ဈေးဝယ်ထွက်ခြင်း
Vol. 11 Ch. 107
ဖိတ်ကြားချက်ကို ကြားသောအခါ လျူရှောင်ရူ အနည်းငယ် တွေဝေသွားသည်။
သခင်ကြီးလော်က ရယ်မောလိုက်ပြီး ပြောလိုက်၏။
“စိတ်မပူပါနဲ့... ခင်ဗျား ကွယ်ရာမှာ အတင်းပြောတာကို ကျွန်တော် စိတ်မဆိုးပါဘူး...”
စီးပွားရေးကိစ္စ ပြီးသွားပြီဖြစ်သဖြင့် သခင်ကြီးလော်သည် အရင်က ထင်ထားသလို အထက်ဖားအောက်ဖိ လုပ်တတ်သူမျိုး မဟုတ်ကြောင်း တွေ့ရသည်။ သို့သော် လျူရှောင်ရူကတော့ အနည်းငယ် ရှက်နေမိသည်။
လျူရှောင်ရူက ကိစ္စကို ဖုံးကွယ်ချင်နေသော်လည်း ခေါင်းလှည့်လိုက်သည်နှင့် နျိုနျိုက မျက်လုံးဝိုင်းကြီးများဖြင့် သူတို့ကို ကြည့်နေသည်ကို မြင်လိုက်ရ၏။
နျိုနျိုရှေ့တွင် စံပြပုဂ္ဂိုလ်ကောင်း တစ်ယောက် ဖြစ်သင့်သည်ဟု လျူရှောင်ရူ ခံစားလိုက်ရသည်။ သူမ အံကြိတ်လိုက်ပြီး သခင်ကြီးလော်ကို ပြောလိုက်သည်။
“တောင်းပန်ပါတယ်... ကျွန်မ အရင်က ရှင့်ကွယ်ရာမှာ မဟုတ်မမှန်တွေ မပြောသင့်ခဲ့ဘူး...”
ထိုစကားကို ကြားသောအခါ သခင်ကြီးလော် အံ့အားသင့်သွားသည်။ လျူရှောင်ရူက ဒီလောက် လေးလေးနက်နက် ပြောနေသဖြင့် သူက ပေါ့ပေါ့ဆဆ နောက်ပြောင်ဖို့ ခက်ခဲသွားသည်။
“ရပါတယ်... ခင်ဗျားက ရည်ရွယ်ချက်ရှိရှိ ပြောတာမှ မဟုတ်တာ... ပြီးတော့ ကျွန်တော်ကလည်း ဒီကာလအတွင်း တကယ် ခရီးထွက်သွားတာကိုး... ခင်ဗျား အဲ့လို နားလည်မှုလွဲတာ ပုံမှန်ပါပဲ...”
သခင်ကြီးလော်၏ စကားပြောဆိုမှုလည်း အတော်လေး လေးနက်လာသည်။
လျူရှောင်ရူ၏ တောင်းပန်မှုက အရိုအသေပေးသကဲ့သို့ ဖြစ်နေသော်လည်း သခင်ကြီးလော်က သူမကို ကြည့်သော မျက်လုံးများ ပြောင်းလဲသွားသည်။
အရင်က ပစ္စည်းသွင်းပေးရန် တောင်းဆိုခဲ့သော်လည်း ကွယ်ရာမှာ အတင်းပြောခံရတာကို သခင်ကြီးလော် ဘယ်လိုလုပ် လုံးဝ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။
ထိုအချိန်က သူ၏ ရင်ထဲတွင်လည်း အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ရသည်။ ယခုတော့ လျူရှောင်ရူကို အထင်သေးမိခဲ့ပြီဟု သူ ခံစားလိုက်ရသည်။
သူမက နှိမ့်ချပြီး တောင်းပန်နိုင်လိမ့်မည်ဟု သူ တွေးလိုက်မိသည်။ ဆိုင်ရှင်မက နောင်တွင် ခရီးဆက်ဖို့ မလွယ်ဟု ပြောခဲ့ဖူးသည်။
တောင်းပန်ရတာ ခက်ခဲမည်ဟု လျူရှောင်ရူ ထင်ခဲ့သော်လည်း တကယ်တမ်း ပြောလိုက်သောအခါ ဒီလောက် ရိုးရှင်းမည်ဟု မထင်ထားခဲ့ပေ။ သူမ ခေါင်းလှည့်ပြီး နျိုနျိုကို တစ်ချက် ကြည့်လိုက်သည်။
နျိုနျိုက သူမကို မျက်ခုံးလေးကွေးကာ ပြန်ကြည့်နေသည်။
သခင်ကြီးလော်က မနက်ဖြန်ည ညစာစားပွဲ ဖိတ်ကြားမှုကို ထပ်မံ ပြောကြားလိုက်သည်။
လျူရှောင်ရူ ထပ်မတွေဝေတော့ဘဲ ပြောလိုက်သည်။
“ရှင်က သုံးလေးခါတောင် တိုက်တွန်းနေမှတော့... ကျွန်မ ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ...”
