← Chapters

ကံကောင်းခြင်း

Vol. 11 Ch. 104

ကံကောင်းခြင်း

Vol. 11 Ch. 104

“အစ်မ... ဘယ်လိုဖြစ်လို့ ဒီနေ့ နျိုနျိုကို ဆိုင်ခေါ်လာတာလဲ...”

လျူရှောင်ရူသည် နျိုနျိုကို မြင်သည်နှင့် ပွေ့ချီလိုက်လေသည်။

နျိုနျိုကလည်း ပါးလေးကို လျူရှောင်ရူနှင့် ကပ်ထားလိုက်သည်။

ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်၏။

“နျိုနျိုက နင့်ကို လွမ်းလို့တဲ့... ဒါကြောင့် ခေါ်လာတာ...”

စကားပြောရင်း ခြင်းတောင်းထဲမှ သစ်သီးယို ပန်းကန်တစ်လုံးကို ထုတ်ပြီး လျူရှောင်ရူကို ပေးလိုက်သည်။

လျူရှောင်ရူ စားဖို့ ဖြစ်သော်လည်း သူမ မစားဘဲ နျိုနျိုကို တစ်ခုပြီးတစ်ခု ခွံ့ကျွေးနေသည်။

လျူရှောင်ရူက ကလေးကို ကျွေးရင်း ပြောလိုက်သည်။

“အဒေါ်လည်း နျိုနျိုကို လွမ်းနေတာ... နှစ်ရက်လောက် မတွေ့ရတာ... လိမ္မာတဲ့ကလေးလေးက ပိုလှလာပါလား..."

နျိုနျို ခေါင်းလေးစောင်းပြီး ပြောလိုက်သည်။

“အဒေါ်လျူနဲ့ သမီးက စိတ်ချင်း ဆက်နေတာပဲ...”

ထိုစကားကို ကြားသောအခါ လျူရှောင်ရူ ပျော်ရွှင်သွားပြီး နောက်ထပ် သစ်သီးယို တစ်ခု ထပ်ကျွေးလိုက်သည်။ နျိုနျို စားနေတာကို ကြည့်ပြီး ကျေနပ်နေလေသည်။

ကျန်းယွင်နန်က မနေနိုင်ဘဲ ပြောလိုက်သည်။

“နင့်ကို ကျွေးတာလေ... ဘာလို့ သူ့ကို ကျွေးနေတာလဲ...”

လျူရှောင်ရူက ပြောလိုက်သည်။

“နှစ်သစ်ကူးတုန်းက ကောင်းတာတွေ အများကြီး စားခဲ့ရလို့ ဝနေပြီ... နျိုနျိုကမှ ကလေးဆိုတော့ ကြီးထွားဖို့ လိုသေးတယ်... ဘယ်လောက်စားစား ဝမှာ မဟုတ်ဘူး... အရပ်ရှည်လာမှာ...”

နျိုနျို၏ ပါးစပ်ထဲတွင် သစ်သီးယိုများ ပြည့်နေသဖြင့် ပါးနှစ်ဖက် ဖောင်းကားနေပြီး မြေကြွက်လေးနှင့် တူနေလေသည်။

လျူရှောင်ရူသည် မြို့ထဲတွင် တစ်ယောက်တည်း နှစ်သစ်ကူးခဲ့ရသည်။ ကျန်းယွင်နန်နှင့် ကုမင်တာ့တို့က ချင်းရွှေရွာကို လိုက်ခဲ့ဖို့ ခေါ်သော်လည်း လျူရှောင်ရူက ရွာထဲမှ အတင်းအဖျင်းများကို ကြောက်သဖြင့် မလိုက်ခဲ့ပေ။

“မေးစရာ ရှိလို့...”

ကျန်းယွင်နန် ထိုင်ရာမှ ထလိုက်စဉ် အဘွားအိုတစ်ယောက် ဝင်လာသည်။

“ဝက်ခေါင်းသား နှစ်ပိဿာလောက် ပေးပါ...”

