မပျော်ရွှင်ခြင်း
Vol. 11 Ch. 101
ကျန်းယွင်နန်သည် လက်ထဲမှ ငွေ ၇၀ တန် လက်မှတ်ကို ကိုင်ပြီး လျူရှောင်ရူ၏ စရိုက်ကို တွေးမိကာ သံသယမကင်းစွာဖြင့် မေးလိုက်သည်။
“ဒါက များလွန်းတယ်... ဆိုင်က ရသမျှ ပိုက်ဆံ အကုန် ပေးလိုက်တာလား...”
လျူရှောင်ရူက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
“အစ်မကလည်း... အစ်မ မသိလို့ပါ... နှစ်သစ်ကူးကာလမှာ ဆိုင်က အရောင်းအဝယ် ဘယ်လောက် ကောင်းလဲ ဆိုတာ... အစ်မ ပြန်သွားတုန်းက ဆိုင်မှာ တစ်အိုးပဲ ရှိပေမဲ့... အခု သုံးအိုးတောင် ရောင်းနေရပြီ... ဒါတောင် မလောက်မင ဖြစ်နေတာ...”
ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် အံ့သြသွားပြီး ပြောလိုက်သည်။
“တစ်ရက်ကို သုံးအိုးတောင် ရောင်းရတာ ကုန်လို့လား...”
လျူရှောင်ရူက ပြုံးလျက် ပြောလိုက်သည်။
“နှစ်အိုးကို ချွန်းဖုန်းစားသောက်ဆိုင်က မှာထားတာလေ...”
ကျန်းယွင်နန်သည် ဒီလောက် ကံကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အိုးကြီး နှစ်အိုးတောင်... ချွန်းဖုန်းစားသောက်ဆိုင်က ကုန်အောင် ရောင်းနိုင်လို့လား...”
လျူရှောင်ရူက ပြောလိုက်သည်။
“ဘာလို့ မကုန်ရမှာလဲ... ချွန်းဖုန်းစားသောက်ဆိုင်က ကျွန်မ မရောင်းပေးမှာ စိုးလို့ဆိုပြီး ပိုက်ဆံတောင် အရင် ကြိုပေးထားတာ... သူတို့က ကျွန်မတို့ဆီက ယူသွားပြီး သုံးဆတင် ရောင်းတာလေ... အဲ့ဒီ မသမာတဲ့ ကုန်သည်က ကျွန်မတို့ထက် အများကြီး ပိုမြတ်နေတာ...”
ကျန်းယွင်နန်သည် လျူရှောင်ရူလောက် မခံစားရသဖြင့် ပြုံးလျက် ပြောလိုက်သည်။
“ရောင်းနိုင်တာ သူ့အရည်အချင်းပါပဲ... တို့တွေမှာက စားသောက်ဆိုင်မှ မရှိတာ... သူတို့ဆိုင် အရောင်းအဝယ် ပိုကောင်းဖို့ ဆုတောင်းပေးရမှာပေါ့... ဒါမှ တို့တွေလည်း နှပ်ဟင်းရောင်းရမှာလေ...”
ထိုစကားကို ကြားသောအခါ လျူရှောင်ရူ ခြေဆောင့်လိုက်ပြီး ပြောလိုက်သည်။
“အစ်မကလည်း... ဘာလို့ ချန်ဟယ် ပြောတဲ့ စကားနဲ့ တစ်ပုံစံတည်း တူနေရတာလဲ...”
ချန်ဟယ် ဆိုသည်မှာ ချွန်းဖုန်းစားသောက်ဆိုင် ပိုင်ရှင် ဖြစ်ပြီး နေ့စဉ် နှပ်ဟင်းနှစ်အိုး ဝယ်ယူသူ ဖြစ်လေသည်။
ကျန်ရှိနေသော နှပ်ဟင်းတစ်အိုး ရောင်းရပါ့မလားဟု ကျန်းယွင်နန် ထပ်မံ မေးမြန်းလိုက်သည်။
လျူရှောင်ရူက ပြောလိုက်သည်။
“မနက်စောစောကတည်းက တန်းစီနေကြတာ... မနက်ခင်း တစ်ပိုင်းတည်းနဲ့တင် ကုန်တယ်... တို့ဆိုင်က တကယ် နာမည်ကြီးနေပြီ...”
