← Chapters

ချိန်းတွေ့ခြင်း

Vol. 11 Ch. 102

ချိန်းတွေ့ခြင်း

Vol. 11 Ch. 102

နျိုနျိုသည် အဖွားကုကို မော့ကြည့်လိုက်ပြီး ရုတ်တရက် သက်ပြင်းချကာ ခေါင်းငုံ့သွားလေသည်။

ရုတ်တရက် စိတ်မပျော်မရွှင် ဖြစ်သွားသောကြောင့် အဖွားကု လန့်သွားသည်။

“သမီးလေး... ဘာလို့ စိတ်မကောင်း ဖြစ်သွားတာလဲ...”

အဘွားအိုက မေးလိုက်သည်။

နျိုနျိုက သက်ပြင်းထပ်ချပြီး တုံ့ပြန်လိုက်သည်။

အဘွားအိုတင် မကပေ။ ဘေးနားမှ အဘိုးကုလည်း လန့်သွားပြီး လက်ထဲမှ သစ်တုံးကို ချကာ အနားရောက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“နျိုနျို... ဘာလို့ မပျော်တာလဲ... အဘိုး ပိုက်ဆံပေးမယ်... သကြားရုပ် သွားဝယ်စားနော်...”

"အဘိုးကု" က ပါးစပ်ဖြင့် ပြောရုံသာ မဟုတ်ဘဲ အင်္ကျီထဲမှ ကြေးပြားအချို့ကို တကယ် ထုတ်ပေးလိုက်သည်။

နျိုနျို ပိုက်ဆံယူရန် အစီအစဉ် မရှိပေ။

တဖက်တွင် ပုရစ်နှင့် ကစားနေသော ကုကျောက်သည် လေပွေတစ်ခုလို ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။

“သကြားရုပ်... သား သကြားရုပ် စားချင်တယ်...”

အဘိုးကုသည် စိတ်မနှံ့ဘဲ မှတ်ဉာဏ်မကောင်းသော်လည်း ပုံမှန်အချိန်တွင် လေးလံထိုင်းမှိုင်းနေသော်လည်း ကုကျောက် ဝင်တိုက်မည့်အချိန်တွင် အဘိုးအိုသည် လျင်မြန်စွာ နောက်သို့ ခြေလှမ်းဆုတ်လိုက်သည်။ ကုကျောက် အရှိန်မထိန်းနိုင်ဘဲ ထိုးကျလုနီးပါး ဖြစ်သွားရှာ၏။

“အဘိုး... သား လဲတော့မလို့ပဲ...”

ကုကျောက် ခြေဆောင့်လိုက်သည်။

"အဘိုးကု" က မကြားသလို နေပြီး နျိုနျိုကို ဆက်မေးလိုက်သည်။

“သကြားရုပ် စားချင်လား...”

နျိုနျိုသည် သနားစရာ ကောင်းနေသော ကုကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

“သမီး တခြားဟာ လိုချင်တယ်...”

အဘွားအိုက ကလေး မတောင်းဆိုမှာကို စိုးရိမ်သဖြင့် အမြန် ပြောလိုက်သည်။

“နျိုနျို ဘာလိုချင်လဲ ပြော... အဘွား လုပ်ပေးမယ်...”

“ဘေးအိမ်က အစ်မဟွမ် ငါးလေးတွေ မွေးထားတယ်လို့ ကြားတယ်... သမီး သွားကြည့်ချင်တယ်...”

နျိုနျိုက မျှော်လင့်တကြီး ပြောလိုက်သည်။

ကုမင်တာ့နှင့် ကျန်းယွင်နန်တို့သည် ကလေးများကို မျက်လုံးအိမ်လို ဂရုစိုက်ကြသည်။ ကုကျောက်နှင့် နျိုနျိုက ငယ်သေးသဖြင့် အပြင်ထွက်လျှင် လူကြီးပါမှ ထွက်ရမည်ဟု အကြိမ်ကြိမ် မှာကြားထားသည်။

ကျန်းယွင်နန်က ဆိုင်မှာ ကူညီနေပြီး ကုမင်တာ့နှင့် ကုယန်က အိမ်ထဲမှာ စာဖတ်နေသည်။ နျိုနျို အပြင်ထွက်ချင်လျှင် အဘိုးအိုလင်မယားကိုသာ အားကိုးရမည် ဖြစ်သည်။

အဖွားကု ဘာမှမပြောရသေးခင် အဘိုးကုက ဦးအောင် လုပ်လိုက်သည်။

“အဘိုး လိုက်ပို့မယ်... ငါးသွားကြည့်ကြမယ်...”