အဘွားအိုက ပြုံးလျက် ပြောလိုက်သည်။

လျူရှောင်ရူက ကျန်းယွင်နန်ကို အားနာသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး နျိုနျိုကို ကုလားထိုင်ပေါ် တင်ပေးကာ ဧည့်သည်ကို နှုတ်ဆက်လိုက်သည်။

“အဒေါ်စွန်း... မလာတာ ကြာပြီနော်... သားအတွက် အရက်မြည်းဖို့ လာဝယ်တာလား...”

အဒေါ်စွန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“တခြားဆိုင်က နှပ်ဟင်းတွေ ဝယ်စားဖူးပေမဲ့... ညည်းတို့ဆိုင်က အကောင်းဆုံးပဲ... ထားလိုက်ပါတော့... ညည်းတို့ဆိုင်က အကောင်းဆုံးပါ...”

လျူရှောင်ရူက အဒေါ်စွန်း ဘာပြောချင်လဲ ဆိုတာ မရိပ်မိသော်လည်း ကျန်းယွင်နန်က တစ်ခုခု မှားနေကြောင်း သတိထားမိလိုက်သည်။

“အဒေါ်... ခုနက 'ထားလိုက်ပါတော့' ဆိုတာ ဘာကို ပြောချင်တာလဲ...”

ကျန်းယွင်နန်က တည့်တိုး မေးလိုက်သည်။

အဒေါ်စွန်းက အားနာသလို ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး... မပြောဘူးလို့ပဲ သဘောထားလိုက်ပါ...”

ကျန်းယွင်နန်သည် ဒီစကားက အရေးကြီးသည်ဟု ခံစားနေရသည်။

နျိုနျိုသည် ကုလားထိုင်ပေါ်မှ ဆင်းလာပြီး အဒေါ်စွန်းအနားသို့ သွားကာ ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။

“အဘွား... သမီးတို့ဆိုင်က အစားအစာကို မကြိုက်လို့လား... ပြောပြပါ... သမီးတို့ ပြင်ပေးပါ့မယ်...”

ကလေးမလေးသည် နှစ်သစ်ကူး ပိုစတာထဲမှ အရုပ်ကလေးလို လှပနေပြီး မျက်လုံးဝိုင်းကြီးများဖြင့် အဒေါ်စွန်းကို လေးလေးနက်နက် ကြည့်နေသည်။

အဒေါ်စွန်းက စိတ်မာသူ ဖြစ်သော်လည်း ကလေးမလေးကို ကြည့်ပြီး စိတ်ပျော့သွားသည်။ လက်လှမ်းပြီး နျိုနျို၏ ဆံပင်များကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။

“ မပြောချင်တာ မဟုတ်ပါဘူး... နားထောင်လို့ မကောင်းတဲ့ စကားမို့လို့ပါ..."

အဒေါ်စွန်း ပြောပြတာကို နားထောင်ပြီးနောက် ကျန်းယွင်နန် လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။

ရွှေရည်ဆိုတာ နာမည်လှသော်လည်း တကယ်တမ်းကျတော့ မစင် ဖြစ်လေသည်။

ကောလဟာလ ဖြန့်သူက ရက်စက်လွန်းသည်။ ဆိုင်ကို စီးပွားပျက်အောင် လုပ်နေခြင်းပင်။

ဒီကောလဟာလက တိတ်တဆိတ် ပျံ့နှံ့နေလျှင် နှပ်ဟင်းရောင်းအား ဘာလို့ ကျသွားလဲ ဆိုတာ အဖြေပေါ်သွားပြီ။

နျိုနျိုက ရွှေရည် ဆိုတာ ဘာလဲ နားမလည်ပေ။ သူမ မော့ကြည့်လိုက်ပြီး အဒေါ်စွန်းကို ပြောလိုက်သည်။

“အဘွား... အိမ်က နှပ်ဟင်းတွေကို မိသားစု အကုန်လုံး ဝိုင်းလုပ်ကြတာပါ... သမီးတို့လည်း စားပါတယ်... ရွှံ့တွေ ရွှေရည်တွေ မပါပါဘူး... နျိုနျို အဘွားကို မလိမ်ပါဘူး...”

