← Chapters

စိတ်သဘောထားအမှန်ကို သိရှိခြင်း

Vol. 11 Ch. 105

စိတ်သဘောထားအမှန်ကို သိရှိခြင်း

Vol. 11 Ch. 105

နျိုနျိုက ချန်ဟယ်ကို မှတ်မိနေသည်။ သူမ ပြုံးပြီး အိမ်ထဲသို့ လှမ်းအော်လိုက်သည်။

“မေမေ... အဒေါ်လျူ... ဦးလေးဖောက်သည်ကြီး လာပြန်ပြီ...”

လျူရှောင်ရူသည် ချန်ဟယ် ဖြစ်ကြောင်း မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူများ မြင်သွားမှာ စိုးရိမ်သကဲ့သို့ အပြုံးကို ချက်ချင်း ထိန်းလိုက်သည်။

ဘေးနားမှ ကျန်းယွင်နန်က သူမ၏ ကလေးဆန်သော အမူအရာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။

“ဒီနေ့ စောတယ်နော်...”

လျူရှောင်ရူက ပြုံးလျက် ပြောလိုက်သည်။

ချန်ဟယ်က မရယ်ချင်ဘဲ ရယ်လိုက်ပြီး လက်ထဲမှ ထမင်းချိုင့်ကို ကမ်းပေးကာ ပြောလိုက်သည်။

“အခုမှ လုပ်ပြီးခါစ နှင်းမုန့်ပါ... ပူတုန်း မြည်းကြည့်ပါဦး...”

လျူရှောင်ရူက ယူလိုက်ပြီး ပြောလိုက်သည်။

“ရှင်က တစ်နေကုန် ကျွန်မဆီမှာပဲ နေနေတာ... ချွန်းဖုန်းစားသောက်ဆိုင်ကို စိတ်မပူဘူးလား...”

ချန်ဟယ်က ပြောလိုက်သည်။

“ဆိုင်ကိစ္စတွေက အဆင်ပြေပါတယ်... ကျွန်တော် ကြည့်ချင်တဲ့နေရာကိုပဲ ကြည့်ရမှာပေါ့... ပြီးတော့ မနက်ခင်းက ဧည့်သည်နည်းတယ်လေ... ခင်ဗျားနဲ့ အတူနေရတာ ပိုသဘောကျတယ်...”

လျူရှောင်ရူက ထမင်းချိုင့်ကို ဖွင့်လိုက်ပြီး နှင်းမုန့်ပန်းကန်ကို ထုတ်ကာ ကျန်းယွင်နန်နှင့် နျိုနျိုကို မြန်မြန်စားရန် တိုက်တွန်းလိုက်သည်။

“နျိုနျို နှင်းမုန့် ကြိုက်တယ်မလား...”

ထိုစကားကို ကြားသောအခါ နျိုနျို မျက်နှာမဲ့သွားပြီး လက်သေးသေးလေးဖြင့် ဗိုက်ပူပူလေးကို ပုတ်ပြကာ ပြောလိုက်သည်။

“ဗိုက်ပြည့်နေပြီ... မဆံ့တော့ဘူး...”

လျူရှောင်ရူ အတင်း မကျွေးတော့ဘဲ ပြောလိုက်သည်။

“ဒါဆို ပြန်ယူသွားလိုက်မယ်...”

နျိုနျို မျက်လုံးလေးများ ကွေးညွတ်ကျသွားပြီး ပြောလိုက်သည်။

“အဒေါ်လျူက အကောင်းဆုံးပဲ...”

ချန်ဟယ်က လှည့်ကြည့်ပြီး အံ့သြချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

“ကလေးမလေး... မတွေ့တာ ကြာပြီနော်...”

နျိုနျိုက လေးနက်စွာ ပြန်ဖြေလိုက်သည်။

“သမီး နှစ်သစ်ကူးတုန်းက ရွာပြန်နေတာပါ... အခု မြို့ထဲမှာ နေတော့မှာ... သမီးတို့ စီးပွားရေးကို များများ အားပေးနော်...”

ချန်ဟယ် ပြုံးလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး လျူရှောင်ရူကို မေးလိုက်သည်။

“ဒီဆိုင်က ခင်ဗျားတစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူးလား...”