ထိုအခါမှ ကျန်းယွင်နန် စိတ်အေးသွားရသည်။
လျူရှောင်ရူသည် ပိုက်ဆံပေးရုံ သက်သက် မဟုတ်ဘဲ ဒီကာလအတွင်း စာရင်းအင်းများကိုပါ တစ်ခုချင်းစီ ရှင်းပြလေသည်။
“အစ်မ... အခုတော့ ယုံပြီမလား... တို့တွေ တကယ်ပဲ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တယ်ဆိုတာ...”
လျူရှောင်ရူက ပြုံးလျက် ပြောလိုက်သည်။
ကျန်းယွင်နန် ခေါင်းညိတ်ပြလိုက်သည်။
လျူရှောင်ရူက ဆက်ပြော၏။
“အစ်မက မြို့ထဲမှာ နေတော့မှာဆိုတော့... ကျွန်မ အကြံတစ်ခု ရတယ်... ဆိုင်မှာက လူအဝင်အထွက် များတယ်လေ... အဒေါ်ဖုန်းက ဝီရိယရှိပေမဲ့ ကိုယ့်လူလောက် စိတ်မချရဘူး... နောက်ကျရင် ဒီအိမ်မှာပဲ နှပ်ဟင်းချက်ပြီး... ပြီးမှ ဆိုင်ကို သွားပို့ပြီး ရောင်းရင် မကောင်းဘူးလား...”
ကုမင်တာ့ ငှားထားသော အိမ်နှင့် ဆိုင်သည် သိပ်မဝေးသဖြင့် သွားပို့ရန် အဆင်ပြေသည်။
ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် မေးလိုက်သည်။
“ရုတ်တရက်ကြီး ဘာလို့ ပြောတာလဲ... ထူးဆန်းတာ တစ်ခုခု တွေ့လို့လား...”
လျူရှောင်ရူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်မ အမြင်မှားတာလည်း ဖြစ်နိုင်ပါတယ်... နှစ်သစ်ကူးကာလတုန်းက ညဘက်ဆိုရင် ဆိုင်ထဲမှာ အရိပ်တစ်ခု လှုပ်ရှားနေသလို ခံစားရတယ်... လူဝင်နေသလိုပဲ...”
ကျန်းယွင်နန် လန့်သွားပြီး မေးလိုက်သည်။
“နင် တစ်ခုခု ဖြစ်သွားသေးလား...”
လျူရှောင်ရူ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒီလူက ကြောက်တတ်ပုံရတယ်... အသံကြားတာနဲ့ ထွက်ပြေးသွားတာ... နေ့ဘက်ကျရင် ခေါင်းဆောင်ချန်ကို လာကြည့်ခိုင်းပေမဲ့... အဲ့ဒီလူ ထပ်မလာတော့ဘူး...”
ကျန်းယွင်နန်က လျူရှောင်ရူကို အိမ်မှာ လာနေစေချင်သည်။
သို့သော် လျူရှောင်ရူက လင်ကွဲမုဆိုးမ ဖြစ်ပြီး ကုမိသားစုနှင့် တရားဝင် ဆွေမျိုးမတော်စပ်ပေ။ အတူတူ နေလျှင် ပြင်ပလူများက အတင်းပြောကြလိမ့်မည်။ လျူရှောင်ရူက ကုမိသားစု ဂုဏ်သိက္ခာ ကျဆင်းမည့်အလုပ်ကို လက်မခံနိုင်ပေ။
“အဒေါ်ဖုန်း ရှိနေတာပဲ... ဘာဖြစ်နိုင်မှာလဲ... ပြီးတော့ အဲ့ဒီလူက ပစ္စည်းခိုးချင်တာ ဒါမှမဟုတ် ချက်ပြုတ်နည်းကို လိုချင်တာပဲ နေမှာပါ... အခု ပစ္စည်းတွေအကုန်လုံး ဒီကို ရွှေ့လိုက်ရင် သူ လာရဲတော့မှာ မဟုတ်ဘူး... နောက်ကျရင် ဆိုင်မှာ ခွေးတစ်ကောင် မွေးထားလိုက်မယ်... သူ လာရဲရင် လာကြည့်လေ... ပြန်လမ်းမရှိ ဖြစ်သွားစေရမယ်...”