သခင်ကြီးလော် ထွက်သွားပြီးနောက် ကျန်းယွင်နန်က သူမနှင့် စကားပြောချင်သော်လည်း ဆိုင်တွင် ဖောက်သည်များ ပြန်လည် စည်ကားလာသည်။
“တို့နျိုနျိုလေးက တကယ် ကံကောင်းတာပဲ... သမီးလေး ရောက်လာတာနဲ့ ဆိုင်စီးပွားရေး ချက်ချင်း ကောင်းသွားတာပဲ...”
လျူရှောင်ရူသည် နျိုနျို၏ ပါးလေးကို ကိုင်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
နျိုနျိုက ချက်ချင်း ပြန်ပြောလိုက်၏။
“ဒါဆို သမီး နေ့တိုင်းလာပြီး... အဒေါ်လျူ ဆိုင်မှာ ကူညီပေးမယ်လေ...”
လျူရှောင်ရူက အမြန် ပြောလိုက်သည်။
“အဲ့ဒါ ပိုကောင်းတာပေါ့... နျိုနျိုလေး အဖော်လုပ်ပေးရင်... အဒေါ် ဘာပဲလုပ်လုပ် ခွန်အားတွေ အပြည့်ပဲ...”
နျိုနျို မျက်လုံးများ အရောင်တောက်သွားသည်။
လျူရှောင်ရူကို ကူညီပေးရတာ သိပ်လွယ်သည်။ ကုလားထိုင် တစ်လုံးရွှေ့ပြီး တံခါးဝမှာ ထိုင်ကာ စားသောက်နေရုံပင်။ နှပ်ဟင်းကလည်း အရသာရှိသဖြင့် နျိုနျိုက တစ်သက်လုံး ဒီလိုပဲ အလုပ်လုပ်ချင်သည်ဟုပင် ခံစားနေရသည်။
ကျန်းယွင်နန်က ချောင်းဟန့်လိုက်ပြီး နျိုနျို၏ စိတ်ကူးယဉ်မှုကို ဖျက်ဆီးလိုက်သည်။
နျိုနျိုက ကျန်းယွင်နန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
“မေမေ... သမီး ကူညီပေးဖို့ လာလို့ရမလား... အဒေါ်လျူကို တကယ် ကူညီချင်လို့ပါ...”
ကျန်းယွင်နန်က သမီးဖြစ်သူ၏ ခေါင်းလေးကို ပုတ်ပြီး ပြောလိုက်သည်။
“သမီးက ကူညီချင်တာ မဟုတ်ပါဘူး... စားချင်လို့ လာချင်တာပါ... သမီး ကူညီဖို့လာရင် စာဘယ်လိုလုပ် သင်မှာလဲ... နှစ်သစ်ကူးတုန်းက သမီး စာတွေ အများကြီး နောက်ကျကျန်ခဲ့တယ်လို့ ဖေဖေက ပြောတယ်...”
နျိုနျို မျက်နှာလေး ချက်ချင်း ညှိုးသွားသည်။ သူမက စာသင်တာရော စားရတာကိုရော နှစ်သက်သည်။
“မနက်ပိုင်း လာပြီး... နေ့လယ်ပိုင်း အိမ်မှာ စာရေးလေ့ကျင့်ရင်ရော...”
ကျန်းယွင်နန် ခေါင်းခါပြလိုက်သည်။
နျိုနျိုက ထပ်တောင်းဆိုလိုက်သည်။
“နှစ်ရက်ခြား တစ်ခါ လာမယ်လေ... သုံးရက်ခြား တစ်ခါရော... သမီး ဒီမှာလာပြီး စာရေးလေ့ကျင့်လို့ ရမလား...”
လျူရှောင်ရူကလည်း တောင်းဆိုသည့်အဖွဲ့တွင် ပါဝင်လာသည်။
“အစ်မ... နျိုနျိုကို လာဆော့ခိုင်းလိုက်ပါ... ကျွန်မ တစ်ယောက်တည်း ဆိုင်စောင့်ရတာ အရမ်း ပျင်းဖို့ကောင်းတယ်...”
