသရွေ့ သူတစ်ယောက်တည်းသာ ဖြစ်သည်။ ထို့ကြောင့် သရဲကျင့်ကြံသူများအတွက် မည်သည့်ကျင့်စဥ်မှ မရှိပေ။ ပိုင်ရှောင်ချန်းက ထိုပြဿနာကို သိသဖြင့် ဗဟိုဧကရာဇ်မြို့တော်တွင် လျှို့ဝှက်စုံစမ်းမှုများပင် ပြုလုပ်ခဲ့သေးသည်။ ကံဆိုးစွာပင် မည်သည့် သဲလွန်စမှ မရချေ။

သို့သော် သူက မည်သို့လုပ်ရန်နှင့် ပတ်သက်၍ အခြားအကြံများရှိနေပြီး ပိုင်ဟောက်ကို မစိုးရိမ်ရန်နှင့် သူ့တပည့်အသုံးပြုရန်အတွက် သရဲကျင့်ကြံသူကျင့်စဥ်များအတွဲတစ်တွဲကို သေချာပေါက် ရှာပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုအကြောင်းတွေးလိုက်သောအခါ ပိုင်ဟောက်မှာ များစွာ နေသာထိုင်သာရှိသွားသည်။ သူ၏ ဆရာသည် အချို့နေရာများတွင် မယုံကြည်ရသော်လည်း ကတိတစ်ခုပေးလျှင် ထိုကတိကို တည်ရန်အတွက် ဘာမဆိုလုပ်မည့်သူဖြစ်ကြောင်း သူသိသည်။

ထိုအတွေးများကိုခေါင်းထဲက ထုတ်လိုက်ရင်း သူ၏ ဆရာ မီးတောက် ဖန်တီးသည်ကို ကူညီရာတွင် အာရုံစိုက်လိုက်သည်။ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် အရေးကြီးဆုံးအဆင့်သို့ ရောက်နေသည်။ မီးတောက်ပင်လယ်က တိကျသောနည်းလမ်းအတိုင်း ဖြစ်ပေါ်လာပြီး အမုန်းဝိညာဥ်များကို အထဲသို့ ဂရုတစိုက်ကျွေးနေရသည်။ အချိန်များကုန်လွန်လာသည်နှင့်အမျှ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်သည် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ပင်လယ်အတွင်း တဖြေးဖြေး ရုပ်လုံးပေါ်လာတော့သည်။

" အလုပ်ဖြစ်တော့မယ် "

ပိုင်ရှောင်ချန်းမှာ အားရကျေနပ်ခြင်းကို မခံစားနိုင်ဘဲ ဖန်တီးခြင်း၏ နောက်ဆုံးအဆင့်ကို အောင်မြင်တော့မည့်အချိန်မှာပင် ရုတ်တရက် ပေါက်ကွဲမှုကြီးတစ်ခုကြောင့် အရာအားလံုး တုန်ခါသွားတော့သည်။ ထို့နောက် သတ်ဖြတ်လိုစိတ်များ ရောယှက်နေသည့် ဒေါသတကြီး အော်သံကို ကြားလိုက်ရသည်။

" မင်းဘဝ ဆုံးပြီ ပိုင်ဟောက် "

ဆိုင်ရှေ့တံခါးမှာ ပေါက်ကွဲသွားပြီး ခေါင်မိုးမှာ ကျွံကျသွားကာ ကျင့်ကြံသူတစ်ဒါဇင်ကျော် အထဲသို့ ဝင်ရောက်လာကြသည်။ ပိုင်ရှောင်ချန်းမှာ ဒိန်းခနဲရင်တုန်သွားသည်။ ဤသည်မှာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက် ဖန်တီးခြင်း၏ အရေးကြီးဆုံးအခိုက်အတန့်ဖြစ်ပြီး ကျူးကျော်သူ တစ်ဒါဇင် ရုတ်တရက် ပေါ်လာခြင်းကြောင့် သူ ဆွံ့အသွားရသည်။