လျူရှောင်ရူက ပြောလိုက်သည်။
သူမက ခေါင်းမာနေသဖြင့် ကျန်းယွင်နန် ဆက်မပြောတော့ပေ။
နှစ်ယောက်စလုံးက လက်တွေ့သမားများ ဖြစ်ကြသဖြင့် မီးဖိုဆောက်ရန် လူငှားလိုက်ကြသည်။ စီးပွားရေး ကောင်းပြီး ပိုက်ဆံမရှားသဖြင့် ကုမိသားစုအိမ်တွင် မီးဖို ငါးလုံး တည်ဆောက်လိုက်သည်။
အဖွားကုသည် ဆိုင်ကိစ္စ မကူညီနိုင်မှာ စိုးရိမ်ခဲ့သော်လည်း ယခု ဟင်းချက်စရာများ ပုံထားသည်ကို မြင်သောအခါ သူမနှင့် အဒေါ်ဖုန်း နှစ်ယောက်တည်း မနိုင်တော့ပေ။ စိတ်မနှံ့သော အဘိုးကုကိုပင် နားရွက်ဆွဲပြီး ကူခိုင်းရသည့် အခြေအနေ ဖြစ်နေသည်။
ပထမလ ကုန်ဆုံးပြီးနောက် မြို့ထဲမှ လူများသည် နှစ်သစ်ကူး စိတ်လှုပ်ရှားမှုများမှ နိုးထလာကြသည်။ ဆိုင်မှ အရောင်းအဝယ် ကျဆင်းသွားပြီး ချွန်းဖုန်းစားသောက်ဆိုင်မှ မှာယူမှုလည်း လျော့နည်းသွားသည်။
သို့သော် မိသားစုအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိပေ။ နှပ်ဟင်းက တစ်ရက်စာ တစ်ရက် ချက်ခြင်း ဖြစ်သည်။ ဒီနေ့ နည်းနည်းရောင်းရရင် မနက်ဖြန် လျှော့ချက်လိုက်ရုံပင်။
"မိသားစုဝင်တွေ များတော့ မကုန်တာတွေ ရှိရင် အိမ်မှာပဲ စားလိုက်လို့ရတယ်... ဒါမှမဟုတ် မြို့ဝန်ရုံးကို လက်ဆောင်ပို့ပြီး ဆက်ဆံရေး ကောင်းအောင် လုပ်လို့ရတယ်... အလကား ဖြစ်မသွားပါဘူး"
သို့သော် လစဉ်ရသော ပိုက်ဆံ လျော့နည်းသွားသဖြင့် ကျန်းယွင်နန်က တည်ငြိမ်နေသော်လည်း အဖွားကုက မတည်ငြိမ်တော့ပေ။
“ဟူး...”
အဘွားအိုသည် တံခါးဝတွင် ထိုင်ပြီး မနက်စောစော နှပ်ဟင်းများ လာသယ်သွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“အဘွား... ကြည့်ပါဦး... သားရဲ့ ဗိုလ်ချုပ်နက်...”
ကုကျောက်သည် မည်းနက်နေသော ပုရစ်တစ်ကောင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး အဖွားကုကို ပြလိုက်သည်။
အဖွားကုက မရယ်ချင်ဘဲ ရယ်လိုက်ပြီး ပြောလိုက်သည်။
“အေးပါ... အေးပါ... တွေ့ပါတယ်... ဝေးဝေး ယူသွားစမ်းပါ...”
ကုကျောက်က ပုရစ်ကို ကိုင်ပြီး မသွားဘဲ အဖွားကုကို ရပ်ကြည့်နေသည်။
အဖွားကု ကြက်သီးထလာပြီး မေးလိုက်သည်။
“အားကျောက်... ဘာလိုချင်လို့လဲ...”
ကုကျောက်က မေးလိုက်သည်။
“ဗိုလ်ချုပ်နက်ကို ပြပြီးပြီလေ... အဘွား ဘာလို့ မပျော်သေးတာလဲ...”
အဖွားကု ကြောင်သွားသည်။
“ဟေ...”
ကုကျောက်က ဆက်ပြောသည်။
“ဗိုလ်ချုပ်နက်က သားရဲ့ ရတနာလေးပါ... ရက်အများကြီး ရှာထားရတာ... မေမေ ကြည့်ချင်ရင်တောင် စဉ်းစားရဦးမှာ...”