လျူရှောင်ရူက မေးခွန်း၏ အမှားကို သတိမထားမိဘဲ ပြုံးလျက် ပြောလိုက်သည်။

“ကျွန်မ မပြောပြဖူးဘူးလား... ဆိုင်က ကျွန်မပိုင်တာ မဟုတ်ပါဘူး... ကျွန်မက ၃၀ ရာခိုင်နှုန်းပဲ ပိုင်တာ... အများစုက တို့နျိုနျို ပိုင်တာ...”

ချန်ဟယ် မျက်နှာထား တင်းမာသွားပြီး စကားလွှဲလိုက်သည်။

“ဆိုင်ဖွင့်ရတာ ပင်ပန်းတယ်... တစ်နေကုန် စောင့်နေရတော့ နားချိန်မရှိဘူး... နောက်ကျရင် ကျွန်တော့်ဆိုင်က ကောင်လေးတွေကို လာကူခိုင်းမယ်...”

လျူရှောင်ရူ လက်မခံဘဲ ပြောလိုက်သည်။

“အခု ဆိုင်က စီးပွားရေး ပါးနေတာ... လူပို မခေါ်နိုင်ပါဘူး...”

ချန်ဟယ်က တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်တော့်ဆိုင်က ကောင်လေးတွေပဲ... လစာကို ကျွန်တော် ပေးမှာပေါ့...”

လျူရှောင်ရူ ခေါင်းခါနေဆဲပင်။

“အလကား မလိုချင်ပါဘူး သူများအကူအညီယူရအောင် ကျွန်မက ဘာမို့လို့လဲ”

ချန်ဟယ်က ထူးဆန်းစွာ ပြုံးလိုက်သည်။ ကျန်းယွင်နန်နှင့် နျိုနျို ရှိနေသဖြင့် ဘာမှ ဆက်မပြောတော့ပေ။

“မနက်ဖြန်ညကျရင် ဘုရားပွဲရှိတယ်... လာခေါ်မယ်နော်...”

ချန်ဟယ်က ပြောလိုက်သည်။

လျူရှောင်ရူ မငြင်းဘဲ ခေါင်းညိတ်လိုက်သည်။

ချန်ဟယ် ကြာကြာ မနေတော့ဘဲ ကျန်းယွင်နန်နှင့် နျိုနျိုကို နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။

ကျန်းယွင်နန်သည် နျိုနျိုအတွက် ကစားစရာ တစ်ခု ရှာပေးပြီး ဆိုင်တံခါးဝတွင် နေပူစာလှုံခိုင်းလိုက်သည်။ ထို့နောက် လျူရှောင်ရူကို ကောင်တာနောက်သို့ ဆွဲခေါ်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။

“နင် ချန်ဟယ်ကို တကယ် ကြိုက်တာလား...”

ကျန်းယွင်နန်က မေးလိုက်သည်။

လျူရှောင်ရူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“အစ်မ... အစ်မ သိတဲ့အတိုင်းပဲ... ကျွန်မက အရမ်း အရပ်ရှည်တယ်လေ... ယောကျ်ားအများစုက ကျွန်မဘေးနား ရပ်လိုက်ရင် ပုကုန်ရော... ချန်ဟယ်က ကျွန်မနဲ့ အရပ်တူပေမဲ့... ကျွန်မ အရပ်ရှည်တာကို သူ ဂရုမစိုက်ဘူး...”

ကျန်းယွင်နန်က ပြောလိုက်သည်။

“နင် နောက်အိမ်ထောင် မပြုချင်တော့ဘူး ထင်နေတာ...”

လျူရှောင်ရူက ပြောလိုက်သည်။

“အစကတော့ မစဉ်းစားပါဘူး... ဒါပေမဲ့ သူက နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်တယ်... အရာရာ ကျွန်မကို ဦးစားပေးတယ်... ဝမ်ယောက်ကျူထက် အများကြီး သာတယ်...”

ကျန်းယွင်နန်သည် သူမ၏ ပုံစံကို ကြည့်ပြီး ပြောချင်သော စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားသည်။

သို့သော် လျူရှောင်ရူက စကားလွှဲလိုက်သည်။

“ဒါပေမဲ့ စောင့်ကြည့်ရဦးမှာပါ... ဝမ်ယောက်ကျူတုန်းက မှားခဲ့ဖူးပြီ... နောက်တစ်ခါ ထပ်မမှားချင်တော့ဘူး... အစ်မ... ကျွန်မအစား သေချာ ကြည့်ပေးပါဦး...”