ကုကျောက်သည် စိတ်ပြောင်းလွယ်သူလေးပင်။ သကြားရုပ် မစားရတာကို မေ့သွားပြီး အော်ဟစ်လိုက်သည်။

“သားလည်း လိုက်မယ်... သားလည်း လိုက်မယ်...”

အဘိုးကုက ပြောရုံသက်သက် မဟုတ်ပေ။ ကလေးတစ်ယောက် လက်ကို ဆွဲပြီး အပြင်ထွက်ရန် ပြင်နေပြီ ဖြစ်သည်။

ပြီးခဲ့တဲ့တစ်ခေါက် အဘိုးကု ကလေးတွေကို ခေါ်သွားတုန်းက တောဝက်နဲ့ တိုးခဲ့တာကို အဖွားကု မှတ်မိနေသေးသည်။ မြို့ထဲမှာ တောဝက်မရှိပေမဲ့ ဒီအဖိုးကြီး ဘာပြဿနာ ရှာဦးမလဲ မသိနိုင်ပေ။

မြို့သူမြို့သားများနှင့် ဆက်ဆံရမည်ကို ကြောက်ရွံ့နေသည့် စိတ်ကို ခဏမေ့ထားပြီး ခြေတိုတိုလေးများဖြင့် နောက်မှ အပြေးလိုက်သွားရလေသည်။

ဟွမ်မိသားစုသည် လမ်းကြား၏ တစ်ဖက်အဆုံးတွင် ရှိသည်။

အဘိုးအိုလင်မယားသည် မြို့ရောက်ကတည်းက အပြင်မထွက်ဖူးသဖြင့် ကလေးနှစ်ယောက် လမ်းပြမှ ဟွမ်မိသားစု အိမ်ရှေ့သို့ ရောက်လာကြသည်။

ရှေ့မှ မည်းနက်နေသော ခြံဝင်းတံခါးကို ကြည့်ပြီး အဖွားကုသည် လက်မြှောက်ထားသော်လည်း တံခါးမခေါက်ရဲ ဖြစ်နေသည်။

အိမ်က ထွက်လာတုန်းက စိတ်ဒုံးဒုံးချထားသော်လည်း တကယ်တမ်း ရောက်လာတော့ ကြောက်ရွံ့နေမိ၏။

အဘိုးကုကတော့ စိတ်မမှန်တော့ ဒါတွေ နားမလည်ပေ။ လက်လှမ်းပြီး တံခါးခေါက်လိုက်သည်။

မကြာခင်မှာပင် ဟွမ်မိသားစု ခြံဝင်းတံခါး ပွင့်လာပြီး အသက် ၅၀ ခန့်ရှိသော အဘွားအိုတစ်ဦး ထွက်လာသည်။

“အဘွားဟွမ်...”

နျိုနျိုက နှုတ်ဆက်လိုက်သည်။

အဖွားဟွမ်က နျိုနျိုကို မှတ်မိသည်။ ကုမိသားစုက အိမ်နီးနားချင်းများကို နှပ်ဟင်း လိုက်ဝေတုန်းက ကျန်းယွင်နန်နှင့် ကလေးနှစ်ယောက် လာပေးဖူးသည်။

အဖွားဟွမ် ပြုံးလိုက်ပြီး မေးလိုက်သည်။

“နျိုနျို... ဒါ သမီးရဲ့ အဘိုးအဘွားတွေလား...”

နျိုနျို ခေါင်းကို တွင်တွင်ညိတ်လိုက်ပြီး မေးလိုက်သည်။

“အဘွားဟွမ်... သမီး အစ်မဟွမ်နဲ့ ကစားလို့ ရမလား... သူ မွေးထားတဲ့ ငါးလေးတွေ ကြည့်ချင်လို့...”

အဘိုးဟွမ် ခေါင်းညိတ်လိုက်သည်။

“ရတာပေါ့... အစ်မဟွမ်ကို ခေါ်ပေးမယ်...”

အဖွားဟွမ်၏ မြေးမလေး ဟွမ်ရင်အာသည် ခုနစ်နှစ်ရှိပြီဖြစ်ပြီး ငါးအချို့ မွေးထားသည်။

တန်ဖိုးရှိသော ငါးများ မဟုတ်ပေ။ ဟွမ်မိသားစု အဖေက မြစ်ထဲမှ ဖမ်းလာသော ငါးလေးများသာ ဖြစ်သည်။

ဟွမ်ရင်အာ အိမ်ထဲမှ ထွက်လာသည်နှင့် နျိုနျိုကို မြင်ပြီး ပြုံးလိုက်သည်။

ဘာပဲဖြစ်ဖြစ် ချစ်စရာကောင်းသော ညီမလေးကို ဘယ်သူက မကြိုက်ဘဲ နေမလဲ။

“ငါးသွားကြည့်ရအောင်...”