ကျန်းယွင်နန်သည် သူတို့နှစ်ယောက် ပေါင်းပြီး တောင်းဆိုနေသည်ကို မခံနိုင်တော့သဖြင့် ခွင့်ပြုလိုက်ရသည်။
“သုံးရက်ခြား တစ်ခါ လာ... ပြီးရင် စာအုပ်တွေပါ ဒီကို ယူလာရမယ်... ကြားလား...”
နျိုနျိုနှင့် လျူရှောင်ရူတို့ အတူတကွ အောင်ပွဲခံ အော်ဟစ်လိုက်ကြသည်။
ကျန်းယွင်နန်က သူတို့၏ ပျော်ရွှင်မှုကို ဖြတ်တောက်ပြီး လျူရှောင်ရူကို မေးလိုက်သည်။
“နင် မနက်ဖြန်ည ချန်ဟယ်နဲ့ ချိန်းထားတယ် မဟုတ်ဘူးလား...”
လျူရှောင်ရူ မျက်မှောင်လေးကျုံ့ကာ လှောင်ပြောင်သလို ပြောလိုက်သည်။
“သူနဲ့တွေ့ရင် ငြင်းလိုက်မယ်... စိတ်မပူနဲ့... ကျွန်မ သူ့ကို တမင်သွားရှာစရာ မလိုပါဘူး... တစ်နေ့ကို သုံးလေးခေါက်လောက် သူ ရောက်လာမှာပဲ... အစ်မ ပြန်မရောက်ခင်တောင် သူ ရောက်လာနိုင်သေးတယ်... အပြင်ထွက်ပြီး လမ်းကွေ့လိုက်တာနဲ့ သူ့ကို ထိပ်တိုက် တိုးတာပဲ... သေချာ စဉ်းစားကြည့်တော့ ဒီရက်ပိုင်း အပြင်ထွက်တိုင်း သူ့ကို မတော်တဆ တွေ့နေရတာလေ... သူ ကျွန်မကို ပစ်မှတ်ထားနေသလိုပဲ...”
လျူရှောင်ရူ ပြောလေလေ၊ ဒါက အမှန်တရားဟု ပိုခံစားရလေလေ ဖြစ်သည်။ အပြင်ထွက်တိုင်း မတော်တဆ မတွေ့ခဲ့ဘူးဆိုလျှင် ချန်ဟယ်သည် သူမ၏ ဖူးစာရှင်ဟု ဒီလောက် မြန်မြန် ဆုံးဖြတ်မိမည် မဟုတ်ပေ။
ဒီကံဆိုးမှုကို တွေးမိသောအခါ ကျန်းယွင်နန် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ပြောလိုက်သည်။
“ဒါဆိုရင် အချိန်ကျရင် သူ့ကို သေချာပြောပြလိုက်... ယောကျ်ားတွေက အရမ်းခေါင်းမာတယ်... သူ ဒေါသထွက်လာရင် ဘာတွေလုပ်မလဲ မသိနိုင်ဘူး...”
လျူရှောင်ရူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“အစ်မ... စိတ်မပူပါနဲ့... ကျွန်မ သိပါတယ်... ဘာမှ မပြောတော့ဘဲ သူ့ကို တဖြည်းဖြည်း အေးစက်သွားအောင် အကြောင်းပြချက် တစ်ခုခု ရှာလိုက်မယ်...”
သူမက ပါးစပ်ကသာ အဲ့လိုပြောနေသော်လည်း မျက်လုံးများက ကောင်တာပေါ်မှ အသားလှီးဓားဆီသို့ အလိုလို ရောက်သွားလေသည်။
ကျန်းယွင်နန် ရုတ်တရက် စိတ်ပူသွားပြီး ပြောလိုက်သည်။
“ဒီရက်ပိုင်း ဆိုင်မှာ ငါ နင်နဲ့အတူ နေပေးမယ်...”
လျူရှောင်ရူ အမြန် ငြင်းလိုက်သည်။
“အစ်မ... စိတ်မပူပါနဲ့... ကျွန်မ ဘာလုပ်ရမလဲ သိပါတယ်...”
ကျန်းယွင်နန် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
လျူရှောင်ရူက ဆက်ပြော၏။
“ဆိုင်စောင့်စရာ မလိုတဲ့အချိန်လေး... အပြင်ထွက် လမ်းလျှောက်ကြရအောင်...”