ပိုင်ရှောင်ချန်း၏ စိတ်အခြေအနေနှင့် ဆက်သွယ်နေသော မီးပင်လယ်သည် ချက်ချင်း မတည်မငြိမ်ဖြစ်သွား၏။ သူသတိလွတ်သွားသည့် အခိုက်အတန့်မှာပင် ဆိုင်၏ အနောက်တံခါး ဝုန်းခနဲပွင့်သွားသည်။

" ချီးတဲ့မှပဲ "

ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားသော်လည်း မည်သို့လုပ်ရမည်ကို တွေးနေရန် အချိန်မရှိပေ။ မီးပင်လယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သဖြင့် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ လေထဲတွင် ပြည့်နှက်သွားတော့သည်။ သူက ပိုင်ဟောက်ကို လှမ်းဆွဲ၍ သူ၏လိပ်ဒယ်အိုးလေးထဲတွင် ပုန်းလိုက်ရန်မှ လွဲ၍ အခြားလုပ်ရန် အချိန်မရှိလိုက်ချေ။

လက်ရွေးစင်ဒါဇင်ကျော်မှာ အနောက်ခန်းထဲသို့ ဝင်နေဆဲ ဖြစ်ပြီး သူတို့ မတုံ့ပြန်နိုင်လိုက်ခင်မှာပင် ပြင်းထန်သော အပူရှိန်ကြီးက သူတို့၏ မျက်နှာများကို တိုးဝှေ့ဝင်ဆောင့်သွားသည်။ သူတို့က နောက်သို့ ခုန်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း အချိန်မရှိတော့ဘဲ ချက်ချင်းပင် ဆယ့်ခုနစ်ရောင်ခြယ်မီးပင်လယ်၏ ဝါးမျိုခြင်း ခံလိုက်ရတော့သည်။

လက်ရွေးစင်များမှာ မီးတောက်မီးလျှံများ ဝင်တိုက်ခံလိုက်သဖြင့် စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံများ အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွား၏။ ထိုလူများအနက် သုံးယောက်မှာ အကာအကွယ် ပစ္စည်းများကို ထုတ်ရန် လက်နှေးသွားခဲ့သည့်အတွက် တုန်လှုပ်ဖွယ်ကောင်းသော မီးတောက်ပြင်းအားကြောင့် သူတို့၏ အပြင်ခန္ဓာကိုယ်များမှာ ပြာကျသွားတော့သည်။

ထို့နောက် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်မီးလျှံများက သူတို့၏ ဝိညာဥ်များကို နေရာမှ လုံးဝဖယ်ရှားပစ်လိုက်တော့သည်။

သူတို့ကား ဝိညာဥ်နှင့်ခန္ဓာ ဇီဝိန်ချုပ်သွားေလပြီ။

နောက်ဆုတ်လိုက်နိုင်သည့် လူများမှာ မီးတောက်များ ဝါးမျိုသွားသည့်ဆိုင်ကို တအံ့တသြကြည့်နေကြလေသည်။ ထိုအခိုက်အတန့်တွင် အနောက်ခန်း၊ ခြံဝင်းနှင့် ဆိုင်၏ အဓိကအစိတ်အပိုင်းများအားလုံးကား မည်းညစ်နေသော အုတ်ပုံအဖြစ်သာ ကျန်ရှိတော့သည်။ ထိုမျှသာမက အနီးနားရှိ ဆိုင်များလည်း ဒဏ်ခံလိုက်ရသည်။

မီးတောက်များ ကောင်းကင်ယံသို့ မြင့်တက်လာသဖြင့် ပတ်ဝန်းကျင်တွင် ပွက်လောရိုက်သွားတော့သည်။ အဝေးမှ ပို၍ များပြားသော လက်ရွေးစင်များ ထိုနေရာသို့ ပျံသန်းလာနေကြပြီး ဖြစ်ပျက်နေသည်များကို မြင်သောအခါ ပင့်သက်ရှိုက်သွားကြသည်။ ဤကဲ့သို့ အရာမျိုး ဖြစ်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးဖူးသော်လည်း စတင်ခဲ့မိပြီဖြစ်ရာ ယခုမှတော့ နောက်ဆုတ်၍ မရတော့ပေ။