ဟွမ်ရင်အာက နျိုနျိုလက်ကို ဆွဲပြီး အိမ်ထဲသို့ ဝင်သွားသည်။

ကုကျောက်ကတော့ အမြဲတမ်း သတိမထားမိသူ ဖြစ်သည်။ သူက ဂရုစိုက်မခံရတာကို သတိမထားမိဘဲ ဘယ်သူမှ ခေါ်စရာမလိုဘဲ ပျော်ရွှင်စွာ လိုက်ပါသွားလေသည်။

အဘိုးကုသည် တံခါးခေါက်ပြီးနောက် ဟွမ်မိသားစု တံခါးခုံပေါ်တွင် ဝင်ထိုင်လိုက်၏။ အဘွားအိုနှစ်ယောက်ကို ကျောပေးထားလေသည်။

အဖွားကုသည် နေရခက်လွန်းသဖြင့် ဦးရေပြားများပင် ထုံကျဉ်လာသည်။ ပါးစပ်ဟပြီး အဖွားဟွမ်ကို တစ်ခုခု ပြောချင်သော်လည်း ပြန်မျိုချလိုက်ရသည်။

နေရာသစ်သို့ ရုတ်တရက် ရောက်လာသဖြင့် အဖွားကုသည် လူမှုဆက်ဆံရေး မလုပ်ရဲပေ။ စကားမှားပြောမိပြီး သားနှင့် ချွေးမကို အရှက်ရစေမှာ စိုးရိမ်နေသည်။

အဖွားဟွမ်က သူမ၏ နေရခက်မှုကို သတိထားမိပုံရသည်။ ပြုံးလျက် ပြောလိုက်သည်။

“ပညာရှိကုပြောတာ ကြားတယ်... ရှင်တို့က ချင်းရွှေရွာက လာတာဆို... တိုက်ဆိုင်လိုက်တာ... ကျွန်မ မိဘအိမ်က ချင်းရွှေရွာ ဘေးက ချန်ကျားရွာကလေ...”

ထိုစကားကို ကြားသောအခါ အဖွားကု ချက်ချင်း တက်ကြွလာပြီး မေးလိုက်သည်။

“ရှင့်မျိုးရိုးက ချန် လား... ကျွန်မ ချွေးမကြီး မျိုးရိုးကလည်း ချန် ပဲ... ချန်မိသားစု ဘယ်အိမ်ကလဲ...”

အဖွားဟွမ် မျက်လုံးများ အရောင်တောက်လာပြီး ပြောလိုက်သည်။

“ချန်မိသားစု သုံးအိမ်မြောက်ကပါ... ကျွန်မမောင် နာမည်က ချန်ဆန်းဟွိုင်...”

အဖွားကုပေါင်ကို ရိုက်လိုက်ပြီး ပြောလိုက်သည်။

“ချန်ဆန်းဟွိုင် ဟုတ်လား... သူ့ယောက္ခမက ဝမ်းဆွဲသည်လေ... ကျွန်မ မြေးလေးကို သူ့ယောက္ခမက မွေးပေးတာ...”

စကားပြောရင်း အဖွားကု၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး အဖွားဟွမ်နှင့် အတင်းပြောနေတော့သည်။

နျိုနျို ငါးကြည့်ပြီး ပြန်ထွက်လာသောအခါ အဖွားကု စကားမပြတ်နိုင် ဖြစ်နေသေးသည်။

“အစ်မကြီး... နောက်တစ်ခါ မုန့်လုပ်ချင်ရင် ကျွန်မကို ခေါ်လိုက်... ကျွန်မ လုပ်တတ်တယ်... နွေဦးရောက်ရင် မြို့ပြင်ထွက်ပြီး အတူတူ ဟင်းရွက်ခူးကြမယ်...”