ကျန်းယွင်နန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။

“နင့်အစ်ကို တစ်ခုတွေ့ထားတယ်... ငါ ပြောပြမယ်... စိတ်မဆိုးနဲ့..”

လျူရှောင်ရူက ကတိပေးသော်လည်း ကျန်းယွင်နန် ပြောပြတာကို နားထောင်ပြီးနောက် ဒေါသတကြီး ခုန်ထလိုက်ပြီး အော်ဟစ်လိုက်သည်။

“ခွေးကောင်... ငါ သူ့စားသောက်ဆိုင်ကို သွားဖျက်ဆီးပစ်မယ်... သူ့မျက်နှာကို တံတွေးနဲ့ ထွေးပစ်မယ်...”

ကျန်းယွင်နန်သည် သူမ၏ တုံ့ပြန်မှု ဒီလောက် ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမကို အမြန် ဆွဲထားပြီး ပြောလိုက်သည်။

“စီးပွားရေးသမားဆိုတာ အမြတ်မရရင် မလုပ်ဘူးလေ... ကုန်သည်တွေ ဘာလုပ်လုပ် မဆန်းပါဘူး... နင် သူ့ကို အရမ်း ကြိုက်နေတယ် ထင်လို့...”

လျူရှောင်ရူက ပြောလိုက်သည်။

“ဘယ်လောက်ပဲ ကြိုက်ကြိုက်… ကျွန်မပိုက်ဆံကို ထိခိုက်လို့ မရဘူး... ဘယ်သူက ကျွန်မ ပိုက်ဆံရှာတာကို တားရဲလဲ... ကျွန်မ အသေသတ်မယ်...”

ကျန်းယွင်နန် - "..."

လျူရှောင်ရူ ထိုင်ချလိုက်ပြီး ပေသီးကို ဒေါသတကြီး ခေါက်လိုက်သည်။

တွက်လေ ဒေါသထွက်လေ ဖြစ်သည်။

“အရင်က တစ်နေ့ ငါးအိုး ရောင်းရတယ်... လက်လီသမားတွေက အနည်းဆုံး နှစ်အိုး ဝယ်တယ်... အခု တစ်အိုးပဲ ရောင်းရတော့တယ်... ဒီရက်ပိုင်းအတွင်း ဆိုင်က အနည်းဆုံး ငွေ ၅၀ လောက် ရှုံးသွားပြီ...”

လျူရှောင်ရူသည် အဒေါ်စွန်း၏ စကားကို ရုတ်တရက် သတိရသွားပြီး ပြောလိုက်သည်။

“သူ ချွန်းဖုန်းစားသောက်ဆိုင်မှာ ပြဿနာ ရှာနေတာ... ရွှံ့တွေ ရွှေရည်တွေ ပါတယ် ဆိုတာ... သူ လျှောက်ပြောတာ နေမှာ...”

“ဒီကာလအတွင်း သူက ကျွန်မကို လက်ထပ်ပြီး ဇိမ်ခံခိုင်းမယ်... အလုပ်ပင်ပန်းခံစရာ မလိုဘူး... ဆိုင်ကို သူ ဦးစီးပေးမယ်... ကျွန်မက စာရင်းပဲ စစ်ရုံပဲတဲ့...”

“သူက ဆိုင်ကို လိုချင်တာ... နှပ်ဟင်းချက်နည်းကို လိုချင်တာ...”

“ရုတ်တရက်ကြီး သဘောကောင်းပြီး ဆိုင်ကို လက်ဆောင်ပေးချင်တယ် ဆိုတာ... လျှို့ဝှက်ချက်ပြုတ်နည်းကို ခိုးချင်လို့ နေမှာ...”

“အရင်တုန်းက ခြံစည်းရိုးကျော်ဝင်တဲ့သူက သူ လွှတ်လိုက်တာ ဖြစ်မယ်... သက်သေမရှိလို့... မဟုတ်ရင် ခေါင်းဆောင်ချန်ကို သွားဖမ်းခိုင်းလိုက်ပြီ...”