နတ်ဝံပုလွေလေးသည် လူအုပ်ထဲတွင် ရှိနေ၏။ အစက သူသည် အတန်ငယ် ထိန်းချုပ်ပြီးမှ နောက်ဆုံးမှ လှုပ်ရှားမည်ဟု ကြံစည်ထားခဲ့လေသည်။ သို့သော် ယခုတွင် သူက အံတင်းတင်းကြိတ်၍ အော်လိုက်သည်။

" အတူတူ တိုက်ကြ "

သို့သော် ထိုအချိန်တွင် ဒေါသတကြီးအော်ဟစ်သံတစ်သံက လေထဲတွင် ပဲ့တင်ထပ်သွားသဖြင့် လူမြောက်မြားစွာ တုန်လှုပ်သွားသည်။ ပိုင်ရှောင်ချန်းက လိပ်ဒယ်အိုး၏ အစွန်းကို မလိုက်သည်တွင် သူ ချစ်မြတ်နိုးရပါသော ဆိုင်ကလေးသည် လောင်ကျွမ်းပြီး အငွေ့တလူလူဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူ့ဘေးတွင် သူ၏တပည့်သည် ကြောက်လန့်တုန်ရီနေလျက်ရှိသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် ဒေါသများဖြင့် နီမြန်းလာပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

ဤဆိုင်သည် သူ့အိမ်ဖြစ်ပြီး မြေရိုင်းဒေသတွင် သူတစ်ဦးတည်းသာ ပိုင်ဆိုင်သော တစ်ခုတည်းသော နေရာလေးဖြစ်သည်။ ယခုတွင် ၄င်းကား မရှိတော့ပေ။ လူရမ်းကားတစ်သိုက် လာရောက်ပြီး ၄င်းကို ဖျက်စီးခဲ့လေသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်လာတော့သည်။

" လူရမ်းကားတွေ "

သူက ဖြေးညင်းစွာ ထရပ်ရင်း အော်လိုက်သည်။

" ယုတ်မာလိုက်ကြတဲ့ကောင်တွေ "

သူက ဒေါသကြောင့် အသားများတဆတ်ဆတ်တုန်နေသည့်တိုင် ပထမဆုံး ပိုင်ဟောက်ကို လုံခြုံအောင် ဘေးပို့လိုက်သည်။ သူက ကြိုးစားထိန်းချုပ်ရင်း နတ်ဘုရားအာရုံများ ထုတ်လွှတ်၍ ပတ်ဝန်းကျင်တွင် လူတစ်ဒါဇင်အနည်းငယ်သာရှိပြီး ရာဂဏန်းအနည်းငယ်က အတော်လှမ်းလှမ်းမှ ချဥ်းကပ်လာနေကြောင်း အတည်ပြုလိုက်သည်။

ထိုသည်က ဤလူများသည် သူ့ကို သတ်ရန် ကြိုးစားနေကြောင်း သိလိုက်သည်။ တိုက်ခိုက်ရန် ပြင်နေသည့် လူများကြောင့် သူ့ယူဆချက် ပို၍ ခိုင်လုံသွားတော့သည်။

သို့သော် စတင် တိုက်ခိုက်မည့်အစား သူက စာပို့ကျောက်စိမ်းပေလွှာကို ထုတ်၍ သရဲကြီးဘုရင်ထံ အသံစာပို့လိုက်သည်။

သရဲကြီးဘုရင်က အဖြစ်အပျက်များကို ကြားသောအခါ ပထမဦးစွာ မှင်သက်သွားသည်။ သို့သော် သူသည် အခြေခံအားဖြင့် မာနကြီးကာ မောက်မာသော လူတစ်ယောက်ဖြစ်လေရာ တခဏကြာတွေးပြီးသော် ပြန်စာပို့လိုက်သည်။