နျိုနျို၏ လာဘ်ကောင်လေးစွမ်းအင်ကြောင့် ဆိုင်ရှိ နှပ်ဟင်းများ အစောကြီး ကုန်သွားလေပြီ။ လျူရှောင်ရူက ပျော်ရွှင်စွာဖြင့် နျိုနျိုကို ပွေ့ချီကာ ကျန်းယွင်နန်၏ အဖြေကိုပင် မစောင့်တော့ဘဲ အပြင်သို့ ပြေးထွက်သွားလေသည်။
ကျန်းယွင်နန် ဈေးမဝယ်ချင်လျှင်တောင် အတင်းလိုက်သွားရတော့သည်။
တကယ်တမ်း ဈေးဝယ်ထွက်သောအခါ ကျန်းယွင်နန် ပို၍ပင် နောင်တရမိသည်။
“ဒီတစ်ခုက လှတယ်... နျိုနျိုနဲ့ တကယ် လိုက်မှာပဲ...”
“ဝိုး... ဒါလည်း မဆိုးဘူး... ဒါပေမဲ့ တို့နျိုနျိုလေးမှာ ပန်းရောင် နွေဦးအင်္ကျီ မရှိသေးဘူးလေ...”
“လူကြီးတွေအတွက်ပါ ထပ်ဝယ်ကြရအောင်... တစ်ယောက် တစ်ထည်စီ လိုတယ်လေ...”
လျူရှောင်ရူသည် ပိုက်ဆံရှိလျှင် ပုရွက်ဆိတ် အကိုက်ခံရသလို ခံစားရပြီး မသုံးရလျှင် နေမထိထိုင်မသာ ဖြစ်နေသည်။ လမ်းပေါ်လျှောက်သွားရင်း ဟိုဟာမြင်လည်းဝယ်ချင်၊ ဒီဟာမြင်လည်း ဝယ်ချင်ဖြစ်ကာ လမ်းတစ်ခုလုံးရှိ ပစ္စည်းများကို နျိုနျိုနှင့် ကျန်းယွင်နန်အတွက် သိမ်းကြုံးဝယ်ပေးချင်နေသည်။
နျိုနျိုသည် သူမ၏ ခေါင်းလေး ရုတ်တရက် လေးလံသွားသလို ခံစားလိုက်ရပြီး တိုးတိုးလေး ညည်းတွားလိုက်သည်။
“ခေါင်းက...”
အသက်ငါးနှစ်အရွယ် မိန်းကလေး၏ ခေါင်းပေါ်တွင် ငွေရောင်ခေါင်းလောင်းလေးများ တပ်ထားသော ဆံပင်ကျစ်ဆံမြီး နှစ်ခုရှိပြီး နောက်စေ့တွင် အမျိုးမျိုးသော ဆံထိုးများကို ထိုးထားလေသည်။
သူမ၏ လည်ပင်းတွင် ရွှေစင် ယုန်ရုပ် ဆွဲကြိုးတစ်ကုံးကိုလည်း ဆွဲထား၏။ လျူရှောင်ရူက နျိုနျိုသည် ယုန်နှစ်ဖွားဖြစ်သဖြင့် ကလေးများအတွက် ဆုတောင်းပေးရန် ရွှေဆွဲကြိုး ဝယ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ပစ္စည်းတွေ အများကြီး ဝယ်ပြီးနောက် လျူရှောင်ရူသည် နျိုနျို၏ ရွှေယုန်လေးအတွက် ရွှေဆွဲကြိုးအကြီးကြီး မဝယ်ပေးနိုင်လောက်အောင် ဆင်းရဲသွားပြီဟုပင် ထင်နေလေသည်။
သူမ၏ ပစ္စည်းဝယ်ချင်စိတ်ကို မတားဆီးနိုင်တော့သည်ကို မြင်သောအခါ ကျန်းယွင်နန်သည် လျူရှောင်ရူ အင်္ကျီစမ်းဝတ်နေစဉ် အခွင့်ကောင်းယူကာ အင်္ကျီဖိုး ရှင်းလိုက်သည်။ သူမ ထွက်လာသည်အထိ စောင့်ပြီး အင်္ကျီကို တစ်ချက်ကြည့်ကာ လျူရှောင်ရူနှင့် နျိုနျိုကို ချက်ချင်း အိမ်ပြန်ဆွဲခေါ်သွားလေသည်။
“အစ်မ... ဘာလို့ ဒီလောက် လောနေတာလဲ... ကျွန်မ အစိမ်းရောင်လေး တစ်ထည် တွေ့ထားသေးတယ်... နျိုနျို ဝတ်ရင် သေချာပေါက် လှမှာ...”