လျူရှောင်ရူ၏ စကားများကို နားထောင်ရင်း ကျန်းယွင်နန် ဝင်ပြောချိန် မရသော်လည်း စိတ်သက်သာရာ ရသွားသည်။

“အစ်မ... ဘာလို့ ကျွန်မကို အဲ့လို ကြည့်နေတာလဲ...”

လျူရှောင်ရူ မေးလိုက်သည်။

ကျန်းယွင်နန် လက်လှမ်းလိုက်ပြီး ညီမဖြစ်သူ၏ နဖူးပေါ်မှ ဆံပင်စများကို သပ်တင်ပေးကာ နူးညံ့စွာ ပြောလိုက်သည်။

“နင် ဝမ်းနည်းပြီး ခံနိုင်ရည်မရှိ ဖြစ်သွားမှာ စိုးရိမ်နေတာ...”

လျူရှောင်ရူ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“သူနဲ့ သိတာ ရက်ပိုင်းပဲ ရှိသေးတာ... ဘာဝမ်းနည်းစရာ ရှိလို့လဲ... နောက်ဆုံးတော့ လူကောင်းတစ်ယောက် တွေ့ပြီလို့ ထင်နေတာ... ဝံပုလွေလိုစိတ်ထား ရှိတဲ့ကောင် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး...”

သူမက ပါးစပ်ကသာ ပြောနေသော်လည်း ရင်ထဲမှ ခံစားချက်က ပျောက်ကွယ်ဖို့ မလွယ်ကူပေ။

ကျန်းယွင်နန်က သူမကို ကျော​ေပုတ်ပေးလိုက်သည်။

တံခါးဝတွင် ထိုင်ပြီး ဘယ်ညာကြည့်နေသော နျိုနျိုသည် လျူရှောင်ရူ၏ စိတ်ဓာတ်ကျမှုကို သတိထားမိပုံရသည်။ ပြေးလာပြီး လျူရှောင်ရူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

လျူရှောင်ရူသည် မွှေးကြိုင်ပြီး နူးညံ့သော ကလေးမလေးကို ပွေ့ဖက်လိုက်သောအခါ စိတ်ငြိမ်သွားလေသည်။

“အစ်မ... သူ့စားသောက်ဆိုင်ကို နှပ်ဟင်း မရောင်းချင်တော့ဘူး... ဒါပေမဲ့ တကယ် မရောင်းရင်... လက်လီသမားတွေကို တစ်နေ့ နှစ်အိုး ဘယ်လို ရောင်းရမလဲ စဉ်းစားရမယ်... နျိုနျိုကို နေ့တိုင်း တံခါးဝမှာ ထိုင်စားခိုင်းလို့ မဖြစ်ဘူးလေ...”

လျူရှောင်ရူက ပြောလိုက်သည်။

ကျန်းယွင်နန်လည်း ချန်ဟယ်ကို ဆက်ရောင်းရတာ အန္တရာယ်များကြောင်း ခံစားလိုက်ရသည်။ သေမယ့်နေ့ကို စောင့်နေသလို ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် သူ့စားသောက်ဆိုင်က မှာယူမှု လျှော့ချနေလေပြီ။ အရသာ ၇၀၊ ၈၀ ရာခိုင်နှုန်း တူလာရင် လုံးဝ ဝယ်တော့မှာ မဟုတ်ပေ။

ချန်ဟယ်က အစီအစဉ် နှစ်ခု ချထားသည်။ တစ်ဖက်က ကုမိသားစုဆိုင် နာမည်ပျက်အောင် လုပ်ပြီး နောက်တစ်ဖက်က လျူရှောင်ရူကို ချဉ်းကပ်ကာ လျှို့ဝှက်ချက်ပြုတ်နည်း ရယူရန် ကြိုးစားနေသည်။ လိုအပ်လျှင် အသိမိတ်ဆွေ အနေဖြင့် ကုမိသားစုဆိုင်ကို ဈေးနှိမ်ပြီး ဝယ်ယူရန် ကြံစည်နေသည်။

နျိုနျိုသည် အကြောင်းစုံကို မသိသော်လည်း နားမလည်စွာ မေးလိုက်သည်။

“ဒီစားသောက်ဆိုင်ကို မရောင်းချင်ရင်... တခြားစားသောက်ဆိုင်ကို ရောင်းလို့ မရဘူးလား...”

All Chapters