အဖွားကု စိတ်ပျော့သွားသည်။ သူမ မပျော်မရွှင် ဖြစ်နေတာကြောင့် ကလေးတွေ စိတ်ပူနေရမှန်း သိလိုက်သည်။
အဘွားအိုသည် ဘေးနားမှ နျိုနျိုကို လှမ်းကြည့်လိုက်ရာ ကလေးမလေးက စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဘာမှ မဖြစ်ပါဘူး... အဘွား ပျော်ပါတယ်...”
အဖွားကုက မျက်နှာအိုကြီးပေါ်တွင် အပြုံးတစ်ခု အတင်း ဆင်မြန်းလိုက်သည်။
ကုကျောက်က ရယ်မောလိုက်ပြီး သူ့ရတနာလေး ဗိုလ်ချုပ်နက်နှင့် သွားဆော့လေတော့သည်။
နျိုနျိုက မသွားဘဲ အဘွား၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏။
“အဘွား ဘာလို့ မပျော်တာလဲ...”
အဖွားကု ဘယ်လိုဖြေရမလဲ မသိ ဖြစ်နေသည်။
နျိုနျိုက မေးလိုက်ပြန်သည်။
“ခြံထဲမှာ နေရတာ ပျင်းလို့လား...”
အဖွားကု ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
နျိုနျိုက အဘွားအို၏ လက်ကို ဆွဲပြီး ခြံဝင်းအပြင်ဘက်သို့ ဆွဲခေါ်သွားသည်။
“ပျင်းရင် အဘွားကို အပြင်ခေါ်သွားပေးမယ်...”
အဖွားကု အပြင်မထွက်ချင်ပေ။
သူမသည် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း သိသည်။ သူမက တောသူအဘွားကြီး တစ်ယောက် ဖြစ်သည်။ သားနှင့် ချွေးမကို အိမ်အလုပ် ကူလုပ်ပေးရတာ ကျေနပ်နေပြီ ဖြစ်သည်။ အပြင်ထွက်ရင် သူများ အထင်သေးခံရမှာ စိုးရိမ်နေမိသည်။
“အိမ်မှာ နေရတာ ကောင်းပါတယ်... မြေးလေးနဲ့ အတူနေရတာ ပျော်ပါတယ်...”
အဖွားကုက ပြောလိုက်သည်။
နျိုနျို ရပ်လိုက်ပြီး အဘွားဖြစ်သူကို လေးလေးနက်နက် ကြည့်လိုက်သည်။
“အဘွား... သမီးကို လိမ်နေတာလား...”
အဖွားကုသည် မြေးမလေး ဒီလောက် အကဲခတ်တော်လိမ့်မည်ဟု မထင်ထားသဖြင့် ဘာပြန်ပြောရမလဲ မသိ ဖြစ်သွားသည်။
“အပြင်မထွက်ဘဲ ဘယ်လိုလုပ် ပျော်မှာလဲ... အရင်တုန်းက ရွာမှာဆိုရင် အဘွားက တခြားအဘွားတွေနဲ့ စကားသွားပြောရတာ ကြိုက်တယ်လေ…”
နျိုနျိုက ပြောလိုက်သည်။
အဘွားအို စဉ်းစားလိုက်သည်။ ချင်းရွှေရွာတွင် ရှိစဉ်က သူမသည် အဘွားအိုများကြားတွင် ခေါင်းဆောင် ဖြစ်သည်။ အပြင်ထွက်လိုက်သည်နှင့် လူတိုင်း ဝိုင်းရံပြီး မြှောက်ပင့်ကြသည်။ ဒါကြောင့် ပျော်ရွှင်ခဲ့ရခြင်းပင်။
ဒါပေမဲ့ ဒီမြို့ကြီးထဲမှာ သူမကို ဘယ်သူက သိမှာလဲ။
“မြေးလေး... အဘွားက မြေးလေးနဲ့ပဲ အတူနေချင်တာ... မြေးလေး ရှိနေရင် ဘယ်သူ့ထက်မဆို ပျော်တယ်... ကြက်ဥပူတင်း စားချင်လား... အဘွား လုပ်ပေးမယ်လေ...”
အဖွားကုက စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်သည်။