လျူရှောင်ရူက အော်ပြောလိုက်သည်။
ဒီတစ်ခါတော့ ကျန်းယွင်နန် စိတ်ပိုင်းဖြတ်ထားပြီး သူမကို ပိုက်ဆံ အလဟဿ ထပ်မသုံးခိုင်းတော့ဘဲ အတင်း ဆွဲခေါ်သွားလေသည်။
“ဒါတွေက အရမ်း ဈေးကြီးတယ်... ဒီအင်္ကျီကိုပဲ ငါ ယူထားလိုက်မယ်... ကျန်တာတွေ အကုန်လုံး နင်ပဲ ယူထားလိုက်တော့...”
ကျန်းယွင်နန်သည် နျိုနျို၏ ခေါင်းပေါ်မှ ငွေထည်ပစ္စည်းများနှင့် လည်ပင်းမှ ရွှေဆွဲကြိုးများကို ဖြုတ်ယူလိုက်သည်။
လျူရှောင်ရူ ပြုံးလိုက်ပြီး ပြောလိုက်၏။
“အစ်မ... ဒီအင်္ကျီကို အစ်မပဲ ပိုက်ဆံရှင်းထားတာလေ... ဒါက ကျွန်မဝယ်ပေးတာ ဘယ်ဟုတ်တော့မလဲ... ဒါတွေကို ကျွန်မ ဘာလုပ်ရမှာလဲ... ကလေးတွေ ဝတ်ဖို့လေ... ဆိုင်က ပြန်မအမ်းဘူး... နျိုနျိုကို မပေးရင် ကျွန်မက ဘယ်သူ့ကို ပေးဝတ်ရမှာလဲ...”
ကျန်းယွင်နန်က သူမ ပြန်မယူသည်ကို မြင်သောအခါ ရုတ်တရက် ဘာလုပ်ရမလဲ မသိဖြစ်သွားသည်။
နျိုနျို၏ ခေါင်းသည် ထိုမျှ မလေးလံတော့ဘဲ အများကြီး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
သူမသည် လမ်းဘေးရှိ လှေကားထစ်ပေါ်တွင် ရိုးရိုးလေး ထိုင်ချလိုက်သည်။ ထိုအချိန်တွင် လမ်းဘေး၌ "ကွမ်ဖူ" ကစားနေသူများ ရှိရာ နျိုနျိုက လှေကားထစ်ပေါ် ထိုင်ရင်း လည်ပင်းရှည်ကာ ထိုနေရာသို့ ကြည့်နေလေသည်။
"ကွမ်ဖူ" ဆိုသည်မှာ ထီကဲ့သို့သော ကစားနည်း တစ်မျိုးဖြစ်သည်။ ဆိုင်ရှိ ပစ္စည်းများကို သဘောကျလျှင် တိုက်ရိုက် ဝယ်ယူနိုင်သလို၊ ငွေအနည်းငယ် သုံးပြီး လောင်းကစားလည်း လုပ်နိုင်သည်။ လောင်းနိုင်လျှင် ပစ္စည်းအားလုံးကို ရမည်ဖြစ်ပြီး ရှုံးလျှင်တော့ ထိုငွေသည် ဆိုင်ရှင်ပိုင် ဖြစ်သွားမည်။
လျူရှောင်ရူ ပြုံးလျက် ပြောလိုက်သည်။
“အစ်မ... နျိုနျိုကို ကြည့်ပါဦး... သူ့မျက်လုံးတွေက အဲ့ဒီလူတွေဆီကို ကပ်နေတော့မလို့ပဲ...”
ပြောနေတုန်းမှာပဲ တိုက်ဆိုင်မှုတစ်ခု ဖြစ်လာသည်။
လျူရှောင်ရူ နျိုနျိုအနားသို့ လျှောက်သွားသည်နှင့် ရင်းနှီးသော ပုံရိပ်တစ်ခု အဘယ်ကနေ ပေါ်လာမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသည်။
“ရှောင်ရူ... ခင်ဗျားဆိုင် ဒီနေ့ စောစော ပိတ်လိုက်တာပဲ... ကျွန်တော် ခင်ဗျားဆီ လာမလို့ လုပ်နေတာ... ဒီမှာ လာတွေ့မယ်လို့ မထင်ထားဘူး...”
ချန်ဟယ်က ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လျူရှောင်ရူ နှုတ်ခမ်းမဲ့လိုက်ပြီး ပြောလိုက်သည်။
“တိုက်ဆိုင်လိုက်တာ... ရှင် မပြောရင် ကျွန်မနောက်ကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်လို့တောင် ထင်မိတယ်...”