အဒေါ်စွန်းသည် ကလေး၏ မျက်လုံးကြည်ကြည်လေးများကို ကြည့်ပြီး ယုံကြည်သွားသည်။ ဒီကာလအတွင်း ကောလဟာလကို ယုံပြီး တခြားဆိုင်က ဝယ်စားမိသည့်အတွက် နောင်တရသွားမိသည်။ ပိုက်ဆံကုန်တာ မတန်ဘူးဟု ခံစားလိုက်ရသည်။

အဒေါ်စွန်း ဒီနေ့ ဘာလို့ ဆိုင်ထဲ ဝင်လာမိလဲ ဆိုတာ ရှင်းပြလို့ မရပေ။ ဖြတ်သွားရင်းနဲ့ ဝင်လာမိခြင်းပင်။

လျူရှောင်ရူက ဝက်ခေါင်းသား လှီးပြီး ထုပ်ပိုးပေးလိုက်သည်။

“အဒေါ်... ဘယ်သူ ပြောတာလဲ သိလား...”

အဒေါ်စွန်း ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“အဒေါ်လည်း ဆွေမျိုးတွေဆီက ကြားတာ... ဆွေမျိုးတွေကလည်း သူများဆီက ကြားတာတဲ့... ရုတ်တရက်ကြီး လမ်းကြားတစ်ခုလုံး ပျံ့သွားတာ... ညည်းတို့ဆိုင်က အစားအစာတွေ မသန့်ဘူး ဆိုပြီး... ဘယ်သူ စပြောလဲတော့ မသိဘူး...”

အဒေါ်စွန်း ထွက်သွားပြီးနောက် လျူရှောင်ရူက ပြောလိုက်သည်။

“ဒီနေ့ နျိုနျို လာလို့ ကံကောင်းသွားတာ... ပုံမှန်ဆို ဒီအချိန် ဘယ်သူမှ လာမဝယ်ကြဘူး...”

ကျန်းယွင်နန် နားမလည်နိုင် ဖြစ်နေသည်။

“နှစ်သစ်ကူးတုန်းက နေ့တိုင်း တန်းစီနေကြတာလေ... ဘာလို့ စီးပွားရေး ဒီလောက် ကျသွားရတာလဲ...”

လျူရှောင်ရူ အပြစ်ရှိသလို ဖြစ်နေသည်။

“မီးပုံးပွဲတော် မတိုင်ခင်အထိ နေ့တိုင်း တန်းစီနေကြတုန်းပဲ... မီးပုံးပွဲတော် ပြီးမှ လူပါးသွားတာ... ပွဲတော်ပြီးလို့ ထင်နေတာ... ကွယ်ရာမှာ ဒီလို လုပ်ကြံခံနေရမှန်း မသိခဲ့ဘူး... အစ်မ... ကျွန်မ သတိမထားမိလိုက်ဘူး...”

ကျန်းယွင်နန်က ညီမဖြစ်သူကို အပြစ်မတင်ရက်ဘဲ နှစ်သိမ့်လိုက်သည်။

“နင် တစ်နေကုန် ဆိုင်စောင့်နေရတာ ပင်ပန်းနေပါပြီ... ပြီးတော့ သူတို့က ဒေသခံ မြွေပွေးတွေလေ... ကွယ်ရာမှာ လုပ်တာ ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ...”

လျူရှောင်ရူ မနည်း ပြုံးလိုက်ရသည်။

နျိုနျို ရုတ်တရက် ပြောလိုက်သည်။

“အဒေါ်လျူ... သမီးကို နှပ်ဟင်း နည်းနည်းလောက် လှီးပေးပါလား...”