အဖွားကု စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ကလေးများ ပြန်မသွားလျှင် အဖွားကု ပြန်ချင်မှာ မဟုတ်ပေ။

သူငယ်ချင်း ရသွားပြီ ဖြစ်သဖြင့် အဖွားကုသည် လုံးဝ ပြောင်းလဲသွားလေသည်။ အိမ်မှာ နေပြီး ညည်းတွားနေတတ်သူသည် ယခုအခါ နှပ်ဟင်းလုပ်ပြီးသည်နှင့် အဖွားဟွမ်ထံ သွားတော့သည်။

အဖွားဟွမ်၏ မိတ်ဆက်ပေးမှုကြောင့် အဖွားကုသည် ဒီလမ်းကြားထဲမှ အဘွားအိုများ အဖွဲ့ထဲသို့ ဝင်ရောက်သွားလေသည်။

အဖွားကု ပျော်ရွှင်လာသည်ကို ကြည့်ပြီး ကုမင်တာ့တို့ လင်မယား စိတ်အေးသွားရ၏။ အရင်က အဘွားအိုကို အပြင်ခေါ်သွားချင်သော်လည်း ပိုက်ဆံကုန်မည်ဟု ဆိုကာ ငြင်းဆန်ခဲ့သည်။ အိမ်မှာပဲ နေချင်သည်ဟု ထင်ခဲ့သော်လည်း နျိုနျိုက အလွယ်တကူ ဖြေရှင်းပေးလိုက်လေသည်။

ညဘက်တွင် လင်မယားနှစ်ယောက် နျိုနျိုနှင့်အတူ ကုတင်ပေါ် လှဲနေကြသည်။ ကျန်းယွင်နန်က တမင် ပြောလိုက်သည်။

“ဒီရက်ပိုင်း အမေက အရင်ကထက် အများကြီး တက်ကြွနေတယ်... ဘယ်သူကများ သူ့ကို ပျော်အောင် လုပ်ပေးလိုက်လဲ မသိဘူး...”

ထိုစကားကို ကြားသောအခါ နျိုနျို၏ မှိတ်ထားသော မျက်လုံးများ ကွေးညွတ်သွားပြီး နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။

ကုမင်တာ့လည်း ပူးပေါင်းပြီး ပြောလိုက်သည်။

“ဘယ်သူ ရှိဦးမှာလဲ... ဒီအိမ်မှာ အတော်ဆုံးနဲ့ ဉာဏ်အကောင်းဆုံး ကလေးပဲ နေမှာပေါ့...”

နျိုနျို ဝမ်းသာလွန်းသဖြင့် ရယ်မိမလို ဖြစ်သွားရာ ပါးစပ်ကို အမြန် ပိတ်လိုက်ရသည်။

မိဘများက သူမ အိပ်ချင်ယောင် ဆောင်နေတာကို သိသွားမလား ဆိုတာ တိတ်တဆိတ် မျက်လုံးဖွင့် ကြည့်လိုက်ရာ လင်မယားနှစ်ယောက်က သူမကို မကြည့်ဘဲ နေနေကြသည်။

ကလေးမလေးက သူမ ဟန်ဆောင်ကောင်းသည်ဟု ထင်မှတ်ပြီး စိတ်သက်သာရာ ရသွားကာ မိခင်ဖြစ်သူ၏ ပုတ်ပေးမှုအောက်တွင် တဖြည်းဖြည်း အိပ်ပျော်သွားလေသည်။

ယခုအချိန်တွင် ကွမ်အန်းမြို့နယ်နှင့် မိုင်ထောင်ချီ ဝေးကွာသော မြို့တော်၌

စာမေးပွဲ သွားဖြေသော စွန်းကျားရှင်းသည် အိပ်မက်ဆိုး မက်နေသည်။ မီးတောက်ကြီးများကို အိပ်မက်မက်နေခြင်းပင်။

အိပ်မက်ထဲမှ ရင်တုန်စရာ ကိစ္စကြောင့် ဆက်မအိပ်နိုင်တော့ဘဲ ကုတင်ပေါ်မှ ထလိုက်သည်။

“မီးလောင်နေပြီ... မီးလောင်နေပြီ...”

လမ်းမပေါ်မှ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် ပြတင်းပေါက်ကို အမြန် ဖွင့်ကြည့်လိုက်သည်။

အရှေ့တောင်ဘက် အရပ်တွင် မီးတောက်ကြီးများ တောက်လောင်နေလေသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး စွန်းကျားရှင်း ခေါင်းမူးသွားသည်။

အရှေ့တောင်ဘက် ဆိုတာ... ကျောက်ယွဲ့တည်းခိုခန်း ရှိတဲ့နေရာ မဟုတ်လား...။

မိန်းကလေးငယ် တစ်ဦး၏ ချစ်စရာ မျက်နှာလေးက သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

“ဦးလေးစွန်း... မြို့တော်ရောက်ရင် နာမည်ထဲမှာ 'ယွဲ့' ပါတဲ့ တည်းခိုခန်းမှာ မတည်းပါနဲ့...”

ကလေးမလေး၏ အသံက သူ့နားထဲတွင် ပဲ့တင်ထပ်နေလေသည်။

All Chapters