" ပိုင်ဟောက်၊ မင်းက သရဲကြီးဘုရင်ရဲ့ သမက်ပဲ။ သူတို့ မင်းကို အနိုင်ကျင့်တာကို ဒီအတိုင်းရပ်ကြည့်မနေနဲ့။ အကုန်လုံးကို ဆုံးမလိုက်။ ဘာအကျိုးဆက်ပဲဖြစ်ဖြစ် ငါအကုန်ဖြေရှင်းပေးမယ်။ တစ်ယောက်မှတော့ မသတ်နဲ့နော်။ ငါ၊ မိုလေးကို ကူညီပေးဖို့ ပြောလိုက်မယ်။ မဟာကောင်းကင်သခင်ကိုကော စာပို့ပေးမယ်။ မစိုးရိမ်နဲ့။ ငါ အကုန်လုံးကို တာဝန်ယူတယ် "

ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်၏ ပြန်စာကို ကြားသောအခါ ပို၍ သတ္တိရှိလာလေသည်။ သူက မော့ကြည့်ရင်း သူ၏ ဒေါသများကို ချုပ်တည်းရန် မလုပ်တော့ဘဲ ထိုအစား ဖြစ်နိုင်သမျှ တောက်လောင်သထက် တောက်လောက်စေလိုက်သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက လှစ်ခနဲရွေ့လျားကာ ကျန်ရှိနေသည့်မီးပင်လယ်ထဲမှ ပျံထွက်လိုက်သည်။

" မင်းတို့က ငါ့ကို စီးပွားရေးနဲ့ ကလိမ်ကကျစ်လာလုပ်တယ်။ ငါ့ဆိုင်ကို ဖျက်စီးတယ်။ မင်းတို့က ငါလက်ပါလာအောင် ဖိအားပေးနေတာပဲ "

သူ၏ စကားလုံးများက ကောင်းကင်ဘုံမှလာသော မိုးကြိုးအလား ပဲ့တင်ထပ်သွားချိန်တွင် သူက အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ရွေ့လျားလိုက်ရာ လာနေသော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ရှေ့တွင် ပေါ်လာသည်။

ထိုကျင့်ကြံသူသည်ကား နတ်ဝံပုလွေလေးက လွဲ၍ တခြားမဟုတ်ပေ။ သူက အလင်းတန်းတစ်ခုသာ မြင်မိလိုက်ပြီး နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ဒေါသထွက်လျက် ရှုံ့တွနေသည့် မျက်နှာဖြင့် သူရှေ့တည့်တည့်ရောက်ချလာတော့သည်။

သူ တုန်တုန်ရီရီ ဖြစ်သွားရင်း နောက်ဆုတ်ကာ ပြောလိုက်သည်။

" ခဏ ပိုင်ဟောက်၊ ငါ့ကို ရှင်းပြခွင့်လေးပေးပါဦး။ငါ "

" မင်းရဲ့ သက်စောင့်အား ပြန်ရပြီပေါ့ ဟုတ်တယ်မလား။ နာကျင်ရတာကြိုက်လို့ ငါ့ဆီ ပြန်လာတာပေါ့လေ။ ကဲ ​မြေပြင်ပေါ် လှဲနေစမ်းကွာ "

နတ်ဝံပုလွေလေးမှာ ဝိညာဥ်ရေနွေးအိုးထဲကနှင့် အလွန်ဆင်တူသောဖြစ်ရပ် နောက်တစ်ကြိမ်ဖြစ်လာသည့်အတွက် ခိုကိုးရာမဲ့နေတော့သည်။ ပိုင်ရှောင်ချန်း၏ ကြောက်စရာကောင်းသော လက်သီးချက်က သူ့ကို မြေကြီးနှင့် မိတ်ဆက်လာစေသဖြင့် အင့်ခနဲအော်သံနှင့်အတူ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားတော့သည်။ သူ၏ ယင်ယန်ဝိညာဥ်မှာ အလွန်ဆိုးရွားစွာ တုန်လှုပ်သွားသဖြင့် အပြင်ထွက်တော့မတတ်ဖြစ်သွားသည်။ ထို့နောက် သူ သတိလစ်သွားတော့သည်။

All Chapters