လျူရှောင်ရူက နျိုနျို တောင်းဆိုတာကို ဘယ်တော့မှ မငြင်းပေ။ ချက်ချင်း ကောင်တာနောက်သို့ ဝင်ပြီး နှပ်ဟင်းပန်းကန် ပြင်ဆင်ပေးလိုက်သည်။

ကျန်းယွင်နန်က ကလေး စားချင်နေတယ် ထင်ပြီး သူများရှေ့မို့ မဆုံးမတော့ဘဲ လျူရှောင်ရူကို ပြောလိုက်သည်။

“နည်းနည်းပဲ လှီးပေးနော်... ခုနက သစ်သီးယိုတွေ အများကြီး စားထားတာ ဗိုက်ဆံ့မှာ မဟုတ်ဘူး...”

လျူရှောင်ရူက ခေါင်းညိတ်လိုက်သော်လည်း လက်ကတော့ မရပ်မနား လှီးနေသည်။ မကြာခင်မှာပင် ပန်းကန်ကြီး တစ်ချပ် ရလာသည်။

“ဒီနေ့ ဘယ်လိုမှ ကုန်မှာ မဟုတ်ပါဘူး... လိမ္မာတဲ့ကလေးလေး ကြိုက်သလောက် စား...”

လျူရှောင်ရူလည်း နျိုနျို ရုတ်တရက် စားချင်တယ် ထင်နေသည်။

နျိုနျိုသည် ကုလားထိုင်ကို ဆိုင်တံခါးဝသို့ ဆွဲသွားပြီး ထိုင်ခုံပုလေးပေါ်တွင် ထိုင်ကာ စားပွဲပေါ် တင်စားလိုက်သည်။

သူမ နေသည့်နေရာသည် ဆိုင်၏ အထင်ရှားဆုံး နေရာဖြစ်ပြီး ဖြတ်သွားဖြတ်လာများ မြင်နိုင်သည်။

လူရှင်းနေသော ဆိုင်သည် ကလေးမလေး၏ စားသောက်ပြမှုကြောင့် တဖြည်းဖြည်း စည်ကားလာသည်။

ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့ စကားပြောချိန်ပင် မရတော့ပေ။ မနက်ခင်း တစ်ပိုင်းလုံး ဧည့်သည်များကို ဧည့်ခံနေရသည်။ အများစုမှာ ဒီကာလအတွင်း ပျောက်နေသော ပုံမှန် ဖောက်သည်များ ဖြစ်ကြသည်။

ပုံမှန် ဖောက်သည်များသည် နျိုနျို အရသာရှိရှိ စားနေသည်ကို ကြည့်ပြီး သူတို့၏ သံသယများ ရယ်စရာ ကောင်းနေကြောင်း ခံစားလိုက်ရသည်။

ဆိုင်ရှင်က ကိုယ့်ကလေးကို ကျွေးနေတာပဲ... မသန့်စရာ အကြောင်း မရှိပါဘူး။

ကောလဟာလတွေကို ယုံမိတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်အံ့သြမိကြသည်။

ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့သည် နျိုနျိုကို ငေးကြည့်နေမိကြသည်။

သူတို့ အံ့သြနေသည်ကို သတိမထားမိဘဲ နျိုနျိုသည် တံခါးဝတွင် ထိုင်ပြီး ခေါင်းလေးစောင်းကာ အလေးအနက် စားသောက်နေသည်။ သူမ၏ မျက်နှာပေါ်တွင် ကျေနပ်မှုများ ပြည့်နှက်နေပြီး ဗိုက်လေးလည်း တဖြည်းဖြည်း ပူလာသည်။

လမ်းကြားထိပ်တွင် ချန်ဟယ်သည် ထိုမြင်ကွင်းကို ငေးကြည့်နေပြီး လက်ထဲမှ ထမင်းချိုင့် ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။

All Chapters